မမ

Friday, January 30, 2009

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ


လတွေထဲမှာ ကျမအချစ်ဆုံးက ဒီဇင်ဘာလပါပဲ ။
မနက်မိုးလင်းတာနဲ့ ကန်ဘောင်ပေါ်ကျမရောက်နေတတ်ခဲ့ တယ်။
ကျမအပျော်ဆုံးကလဲ ဒီဇင်ဘာပါပဲ မနက်အစောကြီး ဆိတ်ဖလူးပန်းတွေ ကောက်ခဲ့ ရတဲ့ နေ့ တွေ ကျမဘယ်တော့မှ မေ့ပစ်ဘို့ မကြိုးစားခဲ့ပါဘူး ။ ကျမ မသေခင်အထိ ဒီဇင်ဘာလရောက်ချိန်တွေကို မျှော်နေမှာပဲ ။
ဒီဇင်ဘာလတိုင်း ရန်ကုန်မြေကို နင်း ခွင့်ရဘို့ ကျမကြိုးစားနေမှာပါပဲ။
ရန်ကုန်ရဲ့ဒီဇင်ဘာကို ကျမသေမှ ခွဲချင်ခဲ့တယ်။
မနှစ်ကဒီဇင်ဘာအကြောင်းကျမရေးမလို့ပါ ။အရမ်းအေးတယ်...။
မှတ်မှတ်ရရ ကျမတို့ ညအိပ်ရင်တောင် အဲကွန်းပိတ်ထားရတဲ့အထိ ရန်ကုန်ဆောင်းပီသ ခဲ့တာပါ။ ကျမတို့ မနက် လေးနာရီထိုးတာနဲ့ သူငယ်ချင်းတွေအကုန် ချိန်းထားတယ် ။ ရွှေတိဂုံဘုရားကို တက်ကြဘို့ ပေါ့ ။ သူတို့က မြို့ ထဲကနေ ကျမကို ကမ္ဘာအေးမှာ လာခေါ်မယ်ပေါ့ ။ ကျမက ၀ီရိယလွန်ပြီး မနက်လေးနာရီထိုးဘို့ မိနစ်နှစ်ဆယ် လောက်အလိုထဲက ခြံရှေ့ မှာ ။ အဆင့်သင့်ပိုက်ဆံအိတ်လွယ်ပြီး ကမ္ဘာအေးလမ်းမ ပေါ်ထွက်ရပ်နေတဲ့ ကျမရှေ့  ကို အငှါးကားတွေတစ်စီးပြီး တစ်စီးထိုးရပ်လာတယ် ။ ကျမကလဲ ကောင်းကောင်းမွန်မွန်ပဲ ကျမ ကားမငှါးပါဘူးပေါ့ တစ် ချို့ကားက ထွက်သွားတယ် တစ်ချို့ ကားက လမ်းကြုံလို့ ပါ ပို့ ပါရစေတဲ့။ အဲဒီတော့မှကျမ ခေါင်းနပန်းကြီးသွားတယ် ဒါပေမဲ့ လမ်းပေါ်မှာ ကျမတစ်ယောက်ထဲ မဟုတ်ဘူးနော် လမ်းလျောက်တဲ့သူတွေ တဖွဲဖွဲရှိတယ် ။ ဒါပေမဲ့ ကျမက တော့အငြိမ်ပေါ့ ။ ရပ်စောင့်နေရတာကိးု ...။ အမေက ပြောတယ် လမ်းမှာ ကိုယ့်ကို မခန့် လေးစား ပြောခံရရင် ကိုယ့်ဝတ်စား ဆင်ယင်ပုံကို အရင်ပြန်ကြည့်တဲ့ ။ နောက်တစ်ခု မျက်နှာပေးတဲ့ ။
ကျမကိုယ်ကျမ ပြန်လေ့လာတော့ ပထမဦးဆုံးဘုရား တက်မဲ့နေ့ လေ ။ ကချင်အနက်ပေါ် ချည်အစိမ်းနဲ့ဖေါက်ထားတဲ့ ထမိန်စကဒ်နဲ့ စပို့ ရှပ်ခေါင်းစွပ်အစိမ်းလက်ရှည်နဲ့  ပုဝါအစိမ်းလေး ပခုံးပေါ်တင်လို့  ပိုက်ဆံအိတ် လွယ်ထားတယ် စွတ်ရချွတ်ရလွယ်တဲ့ ညှပ်ဘိနပ်အဖြူရောင်နဲ့ ။ ဘာ များမှားလို့  တုန်း ကျမတွေးရင်း တော်တော်တင်းနေပြီ။ လာခဲ့တွေ့ မယ်လို့ တေးထားတဲ့ ကျမနား အငှါးကားတစ်စီး ထိုးရပ်လာတယ် ပထမတစ်စီး နှစ်စီးလောက်သာ ကျမကောင်းကောင်းဖြေတာ နောက်ကားတွေလာရင် ကျမကြည့်ကို မကြည့်တော့တာပါ ။ အခုရပ်လာတဲ့ကားသမားလဲ ပြီတီတီပဲ အဲဒီကားသမားကို သူမမေးခင် ရှင့်ကိုမတားပဲဘာကိစ္ဓ ကျမအနားရပ်တာလဲ ဆိုတော့ ညီမလိုက်မလားတဲ့ ကျမက ဘယ်ကိုလိုက်ရမှာလဲဆိုတော့ လိုက်ပို့ မယ်လေတဲ့....။ ရှင်ကဘယ်ကိုပို့ မှာလဲဆိုတော့ တက်ပါ ကားပေါ်ကျမှ ပြောမယ်တဲ့ အနားကအုတ်ခဲကျိုးတစ်ခုကိုကောက်ပြီး လာရှင့် ဆင်းခဲ့ စမ်းပါ ကားအောက်က အခုဆင်းဆိုတော့အဲဒီလူက ကားကိုဘီးလှိမ့် ယုံလိမ့်တယ် အုတ်ခဲကျိုးကိုင်ထားတဲ့ ကျမကို အနားက ဖြတ်လာတဲ့  လူတွေကြားအောင် ရိုးရိုးသားသားမေးတာ စိတ်ဆိုးစရာမလိုဘူးလို့ လူကြားကောင်းအောင် အော်သွားတယ်။ မကြာပါဘူး နောက်တစ်စီးရပ်လာတယ် မေးပုံကိုက ညီမလေး လမ်းကြုံတယ်လိုက်မလား တဲ့  ဘယ်ကိုကြုံတာလဲ ဆိုတော့တောင်ဥက္ကလာတဲ့ လာပါ တက်ပါ အကိုက ကားသိမ်းတော့မှာတဲ့ ခဏဆိုပြီးကျမသူ့  ကားနံပတ်ကိုသေသေချာချာသွားကြည့်တယ် ပြီးတော့ဘုရားပေါ်မှာရိုက်ဘို့ ဆောင်ထားတဲ့ ဒီဂျစ်တယ် ကင်မရာ အသေးလေးနဲ့ အပီအပြင်ချိန်တယ် ရှင်နဲ့ ပါဆို ဆယ့်တစ်စီးရှိသွားပြီ မနက်အာရုဏ်တက်မှာ အမျိုးကောင်းသားသမီး တွေကိုကာယိနြေ္ဓ ပျက်အောင် ဒီအနားမှာ နှောက်ယှက်နေတယ် တိုင်ထားလို့ ရှင့် ဆိုတော့ကားသမား ပြူးတူးပြာတာ နဲ့ ကျနော်ဘာလုပ်လို့ လဲတဲ့  ရှင်ရုံးရောက်မှ ရှင်းတော့ဆိုတော့ ကျနော်တောင်းပန်ပါတယ် နောက်ဒါမျိုးမဖြစ်စေရ ပါဘူးတဲ့ .....။ ကျမလဲခပ်တည်တည်ပဲ သူ့ကို...သွားမှာသွားစမ်းပါ နောက်ကားတွေ ဖမ်းရမယ်ဆိုတော့...။ သူက ကျမကို ဒီအချိန်လမ်းမမှာ တစ်ယောက်ထဲရပ်နေမှတော့ မေးမှာပဲတဲ့..။
မေးတာကျမလက်ခံပါတယ် ။ မဟုတ်ပါဘူး ပြောနေတာ ထပ်ကွန့် ပြီးခေါ် နေတာတော့မဟုတ်ဘူးရှင့်...။ လုပ်စားတဲ့ သူက ရှင်မေးရင် ၀မ်းသာအားရရှိမှာပေါ့...။ ကျမက မဟုတ်ပါဘူးဆိုမှ မဟုတ် လို့ ပေါ့ရှင့်...။ ရှင်တို့ လူရှာတာ လမ်းဘေးရပ်သမျှ မိန်းကလေး လိုက်မေးတာတော နည်းမကျဘူးဆိုတော့ တောင်းပန် ပါတယ် နောက်မဖြစ်စေရပါဘူးတဲ့ ။ ကျမလဲ လမ်းလျှောက်သူတွေ များလာတော့ လမ်းလျောက်တော့မယ် ဆိုပြီးလမ်း မကြီးအတိုင်း ရွှေဂုံတိုင်ဘက်ကို လျှောက်လာတယ် ။ သုံးလေးခြံကျော်လောက် လျှောက်မိတော့ ပလက်ဖေါင်းပေါ်မှာ ဆိတ်ဖလူးပန်းတွေ ဖွေးဖွေးလှုပ်နေတယ် ....။ ဘယ်လိုမှ ဟန်မဆောင်နိုင်အောင်ပန်းတွေထိုင်ကောက်တော့တာပဲ...။
ပြီးတော့ အုတ်တံတိုင်းကိုကျော်ပြီး ကိုင်းကြနေတဲ့ အကိုင်းက ပန်းတွေကိုလဲကျမခူးယူခဲ့ သေးတယ်။ ပြီး... ကျမလမ်းဆက် လျှောက်လာတယ်...။ အဲဒီအချိန် ရောင်နီလာနေပြီ....။ လူတွေလဲ ပိုများလာပြီ...။ ဒါပေမဲ့ ကားသမားတွေရဲ့ နှောက်ယှက်မှုကိုတော့ ကျမခံနေရတုန်းပဲ...။ နောက်ကနေ ဟွန်းတီးလားတီးရဲ့  အနားကပ်ပြီး လိုက်မလား ခေါ်လားခေါ်ရဲ့ သူများ တွေကြည့်ပြီး ကျမပုံစံက လမ်းလျောက်တဲ့  ပုံစံမဟုတ်တာ သတိထားမိလာတယ် ...။ ပိုက်ဆံအိတ် လွယ်လာတာရယ် ထမိန်စကဒ်ဝတ်ထားတာရယ်မိန်းကလေးတစ်ယောက်ထဲ ဒီအချိန် စိမ်ပြေနပြေ လမ်းလျှောက်နေတာရယ်က ထူးခြားနေမှာ အမှန်ပဲဆိုပြီး ကျမ စိတ်လျှော့ထားလိုက်တယ် ... ။
အဲဒီအချိန်မှာပဲ ကိုယ်ပိုင်ကားတစ်စီး ကျမနောက်ကလိုက်လာတယ်....။
အသိသာကြီးရှင်..။ လမ်းလျှောက်တဲ့ သူနောက်ကို ကားနဲ့ ဘီးလှိမ့် ပြီးလိုက်တာ တော်တော်အရုပ်ဆိုးတာပဲလို့  စဉ်းစားရင်း ငါတော့တစ်ခုခုလုပ်မှလို့ တွေးမိတယ်....။ ကားက ကျမအနားကပ်လာရင် လိုက်ပို့ မယ်လေ ပြောလိုက် ကျော်သွားရင်ရပ်စောင့်လိုက်....။ ကားကလဲ ကျမတို့ ညီအမ အမည်ပေးထားတာလူပုလေးတွေ စီးတဲ့ကားလို့တီကို အ ဖြူရောင်ကျမနဲ့ မတိမ်းမယိမ်းလောက်ပဲ..... ။
အဲလိုနဲ့ ရွှေဂုံတိုင် လမ်းဆုံရောက်လာတယ်... ။ ကျမရှေ့ တည့်တည့်မှာရွှေပန်း ငွေပန်း စံပါယ်ပန်းတွေ ကိုင်ပြီး ပန်းရောင်းတဲ့ ကောင်လေးတစ်ယောက် လျှောက်လာတယ်.... ။ ရွှေတိဂုံဘုရားကိုလဲ မြင် နေရပြီ ကျမ အဲဒီကောင်လေးဆီက စံပါယ် ရွှေ ငွေ တော်တော်များများ ၀ယ်လိုက်တယ်....။
ပလက်ဖေါင်းပေါ်တင်ပဲ ၀ယ်နေတာ ကျမတို့ အနားမှာ ကပ်ပြီး အဲဒီကားရပ်နေတယ်.... ကျမဒေါသက လုံးဝမရတော့ဘူး...။ ကျမနောက်လှည့်ပြီး အဲဒီ ကားဂျပုပေါ်က လူကို ရှင်မရှက်ဘူးလားဟင်....လို့  လေသံအေးအေးနဲ့ မေးတော့...။ ရုတ်တရက် ထင်မထားဘူးထင်တယ်....။ ဘာကိုရှက်ရမှာလဲတဲ့ ဒီလမ်း ကို့လို့ ကန့်လန့် ကြီးမှာဘာကြောင့် ကားရပ်ထားတာလဲလို့ ကျမမေးတော့ စံပါယ်ပန်းဝယ်မလို့ တဲ့  ရတယ် ပြော... ဘယ်လောက်ဘိုးယူမလဲဆိုတော့ တစ်ထောင့်ငါးရာဘိုးတဲ့ တစ်ကယ့် ကလေးကလား ...။ ရတယ်... မောင်လေးသူ့ အရင် ပေးလိုက်ဆိုတော့ အဲဒီကောင်လေးလဲ ၀မ်းသာအားရ အဲဒီလူက တစ်ထောင်တန်နှစ်ရွက် ကိုင်ထားတယ်...။ ကျမက ကြားကနေ စောစောစီးစီး အမ်းစရာမရှိဘူး မောင်လေးနှစ်ထောင်ဘိုး လုပ်ပေးလိုက် ဆိုတော့ ....။ အဲလူက ပြီတီတီရုပ်နဲ့ ရတယ်.. ရတယ် လုပ်လိုက်တဲ့ ။
ပန်းသည်ကောင်လေးရဲ့ တစ်ချို့ ပန်းတွေ ကျမကိုင်ထားပေးရတာလေ...။ သူက ပန်းတွေကို ရေပြီးခဲတန်ချွန်တဲ့ ဓားလေးနဲ့ ဖြတ်တော့ ကျမက သူ့ပန်းတစ်ချို့ကျမအတွက်ဝယ်ကတည်းက ကိုင်ပေးထားတာ ကျမ မရယ်မပြုံး ခပ်တည်တည်ပဲ...။
ပန်းသည် ကောင်လေးပေးတဲ့ ပန်းနှစ်ထောင်ဘိုး ကို လှမ်းပေးရင်း ရှင် ကျမနောက်လိုက်အုန်းမယ်ဆိုရင်... ။ ကားကို တစ်နေရာမှာရပ်ခဲ့ ...။ ရှင်လဲသိက္ခာကျ၊ ကျမလဲသိက္ခာကျတဲ့ အလုပ်ကိုဆက်မလုပ်ပါနဲ့  .... ကားပေါ်ကလူတွေကို အထင်ကြီးတဲ့ အထဲမှာကျမမပါဘူး...။
ရှင်နဲ့ ဒီပန်းရောင်းတဲ့ မောင်လေးနဲ့ ယှဉ်ရင်တောင် ဒီမောင်လေးက ရှင့်ထက်သိက္ခာရှိတယ်လို့ ကျမတို့  သုံးယောက်ကြားအောင် ကျမပြောတော့....။
ကားပေါ်ကလူက လေသံမာမာနဲ့ ခင်ဗျားနောက်ကို ကျနော်ဘာလို့ လိုက်ရမလဲတဲ့ ...။ ကမ္ဘာအေးဘုရားလမ်းထဲက ရှင်ကားမောင်းတာ လမ်းလျှောက်နေတဲ့ ကျမနဲ့ အတူတူ ပန်းဝယ်နိုင်တာဘာကြောင့်လဲ ရှင့်ကိုယ်ရှင်စဉ်းစား....။ ရှက်ရင် မဟုတ်တာမလုပ်နဲ့  အဲဒါ ဆယ်ကျော်သက်တွေအလုပ်.....။ ရှင့်အရွယ် မလုပ်သင့်တော့ဘူး...။ ရော့....ရှင့်ပန်း.... ကြွပေတော့လို့ ကျမပြောတော့မှ မကျေမနပ်နဲ့ ဝူးဆိုကားကို မောင်းထွက်သွားတယ်....။ အဲဒီနေ့က ဘုရားပေါ်ကျမရောက်ပြီးမှ သူငယ်ချင်းတွေရောက်လာတယ်....။ အစောကြီး လမ်းလျှောက်ရတာ ကျမသဘောကျသွားပြီး နောက်နေ့ တွေလဲ လမ်းပဲ လျှောက်ဖြစ်တော့တယ်...။ သုံးရက်လောက်ဒုက္ခခံပြီးတော့ ကျမကို အဲဒီလမ်းတစ်လျှောက်က လူတွေသိ သွားကြပြီ...။ ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။
အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။
ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။ အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။
ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။
အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ....။
သော့ခတ်ထားတဲ့ အလှူခံပုံးကိုဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား....။
ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို........... မမလေ......... သိတယ်နော်
ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့..... ဗျာ.... အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့သိမ်းတာလေတဲ့ ။
ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့...။ မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ .....။
ကျမခေါင်းနဘမ်းကြီးသွား သလိုအမတွေလဲအနားတိုးလာတယ်ရှင်းရှင်းပြောစမ်းနားမလည်ဘူးဂေါပကသွား တိုင်မှာနော်ဘုရားပိုင်ငွေတွေပြည်သူတွေရဲ့ အလှူငွေတွေကိုဘယ်ကသူဌေးကပိုင်တယ်လို့ နင်ပြောတာတုန်းဆို တော့ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့  ရှင်....။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။ အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။ နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး..... ဘာသာခြားတဲ့  မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်တဲ့ ...။
မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား...။ ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသားဘုရားငွေတွေ ရော မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့တဲ့ ...။ ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလားကရနေတာကိုးတဲ့ ။ အဲဒီနေ့ ကစလို့ ဘုရားကိုရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲကျမတို့  အလှူငွေမထည့်တော့ဘူးရှင်.......။ ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။

မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် .....

မမ

Labels:


Posted by မမ :: 3:28 PM :: 69 Comments:

Post / Read Comments

---------------oOo---------------
မမနဲ့ ဒေါ်ကြီး



နေမကောင်းတာလောက် ကျမဘ၀မှာ စိတ်ညစ်တာမရှိတော့ဘူး လတ်လျားလတ်လျားသွားလို့ မရသလို နေရ ထိုင်ရတာ ဘာတစ်ခုမှကို အဆင်မပြေဘူးရှင့် အနားမှာရှိနေတဲ့ ဒေါ်ကြီးကို ကျမအတွက် ဖျော်ရည်သွားဝယ်ပေးပါဆိုတော့ .... အေး ....တဲ့ ..... ဘာသောက်မလဲတဲ့ ပုလဲကွန်ဒိုအောက်မှာဖွင့်တဲ့  ဆိုင်သစ်မှာ ကျမသောက်နေကျ လမုသီးဖျော်ရည်ဆိုတော့ မဟုတ်တာအေ... ငါမကြားဘူးပါဘူးတဲ့ ...
အနားမှာရှိတဲ့ မကြီးကသိတဲ့ အတိုင်း တစ်ခွိခွိလုပ်နေလို့ မလတ်... ခေါ်ပေးစမ်းပါဟာ မလတ်က ၀ယ် နေကျ..... သေချာအောင် သူ့ မေးကြည့်မယ်ဆိုတော့ မကြီးကသူ့ပထုတ်တာသိတယ် ။ ခဏနေတော့ မလတ်.... နင်သောက်နေကျ ဖျော်ရည်သောက်ချင်တယ်ဆိုတော့ လမုသီးဖျော်ရည် လေတဲ့  အဲလို ချိတ်ဆက်မိတာ..... မကြီးက သတင်းပို့ ထားပြီလေ.... ဒေါ်ကြီးက ဇဝေဇ၀ါနဲ့ အေးလေတဲ့ ....။ ၀ယ်ပေးမယ်တဲ့။ မ လတ်က ကျမကို ခေါက်ဆွဲကြော်တစ်ပွဲပါဝယ်လာတဲ့ .....။ ဘာသားနဲ့ လဲဆိုတော့... သေချာပြော.... မလတ်က ၀ယ်ခိုင်းတာဆို သိတယ် စားနေကျ ကြက်တစ်ဝက်၊ ၀က်တစ်ဝက်တဲ့ ဒေါ်ကြီးက.... မဟုတ်တာဟယ်.... ။ နင့်ဟာက.....။ဆိုတော့... ၀က်သားနဲ့ ဆို အီလို့ ကျမအဲလိုစားနေကျ..... ပြောလိုက်တာနဲ့ သိပါတယ်ဆိုတော့  ဒေါ်ကြီး ထီးလေးဆောင်းပြီး ထွက်သွားတယ်...။ ကျမ နဲ့  မလတ် ရီတာလေ ချွေးပြန်ပြီး အဖျားတောင်ကျတယ်......။
မကြာဘူး စားပွဲထိုးလေးတစ်ယောက်နဲ့ ပြန်လာတယ် မကြီး က ကျမကို အောက်ထပ် အတင်းဆင်းခိုင်းတယ်..... ။ နင်ဆင်းပြောတဲ့ မရှက်ဘူးလား..... အကုန်သိနေတာတဲ့ ....
ကျမအောက်
ရောက်တော့ ဒေါ်ကြီး ကျမ၀ယ်ခိုင်းတာရော ဆိုတော့ ကောင်လေးက အဲဒီဒေါ်ကြီးပြောတာ နားမလည်လို့ ဆိုင်ရှင်က အမတို့ ကိုလိုက်မေးခိုင်းတာတဲ့......့ ဘာကိုလဲ ဆိုတော့ ကောင်လေးကခေါင်းကုတ်တယ် အမ... ဘာဖျော်ရည်ဝယ်ခိုင်း တာလဲတဲ့  ကျမကိုပြန်မေးတယ်....။ ငါဖျားနေလို့ မက်မုံသီးဖျော်ရည်ရှိလား မေးခိုင်းတာလေဆိုတော့ ကောင်လေး တစ်ဝါးဝါးရီတယ်..... ။ ဘာရီတာလဲဆိုတော့ အဒေါ်ကြီးက လမုသီးဖျော်ရည်လို့ ပြောတယ်အမရဲ့ ဒီအိမ်က အမက ၀ယ်နေကျတဲ့ ...။ ဘယ်လိုမေးမေး အဲလိုပဲပြောလို့  ဆိုင်ရှင်ရော ကျနော်တို့ ရောအူနာနေပြီတဲ့ ။
ကျမတို့ အကြောင်းရိုးနေ တဲ့ ဒေါ်ကြီးကမျက်စောင်းထိုးတယ် ။ ကျမကို ခေါက်ဆွဲကိုလဲ ကြက်နဲ့ တစ်ဝက် ၊ ၀က်နဲ့တစ်ဝက် ခွဲကြော်ပေးရမယ်တဲ့ ။ အယ်.... မဟုတ်ပါဘူးဟယ် ။ ၀က်သားလဲစားချင် အီလဲအီလို့  ကြက်သားနဲ့ ရောကြော်ခိုင်းတာပါ ဆိုတော့ကောင်လေးက ဒေါ်ကြီး တော်တော်နောက်တယ်ဆိုပြီး တစ်ခွီးခွီးရီတယ် ။ ကျနော်လာပို့ ပေးမယ်တဲ့ ။ ဒေါ်ကြီးကတော့.... အေးပါ... ငါမှားလို့ ပဲ ထားလိုက်ပါတဲ့ ၊ ကောင်လေးပြန်သွားတော့ကျမတို့ တွေရီတာဝက်ဝက်ကွဲပဲ ။ ဒေါ်ကြီးကတော့ စူပွစူပွပေါ့ .....
တစ်ခါ တုန်းကလဲ ရပ်ကွက်လူကြီးက အလှုခံလာတယ်..။ ကျမနဲ့  ဒေါ်ကြီးပဲရှိတော့ ဒေါ်ကြီးကိုကျမက ကလေးတွေမရှိဘူးပြော ဆိုတော့
ဒေါ်ကြီးကို မေးရင် ဒီအိမ်မှာ ကလေးတွေ အုပ်ချူပ်တာ လူကြီးတွေထက် ပိုတော်လို့ ပြောဆိုတော့ ....
ဒေါ်ကြီးက လူကြီးတွေ အသုံးမကြလို့ ဆိုပြီး တစ်လွဲပြောတော့ ညနေအိမ်ကိုလာတိုင်တယ်... ။ အမေက ကြင်သန်းက ကျပ်မပြည့် လို့ ပါလို့ တောင်းပန်တယ်...။ သူ့ သမီးတွေလက်ချက်ဆိုတာအမေသိတာပေါ့ ....။
မမ

Labels:


Posted by မမ :: 11:51 AM :: 2 Comments:

Post / Read Comments

---------------oOo---------------

Thursday, January 22, 2009

ဂေါပကလူကြီးများနဲ့ မမ....


ပြည်ပက လာလည်ပြီး ပြန်မယ့် အမေ့ မိတ်ဆွေတွေကို... အမေက ငါးပုတ်ခြောက် ကောင်းကောင်းပေးဖို့အတွက်.. ကျမတို့ ညီအမကို သံလျှင် ကျောက်တန်းမှာ လတ်လတ်ဆတ်ဆတ်နဲ့ အကောင်းဆုံး ဆိုတာကို ရှာပြီးဝယ်ခဲ့ ဖို့ပြောတယ်...
ငါးခြောက်အိတ်စပတ် သူငယ်ချင်းနှစ်ယောက်ကိုခေါ်ပြီး ရေလယ်ကျောက်တန်းကို... မောင်းကြလေသတည်းပေါ့ ...။
ငါးခြောက်တွေကတော့ အစုံ ကောင်းမှကောင်း ဈေးရောပဲ ကောင်းလိုက်တာ ၊ ငါးခြောက်ဝယ်ပြီးတဲ့နောက်မှာတော့ .. ဘုရားဖူးမယ်ပေါ့ ဆိုပြီး ရေလယ်ဘုရားဖက် ကူးဖို့လုပ်ကြတယ်..
ငါးစာကျွေးဖို့အတွက်.. ငါးစာက ဒီဘက်ကမ်းက ၀ယ်သွားရမှာတဲ့ ....
ဟိုဘက်ကမ်းမှာ မရောင်းဘူးတဲ့  ။ သူ့ ဟာဝယ်ပါ ငါ့ဟာဝယ်ပါဆိုပြီး စုပြုံဝိုင်းထားတာ ကျမတို့ မှာ တကယ်ကို ပြေးပေါက်ပိတ် နေတယ်.. ကျမက ပေးသမျှဝယ်တော့ ကျမနားမှာ ၀ိုင်းဝိုင်းကို လည်နေတော့တာ...
သူတို့ ပြောနေတာက ဒီနေ့ ဗီအိုင်ပီလာမှာမို့လို့ ကျမတို့ မနက်ထဲက ဈေးဦးမပေါက်လို့ ပါ..ဆိုပြီး ကျမလက် ဆွဲတဲ့ သူကဆွဲ.. အတင်းကို ရောင်းတော့တာပဲ..
ကျမက ဗီအိုင်ပီ..ဆိုတာ ဘာလဲဆိုတော့ လူကြီးတွေလေတဲ့ ...
ဟားဟားဟား..ကျမက"လူကြီးဆိုတာ လူငယ်ကဖြစ်လာတာ.. မင်းတို့ ရော တို့တွေရော တစ်နေ့ လူကြီးဖြစ်လာမှာ.. အဲဒီအချိန်ရောက်ရင် ကိုယ့် ကြောင့် ဈေးသည်တွေ ထမင်းမငတ်စေနဲ့  ၊ ဒုက္ခမရောက်စေနဲ့ ကြားလား " ဆိုတော့..ကလေးတွေက စဉ်းစားနေတယ်..
" အမလဲဗီအိုင်ပီပဲ.. မင်းတို့ လဲဗီအိုင်ပီပဲ... လူတွေအားလုံး..ဗီအိုင်ပီပဲ.. ကိုယ့် စားဝတ်နေရေး ကိုယ့် မိသားစုအတွက်.. တို့ တွေလဲအရေးကြီးတဲ့ လူသားတွေပဲ " ..
အဲဒီတော့ ဒီအတိုင်းရောင်းရင် မင်းတို့ ..ကုန် ဖို့မလွယ်ဘူး... ၊
ဗီအိုင်ပီမိသားစုတွေ တစ်နေ့ စာ ထမင်းတစ်နပ်အတွက်... ဗီအိုင်ပီငါးစာတွေ ရောင်းနေတယ်
အဲလိုအော်... အဲဒါမှ အမ၀ယ်မှာ..ဆိုတော့ ကလေးတွေက ပထမ ရွံတွန့် တွန့် နဲ့ ....
မင်းတို့ ကိုယ်ပစ္စည်း ကိုယ့်ပါးစပ်နဲ့ အော်ရောင်းတာ ဘယ်သူကြောက်နေလဲ.... မင်းတိုလို စကြောက်တွေဆီကအမ မ၀ယ်ဘူးဆိုတော့  .....
ကျမ ကားဖင်မြီးကိုမှီပြီး.. သူတို့ ကိုကြည့်နေတော့ မှတ်မှတ်ရရ.... ဗိုက်ပူပူ ပါးဖေါင်းဖေါင်း ချာတိတ်လေး တစ်ယောက်က.. စအော်တယ်...
ဗီအိုင်ပီ.. ငါးစာတွေ... ဗီအိုင်ပီငါးစာတွေ.. ဆိုပြီး...
တော်လိုက်တဲ့ မောင်လေး မမက ဗီအိုင်ပီ...ဆိုတော့.. ဗီအိုင်ပီ.. ငါးစာပဲဝယ်မှာဆိုပြီး.. ကျမ သူကိုင်ထားတဲ့ ငါးစာထုပ် ..သုံးတွဲကို တစ်ထောင်ထင်တာပဲ ကျမ၀ယ်လိုက်တော့.....
ကျန်တဲ့ ကလေးတွေအားလုံး အပျိုအရွယ်.. လူပျိုအရွယ်တွေရော.. လိုက်အော်တာ ဆူညံသွားတာပဲ....
အဲဒီအချိန်မှာ.. ကျမက..မင်းတို့လဲ ဗီအိုင်ပီပဲလေ.. ဒီလိုအော်ဆိုပြီး..
ကျမလက်ထဲက ငါးစာထုတ်လေးမြောက်ပြီး...
ဗီအိုင်ပီတွေ...ရောင်းတဲ့ ဗီအိုင်ပီငါးစာတွေ.. ဗီအိုင်ပီတွေသာ ၀ယ်လို့ ရမယ့် ငါးစာတွေ..လို့ ကျမအော်တော့...
သူတို့ တွေ လက်ခုပ်တီးပြီး တပျော်တစ်ပါး လိုက်အော်ကြတယ်.. ။
တို့ တွေအားလုံး ဗီအိုင်ပီဖြစ်တာ မမေ့ရဘူး ကြားလားဆိုပြီး.. ကျမတို့ ဝယ်ကြတာ.. ငါးစာထုတ်တွေလှေပေါ် မနည်းတင်ရတယ်.........။
အဲလိုနဲ့ ဟိုဖက်ကမ်း ရောက်ရော ဆိုပါတော့ရှင်.... တောသူတောင်သားတွေအဖို့ ငါးစာဝယ်ဖို့ဆိုတာ မလွယ်လောက်ဖူးရှင့်... တစ်ထုတ်ဝယ်ဖို့ တောင် အနိုင်နိုင်ရယ်...
အဘိုးကြီးတွေ ၊ အဖွားကြီးတွေ ၊ ကလေးတွေ ပိတ်ရက်ဆိုတော့ အများကြီး မနိုင်မနင်း ငါးစာထုပ်တွေ ကလေးတွေခွဲပေးရင်း.. ရေလယ်ဘုရား ဆင်းတုတော်ရှိရာ လှမ်းလာတဲ့ ကျမတို့ အုပ်စု.. လေးဖက်လေးတန် သံတံခါးတွေ တစ်ဂျိုင်းဂျိုင်း ဆွဲပိတ်ပြီး ဗီအိုင်ပီတွေလာပြီတဲ့ .........
အသက် ရ၀ လောက်ရှိတဲ့ ဂေါပက လူကြီးတွေပေါ့ ရှင့် .. ။
ကျမဒေါသထွက် တာ..ဟား....... အဲလောက်ဆို သဘောပေါက်...
သံတံခါးကို တစ်ဂျိုင်းဂျိုင်းနဲ့ ကျမလှုပ်တော့..အဘိုးကြီးသုံး ယောက် တိုက်ပုံကနွမ်းနွမ်း.... အဘ... ဒါဘယ်သူ့ဘုရားလဲ ပြည်သူတွေငွေနဲ့ တည် ၊ပြည်သူတွေငွေနဲ့ ပြုပြင်ထား တဲ့ ဘုရား ပြည်သူတွေကို ဖူးခွင့်မပေး သံတံခါးပိတ်ထားတာ..၊အဘတော့ နောင်ဘ၀.. ဘုရားဖူးခွင့်ကို ဒီမှာစောင့် နေရတဲ့သူတွေ အကုန်လုံး တစ်ယောက်တစ်လှည့် သော့ပိတ်ဖို့ စောင့်နေမှာမမေ့ နဲ့ ..
စောင့်နေရတဲ့ တောသူတောင်သားတွေဖက် အကုန်လှည့်ပြီး..
အားလုံးပဲနော်.. " နောင်ဘ၀ ဘယ်ဘုရားဖြစ်ဖြစ်...အဲဒီတိုက်ပုံနဲ့ အဘသုံး ယောက် ဘုရားဖူးလာရင်.. ကျမတို့ အားလုံးပဲ တစ်ယောက်တစ်လှည့်သော့ ပိတ်ကြစို့  မှတ်မိအောင် သေချာကြည့်ထားကြ" ဆိုတော့..
အဘနှစ်ယောက်က စွာတေးလန်နေတဲ့ ကျမ မမြင်အောင်.. အတွင်းဖက် ၀င်ရပ်တယ်
ကျမတို့ ကဦးဆောင်ပြီး သံပန်းတံခါး အတွင်းဘက်ကိုချောင်းတော့ ရပ်နေတဲ့ လူတွေကလဲ လိုက်ချောင်းကြတယ်...။
အဲဒီအချိန်မှာပဲ......အသက်၃၅လောက် ဘိုဆံတောက် တိုက်ပုံဖြူ ပုဆိုးစိမ်းနဲ့  လူ၆ယောက်.. ၀တုတ်တုတ် ဖိုးတာတီးရုပ်နဲ့ ကလေးတယောက် နောက်ကနေ တ၀ုန်းဝုန်း ပြေးလိုက်လာတယ်...
သူတို့ ပြေးပုံကဦးတည်ချက်မရှိ....ကလေးပြေးတဲ့ နောက်လက်ကား ယားခြေကားယားနဲ့  ကိုပြေးလိုက်တာ... ကျမခြေထောက်ကို နင်းမိတော့မယ့် တိုက်ပုံနဲ့ ငနဲကို လှမ်းဆွဲတာ သူတိုက်ပုံရဲ့ အိတ်တစ်ဖက်ဆွဲမိတယ်... ဒီမှာ..ဒီမှာ.. ၀တ်ထားတော့တိုက်ပုံ..အမျိုးသားရေး ဘေးချိတ်ပြီး.. လူမလေး ခွေးမခန့် နဲ့ .. ဘုရားပေါ် မျောက်တစ်ကောင် ခေါ်ပြီး သောင်းကျန်းလှချည်လားရှင့် ဆိုတော့...
အဲဒီ ကလေးမကျ ခွေးမကျ.. မျောက်မကျလေးက.. ကျမလက်ထဲက ငါးစားထုပ်ကို ၀င်ဆွဲပါရော......။
တိုက်ပုံအိတ်ဆွဲထားတဲ့ လက်ကျမလွှတ်ပြီး.. ဖတ် ဆို ကလေးလက်ကို ကျမပုတ်ချလိုက်တယ်...
ဒီမှာ ....ဒါ ငါ့ ပိုက်ဆံနဲ့ဝယ်ထားတဲ့ ငါးစာ.. မင်းကိုဝယ်ပေးမယ့် မိဘမရှိဘူးလား... သူများပစ္စည်း ဒီအရွယ်ထဲက လုနေတတ်ပြီ... အဲဒါ ရှင်တို့ ကြပ်ကြပ်မြှောက်ပေး ကြီးလာရင်သူခိုးနဲ့  ဓါးပြ.. တစ်ခုခုပဲဖြစ်မှာဆိုတော့.... ကလေးကတစ်ချက် ကြောင်ရပ်နေတယ်... အဲဒီလူတွေလဲကျမကိုကြောင်ကြည့်နေတယ်..
ခဏပဲ.. အနားက ကလေးတစ်ယောက်ဆီက ငါးစာထုပ်ကို ဖြတ်ဆိုဆွဲပြီး ထွက်ပြေးသွားပြန်ရော... တစ်ဝုန်းဝုန်းနဲ့ လိုက်ကြပြန်ရော...
အဲဒီအချိန်မှာပဲ ... လာလာချေပြီပေါ့ ရှင်.. မြို့ မေတ္တာ ခံယူမဲ့ အဖွဲ့ ....
လူတွေက ဘေးကို ရှဲပေးတယ်.....လူကြီး အိုအိုကြီးတွေက ဘေးကပ်ပြီး ငါးစာထုပ်လေးတွေချ ၊ ထမင်းချိုင့်လေးတွေ ၊ ဆွဲခြင်းလေးတွေချ ငုတ်တုတ်ထိုင်ကြတယ်။
ကျမတို့ ကတော့ သံတံခါး အ၀င်အ၀ရှေ့ မှာ သစ်သားခုံတန်းတစ်ခု အနည်းဆုံး ရှစ်ယောက်လောက် ထိုင်လို့ ရမယ့်ခုံတန်းဆီ ထိုင်ချလိုက်တယ်...
တကယ်ပါရှင် ကျမတို့ ဘေးပတ်လည်မှာ မိဘအရွယ် ဘိုးဘွားအရွယ်တွေ နွမ်းနွမ်းဖတ်ဖတ်နဲ့  ဆောင့်ကြောင့်ထိုင်နေတာတာ.. အများကြီးရှင့်...
စိတ်ထဲက..ကန်တော့လို့ ပြောမိပေမယ့်ခုံတန်းမှာထိုင်နေရတာ စိတ်မလုံဘူး... ဒီအချိန်မှာ မတ်တပ်ရပ်လို့ ကလဲမဖြစ်... အောက်မှာလဲမထိုင်ချင်...။
အတော် ကသိကအောက် ဖြစ်ခဲ့ရတာပါ...
အဲ....ကျမရှေ့ ကို ကွမ်းထောင်ကိုင် ခေါ်မလား ကောင်မလေးတွေ - ၆- ယောက်လောက် ဗန်းကိုင်ပြီး ဟိုဖက်ဒီဖက် မျက်နှာခြင်းဆိုင်ရပ်တယ်..
အလယ်မှာ ဘုရားထဲဝင်မယ့်လမ်း အဲဒီအချိန်မှာပဲ အဘိုးကြီးသုံးယောက် သံပန်းတံခါးကိုဖွင့်ရင်း.. ဟိုကြည့်ဒီကြည့်.. မလုံသလိုကြည့်တော့ ကျမနဲ့ အဘိုးကြီးတွေ မျက်လုံးခြင်းဆုံတယ်လေ... ကျမက ပြောင်စပ်စပ်နဲ့ လက်ထဲကကိုင်ထားတဲ့ ကားသော့တွဲကို မြှောက်ရမ်းပြီး.. လက်ညိုးတစ်ချောင်း ထောင်ပြတော့...အဘိုးကြီးတွေ ကဗျာကရာ မျက်နှာလွဲသွားတယ်...
နောင်ဘ၀ သော့ခတ်မှာ ကြပ်ကြပ်သတိထားပေါ့ .........။ အနားကလူတွေက ပြုံးစိစိ...
ကျမတို့ ညီအမက တစ်ဝါးဝါး.......
အဲ.....ကွမ်းတောင်ကိုင်တွေရဲ့ ဗန်းထဲကျမကြည့်တော့.. အမွေးတိုင် ၊ ဖယောင်းတိုင်၊ ဘုရားပန်း ၊ သောက်တော်ရေ အစုံရှင့်.... အဲဒီ အမျိုးသမီးလေးယောက တန်းစီပြီး စကားတပြောပြောနဲ့ လမ်းလျှောက်လာတယ်... ထီမထင်.... ပတ်ဝန်းကျင်ကို ရှိတယ်တောင် မထင်တဲ့ မျက်နှာပေးတွေနဲ့ အားလုံးကိုဖြတ်လို့ ဘုရားထဲ ၀င်သွားတယ် ။ အထဲကိုကျမတို့ ထိုင်နေတဲ့နေရာကနေပြီး အကုန်မြင်နေရတယ်ရှင့်...................။
ကျမသာ ပန်းချီဆွဲတတ်ရင်အဲဒီမြင်ကွင်းလေး ပန်းချီဆွဲထားမယ်.. ကမ္ဘာကျော် ပန်းချီကားတစ်ချပ်ဖြစ်လာမှာ အသေအချာပဲ... ပတ်ဝန်းကျင်တစ်ခုလုံးက နွမ်းဖတ်နေတယ်...။ ပါးမှာ အရေးအကြောင်း မရေတွက်နိုင်တဲ့ အဘိုးအို အမယ်အိုတွေ.. ဘုရားဖူးလာရင်း ကျောင်းအင်္ကျီ အဖြူအစိမ်းလောက်ကို အကောင်းထား ၀တ်လာတဲ့  ကလေးတွေ ...
ရိုးသားတဲ့ မျက်ဝန်းတွေနဲ့ဖယ်ဆိုဖယ် ၊ စောင့်ဆိုစောင့် ဘုရားရင်ပြင်
ဘေးကပ်လို့ ကိုယ့်ထမင်းထုပ် ကိုယ်သယ်..ပြီး... ကိုယ့်ပြည်ကဘုရားကို လာဖူးတာတောင်ပိန်လိန် အရောင်မထွက်တော့တဲ့ ထမင်းချိုင့်လေးတွေဘေးချ ဆောင့်ကြောင့်ထိုင်စောင့် နေရတဲ့ အဖြစ်...
အလှူခံတော့ တောသူတောင်သား နေ့ စဉ်ဘုရားဖူးပြည်သူတွေဆီက မိုက်ကြီးတကားကားနဲ့ အော်အလှူခံတဲ့  ဂေါပကတဲ့ .. သံပန်းတံခါး သော့ပိတ်လို့ ဘယ်သူမျက်နှာမှ မထောက်... အဲဒီ အဘိုးကြီးတွေကြည့်တော့ရော တိုက်ပုံကနွမ်းဖတ်ဖတ်.. အပေါ်ယံအပြုံးတုတွေနဲ့ တကယ်ကို စိတ်ပျက်ဖွယ်ရာပါပဲ..
ကျမကိုရော ဘာလုပ်နိုင်ခဲ့ လဲ မေးလေ.. ကျမတောင် ခုံတန်းမှာစောင့်လို့ .... ကျမကို ဘာလုပ်ချင်လဲမေးရင်တော့ အဲဒီမိန်းမလေးယောက်ကို အပြင်မှာ ဆောင့်ကြောင့်ထိုင်ခိုင်းပြီး ဘုရားဖူးတွေကို ဦးစားပေးမှာပါပဲ..
ကျမတို့ ရှေ့က ဖြတ်လျှောက် ဘုရားထဲဝင်.. အခုန ကွမ်းထောင်ကိုင်တွေက ဘေးကဒူးထောက်ပြီး ဘုရားပန်းကမ်းလိုက်.. မီးခြစ်ခြစ်ပေးလိုက်.. အဘိုးကြီးတွေက လက်ကိုနောက်ပစ်လို့ .. ရို့ရို့ လေး မလှမ်းမကမ်းမှာရပ်လို့ ......... ခင်းထားတဲ့ ကော်ဇောကြီးက မွေးပွအနီရဲရဲ လှမှလှ ။
ပြီးတာနဲ့ ဝင်တဲ့ အပေါက်ရဲ့ ဆန့် ကျင်ဖက် အပေါက်ကနေ ထွက်ခွာတော်မူလေရဲ့ ..။
အဘိုးကြီးသုံးယောက်လုံး လက်နောက်ပစ်ပြီး အနောက်ကနေ အပေါက်ဝအထိ လိုက်ရပ်နေတုန်း...
လှစ်ကနဲကျမ အခုနဖွင့်ထားတဲ့ အပေါက်ကနေ၀င်ပြီး အမျိုးသမီးကြီးထိုင်တဲ့နေရာ ၀င်ထိုင်တော့ နောက်ပိုင်းအလှ လိုက်ငေးနေတဲ့ အဘိုးကြီးသုံးယောက် ပြန်လှည့်ပြီး သံပန်းတံခါးကို ပြန်ပိတ်တယ်...
ကျမမျက်စေ့ စုံမှိတ်ပြီး ဘုရားဦးချနေတော့ ကျမခန္ဓာကိုယ်က ကော်ဇောနဲ့အတူ နောက်ကိုရွေ့ ရွေ့ သွားတယ်.. လက်အုပ်ချီလျက်ပဲ ကျမလှည့်ကြည့်တော့... အဘိုးကြီးတွေ ကျမကော်ဇောကိုပြိုင်တူဆွဲနေတယ်.............။
အဘတို့ ဘာလုပ်တာလဲလို့ ကျမမေးတော့ တူမကြီးဦးလေးတို့ သိမ်းရမှာ အဲဒီမှာထိုင်လို့ မရဘူးတဲ့ .. သနားဖို့လဲကောင်းတယ် ၊ ရယ်ဖို့လဲကောင်းတယ်....
ဒါပေမယ့် မမလေနော်...အခုန အဘတို့ ကို သော့ပဲခတ်မှာ ၊ အခုမှ ငရဲအိုး စောက်ထိုးကျတော့မှာနော်သမီးမြတ်စွာဘုရားကို ယုံယုံကြည်ကြည်နဲ့ ရှိခိုးနေတာ အဘတို့  နှောက်ယှက်တယ်... ဂေါပကလူကြီးလုပ်နေပြီး .. သမီးကတော့မဖယ်ဘူး ဆက်ရှိခိုးမှာပဲ.. အဘတို့ ကြိုက်တာလုပ်ဆိုတော့ အဘိုးကြီးတွေ မျက်နှာမကောင်းဘူး... ကျမလည်း ရင်ထဲမှာမကောင်းဘူး.. ဒါပေမဲ့ ဘုရားကို အကြာကြီးရှိခိုးနေခဲ့တယ်..
သူတို့ ကော်ဇောသိမ်းပြီးမှ တံခါးဖွင့်မှာကိုတွေးမိတော့... ကျမဦးချပြီး ဖယ်ပေးလိုက်တယ်... ပြီးတော့မှကျမအမတွေရော လူတွေရောဘုရားဖူးဖို့ ၀င်လာကြတယ်...။
အလှူလက်ခံတဲ့ နေရာမှာ ထိုင်နေတဲ့ အဘတွေနား ကျမသွားထိုင်တော့.. ကျမကိုမော့ကြည့်တယ်..အဘ...ဘုရားဆိုတာ ကုသိုလ်ယူတဲ့လူတွေနဲ့ ပြည့် နေမှ ပဏာရတာနော်..အဘတို့က အလှူခံ ၊ ကျမတို့ က အလှူငွေထည့် မဟုတ်ဖူးလား ။ ခုနလူတွေဘယ်လောက် လှူသွားလဲ..အဘတို့ပဲ ပေးလိုက်ရတာ မဟုတ်လား.. မိုးလင်းထဲက တိုက်ပုံဝတ်ပြီး အဘစောင့်နေရတာ အဘတို့ ဘုရား တည်တံ့အောင် ၀ိုင်းဝန်းပံပိုးပေးမဲ့ ပြည်သူတွေကို တံခါးပိတ်ထားဖို့ ပေါ့ ဟုတ်လားဆိုတော့..."အထက်ကအမိန့် ငါမြေးရဲ "့ တဲ့.. မလတ်က အဘအထက်မှာ မျက်နှာကျက်ပဲရှိတာလေ ဆိုတော့..သမီးကမျက်နှာကျက်ပဲ မြင်တာကိုးတဲ့ ... " ဘီလူးသရဲထက် ဆိုးတဲ့လူ မျက်နှာကြက်ရဲ့ အထက်မှာရှိတယ် " တဲ့လေ..... ။
မမ

Labels:


Posted by မမ :: 11:15 AM :: 11 Comments:

Post / Read Comments

---------------oOo---------------
သူပြန်လာမယ့်..... တနေ့နေ့ 


သူငယ်ချင်းရယ်......မင်းမငိုပါနဲ့ 
တစ်နေ့ နေ့ ပေါ့ 

မင်းမျှော်လင့် တာတွေ...... ဖြစ်ကို ဖြစ်လာမှာပါ

သူငယ်ချင်းရယ်.......
မင်းစိတ်ဓါတ်တွေရိုက်ချိုးမပစ်လိုက်ပါနဲ့ ..

သူနဲ့ ပြန်တွေ့ တဲ့ အခါ

မင်းချစ်သူ ဂုဏ်ယူနိုင်ဖို့ ......
မင်းနှလုံးသားတွေကို
တို့ တွေရဲ့ မေတ္တာတွေ..နဲ့ ...... ကျားကန်ရင်းစောင့်ရမှာနော်
သူငယ်ချင်းတစ်ယောက်ထဲ....... အံကြိတ်လို့ ခံ

နံရံလေးဘက်ကြားက...... မင်းရဲ့ သိမ်ငယ်မှုတွေအတွက်

တို့ တွေနဲ့ အဆက်အသွယ်ဖြတ်.......
တစ်ယောက်ထဲခါးဆီးခံဖို့
အတွေးမမှားနဲ့ နော်......
သူပြန်လာတဲ့ အခါ....
အကောင်းဆုံးသက်သေ

မင်းအနားမှာဝိုင်းရံပေးမယ့်
တို့ တွေနဲ့ အတူ..စောင့်ကြပါစို့ 

သူပျော်ရွှင်ဖို့.....
သူအဆင်ပြေဖို့...

သူလျှောက်တဲ့ လမ်း..... ဖြောင့်တန်းစေဖို့...

မင်းရင်မှာထား...
မေတ္တာစစ်တွေပေးခဲ့ တဲ့ မင်း

မေတ္တာစစ်ကို ရခဲ့ တဲ့ မင်း...
တစ်..နေ့ ..နေ့ ပေါ့ ..သူငယ်ချင်းရယ်

သူပြန်လာပါလိမ့် မယ်.......

သူ့ယုံကြည်ချက်မှာ..... မင်းကသူ့ ပခုံးတစ်ဖက်ဖြစ်နေဖို့...

သူလျောက်တဲ့ လမ်းမှာ......
မင်းကဘယ်ခြေအဖြစ်လှမ်းပေးနိုင်ဖို့

သူဖြတ်နေတဲ့ မီးပင်လယ်မှာ....
မင်းကနှင်းမိုးတွေ စွေပေးနိုင်ဖို့

ခိုင်မာတဲ့ ကြည်ချက်တွေနဲ့ .....

ပုံလဲမနေပါနဲ့ တော့......။

သူငယ်ချင်းရယ်...

မျက်ရည်တွေသုတ်ပြီး မင်းပြုံးလိုက်စမ်းပါ

တစ်နေ့နေ့ ပေါ့ ...

သူ...မင်းဆီကို.. အရောက်ပြန်လာပါလိမ့်မယ်...။

မမေ့ နဲ့ သူငယ်ချင်း...
တစ်...နေ့ ..နေ့ နော်...
တကယ်ပါ...........။
မသေမခြင်း မင်း..... မျှော်လင့်ချက်တွေနဲ့ 
ရှင်သန်ခွင့်တော့
မင်းတကယ်ရခဲ့ တာပါ.....
တစ်နေ့ ..နေ့ ပေါ့ ..........။

မမေ့ နဲ့ နော်..
တကယ်ကိုတစ်...နေ့ ..နေ့ ပေါ့...

သူလာကိုလာမှာပါ.............။

ချစ်သူငယ်ချင်းလေးအတွက်ထာဝရအားပေးဖေါ်

မမ

Labels:


Posted by မမ :: 9:55 AM :: 4 Comments:

Post / Read Comments

---------------oOo---------------

Wednesday, January 21, 2009

ဘုရားစူး.... တစ်ကယ်မုန်းတာ



ငါတစ်ယောက်ထဲ..ယောင်ချာချာနဲ့လမ်းလျှောက်လာတဲ့ အခါ

ရှည်သွယ်တဲ့... နင်လက်ချောင်းတွေနဲ့ ထိတွေခွင့်ကိုရချင်တယ်

ငါနှလုံးသားတွေကတော့... နင့်ကိုအရမ်းမုန်းတယ်တဲ့

အေးစက်တဲ့ ခုံတန်းလေးမှာ.. .အထီးကျန်အဖေါ်မဲ့တဲ့ အခါ

နင့်ရဲ့ လည်ပင်းက .. တစ်ချက်ခြင်းခုန်နေတဲ့သွေးကြောလေးကို

ငါနဖူးနဲ့ ထိတွေ့ ခွင့်ကိုရချင်တယ်.....................................။

ငါရဲ့နှလုံးသားတွေကတော့...... နင့်ကိုအရမ်းမုန်းတယ်တဲ့ 

အားအင်တွေကုန်ဆုံး... အရာအားလုံးပျောက်ဆုံးတဲ့ အခါ

ငါလှမ်းနေတဲ့ ခြေလှမ်းဘေးမှာ...ကတ္တီပါနီညိုရောင်နဲ့ ခြေအစုံကို

ပြန်မြင်ခွင့်ကိုရချင်တယ်..........................................။

ငါနှလုံးသားတစ်စုံကတော့  နင့်ကိုအရမ်းမုန်းတယ်တဲ့ 

အောင်မြင်မှုတွေနဲ့ ....... ရင်မှာကြည်နူး ငါပျော်မြူးတဲ့ အခါ

နူးညံ့တဲ့ လက်တွေနဲ့ ပွေ့ ဖက် နင်ဂုဏ်ပြုမဲ့ နှင်းဆီတွေရဲ့

ရနံ့ ကို ရူးရူးမူးမူးတမ်းတမိတယ်...................................။

တစ်ကယ်ပါ........ ငါ့ နှလုံးသားအစုံကတော့ နင်ကိုအရမ်းမုန်းတယ်တဲ့


မမ

Labels:


Posted by မမ :: 11:44 AM :: 2 Comments:

Post / Read Comments

---------------oOo---------------

Sunday, January 18, 2009

မမတို့ညီအမ ..ခွေးသေးပန်း.. ကုလားနှင့် ..သံလျင်

သူငယ်ချင်းတွေက တိုက်တွန်းလို့ မရေးပဲထားခဲ့တာလေးတွေ ပြန်ဖြည့်လိုက်ပါတယ်..။စာလုံးမဲ လေးနဲ့ဖြည့်ထားတာပါ ..။ရယ်မောပျော်ရွှင်နိုင်ကြပါစေ..


မာမူကြီးပုံ(ကြွေသွားရင် တာဝန်မယူ)

(ခွေးသေးပန်း ရှာတာ မူးသွားတယ် ကုလားပဲရတယ်.. ရပါတယ်.. လုပ်သလို မဖြစ်ရင်.. ဖြစ်သလို လုပ်ရမှာပေါ့..ဟီး...)
တစ်နေ့ ကျမတို့ ညီအမကို အမေက "ခွေးသေးပန်း" အရှာခိုင်းတယ် ။
လွယ်လိုက်တာလို့ မထင်နဲ့ နော်
ရှာမှတော်တော်ရှားတဲ့  ဒီအပင် ။
လိုချင်ပြီဆိုရင်ဖြင့် ဘယ်နားမြင်ခဲ့ မှန်းကိုမသိ ၊
စဉ်းစားကြည့်ရင်ဟိုနားလိုလို..ဒီနားလိုလို.. အိမ်နားတင်တွေ့ နေသလို..။
အမေတို့ ရှာခိုင်းတာလဲမေးဦးလေ....အနည်းဆုံး "သုံး ၊လေးပိဿာ " တဲ့ လေ ...။
အရွက်ချည်းပဲ ချိန်ရင်နော် ။
မလတ်က အမေ့ကို ကွန့် ပြီး အမေအပွင့်နဲ့ အဖူးရောဖယ်ခဲ့ ရမလားတဲ့ အမေကပြာပြာသလဲနဲ့ " ရတယ်ရတယ်မဖယ်နဲ့ ...အဲဒါတွေဖယ်နေရင်နင်တို့ ညီအမ မိုးချုပ်တောင် အိမ် ပြန်မရောက်နိုင်ဘူး " တဲ့လေ.. ။ မငယ်က အမေ့နောက်ကနေ့ ပါးစပ်ပိတ်ပြီးရယ်တယ် ။
ဒီလို..ရှင့်.......ကျမတို့ ဘုရားတော်တင်အလှူတစ်ခုအတွက် ထမင်းကျွေးမယ် ၊
အာရုံဆွမ်းအတွက်က" အုန်းနို့ခေါက်ဆွဲ "။
အလှူမှာ အမြဲပါတဲ"့ ငါးခြောက်ထောင်းကြော် " ၊ စားဖူးကြမှာပါ.....

အဲဒီ ငါးခြောက်ထောင်းကြော်က ဒီလို.....
အသားများတဲ့ ပင်လယ်ငါးခြောက်ကိုပြုတ်ပြီး ထောင်းရတယ် ။
ပြီးရင် ကြက်သွန်နီကို ပါးပါးလှီး......အဖြူကိုထောင်းဆီသတ်ပြီး ငါးခြောက်နဲ့ ပြန်ကြော်ပြီးနှပ်ထားတာ ။ ဒါပေမယ့် အရမ်းကြွပ်ရွနေအောင်မဟုတ်ဘူး............။
ဆီစိုစိုလေးနဲ့ အိနေအောင်နှပ်ထားတာ..။
အမေတို့ က အဲဒီငါးခြောက်ထောင်းကြော်ရင် ဆီမသတ်ခင်မှာ ခွေးသေးပန်းပင်ရဲ့ အရွက် ၊ အပွင့် ၊ အဖူး ၊ အရွက်အကုန်လုံး ရေစင်အောင်ဆေးပြီးစစ်ထားတာကိုဆီပူလာတာ နဲ့ ရောသတ်တယ် ။
ပြီးရင် အရွက်တွေကို ဖယ်ထုတ်လိုက်ပြီး..... ကြက်သွန်ဖြူနီကို ဆီသတ်တယ်......
ပြီးတော့မှ ထောင်းထားတဲ့ ငါးခြောက်ထောင်းကို ရေထည့်ပြီး.....နှပ်ထားလိုက်တယ်..
အလှူမှာ ငါးခြောက်ထောင်း လူတိုင်းစားဘူးမှာပါ....
အုန်းနို့ နံ့ လေးတစ်သင်းသင်းနဲ့ အရမ်းစားလို့ ကောင်းတာ.......
အဲဒါခွေးသေးပန်းရွက်ဆီသတ်ထားတာရှင့်......။
နောက်တစ်ခုက... နို့ခေါက်ဆွဲ.........
ဆရာတော်ကြီးတွေ တော်တော်များများ အုန်းနို့ နဲ့ မတဲ့ ဘူး.......
အဲဒီတော့ကျမတို့ အမေက ခေါက်ဆွဲကို နို့ စိမ်းန့ဲချက်တယ်..
အဲလိုပဲ ဆီသတ်တဲ့ အခါ ခွေးသေးပန်းရွက်နဲ့ ဆီသတ်ချက်လိုက်တော့ အုန်းနို့ နံ့ လေးတစ်သင်းသင်းနဲ့ နို့ခေါက်ဆွဲကိုရတယ်ရှင့်....
ကြက်သွန်နီပါးပါးလှီး..... သံပုရာရည်ညှစ်ပြီး ငါးရုပ်သီးလှော်ထောင်းလေးဖြူး............။
မုန့် ကြွပ်ကြော်လေးနဲ့ ဆို ဆရာတော်ကြီးက တော်တော့်ကို..ဘုန်းပေးတာရှင့်..............................။
အဲလိုနဲ့ မနက်အလှူအတွက်.. ခွေးသေးပန်းရွက်ခူးဖို့ ကျမတို့ တာဝန်ကျလာတော့တာပေါ့ ..................။
ခြံထဲက စထွက်ကထဲက ဟိုလိုလိုဒီလိုလိုနဲ့ အမလတ်က အေး..... သံလျှင်မှာ သေချာတယ်တဲ့.......
မောင်းသာမောင်း အများကြီးတွေ့ ခဲ့ သတဲ့ ..
သံလျင်တံတား အဆင်းတင်တဲ့ ...........
ဟိုရောက်တော့သုံးပင်လားတွေ့ တယ်.....။ ကျန်တာ ဘောစစ်ကိုင်းပင်တွေ......
အဲဒီအချိန် တစ်ယောက်တစ်နေရာ တောင်ပြောမြောက်ပြောပေါ့ ....
တွေ့ တဲ့ ဆိုင်ဝင်ထိုင်လိုက် ဟို..လူ့ မေးလိုက်..ဒီလူ့ မေးလိုက်.......
မသိရင်..တိုင်းပြည်အတွက် မင်းလောင်းအရှာထွက်သလို..လို..ဘာလို..လို..နဲ့ .....
ဒီကြားထဲ လူရုပ်ကြည့် သေးတယ်.. မေးခါနီးတိုင်း..နဖူးရည် ဒူးရည်ကြည့် ပြီးမှ...
ခွေးသေးပန်းအကြောင်း သိလောက်တဲ့ ရုပ်ဆိုမှ မေးတာ...
မလတ်ကပဲတော်လို့ လားမသိ သူမေးလိုက်တိုင်း ခွေးသေးပန်းပင်...
စကားတောင်မဆုံးဘူး...... ခေါင်းခါခါ.. လည်ခါခါနဲ့  မသိဘူးပဲ...။
တော်တော်ကို အောက်ကျနောက်ကျနိုင်ခဲ့ တာ...
အဲလိုနဲ့ ......... မငယ်က အဲလိုမှန်းပြီးရှာနေလို့ ကတော့ အချိန်ကုန်ရုံပဲရှိမယ်....
ကျိုက်ခေါက်ဘုရား ခြေတော်ရင်း လ္ဘက်ရည်ဆိုင် တစ်ဆိုင်မှာ ထိုင်နေရင်း......
အနားမှခွေအိပ်နေတဲ့  ခွေးမိသားစုကိုကြည့်..ရင်း..ငါသိ..ပြီ..ဆို..ထအော်တယ်...
ခွေးထီးတစ်ကောင် တွေ့ အောင် ရှာရမတဲ့ ...
ဟမ်...ဘာလုပ်ဖို့ လဲဆို ပြိုင်တူမေးတော့ ... နံမည်ကခွေးသေးပန်းဆိုတော့ ..အထီးမှဖြစ်မှာတဲ့ ...
ခွေးသေးပေါက်ပင် ဆိုမှ အမကိုရှာရမှာတဲ့ ....
ကျမတို့ လဲအကုန်..... မှန်တာ ပေါ့ ..မှန်တယ်..
ဆိုတော့ မငယ် အားတက်သွားတယ်.. တို့ အဲဒီခွေးထီးနောက်ကို.. နောက်ယောင်ခံလိုက်မယ်..
သူတစ်ချိန်ချိန်တော့ ပန်းမှာပဲတဲ့ .........
အတွေးအခေါ် အဲလိုကောင်းခဲ့လိုလားမသိ.. စီးပွားလုပ်ကျတော့ သူ့ ရဲ့လုပ်ငန်းက အအောင်မြင်ဆုံး အသွက်ဆုံးပဲ......
မကြီးကတော့ တစ်ခိခိရီရင်း....... တော်ကြပါတော့ မလုပ်နိုင်ရင်လဲ လက်နက်ချရအောင်တဲ့...
အဲဒီအချိန်မှာ.... မမလေ သိတယ်နော်......
ဒီမှာ မမပြောမယ်..... ဗိုလ်ချုပ်အောင်ဆန်းက မှာခဲ့ တယ်ဆိုတော့...
အားလုံး မျက်နှာငယ်လေးတွေနဲ့ မော့ကြည့်တယ်......
မကြီးက ဘေးဘီကိုဝေ့ ကြည့်တယ်...။
အားလုံးက ဗိုလ်ချုပ်အောင်ဆန်းဆိုတာနဲ့ မမကို သူရဲကောင်းတစ်ယောက်ရဲ့ မိန့် ခွန်း စောင့်နားထောင်သလို နားတွေကားပြီး စောင့်နေကြတယ်...
အဲဒီတော့မှ..... လိုအပ်လာရင် ရန်သူကိုလဲ မဟာမိတ်ဖွဲ့ သင့်ဖွဲ့ ရမယ်...ဆိုတော့...
မလတ်က အမေရိကန်မှာ ခွေးသေးပန်းရှိလို့ လားတဲ့ .....
ဗုဒ္ဓေါ ဘာဆိုင်လို့ လဲဟာ.. တဲ့ .... ငါဆိုလိုချင်တာ ဟိုမှာတွေ့ လား.. ဆိုပြီး မြက်ရိတ်နေတဲ့ ကုလားကို မျက်စပစ်ပြလိုက်တယ်
ငါသူနဲ့ ပေါင်းမယ်ဆိုတော့... မကြီး.. မလတ်.. မငယ်.. သုံးယောက်လုံး ပြာယာခတ်သွားတယ်..။
အမေရှာခိုင်းတာ..... ကြင်ယာမဟုတ်ဘူး.. စိတ်ထိန်းပါမမရယ်.. ဘာသာမတူရင် နင်အနှိမ်ခံရမယ်တဲ့ ........။
သေလိုက်စမ်းပါ ငတုံးမတွေ... လာ.... မမနောက်လိုက်ခဲ့..
တစ်ခုတော့မသိဘူး.. မာမူ.. ဘာဘူ.. ဘိုင်ကြီး အနဲ... ဘာခေါ်ရမှန်းမသိဘူး..ဟာ
ဆိုတော့.... မလတ်က ရှုပ်တယ်.... အာဇာနည်.. သာခေါ်လိုက်တဲ့ ...
တို့ နဲ့ ပေါင်းရင်..... ခွေးသေးပန်း စစ်ဆင်ရေးမှာသူလဲ... တစ်နေ့ သူရဲကောင်းတစ်ယောက် ဖြစ်လာမှာ ဆိုတော့ ကြိုခေါ်ထားလိုက်တဲ့ .....
ကျမ အခုန ခူးထားတဲ့ အပင်သုံးပင်ကိုပြပြီး အဲဒီအပင် အများကြီးလိုချင်တယ်.. ဘယ်မှာရှိနိုင်မလဲဆိုတော့.....
သူ ကျမတို့ ကို သေချာချာကို ကြည့်တယ်...
သူကြည့်ပုံက ဇာတ်ပွဲထဲက တောကစားထွက်လာတဲ့ မင်းညီမင်းသား.... မင်းသမီးတွေကို ကြည့်တဲ့ ပုံမျိုး....
ကျမတို့ ရဲ့ စီးတော်မြင်း..... အဲ.... မှားကုန်ပြီရှင့်..... စီးတော်ကားကိုလဲလေ့ လာနေတယ်...
မလိုအပ်တဲ့ နေရာ ပဲများပြီး မဟော်သဓာ ဂိုက်ဖမ်း ခွေးသေးပန်းရွက်ကို.. သူနှာခေါင်းနားတိုးပြီး အနံ့ခံနေသေးတယ်..........။
ကျမစိတ်တိုချင်နေပြီ ။
ဒီမှာ...ဒီမှာ..... အပွေးမြင် အပင်သိဆိုတာပဲ ကြားဘူးတာ... အပင်တွေ့ နေတာတောင်..အနံ့ ခံလို့ မသိဘူးလား.. အဲဒါ ခွေးသေးပန်းပင်လို့ ခေါ်တယ် မြက်ဆရာရဲ့ ဆိုတော့..... သိပါတယ် တဲ့ .. မလတ်က နင်ဇာတ်လမ်း လာရှာတယ် ထင်ခွင့်ရှိပါတယ်တဲ့ ..... သူပျော်နေပါစေတဲ့ ....
အဲလို ကြပ်တော့မှ..... ရှက်ကိုးရှက်ကန်း လုပ်ပြနေသေးတယ်... ။
ဒီမှာ.... အဲဒီအပင်မျိုး သုံးပိဿာလောက်လိုချင်တယ် အတိအကျမဟုတ်ဘူး.....ခန့် မှန်း ဆိုတော့ ရမယ်တဲ့ ... ကျမတို့ ဟိုလ္ဘက်ရည်ဆိုင်က စောင့်မယ်.. လာပို့ ..မုန့် ဘိုး ၁၅၀၀ ပေးမယ်လို့ ကျမပြောတော့.. အကုန်ဝိုင်းရယ်တယ်.. ကျမလည်း သဘောပေါက်ပြီး ၂၀၀၀ ပေးမယ်လို့ပြောရတော့တာပေါ့.. ပြီးတော့ ... "တော်ကြရှင်.... သံသယ၀င်နေမယ်'" လို့ အမ တွေကို ဟန့်တော့ တော့..ကုလား သူ့ခြင်းလေးပိုက်ပြီး "ခဏစောင့်.... အမြန်ဆုံးပြန်လာခဲ့ မယ် "ဆိုပြီး
လိမ်ဖယ်..လိမ်ဖယ်နဲ့ ထွက်သွားတယ်...။
မလတ်က" ငါမရှင်းဘူး "တဲ့ စားပွဲထိုးလာချတဲ့ လ္ဘက်ရည်ကိုဇွန်းနဲ့ မွှေရင်း.... "ဘာကိုလဲ "လို့  ကျမကမေးတော့... သူက "နင့်ရန်သူမှ မဟုတ်တာတဲ့ ...... နင်ပြောတော့ ရန်သူကို မဟာမိတ်ဖွဲ့ ရမယ်ဆို" တဲ့ ...
"အေးလေ သူက ငါ့ ရန်သူမဟုတ်ပေမဲ့ ... ဘုန်းကြီးနဲ့ ကုလား..... ဦးနေ၀င်းလက်ထက်ထဲက အိုးမဲသုတ်ချကြတာ တစ်ဂျိမ်းဂျိမ်း..... ဒါဘုန်းကြီးအတွက်လေဟာ "...လို့ ကျမဆိုတော့
တစ်ဟားဟားဟား...နဲ့ ဝိုင်းရယ်ကြတယ်... ကျမနားမလည်ဘူး... ဘာရယ်တာလဲလို့ ကျမမေးတော့
မလတ်က.. "မဟုတ်တဲ့ နေရာ သိပ်တုံးတာပဲ .. အခုမဆလ.. မဟုတ်တော့ဘူးလေ...
ဒီအစိုးရလုပ်ပေးလို့ ဘုန်းကြီးနဲ့ ကုလား ချစ်လိုက်ကြတာ မိုးရေထဲလဲ အတူတူ ၊ စားအတူတူ ၊ လာအတူတူနဲ့ .....
နင်မယုံရင် ကုလားနဲ့ ဘုန်းကြီး ကမ္ဘာက သိအောင်လူသိရှင်ကြား တွဲရိုက်ထားတဲ့ ဓါတ်ပုံ ငါဆောင်ထားတယ်.. အိမ်ကျရင် ပြမယ်တဲ့ ..... ဘုန်းကြီးနဲ့ ကုလားကိုချစ်အောင် လုပ်နိုင်တဲ့ စွမ်းအားကို တို့ လေးစားရမယ်လို့ ကျမကပြောတော့ ... စွမ်းအားမဟုတ်ဘူး... စွမ်းအားရှင်တဲ့ ................ ။
အဲလိုစွမ်းအားရှင်တွေ အများကြီးပေါ်ထွက်လာဖို့ ဘာတွေလိုမလဲဆိုတော့........မငယ်က "ငါထင်တာငွေ..၂၀၀၀တော့လိုမယ် ထင်တယ် " တဲ့ ...
" ဗုဒ္ဓေါ..... ဘာတုန်းဟ.. မြန်မာငွေ ၂၀၀၀.. စကာင်္ပူ ၂ကျပ်၅၀.... အမေရိကန် ၁ကျပ်၅၀က စွမ်းအားရှင်တစ်ယောက် ပေါ်ထွက်စေလား " ဆိုတော့.... မငယ်က " အာ.... ငါပြောတာခွေးသေးပန်း ရှာတဲ့  စွမ်းအားရှင်အတွက်ပါဟာ....။ ရောကုန်ပြီ..... " တဲ့........
" ဟီး........ သိဘူးဟ.. စကာင်္ပူ ၂ကျပ်လောက်နဲ့ ဆို.. ငါလူရှိန်အောင် တစ်ဖက်နှစ်ယောက်နဲ့ လေးယောက်ဝယ်ထားရင်........ လူရှိန်မလားလို့ ပါ " ဆိုတော့....
မလတ်က" မြန်မာပြည်မှာ ၀ါးတောတွေရှိနေသမျှ စွမ်းအားရှင်တွေ ပေါ်ထွက်နေမှာ "တဲ့လေ ...။
"ဘာလဲ ၀ါးတော..ငါမရှင်းဘူးဟ" လို့ပြန်မေးမိတော့...သူက ပြန်ဖြေတယ်လေ.. " စူပါမန်းလိုပေါ့ ဟာ.. ၀တ်ရုံခြုံပြီးမိုးပေါ်ပျံရသလို ၊ တို့ နိုင်ငံက မြန်မာတွေ ၀ါးတောဝင် ၀ါးစိမ်းတွေခုတ်တော့ ဗလတွေတောင့်လာတာနေမှာပေါ့ဟာ....... မြန်မာနည်း မြန်မာ့ကျင့်စဉ်ပေါ့ " တဲ့ ......... ။
အော်........... ဟုတ်ပေသားပဲလို့ ကျမတို့ ပြိုင်တူ..ခေါင်းငြိမ့်မိတယ်
အဲဒီအချိန်မှာပဲ... မလတ်ကရုတ်တရက်ပြောတယ် " လာပြီလာပြီ.... ကုလား.... မမအတွက် ဓူဝံကြယ် ဆွတ်လာပြီတဲ့ .".....။
ခွေးသေးပန်းတောကထွက်ပြီး သိဒ္ဓိ ပြည့်လာသလား ထင်ရတယ်..
ကုလား အောက်ခြေလွတ်ပြီး မြောက်ကြွ.. မြောက်ကြွနဲ့ ....မမလေ.......... သိတယ်နော်...
ဟေ့ ကုလား မျက်ရည်ကျတာ ကြည့်မလားဆိုတော့....
အားလုံးက...အိုကေတဲ့ ...။ လုံးဝမသိချင်ယောင်ဆောင်နေ.. ကုလားမျက်ရည် မြင်ဘူးအောင်.. အသေခံ ကြပ်ကြစို့ ဆိုပြီး... ကျမကဖုန်းဖွင့်....... ပဲပေးပြီး.....ဖုံးပြောနေသလို...
မလတ်တို့ သုံးယောက်က ခေါင်းခြင်းဆိုင်ပြီး..... အိုဘားမား..အကြောင်း စိတ်ဝင်တစားပေါ့ ........ ခွေးသေးပန်းတွေ တစ်ပွေ့ တစ်ပိုက်နဲ့ ကုလားကို ရှိတယ်ကိုမထင်.. မမြင်ချင်ဟန်ကို ဆောင်နေတာ........
ကုလား အတင်းခေါ်မှ မလတ်က ဘာတွေတုန်းဆိုတော့.. ခွေးသေးပန်းလေတဲ့ ...
အာ..... အများကြီးပဲနော်..ဘာလုပ်လို့ ရတုန်းဆိုပြီး ခွေးသေးပန်းတစ်ခက်ယူ..... မဟော်သဓာဂိုက်အပြီအပြင်ဖမ်းပြီး ဖင်ပြန်ခေါင်းပြန်နမ်းတာ..
ကုလားထက်တောင်သာသေး.......... " ခရမ်းပြာရောင်လေးနော့် ... ကျမတစ်ခက်လောက်ပန်လို့ ရလား " လို့ပြောမိတော့
ကုလားဒေါသထွက်ပြီး အော်တာ အသံတောင်တုန်တယ်..။
" ခင်ဗျားတို့ မနောက်နဲ့  ၂၀၀၀ပေးမယ် ဆိုပြီး ခူးခိုင်းတာလေ "ဆိုတော့.........
ကျမက..မခူးခိုင်းပါဘူးတဲ့ ...။ မကြီးနဲ့ မငယ်ကလဲ ခေါင်းခါခါ..နဲ့ .........
ကျမတို့ လဲ မခူးခိုင်းဘူးဆိုတော့... ဖုန်းပြောနေတဲ့ ကျမကိုလက်ညိုးထိုးပြီး...... သူခူးခိုင်းတာ....
ခင်ဗျားတို့ သိတာပဲတဲ့ ပေါက်ကွဲနေတဲ့ ကုလားကိုကြည့်ပြီး.. မလတ်က.. ဟာ..... သူကဒါရှင့်ဆိုပြီး
သူခေါင်းကို လက်ညိုးနဲ့ ထောက်ပြီး လက်ခါပြတယ်... ရှင်ဒီလောက်ဝေးမယ် တကယ်မထင်ဘူးရှင်.. အများကြီးပဲနော်..... ဘုရားကပ်လို့ ရရင် ကျမ၀ယ်ပါတယ်ဆိုတော့..
ကုလား ဇတ်ဆိုထပြီး...... ပဲပေးပြီး ဖုန်းပြောဟန်ဆောင်နေတဲ့ ကျမအနားကို.. ခါးထောက်ပြီး လာရပ်တယ်... ။
ကျမ ရင်တွေခုန်ပြီး ဒူးတောင်တုန်သွားတယ်.... တကယ်ရှင့်..
ကုလားကို အကြံထုတ်ဖို့ လက်ကာပြတော့ မရဘူး..... ခင်ဗျားခုလာရှင်းတဲ့ ...
ကျမလဲ ဖုန်းပိတ် ခုံမှာပြန်ထိုင် လ္ဘက်ရည်တစ်ကျိုက်မော့တော့..
ဒီမှာတဲ့ .... ခွေးသေးပန်းအပုံလိုက်ကြီးကို လက်ညှိုးထိုးပြတယ်..
ကျမတစ်ခက်ကောက်ယူပြီး..... အများကြီးပဲ....ဘာပင်တုန်း ဆိုပြီးကောက်နမ်းတော့ ...
"ခွေး...သေး.......ပန်း.........."တဲ့ ..
ကုလားရဲ့  ပေါက်ကွဲသံစဉ်ကြောင့် ကျမ တစ်ကိုယ်လုံးတုန်သွားတယ်..
သူလက်ထဲက တံစဉ်ကိုလဲ ကြောက်တယ် ဇတ်ပြုတ်တာ ပြန်ဆက်လို့ ရမယ်...
ကျမဆံပင်တွေ ရွှတ် ဆို တစ်ချက်ထဲကုန်မှာ...
ခင်ဗျားခူးခိုင်းတာ၂၀၀၀ပေးတဲ့ .....
မလတ်က ပေးလိုက်လေဆိုတော့.. အာ.... မရှိပါဘူးတဲ့ 
မငယ်က ငါ့မှာ၂၀၀ပဲရှိတာလေတဲ့... မာမူမှာ ပိုက်ဆံပါရင် ခဏချေးလေဆိုတော့....
ဘာလုပ်ဘို့ လဲတဲ ။့ မာမူ ကိုခွေးသေးပန်းဖိုးပေးဖို့လေ ဆိုတော့.....
ကုလား စိတ်ရှုပ်ပြီး ရပ်ကွက်ရုံး တိုင်မယ်တဲ့ ...
ဘေးနားကနေ လူတွေက ...ခွေးသေးပန်း ဇာတ်ထုတ်ခင်းနေတဲ့  ကုလားနဲ့ ကျမတို့ သုံးယောက်ကို ကြည့်ပြီး...... လူတွေကပြုံးစိစိ...... ကုလားကငိုမဲ့ မဲ့ ဖြစ်နေပြီ
မကြီးက.. မလတ်ဆွဲနေတဲ့ ကြားက ပိုက်ဆံကို အတင်းလုပေးလိုက်တယ်..
ကုလားက ခင်ဗျားတို့ တော်တော်နောက်တဲ့  ညီအမတွေဗျာ......တကယ်မကြုံဖူးဘူးတဲ့ ...
နဖူးကသီးနေတဲ့ ချွေးတွေသုတ်ရင်း.... ဘာလုပ်ဖို့တုန်းတဲ့ ..
ဘုန်းကြီးကျောင်း အလှူအတွက်ပါဆိုတော့...
ဆရာတော်ကို ကုလားခူးပေးတယ် လျှောက်လိုက်ပါဗျာတဲ့ ဝမ်းသာအားရမှာရှာတယ်........
မလတ်က ငါမပြောဘူးလားဆိုတဲ့ ပုံနဲ့ မခိုးမခန့် ပြုံးပြတယ်.......။
တစ်လမ်းလုံးတစ်ဝါးဝါးနဲ့ ..... အောင်ပွဲရ ခွေးသေးပန်းတပ်မတော်ကြီး ခြံရှေ့ ရောက်မှ မျက်နှာပိုး သတ်ရတယ်........
အမေကတော့ ငါ့ သမီးတွေ တော်တယ်ပေါ့ ရှင်.................။
ကဲ.......... ရှာဖွေပြီး ချက်ပြုတ်ကြည့်ကြပါဦး........
ပြည်ပဆိုရင်တော့ အရှာရခက်မယ် ထင်တယ်နော........။

မမ


Labels:


Posted by မမ :: 12:38 PM :: 7 Comments:

Post / Read Comments

---------------oOo---------------

Friday, January 16, 2009

အမေ


အမေနေ့ အမှတ်တရ တင်ချင်ပေမယ့် မအားလပ်လို့ ခုမှပဲ တင်လိုက်ရပါတယ်... :)

အမေ.........................တဲ့
တစ်ကယ်တော့နှစ်လုံးထဲခေါ်ရတဲ့ အရာ
တိုတောင်းလွန်းပေမဲ့ .. သံသရာတစ်လျှောက်ကတော့
ရှည်လျားလွန်းလှတယ်...

ညီအမတွေ အများကြီး မွေးပေးတဲ့အမေ
သူ့ တုန်းကတစ်ကောင်ကြွက်
တစ်ဦးတည်းသောသမီးဆိုတဲ့ ခံစားချက်ကို
မုန်းတီးခဲ့ တဲ့ ..အမေ..........

တစ်ဝုန်းဝုန်းနဲ့ ရန်ဖြစ်တဲ့ 
သမီးတွေကိုအမေကြည့်.....ပိတိဖြစ်တဲ့ မျက်နှာနဲ့ 
ရန်ဖြစ်ပြီးရင်တော့ ပြန်ချစ်ကြရမှာနော်..
ငါ့တုန်းက ရန်ဖြစ်ချင်ခဲ့ လို့ အဖေါ်မဲ့ 
ခွေးကလေး ကြောင်လေးတွေကို
ညီအမလုပ် ကစားခဲ့ ရသတဲ့ 

ဘာဖြစ်ဖြစ်.....ဦးသူတိုင်တတ်တဲ့ ကျမတို့ ညီအမ..............ကို
တပြုံးပြုံးနဲ့  ဆုံးဖြတ်ပေးခဲ့ တာ..
အားလုံးကအမှန် မှားတဲ့ သူမရှိ

အမေ....တစ်ယောက်တစ်လေတော့ မှားဦးမှပေါ့ လို့ 
ကွန်ပလိမ်းတက်တဲ့ ညီအမကို
မှားနေတာ..ငါ့ သမီးတို့ လုံးလုံးမဟုတ်..
သမီးတို့ ကိုဘ၀တစ်ခုလုံး ထိမ်းချုပ်မဲ့ စိတ်..တဲ့ ...
မြင်တတ်အောင်သင်ပေးခဲ့ တဲ့ အမေ

များလိုက်တဲ့ ညီအမတွေလေ..အမေကလဲ..
ဘာဝယ်ဝယ်မလောက်ငှဘူး
သုံးယောက်လောက်ဆိုတော်ရော..ပေါ့ ..လို့
ပြန်ပြောတဲ့ ကျမတို့ ကို
ရှိတာကိုဝေမျှ...လောဘစိတ်မရှိတတ်အောင်
သင်ပေးခဲ့တဲ့ ....အမေက

လူလောကမှာ အမေဘ၀ကိုရမှတော့
သုံးယောက်လောက်က ခေါ်တဲ့အမေသံ
မတင်းတိမ်နိုင်ဘူးတဲ့ လေ...ကဲ..
ကြီးပြင်းလာတဲ့ နောက်.... ဟို..ရောက်ဒီရောက်တဲ့ 
သားသမီးတွေ... ငါလိုက်မရှာနိုင်ခဲ့ တောင်မှ..
ငါ့ အနားမှာအမေခေါ်ဖို့ 
မိခင်အရာငါ့ ကိုထားနိုင်ဘို့ ...
နီးစပ်ရာသား..သမီးအရွယ် အားလုံးကို
မိခင်နဲ့ ထပ်တူကျတဲ့ ..မေတ္တာ..စစ်ကို..
သမီးရင်း ကျမတို့ မနာလိုအောင်
လူတစ်ကာကို..ပေးခဲ့ တဲ့ အမေ....
ဟို...လူကလဲ..အမေ... ဒီလူကလဲအမေ
အမေ...အခေါ်ခံချင်တဲ့ 
အမေဆိုတဲ့ အသံ..အမေ့ရဲ့ နားမှလျှံနေချင်တာမို့ ...။
အကြံပိုင်လိုက်တဲ့ ...အမေရဲ့ စိတ်ဓါတ်...
ကျမတို့ ညီအမအတုယူလို့ 
ဘယ်နေရာရောက်..ရောက်
မောင်ရင်းနှမစိတ်ဓါတ် ထားနိုင်ခဲ့ လို့ 
ရှိတာကိုဝေစား... ဒုက္ခတွေဝေမျှလို့ ခံတတ်ခဲ့တာ.......................။
စိတ်အခန့် မသင့်လို့ ..
စကားအခြေအတင်ဖြစ်ခဲ့ ရင်တောင်.........။
မိန်းမ..ယောင်္ကျား..
ကလေးလူကြီးမခွဲခြားပဲ.............................။
တစ်နေ့ ရန်ဖြစ်ပြီး..ပြန်ချစ်ကြရမယ်နော်လို့ 
အမေသင်တဲ့ အတိုင်း
ကျမလိုက်နာခဲ့ တာ ဒီနေ့ အထိပါဆိုတာ...
အမေယုံပါ.............................။
ဟိုတစ်နေ့ 
အမေနဲ့ ဖုန်းပြောဖြစ်တော့...
ငါ့ သမီးထွေး မေတ္တာနဲ့ ပေးလာခဲ့ ရင်
သေဆေးတောင် တစ်ကျိုက်ထဲမော့ ရသတဲ့ ...
မေတ္တာနဲ့ ပေးတဲ့ ခွေးသေးပန်း
ငါ့ သမီးခေါင်းမှာ ဝေနေအောင်ပန်လိုက်စမ်းပါ..........။
အွန်လိုင်းမှာပထမဦးဆုံး ပန်းပေးတဲ့ သူ...
သမီးဘ၀ရဲ့  အမှတ်တရ
တစ်ကယ်ဆို..အမေတောင်မရဘူးခဲ့တဲ့..
ဒီပန်းသိပ်တန်ဘိုးရှိ ဆေးဖက်ဝင်သတဲ့
ကိုယ်ဖေါက်တဲ့ လမ်း..
ကိုယ်တစ်ယောက်ထဲလျှောက်လို့ မတင့်တယ်
အဖေါ်အပေါင်းတွေနဲ့ ပျော်ပျော်ကြီးသာ...လျှောက်ဖို့ပြင်တဲ့ 
ချစ်တဲ့ သူကိုပိုချစ်အောင်..
မုန်းတဲ့ သူကိုချစ်လာအောင်
ငါသမီးဖေါက်တဲ့ လမ်းတည့်တံ့အောင်
လုပ်ပေးမှာက အဖေါ်အပေါင်းတွေပဲတဲ့ 
အဲဒါကျမအမေရဲ့ ...ဆုံးမစကားစစ်စစ်
အမေနေ့ မှာအမှတ်တရ
မမ...တင်လိုက်ပြီ...
နောက်ကျလို့ ..အပြစ်မမြင်..
အချစ်တွေမြင်ချင်ပါသည်ရှင်.......။

မမ

Labels:


Posted by မမ :: 12:31 PM :: 4 Comments:

Post / Read Comments

---------------oOo---------------

Monday, January 12, 2009

ဒပလျူ.ဒပလျူဒေါ့ အ၀ီစိဒေါ့ ကွန်းအား ဆက်သွယ်လို့ မရပါသဖြင့်....



သူ့ မေတ္တာတွေကပဲ..တကယ်စစ်တာလား
မြင်မြင်ချင်းချစ်မိတယ်.. ဆိုတဲ့ စကား

ကိုလူပျိုရဲ့ .. ရှင့်လက်ထက်ကျမှပဲ
ပြင်ရတော့မှာလား...
မမြင်ဖူးမတွေ့ ဖူးပဲ.... စိတ်ကူးနဲ့ ချစ်သတဲ့ ..
ကျမဆံပင်လှလှမှာ
ရှင်ပန်ပေးမဲ့ ပန်းကုမုဒ္ဓြာ..
မြင်ဖူးအောင်အရင်ကြည့်ပါဦးရှင့်
အပြည့် အ၀ရတဲ့ လရောင်အောက်မှာ
ကုမုဒ္ဓြာတကယ်ပွင့်ရင်.. ထမင်းစားပန်းကန်ထက်တောင်
ခပ်ပိုပိုရှိတဲ့ အဲဒီပန်းကို..
ရှင်ပန်ပေးဖို့
ညုပ်စရာကလစ်.. အရင်တွေ့ အောင်ရှာပါဦးလေ
မောင်ဘုန်းရဲ့ ...လို့  ... အထပ်ထပ်သာအော်လိုက်ချင်ရဲ့
ချစ်သူနှစ်ယောက်အပေါ် ဖြာနေတဲ့ လရောင်ဆိုလို့ 
ပိန်းပိတ်အောင်မှောင်နေတဲ့ ကောင်းကင်ကိုမော့ကြည့်ရင်း
တမလွန်ကမ္ဘာမှာ လသာနေလားမသိဆိုတဲ့ 
ကျမရဲ့ ချစ်သူငယ်ချင်းစကား.. နားယောင်ပြီး
ကြောက်စိတ်နဲ့ ရှင်ညွှန်းတဲ့ ချယ်ရီသီးဆိုတာ
တမလွန်ကမ္ဘာက... ဘာသီးကိုများတင်စားတာတုန်း
ရှင်နဲ့ ကျမကမ္ဘာခြင်းခြား.. အလှမ်းဝေးလှပါရဲ့ 
ကျမဘလောဂ့် ရဲ့ပေါက်ချက်.. ငရဲပြည်အထိရောက်သတဲ့ 
ချစ်သူငယ်ချင်းတွေရဲ့  စကား
တစ်ဝါးဝါးနဲ့ ဟားရတာ
တစ်ညလုံး..နီးပါး....ရှင့်..
ဖြစ်နိုင်ရင်ရှင့် အဖေကို...တိုင်ချင်ပါရဲ့ 
ဘလောဂ့် ရွာမှာငရဲမင်းရဲ့ သိက္ခာ
တစ်စက်မှမကျန်တော့ အောင်
ရှင့်ရဲ့ သားသြရသကို....နည်းမျိုးစုံနဲ့ ခေါ်ပြီး..
ဆုံးမပေးဖို့အကြောင်း
နီးစပ်ရာဆရာတော်ဆီပြေးလို့ ..
တပည့်တော်မ
အနေအထိုင်တတ်ပါရဲ့ နဲ့ ငရဲမင်းရဲ့ သား...
တပည့်တော်အား မေတ္တာသက်ဝင်နေခြင်းအား
အဟန့် အတား ပေးသနားတော်မူပါဘုရား..
လျှောက်ထားချက်ကြောင့်
ဆရာတော်ပေးတဲ့ မေတ္တာလက်နက်.. ကျမတော့သုံးရတော့မယ်
ဟဲ့ ...ငမိုက်သား ဂျွမ်းပြန်လို့ ... နေရပ်အမှန်ကို
စောက်ထိုးသာပြန်ဖို့စဉ်းစားထား...........။

မမ

Labels:


Posted by မမ :: 5:14 PM :: 4 Comments:

Post / Read Comments

---------------oOo---------------
ကိုဇာဂနာ၂၀၀၀ ခေါ် ကို တက်ပုခေါ် ကိုစီဗောက်(မမကိုချစ်မိသူ )သိစေရန်....

သူငယ်ချင်းဟောင်း နော်ရွှေရင် စီဗောက်မှာရေးသော ကဗျာတိုလေးအား ပို့ပေးစေရန် အလို့ငှာ..
ဒီဘလော့ ကို ဖန်တီးခဲ့သော ဂျီမေးလ် အကောင့် အား စီဗောက်တွင် တင်ပေးခဲ့ပါသည်..
သို့သော် နော်ရွှေရင် ယနေ့ထိ မအတ်သေးပဲ..
zarganar2000@gmail.com တစ်ယောက်သာ အတ်ပါသည်
ယနေ့ထိ ထို အကောင့်ထဲတွင် ဇာဂနာတယောက်သာ ရှိပါသည်
မမမှာ ပါဆင်နယ် အကောင့်သတ်သတ်ရှိပါသည်.. ရင်းနှီးသူများမှလွဲ၍ ဘယ်သူမှ မသိပါ..
ကိုတက်ပုပြောစကား အရ ဂျီတော့မှာ ခဏလေး ပြောဘူးသည် ဟုဆိုပါသည်။
ထို့ကြောင့် ကိုတက်ပုသည် ဇာဂနာ ၂၀၀၀ ဖြစ်ပါသည်...
ထို့အပြင် ပြောခဲ့သော တခဏမှာပင် ဇာဂနာ၂၀၀၀ က သီချင်းလည်း သံသေးသံကြောင်ဖြင့် ဆိုထားတာကို ပို့ပေးပါသည်။
ကုမုဒြာ ကြာပန်း အကြောင်းလဲ ပြောကြပါသေးသည်။။
ထို့ကြောင့် မမကိုချစ်သူ ဟုအမည်ရသော ကိုစီဗောက်သည် လဲ ကို ဇာဂနာခေါ် ကိုတတ်ပုပဲဖြစ်ပါသည်..။
သက်သေများ လည်း ရှိပါသည်..။
ဘာကြောင့်လဲဆိုတော့..
ဒီမေးလ် အကောင့်ကို မမ ၊ ခိုင် ၊ မိုးသည်း သုံးယောက် ကိုင်ထားသောကြောင့် သူတို့လဲ အားလုံးဖတ်ပြီးပါပြီ...
ကို တက်ပု ခေါ် ကိုဇာဂနာ၂၀၀၀ ခေါ် ကို စီဗောက်(မမကိုချစ်တဲ့သူ) ခင်ဗျာ..
နောက်ဆို အဲလို မပွေးကြေး နော်...
သတိကြပ်ကြပ်ထား...ဟင်း....

(ပြောရဦးမယ်.. အဲဒီနေ့က ကိုဇာဂနာ ကို ချတ်လွှတ်လိုက်တာ မမယောက်ထဲ မဟုတ်ပါဘူးရှင်..
တယ်ဂျင်းနောက် တယောက်နဲ့ တူးဝမ်း ရိုက်ပြီး ပြိုင်တူ ချတ်လွှတ်လိုက်တာ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်...တစ်ယောက်က ဘိုလိုရိုက်ပြီး နောက်တစ်ယောက်က ဘားမီးစ်လို စပိတာ နှစ်ထပ်ရှိ မှ မှတ်မိမှာပေါ့နော်....ဟဲ...ဟဲ)

Labels:


Posted by မမ :: 2:36 PM :: 0 Comments:

Post / Read Comments

---------------oOo---------------

Saturday, January 10, 2009

ဘယ်သူအလှဆုံးလဲ.....




ကျမတို့ ညီအမတွေ ညဘက်ဆို လူစုံရင် ဘာရယ်မဟုတ် တောင်ပြောမြောက်ပြော သိပ်ပြောတာ.. ကျမကအဆိုးဆုံး...
ငယ်ငယ်တုံးက အိမ်မှာပြောဖူးတယ်
"မမကတော့ အရမ်းချစ်လာရင် လိုက်စကားပြောမှာပဲနော် ..... အမေ ၊
ပြီးရင် အမေ့ကို လိုက်တောင်းခိုင်းမယ်"ဆိုတော့...

အမေက "မမ..နင်..တော်ရုံကောင်းတယ်"တဲ့...ကျမအမတွေက.... တစ်ဝါးဝါးရယ်တယ်။
အမလတ်က တွေးတွေးဆဆနဲ့ "အမေရယ် ..... လိုက်တောင်းပေးလိုက်ပါ
ကမ္ဘာမကျော်ရင်တောင်မှ... မြန်မာပြည်မှာတော့ ကျော်မှာသေချာတယ်"တဲ့ .....
ပြီးတော့ဆက်ပြောတယ်

"ကျမသားကိုမေးပါရစေဦး.. သူသဘောအတိုင်းဖြစ်စေရပါမယ်လို့ ပြန်ပြောရင်........နင်ဘာပြန်ပြောမလဲ"တဲ့ ...
"အန်တီရယ် စဉ်းစားပါစေ သူ့ဘ၀တစ်ခုလုံးကို ပဲ့ ကိုင်မယ့် ပဲ့ကိုင်ရှင်... ၊
သူရဲ့ အရှင်သခင်အဖြစ် ရွေးချယ်ရမှာဆိုတော့ အေးဆေးဆေး စဉ်းစားပါစေလို့ ပြောခဲ့ မယ်"..လို့ ..ကျမကပြောတော့ .....
သူကထပ်ပြီး
"အဲ.. နင့်ကိုငြင်းလိုက်ရင်ရော"တဲ့ ...........
ကျမက"ကျမစိတ်ရှုပ်လာပြီ...ငြင်းဦးမလား..ငြင်းဦးမလား"ဆိုပြီး.....
နားရင်းသုံးချက်လောက် အုပ်ခဲ့ မယ်ဟာ"ဆိုတော့.................မကြီးက ရယ်တာကော်ဖီခွက်တောင် မှောက်ကျပါတယ်ဆို..........။မငယ်က "အမေကြားတယ်နော်... သူသေမယ်ဆိုတောင် လိုက်မတောင်းပေးနဲ့ ...ရာဇ၀င်မှာစာတင်မယ့် ...မမ"...တဲ့ ........
အမေကပြုံးရင်း"တော်စမ်းပါ မဟုတ်မဟတ်တွေ လူကြားလို့ မကောင်းဘူး"တဲ့ ....
မလတ်က"နင်ဘယ်လိုလူမျိုးကိုရွေးမှာလဲ"တဲ့ .........
"ကျမ...ဒိန်းကနဲဖြစ်မယ့်လူပေါ့ "ဆိုတော့....
မငယ်က"အမြောက်ထုတဲ့ လူလား"တဲ့ .....ကဲကြည့်....အဲလို..
"ရင်ကိုဒိန်းကနဲ ဖြစ်စေတယ်...ဆိုတာလေ"လို့ ကျမပြောတော့..........
အမလတ်က"ငါမနေ့ က လူတစ်ယောက်ကိုမြင်တာ ဒိန်းကနဲတောင်မဟုတ်ဘူး ဒိန်းဒိန်းနဲ့တောင် ဖြစ်တယ်တဲ့ ..........."
ဘယ်သူလဲလို့ ၀ိုင်းမေးကြတော့"မနေ့ က ကျူရှင်ဆင်းတော့ ငါတစ်ယောက်ထဲပြန်လာတာ..... ငါလမ်းထဲဝင်လာတော့ မျက်နှာချင်းဆိုင်က လျှောက်လာတဲ့ကောင်လေး"တဲ့..
"တစ်လမ်းလုံးသူနဲ့ ငါနှစ်ယောက်ထဲသိလား... ငါခြေဖျားလက်ဖျားတွေအေးပြီး...ရင်ထဲမှာတဒိန်းဒိန်းနဲ့ "တဲ့ ....
ဘုရားရေ.....ကျမတို့ သူ့ အနားတိုးရင်း..."မလတ် အဲဒါဘယ်သူလဲ"လို့ ပြိုင်တူမေးတော့ ..
"ဟိုသုံးခြံကျော်က ၀တုတ်လေဟာ..."တဲ့..........
"သေစမ်း...သေစမ်း" ဆိုပြီးသူ့ ကိုဝိုင်းရိုက်တယ်..
အရူးလေ..အဲဒီကောင်လေးက
ကောင်မလေးတွေတွေ့ ရင် ခါးကိုပြေးဖက် လွယ်အိတ်လိုက်ဆွဲ..အကျီ လိုက်ဆွဲတဲ့ အရူးလေးပေါ့...
မငယ်က"အမေရယ်..အမေလိုက်တောင်းပေးလိုက်ပါ..ငြင်းမယ်မထင်ဘူး"ဆိုတော့..
မလတ်ရယ်.."စိတ်ဆိုးလိုက်တာ..တောင်းစရာလား"တဲ့ 
မငယ်က "မမ...နင်ချစ်သူရှာရင် လွယ်လွယ်လေး ငါပြောရင်ယုံ... ဒိန်းဒိန်းတောင်မဟုတ်ဘူး...
နင်တစ်ကိုယ်လုံးတောင် တုန်သွားဦးမယ်"တဲ့ ............
ကြပ်ပြီဆိုတာသိပေမဲ့ ကျမက "ပြောလေအကြံကောင်းရင် လက်ခံရမှာပေါ့ "ဆိုတော့...........
"တရုပ်နဂါး ကတဲ့ အချိန်လေဟာ..ဘင်ထုတာဒိန်း...ဒိန်း တောင်မဟုတ်ဘူး ချမ်းချမ်းတောင်ပါတယ်"တဲ့။
မုန်းလိုက်တာမငယ်ကို........:P"
"စကားနောက် တရားပါ"လို့ အဘွားကဆိုတယ်....

ဒီနိုင်ငံရောက်တော့ ဒီနိုင်ငံနှစ်သစ်ကူးတိုင်းဖုန်းဆက်ပြီး.. မငယ်နဲ့ ရယ်ကြတယ်
တစ်နေ့ ကျမတို့ ကြေးအိုးသွားသောက်ကြတယ်... သုံးယောက်သားလေ
ကားရပ်ထားတာ ဆရာစံလမ်းရဲ့နောက်ကသာယာဝတီလမ်းထဲမှာ
ကားနားကိုလျှောက်ပြန်လာတဲ့ လမ်းကလေးကမှောင်တစ် ၀က်လင်းတစ်ဝက်နဲ့ 
ခပ်ချောချောကောင်လေးတစ်ယောက် လမ်းလျှောက်လာတယ်...
ကျမကကြပ်ရအောင်ဆိုတော့ အားလုံးက အိုကေပေါ့ ....
အဲကောင်လေးကကျမတို့ အနားရောက်တော့
"အရမ်းလှတယ်"တဲ့ ..ပြောပြေး ပြေးတာ...
ယောင်္ကျားတွေများ တစ်ယောက်ထဲ ဘယ်တော့မှသတ္တိမရှိဘူးယုံ........
ကျမတို့ သုံးယောက် နောက်ကလိုက်ပြီး ကျမကသုံးလှမ်းလောက်ပြေးလိုက်ပြီး သူ့ အိတ်ကိုဆွဲလိုက်တယ်
"ဒီမှာ ဒီမှာ"..ဆို...တော့
"ဗျာ...ဗျာ...ဘာဖြစ်တာလဲ"တဲ့ 
"နင်လုပ်တာ ဒီမှာပြဿနာတက်နေပြီ နင်ရှင်း....."လို့ ကျမပြောတော့...
ပြာပြာသလဲ "ကျနော်ဘာမှမလုပ်ဘူး"တဲ့ 
"နင် အခုပဲ ငါတို့ ကိုပြောတယ်လေ.အရမ်းလှတယ်လို့ .."
ကျမအမတွေက..."ဟုတ်တယ်သူပြောတယ်.. သေသေချာချာ ဒီနားနဲ့ ကြားတာ"ဆိုတော့...
ကောင်လေးက "အင်းလေ....အဲဒါဘာဖြစ်လဲ"ပြောရင်းသူ့ အိတ်ကိုပြန်ဆွဲတယ်...
မမလေ...မလွှတ်ပါဘူး ထွက်ပြေးမှ ကျမတို့ တောင်တစ်မျိုးထင်ခံရဦးမှာ
"ငါတို့ က သုံးယောက်လေ နင်ဘယ်သူ့ ကိုပြောတာလဲ"လို့ ခပ်တည်တည်နဲ့ ကျမမေးတော့
"ပြဿနာပဲ"တဲ့ ..
"နင်ပြောလိုက်ပြီးတာပဲ".. အမတွေကို တစ်ယောက်ခြင်းလက်ညှိုးထိုးပြီ
"သူလား....သူလား....ငါလား"ဆိုတော့..
"ပြဿနာမရှာနဲ့ ဗျာ"တဲ့ ........
"ငါတို့ အခုရန်ဖြစ်နေပြီ အဲဒါနင်လုပ်တာ"ဆိုတော့ ..
အမလတ်က..."ငါကဖိနပ်အသစ်နဲ့"တဲ့ ဘာမဆိုင်ဘူး...
မငယ်ကိုလက်ညှိုးထိုးပြီး"သူက ဖိနပ်အဟောင်းကြီးစီးထားတာ ပြတ်တော့မှာ" တဲ့ ...
ကျမက "ငါကအိတ်အသစ် မနေ့ ကမှဝယ်တာ တစ်သောင်းရှစ်ထောင်ပေးရတယ်..မယုံရင်ဘောင်ချာပြမယ်" ဆိုတော့ "ရတယ်...ရတယ်...မပြနဲ့" တဲ့..
ကျမက.."ကဲပါ..... ပြောပါ.... ဘယ်သူအရမ်းလှတာလဲ" ဆိုတော့...
သူကျမကိုပြောချင်နေပြီ... သူအိတ်ကိုလွှတ်အောင်လို့ .......
ဒါပေမဲ့ သူပြောလိုက်တဲ့ စကားကြောင့် ကျမလန့် ပြီးလွှတ်လိုက်တယ်.......
"ကျနော် သေသေချာချာ စဉ်းစားပြီး မနက် မနွယ်လေးနဲ့ အကြောင်းပြန်မယ်"တဲ့ ....
သူနဲ့ ဘာတော်လဲဆိုတော့.."ဟို ခြံမှာနေတာ သူ့မောင်ဝမ်းကွဲ"တဲ့ ...
မလတ်က သေစမ်းဆိုတဲ့ ပုံနဲ့ ကျမကိုမျက်စောင်းထိုးတယ်...
အဲဒါ မလတ်သူငယ်ချင်း အရင်းကြီး...
ကျမအလျော့ မပေးဘူး.."နောက်ဘာလုပ်လုပ် စဉ်းစားပြီးလုပ်...ကွဲကွဲပြားပြားပြော...သွားတော့"လို့ ဟောက်လွှတ်တော့
ထွက်ပြေးရင်း"စိတ်ချ တစ်ညလုံး သေချာစဉ်းစားမှာ"တဲ့ ........မုန်းလိုက်တာ...
မလတ်က "နင်လုပ်တာ ငါတော့အရှက်ကွဲပြီ... သေချင်တယ်"တဲ့ ...
"မသေပါနဲ့ ဦး မနက်ဖြန် အောင်စာရင်းထွက်မှာလေ...နင်ကဖိနပ်အသစ်နဲ့ ဆိုတော့ နင်ရမှာပါ"လို့ ကျမပြောတော့ စိတ်ညစ်တာတွေပျောက်ပြီး... တိတ်ဆိတ်နေတဲ့ လမ်းလေးမှာ ညီအမသုံးယောက်ရဲ့ ရှက်ရှက်နဲ့ ရယ်တဲ့ အသံ တွေပျံ့လွင့်သွားတော့တယ်။
ဒါပေမဲ့ မမလေ မမှတ်သေးဘူး..
နောက်တစ်ခါက သူငယ်ချင်း ကောင်မလေးက ကောင်လေးတစ်ယောက်ကို စိတ်ဝင်စားနေတာ...
ညနေစောင်းဆို ကျုရှင်သွားဘို့ သူတို့ အိမ်ရှေ့ ကဖြတ်တယ်။
တစ်နေ့ တစ်နေ့ အဲဒီကောင်လေးအကြောင်း နားပူအောင်ဖုန်းနဲ့ ပြောတယ်
ကျမက"ငါလာကြည့်မယ်ဟာ"လို့ ပြောရင်း ညနေဆိုသူတို့ ခြံရှေ့ က ခုံတန်းမှာ သူတို့ နဲ့ သွားထိုင်တယ်
ကျမကို ကြည့်ပေးယုံပါ တဲ့ 
သူတို့ ခုံတန်းလေးက နောက်မှီမပါဘူးဟိုဖက်ဒီဖက် လှည့် ထိုင်လို့ ရတယ် ဒီဖက်လှည့်ရင်လမ်းထိပ်ဖက်.....
ပုံမှန်ထိုင်ရင် ကောင်လေး သူ့ခြံကထွက်လာမဲ့ ဖက်...အဲလို..
ကျမတို့ ငါးယောက် သူငယ်ချင်းတွေချည်းပဲ...
အဲလိုနဲ့ ကျမသွားထိုင်ဖြစ်တယ်...
သုံးရက်လောက်ကြာတော့... ကောင်လေး ထွက်လာပြီဆိုတာနဲ့ ကျမက ဖတ်ဆို နောက်လှဲ့ ထိုင်တာ
သုံးရက်မြောက်နေ့ကျတော့ အဲဒီ ကောင်လေးပုံမှန်အတိုင်းထွက်လာတယ်..
ကျမတို့ ကို ပုံမှန်ဆိုကျော်ပြီး လမ်းထိပ်ဖက်တည့်တည့် သူဆက်လျှောက်ရမှာ လမ်းကအရှည်ကြီး..
ကျမတို့ ရှေ့ ကိုလျှောက်လာတယ် ကျမကကျောခိုင်းလျက်
ကျန်တဲ့ သူတွေက ကောင်လေးကျော်သွားမှ ဒီဖက်လှည့်မှာလေ........
"ခင်ဗျား ဘာသဘောလဲ ကျနော့်လမ်း ကျနော်လျှောက်တာ.. ကျနော်လာတာနဲ့ နောက်လှည့် သွားတာ..ဘာသဘောလဲ"တဲ့ ..
တစ်ကယ့် ဘလိုင်းကြီး..... ရှိုးတွေမိုးတွေနဲ့ အဲဒီကောင်လေးကိုကြည့်ပြီး.. ...မမလေ..သိတယ်နော်
"ဟိုလေ..အဲဒါကြိုကြည့်တာလို့ " ပါးစပ်ထဲထွက်တာ ပြောလိုက်တယ်..
"ဘာလဲဗျ ကြိုကြည့်တာဆိုတာ"တဲ့
"ဟိုလေ နင် အဲဒီတည့်တည့် လျှောက်မှာသိလို့  ငါသိက္ခာ မကျအောင် ကြိုကြည့်ထားတာ..ဆိုတော့"
ကောင်လေးရှက်သွားတယ်....."ဘာသဘောလဲ"တဲ့ ...
"ငါက အကဲဖြတ်" လို့ ကျမကပြောတော့..."ဘာကိုလဲ"တဲ့ ...
"ဒီမှာ ငါတို့ အထဲက တစ်ယောက်က နင့်ကို စိတ်ဝင်စားလို့ ..... ငါက နင်ကိုလေ့လာမှာ..နင်နေပုံထိုင်ပုံ လမ်းလျှောက်ပုံ လက်လွှဲပုံ... သွားကောင်းကောင်းလျှောက်.. မဟုတ်တာမလုပ်နဲ့ ငါကြည့်နေမှာ"ဆိုတော့
အဲဒီကောင်လေး.."ဟာဗျာ..." ဆိုပြီးနောက်လှည့်.. သူ့ ခြံထဲဝင်သွားတာ ပြန်ကို ထွက်မလာတော့ဘူး
ဟားဟားဟားဟား............ကျမသူငယ်ချင်းတွေကြားမှာ....စိတ်ဝင်စားရင်...မမ..ကိုတိုင်ပင်... ပေါင်းဖို့ မပြောနဲ့ တစ်သက်လုံး မမြင်ချင်လောက်အောင်ဖြစ်သွားစေရမယ်တဲ့ ... :P
တစ်ကယ်ပါရှင်.........ကဲအောင်သွယ်လိုရင်ပြောနော်.။

မမ

Labels:


Posted by မမ :: 9:39 AM :: 8 Comments:

Post / Read Comments

---------------oOo---------------

Friday, January 9, 2009

ချစ်သူ များနေ့ ....လက်ဆောင်



ဟိုး..........လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီ၁၄ရက် လက်ဆောင်အဖြစ်

အလှဆုံးမဟုတ်တောင် ဒီဘ၀ရဲ့ ဇာတ်ဆုံးခန်းထိ...... ပါဝင်ခွင့်တော့ ရချင်တယ်ချစ်သူ

မထားခဲ့ ပါနဲ့ ထွက်မသွားပါနဲ့ ..... မမုန်းပါနဲ့ 

တားဆီးလို့ မရတဲ့ အရာတွေကို ရှောင်ဖယ်မထွက်ပဲ.....

တံခါးဖွင့် ကြိုဆိုမယ်လို့ ဆုံးဖြတ်ချက်လဲ တူခဲ့ပါရက်နဲ့ ....

မလှပတဲ့ အနာဂါတ်တစ်ခုမှာ.... ကမ္ဘာကြီးရဲ့ အရှေ့ ခြမ်းနဲ့ အနောက်ခြမ်း

လှမ်းလွန်းတဲ့ နေရာတွေမှာ.......

ဆက်လက်ရှင်သန်ခွင့်ကို ဘယ်အရာတွေကများ

တို့ နှစ်ဦးကို ပေးသနားခဲ့တာပါလိမ့်...

ငယ်ငယ်ကဖတ်တဲ့ ဝတ္တုစာ.....ရင်ထဲမှာ .... ဒီနေ့ အထိစွဲနေခဲ့ တာမို့ 

မောင်ရင်မောင်နဲ့ မမယ်မတို့ လို... တို့ နှစ်ဦးရင်မှာ မေတ္တာစစ်လို့ 

ဖူးစာမှန်မယ်ဆိုရင်တော့ ....အားမလျော့နဲ့ ချစ်သူ....

သူတို့ လိုပဲ... ခုနှစ်နှစ်အကြာမှာ ပေါင်းဖက်ခွင့်ကိုရကိုရ..

ရမှာလို့ တည်ကြည်တဲ့ စကားသံ နားထဲမှာ လျှံနေတုန်းပါ....

ခုတော့ဖြင့်... ဆယ်စုနှစ်ကိုတိုင်ခဲ့ ပြီ...

မနေ့ တစ်ည....အိပ်မရတဲ့ အဆုံး....

တို့ နှစ်ယောက်ရဲ့ဇာတ်ဝင်ခန်းကို အစအဆုံး ပြန်တမ်းတတော့....

ဘယ်လိုမှမေ့ ဖျောက်လို့ မရတဲ့ 

အမှတ်တရလေးတစ်ခုကို.....လွမ်းလွမ်းဆွတ်ဆွတ် ပြန်တွေးမိတယ်ချစ်သူ...

အပြောင်အနောက်သန်တဲ့  နင့်ချစ်သူအလောင်းအလျာ ငါကိုယ်တိုင်နောက်ခဲ့တာ

အတူကြုံခဲ့ရတဲ့ ချစ်သူများနေ့ တစ်ရက်.....ဖေဖေါ်ဝါရီ ၁၄ရက်မှာ.....

တစ်သက်တာအမှတ်တရ....

နင်သိပ်ကြိုက်မဲ့ ကတ္တီပါဖိနပ်လေးတစ်ရံ....

လူမသိ သူမသိ နင့်ဆီရောက်အောင်ပို့ ပေးခဲ့တာ....

ဆန့် ကျင်ဖက်အဖြစ်... ခြံကထွက်တဲ့ သဇင်ပန်းခက်လေးနှစ်ခက်.....

ပြောင်နောက်နောက်နဲ့  ထည့်ပေးလိုက်သေးတယ်လေ......

ကဗျာဆန်တဲ့ အရာတွေနဲ့..... နင့်ကိုပြုစားခဲ့ တဲ့ ဖိနပ်လေးနှစ်ဖက်

နင်စီးတဲ့ နံပါတ်မှန်ပါရဲ့...... ဘယ်လိုစီးခွင့်မကြုံတဲ့ နင်...

ကတ္တီပါ...... အပြာတစ်ဖက်.. နီညိုတစ်ဖက်ကိုင်လို့ 

ခင်..နင်ကလွဲလို့ ဒီအလုပ်မျိုး..ငါ့ ပတ်ဝန်းကျင်မှာလုပ်မဲ့ လူမရှိဆိုတဲ့ .....

တိကျတဲ့ နင်ရဲ့ စွပ်စွဲချက်....

အတည်ပေါက်နဲ့ ငါ နင့်ကိုငြင်းခဲ့ တာဆယ်စုနှစ်ကိုတိုင်ခဲ့ ပြီ.......................။

သူ့ တို့ ကိုခွဲခဲ့ လို့ များလား.. သူတို့ ကို လွဲစေ ခဲ့ လို့ များလား မရေရာတဲ့ အတွေးတွေနဲ့ 

ချာလည်..လည်ရင်း ချစ်သူများနေ့ ရောက်လာပြန်တော့မယ်.......။


မမ


Labels:


Posted by မမ :: 1:53 PM :: 3 Comments:

Post / Read Comments

---------------oOo---------------
အိပ်တန်းငှက်တို့ပြန်ကြပြီလေ...


ကျမတို့ ငယ်ငယ်ထဲက.. တကယ်ပြောမယ်ဆို.....ကျမတို့ မမွေးခင်ထဲက အိမ်မှာနေတာပါ..... သူနာမည်က မကြင်သန်းတဲ့......
တကယ်ဆို.... ကျမတို့ အားလုံးနှုတ်ကျိုးနေလို့ သာ..... ကျမတို့ ခေါ်ရမှာဒေါ်ကြီးပေါ့ ....... နောက်ပိုင်း အရွယ်ရလာတော့ ကျမတို့ အသိစိတ်နဲ့ ပြောင်းခေါ်ခဲ့ ကြတယ် ။ ကျမနဲ့ သူနဲ့ အားလုံးထက် ပိုရင်းနှီးတယ် ။ ကျမပြန်တိုင်း သူငိုတယ်
စကားမစပ် မနှစ်က ကျမ မနက်အစောကြီး ပြန်ရတော့မယ်ဆိုတော့ သူနဲ့ ကျမ ညဖက်မှာ အိမ်ကခိုးထွက်ကြတယ်.....
လက သာနေတယ် မှတ်မှတ်ရရ ဒီဇင်ဘာ-၂၈- ရက် ည -၁၂ - နာရီလောက်ပေါ့ .......။ ကျမနဲ့ သူကသူခိုးလုပ်နေကျ ရိုးနေပြီ... အမေက ဘာလုပ်လုပ်တစ်နေ့ သက်သေဆိုတာ ရှိရတယ်တဲ့ ...။ သူဟာကျမရဲ့ ဘ၀ တစ်လျှောက်လုံး သက်သေဆိုရင် လုံးဝမမှားဘူး...........................။
အမေကသူ့ ကိုကြည့် မရဘူး.. ထားပါ... ။ ကျမတို့ အိမ်ကထွက်လာပြီး ဘယ်သွားရမှန်းမသိဘူး.........။ တစ်လမ်းလုံးလဲ တိတ်ဆိတ်နေပြီ... ဒေါ်ကြီးက ပွဲဈေးရှိတယ်တဲ့ ဟုတ်လား သွားရအောင်လို့ ၀မ်းသာအားရ ကျမပြောတော့.. မိုးကောင်းဘုရားပွဲတဲ့ ........ ကျမ ဒေါ်ကြီးကိုသေချာကြည့်တယ်။
တော်တော်နွမ်းနွမ်း ပါတိတ်ထမီ.. ရင်ဖုံးအင်္ကျီအရိပ်ပန်းလို့ ခေါ်တဲ့ ပိတ်စနဲ့ ချုပ်တဲ့ ခပ်နွမ်းနွမ်းပဲ ။ သူအမြဲ ကိုင်တာ ပလပ်စတစ်ခြင်းဟောင်းကြီး.......... ။ အဲဒီမှာသူ့ ရဲ့  တိုလီမိုလီတွေ အကုန်ပါတယ် ။ တစ်ခုခု ခိုးလုပ်ပြီးတိုင်း အခြေအနေမဟန်ရင်သူခြင်းကိုဆွဲပြီး.. လစ်ရော.. ။ အမေကသူ့ ကို အရမ်းဆူတာလေ....။
ဟား...ဟား.. အဲဒီအချိန်မှာကျမ.. ဒေါ်ကြီးလိုဝတ်ချင်တယ်... ။ ကျမက ရုပ်ခံလေးနဲနဲ..ရှိတယ် ။ မယုံရင်တော့လဲ မတတ်နိုင်ဘူး.. ။ ကျမ အဲဒီတုန်းက တီရှပ်အနက်နဲ့ ခြေမျက်စေ့ ထိရှည်တဲ့ စကဒ်အရှည်နဲ့ ... ။ ဒေါ်ကြီး အင်္ကျီမပါဘူးလား ကျမချမ်းလို့ ဆိုတော့ ဖလန်ထည်အပြာကွက်..... အနွေးထည်ပုံစံမျိုး ဘေးမှာအိပ်နှစ်ဖက် ကော်လာက ၀ိုင်းဝိုင်းလေး ဟောင်းတာမှ လက်ဖျားတွေ ချုပ်ရိုးပြုတ်ပြီး ဖတ်လပ်ဖြစ်နေတယ်..........။
ကျမ၀တ်ပြီး ကြယ်သီး အစေ့တပ်လိုက်တယ်........။ ဒေါ်ကြီးရဲ့ သရက်ထည် ထမီအနက်ရောင်ပေါ်မှာ အုတ်ကျိုးရောင် အပွင့်အကြီး အခက်ကြီးတွေ တပတ်နွမ်း ဒေါ်ကြီး ၀တ်နေကျပဲ......။ အဲဒါနဲ့ စကဒ်ကိုချိန်းလိုက်တယ်... ။ ဟား......ဟား...... ဘယ်နေရာမှာ အဲလိုတွေလုပ်နေလဲလို့ မယုံရင်သွားကြည့် ကမ္ဘာအေးဘုရားလမ်း နတ်မောက်လမ်းသွယ်လေးတွေထဲမှာ မှောင်လိုက်တာပိန်းလို့ လရောင်တော့ ရှိပါ့.......။
အနွေးထည် အောက်က ထွက်နေတဲ့ တီရှပ်အောက်ဖျားကို ထမိန်ထဲထည့်ဝတ်ပြီး ၊ ဆံပင်ရှည်တွေကို ကလစ်နဲ့ ခေါက်တင် ၊ ကျမလွယ်လာတဲ့ ပိုက်ဆံအိတ်ကို ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ပြီး ဒေါ်ကြီး ခြင်းထဲကိုထည့် ပြီး ကျမခြင်းကို ဆွဲလိုက်တယ်..... မိုက်လိုက်တဲ့ စတိုင်...။
ပွဲဈေးကို ရန်ကင်းစင်တာရှေ့က ကားငှါးတယ် ။ ကားသမားက ပေစုတ်စုတ်နဲ့ ကျမတို့ နှစ်ယောက်ကို
ကြည့်တယ်.. ။ မိုးကောင်းဘုရားပွဲ ပျောက်နေလို့ ဘယ်လောက် ပေးရမလဲဆိုတော့.. နီးနီးလေး ဘယ်လို ဘယ်လိုသွားလို့ ပြန်ပြောတယ်....။
ကျမတို့ ရှာနေတာ ကြာနေပြီ....... ပို့ ပေးပါ.. ဆိုတော့ ၁၅၀၀ တဲ့ ။ ၁၀၀၀ ပဲယူပါ ပိုက်ဆံပေါလို့ မဟုတ်ဘူး ။ လမ်းပျောက်လို့ ပါဆိုတော့...... တက်တက်တဲ့ ..........။ ကားသမား စပ်စုတာတွေမဆုံးခင်ပဲ ဘုရားပွဲကိုရောက်လာတယ်......။ ကျမအကြိုက်ဒုတ်ထိုးဆိုင်မှာ ၀င်ထိုင်တယ် မီးအရှိန်နဲ့ ဟင်းရည်က အငွေ့ တစ်ထောင်းထောင်းပဲ... အဲဒီမှာ ကျမကလုပ်နေကျ အတိုင်း ဒုတ်ထိုးတွေ အူမကြီးတွေချည်းပဲ .... ကျမကြိုက်တာတွေကောက်ပြီး ပူနေတဲ့ ဟင်းရည် နေရာကိုထည့်တယ် ..။
ပြီးတော့ ကျမကိုပန်းကန် ထဲထည့်ပေးပါနော် ဆိုတော့ ပန်းကန်မရှိဘူးတဲ့ .... ။ ဘုရားရေ... ကျမကို ဆက်ပြောသေးတယ်.. ယူထားတာတွေ အကုန်လုံး ၅၀တန်တွေတဲ့ ဒီမှာတင်၂၀၀၀ဘိုးလောက် ရှိနေပြီတဲ့ ။
ကျမတစ်ကိုယ်လုံး မတ်ခနဲ တစ်ချက်ဖြစ်သွားတယ်...... ကျမထိုင်နေတဲ့ ခုံလေးက လှုပ်နေလို့ ခုံကိုနေရာပြင်လိုက်တဲ့ အချိန်မှာ ကျမ၀တ်ထားတဲ့ သရက်ထည်ထမိန်က ပန်းခက်ကြီးတွေက ကျမကို
ပြုံးပြနေတာကို တွေ့ လိုက်ရတယ်... ။:P
ကျမ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း အမကြီး မပူနဲ့ ကျမတို့ အိမ်ရှင်က ဘောနပ်စ် ထုတ်ပေးလိုက်လို့ ကျမမှာ တစ်သောင်းကျော်ပါတယ် ၊ တစ်နှစ်လုံး ကျွန်ခံထားတာ (စင်္ကာပူနိုင်ငံကြီးကို မြင်ယောင်ရင်း) ၀က်သားဒုတ်ထိုး စားချင်လွန်းလို့ ကြွပ်ကြွပ်အိပ်ထဲက ပိုက်ဆံ တစ်ထောင်တန်တွေ မသိမသာနှိုက်ပြီး.. သူမြင်အောင် ယပ်ခတ်ပြလိုက်သေးတယ် ...။
ဒါပေမဲ့ ကျမကို ပန်းကန်လေးနဲ့ ထည့်ပေးဖို့ ရယ်.. ဂါလန်ပုံးထဲက အချဉ်ရည် အသစ်လေး ရေနွေးပန်းကန်လေးနဲ့ ဖြစ်ဖြစ် ထည့်ပေးပါနော်ဆိုတော့..... ရမယ်..ရမယ်... ။ လုပ်ပေးမယ်တဲ့ ......... ။
ဒေါ်ကြီးက ၀က်သားမစားဘူး ဘေးဆိုင်က မုန့်ဟင်းခါးမှာစားတယ်...။ ညီမ ဘာလုပ်တာလဲလို့ ဒုတ်ထိုးသည်ကမေးတော့ အိမ်ဖော်လို့ ဖြေရင်း..... နားထဲမှာ(လုပ်ရက်လိုက်တာမမ..ရယ်) လို့ အမေ့ အသံနားထဲမှာ ကြားယောင်လာလို့ အူမကြီး၂ခုပူးကို ဖိဝါးရင်း.. ကန်တော့ အမေလို့ ..စိတ်ထဲက ပြောမိတယ် ။
အိမ်ရှင်ကသဘောကောင်းလားတဲ့ ..ကောင်းတာတော့ ပြောမနေနဲ့ ကျမအမေလောက်ကို ကောင်းတာလို့ ပြောရင်း........။ တစ်သက်လုံး လူတကာကို စပ်စုလာတာရှိသမျှ ၀ဋ် အဲဒီနေရာမှာစုလည်တာပဲ................။
စားပြီးပိုက်ဆံ ရှင်းတော့ ၂၅၀၀ကျတယ်.. ။ ညီမလေး လျှောက်မသုံးနဲ့ စုပြီးရွှေဝယ်ထားတဲ့ ဟုတ်ကဲ့ အမလို့ ပြောရင်း.... ကျမရယ်တယ်.... (ရင်ထဲမှာတော့ရွှေဆိုတာ စုရတာမဟုတ်ဘူးရှင့်) ကပ်ရတာ ကပ်ရတာလို့ ခပ်တည်တည် ပြောရင်း ကျမ မျက်လုံးထဲမှာ ပြီးခဲ့ တဲ့ တနင်္ဂနွေနေ့ကမှ ရွှေတိဂုံဘုရားမှာ ကပ်ခဲ့တဲ့ ရွှေဆိုင်းတွေကိုတောင် မြင်ယောင်နေမိသေးတယ်..........။ ကောက်ညှင်းကျည်ထောက်၊ ထမနဲ ၊ ရေမုန့် ၊ ကရေကရာ.... အကုန်လျှောက်ဝယ် လျှောက်စားပြီး အိမ်ကို လမ်းလျှောက် ပြန်လာရင်း တစ်လမ်းလုံး ကျမ........ ဒေါ်ကြီးမသိအောင် ၀မ်းနည်းနေသေးတယ်......... ။ မနက် ၇း၀၀ နာရီ လေယာဉ်ကွင်းဆင်းရမယ် ။ ခြံထဲကို ကျမတို့ လူဝင်တဲ့ တံခါးပေါက်က ငုံ့ဝင်တော့ ကျမအဖေက.. ဘယ်တွေလျှောက်သွားနေတာလဲတဲ့ .. ။ ကျမ (ဖေဖေ့ကို မပြန်ခင်နောက်ချင်စိတ်နဲ့) နှုတ်ခမ်းကို လက်ညိုးနဲ့ကပ်ပြီး ..... ဖေဖေ..တိုးတိုး......... သူများတွေကြားရင် ဖေဖေမှာအန္တရာယ်ရှိတယ် ၊ ဆိုတော့ နင့်ပုံက ဘာပုံစံလဲ နင်ဘာတွေလျှောက်လုပ်နေတာလဲတဲ့ .. တိုင်းပြည်လွတ်လပ်ရေးပေါ့ ဖေဖေရာ... သူများတွေလျှောက်မပြောနဲ့ သမီးက ပြန်တော့မှာ အိမ်ထောင်ဦးစီး ဖေဖေ့မှာအန္တရာယ်ရှိတယ်.. ရုပ်ဖျက်ထားတာဖေဖေ.... ထောက်လှမ်းရေးတွေရှိလို့ ဆိုတော့ ဖေဖေကစဉ်းစားနေတယ် ။
ကျမအောက်ထပ်မှာပဲအကျီချွတ်စကဒ်ပြန်ဝတ်ပြီး အပေါ်ထပ်ကို ပြေးတက်လာတော့ မကြီးက ပစ္စည်းတွေသိမ်းနေတယ် ။ မလတ်က အာရုံဆွမ်းကပ်နေတယ် ..။ မငယ်က ဆိုဖါပေါ်မှာ နိုးပြီး ပြန်နှပ်နေတယ်.. အမေလဲရှိတယ်.. ။ အိမ်ကြီးက တိတ်ဆိတ်နေတယ် ။ ခါတိုင်းလို အဆူမခံရသလို.. ခါတိုင်းလို ကျမဟန်နဲ့ ပန်နဲ့ ပြန်မပြောသလို.. ။ ကျမပြောသမျှ နားထောင်ပြီး တစ်ဝါးဝါး ရယ်သံတွေလဲ ပျောက်ဆုံးနေတယ် ။ မလတ်ပေးတဲ့ နှင်းဆီ ၁၀၈ ပွင့် ပန်းစည်းကြီးနဲ့ ညက၀တ်တဲ့ တီရှပ်အနက်ကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ရင်း မိဘနှစ်ပါးကို ကန်တော့တယ်.. ဒေါ်ကြီးကိုကန်တော့တယ်.......။ ကျမတို့ ညီအမလေးယောက် အားလုံးကို လက်ပြပြီး လေဆိပ်ကို ထွက်လာခဲ့ ကြတယ် ။ ကားပေါ်မှာသင်္ကြန်ကျရင် ငါတို့ နှစ်ယောက် နင့်ဆီ လာမယ်လို့ မကြီးနဲ့ မလတ်က ပြောတယ်... ။ မငယ်ကတော့ ခဏ..ခဏ လာတယ် ။ ဒီမှာသူ့ စီးပွားရေးလုပ်ငန်းရှိတယ် ... ။ ဒီတစ်ခါတော့ ငါတစ်နှစ်လောက်နေမယ်လို့ ကျမကိုပြောတယ်... ။ ကျမက.. အင်းပါလို့ ပြောရင်း နှင်းဆီပန်းစည်းကြီးနဲ့ ဗရုတ်သုတ်ခ အိတ်ကိုဆွဲပြီး... တာ့ တာ့ ..........လို့ ပြောတော့မကြီးငိုတယ်... ။ မငိုနဲ့ သင်္ကြန် လာခဲ့ လို့ ...... ပြောပြီး ကျမလှည့် ထွက်ခဲ့ တော့တယ်........။
ချစ်သောသူနဲ့ ကွေကွင်းရတဲ့ ဒုက္ခ္ခ... မချစ်မနှစ်သက်သော သူတွေနဲ့ အတူနေရတဲ့ ဒုက္ခ ကို တစ်ပြိုင်ထဲ ခံစားဘို့ လေယာဉ်ပေါ်ကို ကျမတက်လာခဲ့ ရတယ်။

မမ

Labels:


Posted by မမ :: 1:35 AM :: 4 Comments:

Post / Read Comments

---------------oOo---------------

Thursday, January 8, 2009

ရွှေရင်ကို အေးစေသော.....




မမ...နဲ့ မသီ

ကျမတို့ အိမ်က မိသားစုအရမ်းများတယ်... ကျန်တဲ့ ကိစ္စတော့ မပြောလိုပါဘူး ။ အ၀တ်လျှော်တဲ့ ကိစ္စကတော့ စက်ကလဲမနိုင်.. မြန်မာထုံးစံအရ လက်နဲ့ ပဲလျှော်တာကိုအမေတို့ က ပိုနှစ်သက်တယ်ဆိုတော့ ကျမတို့ အိမ်မှာ အ၀တ်လျှော်တဲ့ လူ ငှါးထားရတော့တယ် ။ သူက ခပ်ဝေးဝေးက မဟုတ်ပါဘူး ၊ အိမ်နားတင်နေတယ်။ သူနံမည်က "မသီ " တဲ့  ။ သူ့ယောကျာ်း ဘာလုပ်လဲတော့ ကျမလည်း မသိဘူး ။ မသီမှာ ကလေးက အများကြီး ..။ ဒါပေမယ့် ဘယ်အချိန်ကြည့် ကြည့် သနပ်ခါး အဖွေးသားနဲ့ ဝကစ်နေတာ... သူရော ၊ ကလေးတွေရောပါပဲ... လောလောဆယ်ဆယ်ကို သူက ဗိုက်ကြီးဖေါင်းကားနေတာ ။ မွေးကာနီးအထိ လျှော်တုန်း ။

ကျမတို့အိမ်က မနက်တိုင်း အာရုဏ်ဆွမ်းကပ်တယ် ။ အိမ်မှာ ဘုရားဆင်းတုတော်တွေ များသလို ၊ ထွက်ရပ်ပေါက် ဆရာတော် တွေလည်းရှိတော့ ဆန်နို့ဆီဗူးတစ်လုံး ၊ နို့ဆီတစ်ဗူးနဲ့ ကျမတို့ အခေါ် "နို့ဆန်ပြုတ် " အမေကတော့"ယာဂု " တဲ့  ။ ဆွမ်းတော်စွန့်ဆိုရင် ကျမတို့ မပြောနဲ့  အိမ်က ကောင်မလေးတွေတောင် မစားချင်တော့လောက်အောင်ကို မုန်းနေတော့ တာ ။ အဲဒီတော့ ....မသီက အ၀တ်လျှော်ပြီးတာနဲ့  နို့ ဆန်ပြုတ်တစ်ချိုင့်ကြီး ဆွဲပြီးပြန်တာ.......... ။ အမေကတော့ မသီနဲ့ ကလေးတွေ သူ့ နို့ ဆန်ပြုတ်ကြောင့် ၀ တာတဲ့လေ..............။ တခါတလေ သမီးတို့ တောင် ဆန်ပြုတ်မုန်းနေတာ ဘုရားလည်း မုန်းရှာမှာပဲနော်လို့ အမေ့ကို နောက်မိရင် သာကူတို ၊့ ကောက်ညှင်းပေါင်းတို့ ပြောင်း ပြီး ကပ်တယ်။

တစ်နေ့ မိုးအေးအေးနဲ့ အပေါ်ထပ်မှာ ကျမစာဖတ်နေတုန်း မသီ လှေခါးက တက်လာတော့ ကျမအံ့သြသွားတယ် ၊ ကျမတို့အိမ်က အောက်ထပ်မှာ လူနေများတယ် ဧည့်သည်လာရင်တော့ အပေါ်ကို တန်းတက်တာပဲ ။ အောက်မှာဧည့် ခံလေ့ မရှိဘူး ။ ကျမစာဖတ်ရင်းမသိမသာ စပ်စုနေမိတယ် ။ ခဏနေတော့ အမေအိပ်ခန်းထဲက ထွက်လာတယ် ။ သူ့လက်ထဲမှာ ကျမစိတ်ထင် သူဝတ်နေကျ လုံချည်ဟောင်း၈ထည် ၉ထည်လောက်ရှိမယ် ၊ အဖေနဲ့ မောင်လေး ပုဆိုးက ၄ ၊ ၅ ထည်လောက်ပါမယ်။
အမေက " သပ်သပ်ရပ်ရပ်ဝတ်နော်.....မီးဖွားပြီးလည်း နင်အပြင်လေး ဘာလေးဝတ်လို့ ရတယ် ၊ ပုဆိုးတွေကို သေသေချာချာ ညီအောင်ဖြတ်ပြီးသုံး " တဲ့...။
ဒါနဲ့ ....ကျမလည်း ..မနေသာတော့ဘူး ။ " မသီ..အဲဒါဘာလုပ်ဖို့  တုန်း " ဆိုတော့
မသီက " ကလေးအနှီးလုပ်ဖို့ " တဲ့လေ......။
ဒါနဲ့ ကျမ က အမေ့ကို " အမေနော်....သူများကလေးမွေးမှာကို ပုဆိုးဟောင်း လုံချည်ဟောင်းတွေ ပေးပြီး ၊ နောက်ဘ၀ကို့ ကိုယ့်အလှည့်ကျ အဲဒါတွေပြန်ရမယ်ဆို....သမီးတော့ မလိုချင်ပါဘူး " ဆိုတော့
အမေက " ဟဲ့ ကျောင်းအမ ....ငါစိတ်ချမ်းချမ်းသာသာနဲ့ ပေးနေတာ ၊ သူ့မှာလည်း လိုနေတာ..မဟုတ်တာဝင်မပြောနဲ့ "တဲ့ 
" သမီးပြောတာမဟုတ်ဘူး..အဲဒါ ဘုရားဟောတာနော် " လို့ ကျမထပ်ကွန့် တော့..
အနားမှာရှိတဲ့ အမလတ်က " အမေ....သမီးယောကျာ်းရလို့ ကလေးမွေးရင်ရော အမေအဲဒါတွေပေးမှာလား " လို့ ၀င်ပြောတော့ အမေရယ် စိတ်မဆိုးစဖူး စိတ်ဆိုးသွားတယ် ။
ပြီးတော့ စိတ်ဆိုးဆိုးနဲ့ " ဟဲ့ ...ဘုရားအမ ၊ ကျောင်းအမနှစ်ယောက်......နင်တို့ မြင်တာ အဟောင်းပဲမြင်တာ..ငါ့စေတနာတွေ ၊ မေတ္တာတွေမှ..နင်တို့ မမြင်တာ...ညောင်စေ့လောက် လှူလည်း ညောင်ပင်ကြီး လောက်ရတတ်တယ်.. အဓိက က စိတ်စေတနာပဲ ....မြဲမြဲမှတ်ထား " တဲ့ .............။
ကျမတို့ လည်း " စိတ်မဆိုးပါနဲ့ အမေရယ်..သမီးကလည်း စေတနာနဲ့ ပြောတာပါ " လို့ တောင်းပန်ရင်း ....." မသီဘယ်တော့မွေးမှာ လဲ"ဆိုတာ ထပ်မေးမိတယ် ။
အမေက " နောက်တစ်ပတ်ထဲမှာ " တဲ့ 
" ဘာလေးလဲ " ဆိုတော့ ..
" အမွှာယောက်ျားလေး " တဲ့ ....
ဒါနဲ့ ကျမလည်း " ကဲပါ ... အမေပေးတာတွေလည်း ယူ.. ကျမနဲ့ မလတ်လည်း အမွှာလေးတွေ အတွက်.. အနှီး လှူမယ် ၊ ဘယ်မှာဝယ်ရမလဲ " ဆိုတော့..
အမေက " ၀င်းသူဇာမှာ ၀ယ် ၊ မိုးတွင်းကြီးထဲမှာ အမွှာ ၂ယောက်ဆိုတော့အထည် ၃၀၊၄၀လောက်မှ လောက်မှာ " တဲ့လေ ....။
ဒါနဲ့ ကျမ က " ကဲပါ ၊ မနက်ဖြန် ကျမ ၀ယ်ပေးမယ် ၊ အမွှာအတွက် လက်ဆောင် " လို့ပြောတော့..မသီအရမ်းပျော်သွားတယ် ။


အဲလိုနဲ့ ပြည်လမ်း က ၀င်းသူဇာဆိုင်ကို ကျမနဲ့ ကျမသူငယ်ချင်းနဲ့ သွားကြတယ် ။ ကျမတို့  ကားရပ်ပြီးဆင်းတော့.. လူတွေ မိုးဖွဲဖွဲထဲမှာ တန်းစီနေကြတယ် ... ကျမက မစီပါဘူး ၊
ကောင်တာမှာ" အနှီးပိတ်လို ချင်လို့ "ဆိုတော့ 
"အမ ဘယ်လောက်ယူမှာလဲ" တဲ့....
"အမွှာ မွေးမှာဆိုတော့ အထည် ၄၀ လောက် "လို့ပြောတော့ ကျမကိုရောင်းတယ် ။
ကျမငွေရှင်းပြီးတော့ တန်းစီနေတဲ့ ဗိုက်ကြီးသည်ကို "ဘာယူမလဲ" လို့ မေးသံကြားလိုက်တယ် ၊
မိုးဖွဲဖွဲထဲ တန်းစီနေရလို့ အဝတ်တွေ စိုတဝက်ခြောက်တဝက် ဖြစ်နေရှာတဲ့ ဗိုက်ကြီးသည်က "အနှီး ၂ ဒါဇင် " လို့ ပြန်ဖြေတော့ ... "မရှိဘူးကုန်ပြီ"တဲ့လေ......
ကျမလည်း လှည့်ထွက်လာ ပြီးမှ ကောင်တာကိုပြန်လျှောက်သွားပြီး.. " ကျမ မရှင်းဘူး....အနှီးတွေရှိလျက်နဲ့  ဘာလို့ အဲလိုပြောရတာလဲ " လို့ ကျမ မေးတော့  အရောင်းစာရေးမ ခမျာ အိုးတိုးအမ်းတမ်းနဲ့  ဘာဖြေရမှန်းမသိ ဖြစ်နေပုံရတယ် ။
ဒါနဲ့ ကျမလည်း ဆက်တိုက်ပဲ " ဒီမှာ.... ကျမမှာ ဗိုက်လည်း မရှိဘူး ၊ ဒါပေမယ့် လိုသလောက် ရပြီး ဗိုက်ကြီးနဲ့ အမကိုကျတော့ မရောင်းဘူး..ကျမနားမလည်လိုက်တာ " ဆိုတော့.....
အရောင်းစာရေးမက " သူတို့ က ပြန်ရောင်းစားတာညီမရဲ့ " တဲ့....
" ဒါတွေ ပြန်ရောင်းစားလို့ ရလား " ဆိုတော့ 
" ရတယ်လေ ၊ ဆိုင်ရှေ့တင်ကောက်နေတာမတွေ့ ဘူးလား " ဆိုပဲ ..။ ကျမ ဘာပြန်ပြောရမှန်း မသိအောင်ကိုပါပဲ. .သူငယ်ချင်းနဲ့ ၂ယောက်သား တန်းစီနေတဲ့ လူတွေရဲ့ ရှေ့ကနေ အနှီးထုပ်ကြီးနဲ့ ဖြတ်လျောက်ရမှာကိုလဲ ကျမ သေမလောက်ရှက်ရွံအားနာနေမိတယ် ..... ဘာကြောင့်လဲလို့ ကျမကိုမေးရင်တော့ .. ကျမ မဖြေတတ်ဘူး.. နောက်...မဖြစ်တဲ့ အဆုံး အဲဒီမျက်လုံးတွေရှေ့ကနေ ကားနား ရောက်အောင် မနဲအားတင်းပြီးလျောက်ခဲ့ ရတယ်... ။
ကားပေါ်ရောက်တော့လဲ ကားစက်မနှိုးသေးပဲ တွေဝေနေမိတယ် ။ နောက်ဆုံး....ကျမသူငယ်ချင်းကို ဗိုက်ကြီးသည် အမကြီးကို လှမ်းခေါ်ခိုင်းမိတယ်... သူငယ်ချင်းက နင်ဘာအရှုပ်ထုပ်တွေလုပ် ဦးမှာလဲတဲ့ ....ခေါ်လိုက်ပါဟာဆိုတော့ .. သူလက်ရပ်ပြီး လှမ်းခေါ်တော့ ..အနားရောက်လာတဲ့ မိန်းမကို
"အမကားပေါ်တက် ၊ ကျမ ပြောစရာရှိလို့" ဆိုတော့..သူကားပေါ်တက်တယ် ။ သူ ကားပေါ်ရောက်တာနဲ့ ကားကို မောင်းထွက်လာခဲ့တယ် ။
ပြည်လမ်းပေါ်ရောက်တော့ ကျမမြို့ ထဲကို ဦးတည်မောင်းရင်း..ဗိုက်ကြီးသည်မိန်းမကို
" အမ တစ်ခြားဝင်းသူဇာလိပ်စာပြော.... ကျမ၀ယ်ရင် ရဦးမှာလား " လို့ မေးတော့
" ရတယ်..ရတယ်....ဝါးတန်းလမ်းကို မောင်း " တဲ့ ... ။
အဲဒီဆိုင်ရှေ့ မှာလဲ..အဲလိုပဲ...လူတွေ ဆပ်ပြာ ၊ သွားတိုက်ဆေး တွေထိုင်နေတဲ့ မိန်းမတွေဆီ သွားသွားသွင်းနေတာ ကျမတွေ့  ရတယ်.. ။ ဒီတစ်ခါတော့ ကျမ မရှက်တော့ ဘူးလေ ။ ကောင်တာမှာ စောစောကလိုပဲ အမွှာအတွက်အထည် ၄၀ လို့ ပြောပြီး ဝယ်တယ် ။ ကျမသူငယ်ချင်းက ဘေးကနေပြီး ကြောက်တာရော ၊ ရှက်တာရောနဲ့ ထူပူပြီး ..စိတ်ညစ်နေတယ်။ ကျမကတော့ စောစောကနဲ့ ဆန့်ကျင်ဖက်ပဲ ... ရင်ထဲမှာ အလိုလိုပျော်ပြီးပေါ့ ပါးနေမိတယ်။ အနှီးပိတ်တွေသယ် ပြီးကားပေါ်တင်ရတာလဲ ကျမဂုဏ်ယူနေမိတယ် ။ ကားပေါ်ရောက်တော့ "အဲဒါတွေဘယ်မှာ ဘယ်လိုရောင်းမလဲ"ဆိုတာ မေးမိတော့
" သိမ်ကြီးဈေးကို မောင်း အမ " တဲ့လေ .....။
ဟားဟား.....ကျမလည်း မောင်းသည်ပေါ့ ။ ရင်ထဲမှာလည်း အလိုလိုပျော်နေတယ်။

ဒီလိုနဲ့ သိမ်ကြီးဈေးအောက်ရောက်တော့ " အမရေ....အမြန်ရောင်း.....ပြီးရင် အမြတ်ကို အမယူ ၊ ပြီးရင် နောက်တစ်ဆိုင်ပြော " ဆိုတော့ ဗိုက်ကြီးနဲ့ မလိုက်အောင် သုတ်သုတ် ၊ သုတ်သုတ် နဲ့ အထုပ်ကြီး မပြီး ဆင်းသွားလေရဲ့ .....အဲလိုနဲ့..... သူညွှန်တဲ့ အတိုင်း သိမ်ကြီးဈေးအောက်က ဆိုင် ၊ ပြီး ... စကော့ဈေး သုံးဆိုင်မှာ ကျမတို့ တိုးပြီးပြန်ရောင်းတာ ဟားဟား..... အမြတ်တစ်သောင်းရှစ်ထောင်လားပဲ... ဗိုက်ကြီးနဲ့ မိန်းမရဲ့ အပျော်တွေက ကျမတို့ ၂ ယောက်ကိုကူး ၊ ပြီးတော့ ကျမတို့ ကို စကော့ဈေးမှာ ရွှေရင်အေး တိုက်တယ်..........။ ကျမဘ၀မှာ အဲဒီရွှေရင်အေးလောက်အရသာရှိတာ တစ်ခါမှမသောက်ဖူးဘူး.. ။ တကယ်ပြောတာ ... မယုံရင်ကျမလို လုပ်ပြီးသောက်ကြည့် .. ကျမ အာမခံတယ် ယုံစမ်းပါရှင်....................။
အဲဒီအပျော်တွေကို အိမ်မှာပြန်ပြောတော့ 
အမေက " အမလေး.... မမရယ်....လုပ်ရက်ပါပေ့ ၊ အဲဒါ ရဲဖမ်းလို့ ရတယ် " တဲ့ .. ။ ထားပါလေ...ဘာပဲဖြစ်ဖြစ်ပေါ့... ၊ ကျမကတော့ လွတ်လာခဲ့ တာပဲမဟုတ်ဘူးလားရှင်..............။

မမ

Labels:


Posted by မမ :: 12:06 AM :: 12 Comments:

Post / Read Comments

---------------oOo---------------

Monday, January 5, 2009

ကျမမျှော်လင့် မိတဲ့ ကောင်လေး



အဲကောင်လေးပေါ့ ..... ကျမသိနေတာကြာပြီ
ကျမလာတိုင်း........ သူငေးကြည့် နေတာ၂နှစ်နီးပါးရှိလုပြီ
တခါတလေအပေါင်းအသင်းတွေနဲ့ .. တခါတလေတစ်ယောက်ထဲ
ကျမသိချင်လိုက်တာ.. သူဘ၀ကိုဖြတ်သန်းပုံ သူ့ ရင်ထဲမှာဘာတွေရှိနေမလဲ
တကယ်ပါ.. ကျမသိချင်နေတာအတော်ကြာနေပြီ
သူ ကျမကိုသက်ရှိလူသားတစ်ဦးလို့ ရောထင်ရဲ့ လားလို့ .... ကျမသိချင်နေခဲ့တာ
ကျမ မကြည့်ပေမဲ့ ကျမရဲ့ မျက်လုံးထောင့်မှာလာထင်တဲ့ 
ကတ္တီပါနီညိုရောင်နဲ့  ခြေထောက်လေးတစ်စုံကို.............။
သူ ကျမအနားကဖြတ်သွားတဲ့ အခါတိုင်း ကျမရင်တွေနွေးကနဲ...။
ကျမ သူ့ မျက်ဝန်းတွေကို တမေ့တမော ငေးကြည့်ရင်း အဖြေရှာချင်မိတယ်
ကျမသူကိုချစ်နေပြီလား....... ဒီလိုနဲ့ ကျမတို့ အချိန်တွေကုန်ဆုံးရတော့မှာလား
ကျမစိတ်ကူးတွေမှာ.. သူ့ပခုံးကိုမှီနွဲ့ ပြီးလမ်းလျောက်ကြည့်ဖူးတယ်
တစ်ခါမှမရဖူးတဲ့ ကြည်နူးမှုတွေ ကျမအတွေးထဲမှာ ရခဲ့ တယ်
တလောကလုံးမှာရှိတဲ့ အခွင့်အရေးတွေစုပြီး..ကျမနဲ့ ကောင်လေးချစ်သူဖြစ်ခွင့် ရချင်တယ် ။
တစ်နေ့ ပေါ့....အဲဒီနေ့ အဝေးကသာ ကျမကြည့်ရဲခဲ့တဲ့ ကောင်လေးရဲ့ အရိပ်ကိုမြင်နေရပြီ
ခါတိုင်းနဲ့ မတူတဲ့ ကောင်လေးလက်ထဲမှာ ကျမသိပ်ချစ်တဲ့ နှင်းဆီတွေတစ်ပွေ့ တစ်ပိုက်နဲ့ 
ကျမဆုတောင်းတွေပြည့်ခဲ့ ပြီ..... ပျော်ရွှင်မှုနဲ့ ရင်ထဲကသတ္တိတွေ အချစ်စွမ်းအားနဲ့ 
တွန်းပို့ တာကြောင့် ကောင်လေးအနားကိုကျမရောက်ခဲ့ တယ်...............။
ကောင်လေးရယ်.........ကျမတို့ နှစ်ယောက်ချစ်သူဖြစ်ခွင့် ကို..
လှပတဲ့ နှင်းဆီတွေက ကူညီပါလိမ့်မယ်..........။
ကျမရဲ့ ရင်ထဲကစကားသံတွေအဆုံးမှာတော့
ကျမရယ် နှင်းဆီရောင်စုံတွေရယ်ပဲ........ ကျန်နေခဲ့တော့တယ်။
နှင်းဆီရောင်စုံတွေအတွက် ကောင်လေးကို ပေးလိုက်ရတဲ့
ကျမ ရင်ထဲကနှလုံးသားတစ်စုံ ဆိုတာကို...ကတ္တီပါနီညိုရောင်ဖိနပ်လေး အမြဲစီးတတ်တဲ့..
အဲဒီကောင်လေးကို လမ်းမှာတွေ့ ရင်ပြောပြပေးပါနော်..................။
မမ

Labels:


Posted by မမ :: 10:06 PM :: 1 Comments:

Post / Read Comments

---------------oOo---------------
မမြင်နိုင်သော ....


နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာပေါ့....။ ကျမတို့  ညီအစ်ကိုမောင်နှမ ၊ သူငယ်ချင်းတွေ ဦးလေးခြံကို ကူညီမယ် ဆိုပြီး သောင်းကျန်းကြတာ တရားလွန် .... ။ ဦးလေးခြံက မှော်ဘီကထွက်ရင် တိုက်ကြီး ၊ ဥက္ကံ လို့ခေါ်တဲ့မြို့ လေးပါပဲ.... ။ ကျမတို့ မောင်နှမ သူငယ်ချင်းတွေ စုပြီး သွားကြ တယ်.. ။ ခေါင်းစဉ်က " လုပ်အားပေး " တဲ့....။

ကျမတို့ ဦးလေးက မတရားချမ်းသာတယ်... ။ အဲဒီ ဦးလေးပိုင်တဲ့ ခြံထဲမှာ စိန်တစ်လုံးသရက် ၊ မာလကာ စသဖြင့် သီးပင်စားပင်အစုံပါပဲ.. ။ မွေးမြူရေးငါးကန်ဆိုတာ အကြီးကြီး ပါပဲ ။ ငါးတွေဆို ချက်ခြင်းမျှား ၊ ချက်ခြင်း ကြော် လှော်ချက်ပြုတ်ဘို့  ဂက်(စ်)မီးဖို အားလုံး အကုန်အဆင့်သင့်ပါပဲ ။ ဦးလေးနေတဲ့၂ထပ်တိုက်လေးထဲမှာ နားနေဖို့  အဲကွန်း ၊ တယ်လီဖုန်း(ဆက်သွယ်ရေးရုံး ကတစ်ဆင့်ခေါ်ရတာ) အကုန်ရှိတယ်။
ငါးကန်ဖေါ်ရင်လည်း ကျမတို့ လုပ်အားပေးအကြောင်းပြပြီး သွားတာပါပဲ။ကျမတို့ အပျော်ဆုံးက ကောက်စိုက်ချိန်ရယ်.. ကောက်ရိတ်ချိန်ရယ် ။ ကျမအခုရေးမှာက ကောက်ရိတ်ချိန်လေ ။စုစုပါင်းခြံအကျယ်က ၁၅ဧကရှိတယ် ။ လယ်အကျယ်တော့ ကျမ မမှတ်မိတော့ ဘူး ။ကောက်ကိုတစ်နေ့ ထဲအပြီးစိုက်တာ ထင်တယ် ။ တစ်ခါမှတော့ ညမအိပ်ဖူးခဲ့ဘူးလေ ။
ကောက်စိုက်ဖို့ အတွက် နေ့ စားလူတွေ ခေါ်ရတယ် ....။ ရွာနီးချုပ်စပ်က တက်လာကြတာ မနည်းဘူးရှင် ။ အ
များကြီးပဲ...လော်စပီကာနဲ့ သီချင်းဖွင့်တယ်.....။

ဦးလေးက လက်ရှိ ရန်ကုန်မြို့ ရဲ့ အထင်ကရလူချမ်းသာတစ်ဦးပါပဲ ။
ဒီခြံလေးကသူ့ ရဲ့ ဇာတိမြို့ လေးက အပေါင်းအသင်းတွေနဲ့  အဆက်အသွယ်ပြတ်မှာ စိုးတာရယ် ၊အသက်ကြီးလာတော့  နားနားနေနေ ဆန်းဒေးမှာ အနားယူဘို့ အတွက်ရယ် သူခေါင်းချချင်တဲ့
နေရာလေးလို့ လဲ အမြဲပြောတတ်တယ် ။ ဦးလေးခြံကိုဝင်ဖို့ ..ကိုယ်ပိုင်မြေနီလမ်းလေးရှိတယ် ။ကတ္တရာခင်းမယ်ပြောပြောနေတာ ခုလောက်ဆို ခင်းပြီးလောက်ပြီ ထင်တယ်။

အဲဒီလမ်းလေးထဲ ၀င်ပြီဆိုတာနဲ့  ကျမတို့တတွေ သီချင်းတွေဆိုကြတယ် ။ လမ်ဘေးဝဲယာတလျောက်လုံး
တန်ဖိုးကြီးသစ်ပင်တွေနဲ့ အလှဆင် ထားတယ် ။ တန်ဖိုးကြီးပန်းအိုးတွေဆိုတာ သူနေရာနဲ့ သူပေါ့ ...ကဗျာဆန်ပြီး အရမ်းချစ်စရာကောင်းတယ် ။ကျမတော့ ကားပေါ်ကဆင်းတာနဲ့ ဦးလေးမွေးထားတဲ့ နွားကြီး နှစ်ကောင်ဆီကို ပြေးတာပဲ ။ ဦးလေးက သားကြီး ၊ သားငယ် လို့ ခေါ်တယ် ။ ကျမက မောင်ကြီး ၊ မောင်ငယ်လို့ ခေါ်တယ် ။ တစ်လောကလုံးမှာ အလှဆုံးဆိုတဲ့ နွားတွေထက် ပိုလှတယ်ဝဖြီး နေတာပဲ ။ ကောင်းပေ့ ဆိုတာတွေကျွေးတယ် ၊ ရေချိုးပေးတယ် ၊ညဘက်ဆို ခြင်ထောင်နဲ့  သိပ်တယ် ။ သူတို့ကို ဦးလေးက သိပ်ချစ်တယ်လေ..................။

ငါးကန်တွေရှိတယ် ။ ဇလားဗီးယား ၊ ရွှေဝါငါးကြင်း ၊ ငါးတန် ၊ ငါးမြစ်ချင်း စသဖြင့်ပေါ့ .... အများကြီး မွေးထားတယ် ။ငါးစာကျွေးချိန်ဆို ကျမတို့  လု ကျွေးကြတယ် ။ ရုံးပတီသီးတွေ ခူး... မီးဖုတ်စားကြတယ်... ။ တကယ်ပါ..အရမ်းကိုပျော်စရာကောင်းတဲ့ နေ့ ရက်တွေပါပဲ....။
ကောက်ရိတ်မဲ့ နေ့ ဆို ထမင်းချက်တဲ့အဒေါ်ကြီးတွေအဖွဲ့ တစ်ဖွဲ့ ရှိတယ် ။ မှတ်မှတ်ရရ အဲဒီနေ့ က ဘဲဥချဉ်ရည်ဆီပျံ ၊ သီးစုံပဲကုလားဟင်း ၊ ငါးပိရည်တို့ စရာအစုံ..... ကျမအကြိုက်ဆုံးက ခြံထဲမှာရှိတဲ့ ငှက်ပျောခြံက ငှက်ပျောဖူးကိုလေးစိတ် ...စိပ်ပြီး မန်ကျီးနှစ်နဲ့  ပြုတ်ထားတဲ့ .တို့ စရာ ။ တို့စရာတွေ ထဲမှာ ကျမအကြိုက်ဆုံးပေါ့.......။ထမင်းစားချိန်မှာ မျက်နှာခြင်းဆိုင်ထိုင်ခိုင်းပြီး ငှက်ပျောဖက်တွေခင်းကျွေးတာ ။ ကောင်မလေးတွေ ၊ ကောင်လေးတွေ ၊အဒေါ်ကြီးတွေ ၊ ဦးလေးကြီးတွေ အရွယ်စုံပေါ့ ။ ကျမတို့ က ဟင်းတွေလိုက်ထည့် ပေးတယ်လေ ။ အကုန်တန်းစီပြီး ထိုင်ကြ ရတယ် ။ အဲဒီအချိန်မှာ လူတစ်ယောက် ၊ ကျမစိတ်ထင် အသက် ၂၅ လောက်ရှိပြီထင်တယ် ။ ဘာမှမထူးခြားဘူး ၊နေ့ စားကောက်လာရိတ်သူတစ်ဦးလို ပါပဲ ။ သူများတွေလို အဆင်တူ ၊ အသွေးတူပဲ ။ခမောက်ဆောင်းထားတယ် ။ ထူးခြားတာက အားလုံးကသူ့ကိုဆရာ ၊ ဆရာနဲ့  ခေါ်ကြတာပဲ ...... ။အဒေါ်ကြီးတွေက ဆရာလေးတဲ့  ၊ ကလေးတွေက ဆရာတဲ့ ........................။

ကျမ...စပ်စုချက်ကို သိတယ်နော် ။ အဲလူကို ဟင်းထည့်ပေးရင်း အစ်ကို့ ကို သူတို့ က ဘာလို့ ဆရာလို့
ခေါ်တာလဲလို့ မေးကြည့်တော့ ထမင်းကိုငုံ့ စားတယ် ။ သီချင်းသံတွေကြားမှာ ဆူညံနေလို့ မကြားဘူးထင်ပြီး ... ထပ်မေးတယ်မိတယ် ။တမင်တကာ ကျမကို မဖြေတာ... ကျမသိတာပေါ့  ။ ရုတ်တရက် ရင်ထဲမှာ မကျေနပ်ဘူးရှင် ။ကျမ..မတ်တပ်ရပ်ပြီး အားလုံးကြားလောက်တဲ့ အသံနဲ့ ... " ဒီကအစ်ကိုကဘာဆရာလဲရှင့်  ၊ဗေဒင်ဆရာဆို တွက်ချင် လို့ ပါ...ဥာဏ်ပူဇော်ခ..ကောင်းကောင်း ပေးပါမယ် " လို့  ။ ကျမအသံဆုံးတော့ ..အားလုံးဝိုင်းရယ်ကြတယ် ။ လက်ရှိအနေအထားအရ ကျမက ရွှေမင်းသမီးလေးလေ ..နော ......။

ခပ်ငယ်ငယ်ကလေးတွေက..ကျနော်တို့ ဆရာတဲ့...... ၊ လူကြီးတွေက ရွာကကျောင်းဆရာတဲ့ကျမရင်ထဲ ဘယ်နေရာမှန်းမသိတဲ့နေရာက.....စူးအောင့်လာတယ်..... ။
ကျမစိတ်ထင်..ဆရာလို့ အခေါ်ခံရတဲ့အကိုရဲ့ခေါင်းက အောက်ကိုပို ပိုပြီး ငုံ့..ငုံ့ဝင် သွားသလိုပဲ ။ ကျမလက်ထဲက ဟင်းခပ်တဲ့ ဇွန်းကိုနေရာမှာ ချပြီး......ငှက်ပျောပင်တန်းနားက ဒန်းပေါ်မှာထိုင်ရင်း......ဘာကိုမှန်းမသိ ၀မ်းနည်း နေခဲ့ တယ် ။ကျမ..အတွေးတွေထဲမှာ..အဖြူ အစိမ်းနဲ့  မူလတန်းကျောင်းသားလေး.... ၊ အလယ်တန်းကျောင်း....၊ အထက်တန်းကျောင်းဆိုတာကို ကျော်ဖြတ်ခဲ့ဖူးတဲ့ ၊ တက္ကသိုလ်ကျောင်းသားဘ၀တွေကိုဖြတ်သန်းခဲ့တဲ့ ၊ဘွဲ့ရပညာတတ်တစ်ယောက်က... ဘာလို့ များ ကျမဦးလေးအပျော်စိုက်တဲ့ လယ်မှာ...နေ့ စားလာလုပ်ရတာလဲ ၊ တပည့် တွေနဲ့ အတူလုပ်ရတာလဲ ၊ ကျမတို့ဦးလေးပေးတဲ့  တစ်နေ့ ၁၀၀ လား ၊ ၅၀၀လားမမှတ်မိတော့ဘူး....အဲဒီငွေရယ် ၊ ကျမတို့ ဝေတဲ့  ပုဆိုးတစ်ကွင်း ၊ လုံချည်တစ်ကွင်းစီရယ် ၊ဘယ်အရာတွေက ရွာ့ ဂုဏ်ဆောင်... အလယ်တန်းပြဆရာလေးကို.... နေ့ စားကောက်ရိတ်သူ ဖြစ်စေခဲ့တာလဲကျမလို.. ၉တန်းကျောင်းသူတစ်ယောက်ရဲ့ .. ပြောင်လှောင်မှုကို ဘာကြောင့် ခေါင်းငုံ့ ခံခဲ့ရတာလဲ.............။
ကံ..ကံ၏ အကျိုးဆိုတာကို ရေရေလည်လည်မသိသေးတဲ့ ၉တန်းကျောင်းသူကျမ.....ရှက်ရွံ့ကြေကွဲစွာ ရှိုက်ငိုပြီးတဲ့  နောက်မှာတော့.....................။

မိုးကောင်းကင်ကိုမော့ကြည့်ရင်း .........ကျမတို့ အားလုံးအတွက်...တရားမျှတမှု တစ်ခုကိုပဲ ပေးသနားပါလို့  တတွတ်တွတ် တောင်းဆိုနေခဲ့ မိတယ်။ဥက္ကံမြို့ လေးမှာနေတဲ့သူတိုင်း ကျမဦးလေးနဲ့ အတူ ..အဲဒီခြံအကြောင်း ၊ ကောက်ရိတ်ပွဲအကြောင်း သိကြမှာပါ ။အဲဒီ ကျောင်းဆရာအစ်ကို ..ကိုဒီနေရာကနေ တောင်းပန်ပါတယ်....။
လောကရဲ့ဒဏ် ၊ လောကဓံ ဆိုတာကို ခုတော့ဖြင့် ကျမလည်း သိခဲ့ရပါပြီလေ .......။
မမ

Labels:


Posted by မမ :: 10:05 PM :: 2 Comments:

Post / Read Comments

---------------oOo---------------
မမတို့ မောင်နှမတွေ


နတ်ပွဲပြီးတဲ့နောက် ကျမတို့ ညီအမတွေကြား သူငယ်ချင်းတွေကြားမှာ ခေတ်စားခဲ့တာကြတာ
မင်းညီမင်းသား အသုံးအနှုံးတွေပဲ.. မကြီးကို ပထမအမတော်... ပြီး ဒုတိယ... တတိယ.. အမတော်လို့ ပြင်ခေါ်ခဲ့ကြတယ်..
သူငယ်ချင်းတွေကြားမှာလဲ..တွေ့ တာနဲ့ ..အဆွေတော် ကျန်းခံ့သာလို့ မာပါစ..လို့ နှုတ်ဆက်ကြတယ်...
ဖုန်းကိုင်ရင်တောင်.. သံတော်ဦးတင်စေလို့ ..ပြောင်းလဲလာကြတာ...
တစ်ကယ်တော့ ခောတ်တစ်ခောတ်ကို အလည်ရောက်ခဲ့သလိုမျိုး..
စမြုံ့ပြန်လို့ မပြီးနိုင်တာ.. အညာ ကနွားတွေထက် ပိုမယ်ထင်တာပဲ..........
ကျမတို့ မောင်နှမတွေ တစ်နေရာရာမှာစုမိရင်.. သူငယ်ချင်းတွေ တစ်ဆိုင်ဆိုင်မှာ တစ်ခုခုမှာလို့ စားဖို့ စောင့်နေရင်ဖြစ်ဖြစ်..
တူတွေ ဇွန်းတွေ ခက်ရင်းတွေ.. ခေါက်ပြီး.. ဆီမီးထိန်...ထိန်..ထိန် သာ..........တဲ့....ည..
(ကိုကြီးကျော်သီချင်း.. နတ်ကတော်တွေဆိုတာ)... ကိုပြိုင်တူဆိုကြတာပဲ..........
အဲလိုနဲ့ တစ်နေ့ ....... ကျမတို့ ကိုးကွယ်တဲ့ ဆရာတော်ကြီးက... ခရီးသွားရာကပြန်ရောက်လို့ 
ဧည့်သည်ရှင်းတဲ့အချိန် ဒကာရင်းတွေကို လာတွေ့ ဘို့ ခေါ်တယ်...... အမေကကျမတို့ ညီအမတွေကိုလွှတ်တယ်
အမေက ဘာဖြစ်ဖြစ် လေးယောက်ပြိုင်တူဆိုယုံတယ်........... တစ်ယောက်ချင်းစီဆိုသိပ်မယုံဘူး.......
မိုးကရွာခါနီးနေပြီ... ဒါပေမဲ့နီးတယ်... ည..၁၁..နာရီလောက်ရှိမယ်.. အိမ်ကထွက်လာတော့အကောင်း
စက်မှု-၁-ရှေ့ ကြတော့ ကားကထိုးရပ်သွားရော...... မိုးကချတာသဲသဲမဲမဲ.......
ဆရာတော်ကြီးဆီ ဖုန်းဆက်ပြီး လှဝင်းကြီးဝပ်ရှော့က လူကိုလှမ်းခေါ်တယ်..........
နောက်ကျမက တက္ကစီတားတယ်........... အဲဒီမှာကျမအကြံတစ်ခုရတာနဲ့ ...........
အကုန်ပုန်းနေကြ တစ်ယောက်ယောက်ကိုတို့  ကျပ်ကြရအောင်ဆိုတော့
မကြီးကလွဲလို့ အားလုံးကအိုကေပဲ.. မကြီးကအရီသန်တယ်.. ဟန်မဆောင်တတ်ဘူး..
အစ်တာနဲ့ အကုန်ပေါ်တယ်တယ် ဒါပေမဲ့နောက်လိုက်..
ကံကောင်းချင်တော့ ကျမတို့ တားတာနဲ့ ပြောင်းပြန်တက္ကစီတစ်စီး လာတယ် မြောက်ဥက္ကလာဘက်ကပေါ့ ..
ဂငယ်ကွေ ပြီ့း ကားနောက်မြီးခြင်း ယှဉ်ရပ်လာတယ်
မိုး ရော လေရောချတာ လူတစ်ကိုယ်လုံးလဲ စိုရွှဲနေတယ်................
ဂရုဏာသက်တဲ့ လေသံနဲ့ ကျမကိုသမီးဘယ်လဲတဲ့........ ကျမစိတ်ညစ်သွားတာတော့အမှန်ပဲ..
ရိုးရိုးအေးအေး... ဦးလေးအရွယ် ဒါပေမဲ့..မမ..လေနော်..ဒီနားလေးတင်ပါ..
ဒါပေမဲ့ ဦးလေးကြောက်တတ်လားဆိုတော့... ကြောင်တောင်တောင်နဲ့ ...
ဘာကိုလဲ.. မကြောက်တတ်ပါဘူးတဲ့..........
သုံးခါလောက်ထပ်မေးတယ်... ကျမကိုကူညီပါ.. ဒီအနားလေးတင် သွားမှာပါဆိုတော့
တက်တက်တဲ့......... ကျမလဲအမတွေကြားအောင်....
အမတော်တို့ ကြွကြပါ.. ကြွကြပါဆိုတော့....
တက်ကစီပေါ်သုံးယောက်ပြေးတက်တာ အလုအယက်ပဲ.. တကယ့် တစ္ဆေသရဲတွေလိုပဲ........
ကားဆိုတာယိုင်ထိုးသွားတာပဲ
အဓိက က မိုးစိုမှာကြောက်ကြတာလေ.... စက်မှု(၁) ရှေ့ကမှောင်တယ် မယုံရင်သွားကြည့် ....
မိုးသည်းသည်းညမှောင်မှောင်.. မိန်းကလေးလေးယောက်.. ပြောပုံဆိုပုံတွေနဲ့ စဉ်းစားကြည့် 
ကားပေါ်ရောက်တော့ တူမကြီး ဦးလေးကြက်သီးတွေတောင်ထတယ်တဲ့....
ဘာမှမဖြစ်ဘူးဦးလေး ကျမကလူအစစ်ပါဆိုတော့...........
ဗုဒ္ဓေါ.. သူတို့ ကရောတဲ့.......... မမေးပါနဲ့ဦးလေးရယ်
သူတော်ကောင်းတွေပါ......... ဆရာတော်ကြီးဆီ လှူချင်လို့ ကူညီရတာပါဆိုတော့......
ငါ့တူမရယ် ဦးလေးတော့မယုံနိုင်အောင်ပဲတဲ့........
အဲဒီအချိန် အမလတ်အကြောင်း နဲနဲပြောချင်တယ်
အလှအရမ်းကြိုက်တယ်.. ဘယ်ရောက်ရောက် မှန်ထုတ်ကြည့်တတ်တယ်...
ရေမွှေးအမြဲပါတယ် တစ်နာရီတစ်ခါလောက် ဆွတ်တတ်တယ်........
ကျမက ဦးလေးရယ် မကောင်းဆိုးဝါးဆို အပုတ်နံ့ ရမှာပေါ့..
အမတော်တွေက မွေးကြိုင်နေတာ.. သူတော်ကောင်းတွေဆိုတာယုံပါ.. ဆိုတော့....
အမလတ်က သူ့ ပါတဲ့ရေမွေးထုတ်ပြီးဖြန်းတာ တရှူးရှူးနဲ့ ...
ဦးလေးကြီးက စိတ်ဝင်စားနေလို့ မသိတာ
ကျမက နောက်လှည့်ပြီး မျက်စောင်းထိုးရတယ်.........
ဦးလေး ဘယ်သူမှမပြောနဲ့ နဂါးပြည်ကနဂါးမင်းကြီးရဲ့ 
သမီးတော်သုံးပါး သူတို့ တည်ထားတဲ့ဘုရားကို ဖူးရင်း
ဆရာတော်ကြီးကို လှူဖို့လာကြတာ လို့ ပြောရင်း
ကန်ရိပ်သာလမ်းထဲကိုချိုးဝင်ခိုင်းတယ် မှောင်တယ်လူပြတ်တယ်.. ခြောက်ခြားစရာ....
အဲဒီလမ်းတည့်တည့်မောင်းပြီး ဘယ်ချိုးဝင်မှ ကျောင်းဝင်းထဲကိုရောက်မှာ..
အ၀င်အ၀မှာနဂါး ရုံဘုရားကြီးအကြီးကြီးရှိတယ်..... စေတီကြီးကလဲ အကြီးကြီး...
မိုးတွေရွာတော့အပင်ကြီးတွေနဲ့ တကယ့်ခြောက်ခြားစရာပဲ........ နောက် ကျောင်းရှေ့မှာမရပ်ပဲ
ကျောင်းကိုပတ်ပြီး ကျောင်းနောက်မှာ ကားရပ်ခိုင်းတယ်.... အင်းယားကန်စပ်ပေါ့ ..
တူမရှေ့ မှာဘာလို့ မရပ်တာလဲတဲ့ သူတို့ ကလူမှမဟုတ်တာ... အင်းယားကန်ကိုဆင်းပြီး..
သူတို့ လူတွေခေါ်ပြီး အမျှယူဘို့ ပြောရမယ်... ဦးလေးရဲ့ ဆိုတော့ဇဝေဇ၀ါနဲ့ .. အော်... ဟုတ်လားတဲ့
ဦးလေးဘာပြောချင်လဲဆိုတော့... ထီပေါက်ချင်တယ်တဲ့.....
နဂါးမင်းနဲ့ ... ညီအမလေးယောက်အတိတ်ယူထိုးပေါ့ ဆိုတော့..........
ဟုတ်တယ် .. ဟုတ်တယ်.. ထိုးမယ်တဲ့
အမလတ်က နောက်ကနေ ကျမပခုံးပုတ်ပြီး လက်ငါးချောင်းထောင်ပြတယ်
ဦးလေးငါးထောင်ဘိုးပဲထိုးရမယ်တဲ့ ပြောနေတယ်ဆိုတော့.......
စိတ်ချပါတူမကြီးရယ်တဲ့...........
ကျမလဲ ငွေငါးထောင်ထုတ်ပေးပြီး အားလုံးဆင်းတော့..
ဦးလေးမကြောက်ဘူးနော်လို့ မေးတော့
နဲနဲတော့တစ်မျိုးပဲတဲ့.. ကျမလဲ လူမဟုတ်ဘူး.......... သမီးတော်က လေးပါးနော်
သုံးပါးမဟုတ်ဘူး.... ကျမက အထွေးဆုံးသမီးတော်ပဲလို့ ကျမပြောနေတုန်း...........
အမတွေက မှောင်ရိပ်ကိုဖြတ်ပြီး ကန်စပ်က မရမ်းပင်ကြီးအောက်ကို ပြေးကြတယ်
သူတို့ ပြေးတော့ကျမလဲ နောက်ကလိုက်ပြေးတာပေါ့ .......
တော်ကြာ ကျမကိုဖမ်းထားပြီး လာကြပါဦးဆို ဘယ်လိုလုပ်မလဲ..............
အမှောင်ရိပ်အောက်ကနေပုန်းပြီး စောင့်ကြည့်နေတော့ အဲ...ကားကမထွက်သေးဘူး...
မမလေ... ဆရာ.. ကားချက်ခြင်း ထွက်စေရမယ်ဆိုပြီး...
ကျောင်းဆောက်ဘို့  ပုံထားတဲ့ အုတ်ခဲပုံက အုတ်တွေ..အုတ်တွေ...
ယူပြီးရေထဲ တ၀ုန်း..၀ုန်းပစ်ချတာ..................... ကားဆိုတာဝူးကနဲပဲ...
မှောင်ရိပ်ကထွက်ကြည့်တော့.. နောက်မြီးတောင်မမြင်ရဘူး............
နင်တို့ ကဘာလို့ ပြေးတာလဲဆိုတော့..
မကြီးက..မပြေးလို့ ရမလား ဆရာတော်ကြီးထွက်လာမှာရယ်..
ဒီမှာအူနာလို့ သေတာ့မယ်တဲ့
အရေးထဲ မလတ်က လက်ငါးချောင်းထောင်ပြရသေးတယ်.. ဆိုတော့..
အရူးလား အိမ်ရောင်းထိုးရင် ဘယ်လိုလုပ်မလဲတဲ့...
ဟုတ်သားပဲ......... လူလို့ ပြောထားပြီး လျှာရှည်တယ်သူက
သမီးတော်ဖြစ်ချင်သေးတယ်တဲ့ ........
ကဲ... ရှင်.. ကျမကို..ငယ်ကျွန်လို့ ထင်သွားရင်ဘယ်လိုလုပ်မလဲ..
ဖြစ်ခြင်းဖြစ် ကျမလဲ... သမီးတော်ပဲဖြစ်ချင်တာပေါ့ နော ......................
နဂါးမင်းကြီးရဲ့ သမီးတော်ကိုပြောတာနော်ရှင့်.....
ဟိုလို.. သမီးတော်တော့ သံသရာအဆက်ဆက်
ဖြစ်ချင်ဘူး.................အဲဒါကိုတော့ယုံ

မမ

Labels:


Posted by မမ :: 12:20 AM :: 2 Comments:

Post / Read Comments

---------------oOo---------------