မမ

Sunday, May 31, 2009

သခင်မျိုးဟေ့ ဒို့ဗမာ(သို့)သခင်ချက်ကြီး


ဟောဒီကပဲပြုတ်ဆိုတဲ့အော်သံကို ချက်ကြီး အမုန်းဆုံးပဲ။အဲဒီအသံကြားတာနဲ့ ချက်ကြီးအလန့်တစ်ကြား နိုးထရတော့မယ်။
နေပူပူမှတစ်နေ့သုံးထောင်ရဖို့ ချက်ကြီးလက်တွေပေါက်ပြဲအောင် တစ်နေကုန်မြေပေါက်ရင်း အန်တီလှတို့ ၀ယ်ထားတဲ့ခြံဝိုင်းကို မြေဖို့ရမယ်။ ဒီအလုပ်ကို ကံကောင်းလွန်းလို့ မိအေးအကူအညီနဲ့ ရှာပေးထားတာလေ။ရှားပါးနေတဲ့ဒီခေတ်ကြီးမှာ ဒီအလုပ်ရတာ ချက်ကြီးအဘို့တော့ သိန်းဆုပေါက်တာပဲ မိအေးကိုလဲ ချက်ကြီးအမေက ကျေးဇူးတင်လို့ မဆုံးတစ်ဗြုန်းဗြုန်း ပေါ့။
ပထမဆုံးနေ့ကသုံးထောင်ရတော့ ချက်ကြီးလက်များတောင်တုန်ရဲ့ ။ ချက်ကြီးတို့ အိမ်အပြန်လမ်းဆုံထိပ်ကဒံပေါက်ဆိုင်က နေဒံပေါက်တစ်ပွဲ ကြက်ရင်ပုံသားနဲ့ ၀ယ်ခဲ့ပြီး မိအေးတို့ အိမ်ကချက်ထားတဲ့ ဆန်နီကြောင်ကြောင် ရောပြီး နှစ်အိမ်ထောင် ဝေမျှစားကြတာ မိအေးရယ် မိအေးမောင်ပေတူးရယ် မိအေးအမေရယ် ချက်ကြီးတို့ သားအမိနှစ်ယောက်ရယ်။အဲဒီဒံပေါက်အရသာကို ချက်ကြီးဒီတစ်သက် မေ့နိုင်မယ်မထင်တော့ဘူး။ ချက်ကြီးကြိုက်တယ် အဲဒီအရသာကို နေ့တိုင်းသာစားရမယ် ဆိုလို့ကတော့ ချက်ကြီးဘာလုပ်ရမလဲ ချက်ကြီးလုပ်ချင်ပါတယ်။
ချက်ကြီးတဖက်သတ် အရိပ်တစ်ကြည့်ကြည့် နဲ့မေတ္တာရှိနေတဲ့ မိအေးတစ်ယောက် ၀ါနီရောင်ကြက်သား ဟင်းအနှစ်တွေ နဲ့ဟိုတစ်လုံးဒီတစ်လုံးလက်မှာ ကပ်နေတဲ့ထမင်းလုံးတွေကို နှစ်မြောတသစွာ တပြွတ်ပြွတ်စုတ်ပြီးမှ လက်ဆေးတာတွေ့ရတော့ ချက်ကြီး ရင်ထဲမှာဝမ်းနဲဝမ်းသာကြီးဗျာ။ မိအေးဘ၀မှာ ချက်ကြီးဝယ်ကျွေးလို့ ဒံပေါက်ဆိုတာစားဖူးသလို မိအေးအတော်ကြိုက်နှစ်သက်တာ တွေ့ရလို့လဲ ချက်ကြီးဝယ်ရကျိုးနပ်လိုက်တာလို့ တွေးရင်းချက်ကြီး ဘ၀ဆိုတာကြီးကို အဲဒီနေ့ကအတော်ကို ကျေနပ်မိတာ ချက်ကြီးလူ့လောကကိုရောက်ပြီးမှ ဒါမှတ်မှတ်ရရ ပထမဦးဆုံးအကြိမ်ပါ။
အဲဒီတစ်ခါထဲပါ အမေကမိအေးကို ကျေးဇူးတင်လွန်းလို့သာ ဘာမှမပြောပေမဲ့ နေပူပူမှာတစ်နေကုန် မြေပေါက်ထားတဲ့ သားရဲ့ချွေးနဲစာကိုမြိုမကျသလို တအိအိသွင်းလေရဲ့။ နို့မဟုတ် ပေတူးကအရီး မကုန်ရင်ကျုပ်ကိုပေးဗျာ လို့ပြောတဲ့ပေတူးကိုလဲ အမေကကုန်တာပေါ့အေ ကုန်မှာစိုးလို့ ဖြေးဖြေးစားတာလို့ ပြန်ဖြေသံကလဲ ချက်ကြီးရင်ကို ပိတိဖြစ်စေရဲ့။
တွေးကြည့်တော့ အခုအလုပ်လုပ်တာ နှစ်ပတ်ကျော်လာပြီဒံပေါက်ဝေးလို့ ပိုက်ဆံသုံးထောင်ကျော်ကိုဖျစ်ဖျစ်မည်အောင်ကို သုံးစွဲရတယ်။သားအမိနှစ်ယောက် စားစရိတ် အမေ့အတွက်ဆေးဘိုး တစ်နေလုံးမြေပေါက်ထားလို့ ကိုက်ခဲနေတဲ့ ကိုယ်တွေလက်တွေကို ထွန်းရွှေဝါ တစ်နေ့တစ်ဗူးကုန်အောင်လူးရင်း အိပ်ခါနီးတိုင်း ပါရာစီတစ်မော့ တစ်လုံးသောက်အိပ်နိုင်မှ ပဲပြုတ်ဆိုတဲ့ အသံကြားရင် ကုန်းရုံးထနိုင်မှာလေ။
အတွေးတွေကိုရပ်ပြီး အိပ်ယာထဲကကုန်းထရင်း၊ ချက်ကြီးလက်နှစ်ဘက်ကို ပတ္တာချိတ်ဆက်ပြီး ခေါင်းပေါ်တည့်တည့်ရောက်တဲ့ အထိခါးစစ်ရိုးတစ်လျှောက်တစ်ဖျောက်ဖျောက်မည်အောင် အပျင်းဆန့်လိုက်ရင်း တစ်ဖက်ရပ်တဲလေးရဲ့နောက် ကိုခေါင်းငုံပြီးထွက်လာခဲ့တယ်။ မီးသွေးမီးဖိုဘေး ဆားအိုးထဲကဆားတစ်ဆုပ်ကို နိုက်ပြီး အိုးဖင်ပြတ်ထဲက ညသိပ်ရေကို ခပ်ရင်းမျက်နှာသစ်ဖို့ဆောင့်ကြောင့် ထိုင်ချလိုက်တယ်ဆိုရင်ပဲ အတော်ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ပုဆိုးကဗျိကနဲနေအောင် ဒေါင်လိုက်ကွဲထွက်သွားလေရဲ့။ ချက်ကြီးရင်ထဲဟာကနဲဖြစ်သွားအောင် နှမြောဝမ်းနည်းသွားတယ်။
ချက်ကြီးမှာရှိတာ အပြင်သွားဘို့တစ်ပတ်နွမ်း ပုဆိုးလေးတစ်ထည်နဲ့ အခုလက်ရှိတစ်ထည်၊ ဒီထက်ပို စုတ်ချာတဲ့ ရေလဲပိုင်းနောက်တစ်ထည် ဒါအကုန်ပဲ။ အမေကတော့ ချက်ကြီးအလုပ်သွားရင် မမြင်မစမ်းနဲ့မိအေးစီက အပ်နဲ့အပ်ချည်တောင်းပြီး ချုပ်အုန်းတော့မှာ ချက်ကြီးသိနေတယ်။ကွဲသွားတဲ့ ပုဆိုးနေရာကို လက်နဲ့စုကိုင်ပြီး ရှေ့နဲ့နောက်ကို လှည့်ဝတ်လိုက်ရင်း ဘေးဘီကိုချက်ကြီးလှည့်ကြည့် လိုက်တယ်ဆိုရင်ပဲ နှစ်အိမ်ကျော်လောက်က ချက်ကြီးကိုလှမ်းကြည့်နေတဲ့ မျက်လုံးနှစ်စုံနဲ့ ဗြုန်းကနဲတန်းတိုးတယ်။ မလုံမလဲနဲ့ ချက်ကြီးရင်တွေ တစ်ဒိုင်းဒိုင်းစောင့်ခုန်သွားတော့တယ်။
သူမြင်သွားပြီလားဆိုတဲ့ မလုံမလဲအတွေးနဲ့ ကိုင်ထားတဲ့ရေခွက်ကို အိုးဖင်ပြတ်ထဲပစ်ထည့်လိုက်ရင်း မကောင်း တတ်လို့အသိအမှတ်ပြုတယ်ဆိုယုံ မေးဆတ်ပြလိုက်တယ်ဆို အာဘောင်အာရင်းသန်သန်နဲ့ ဟေ့ကောင် မောင်ချက်မြေပေါက်ဘို့ မသွားသေးဘူးလားလို့နှိမ်ချတဲ့ လေသံနဲ့တစ်ရပ်တစ်ရွာလုံး ကြားလောက်အောင် အော်ကြီးဟစ်ကျယ်နုတ်ဆက်တော့တယ်။
ချက်ကြီးတစ်ကိုယ်လုံးစပ်ဖျဉ်းဖျဉ်း ဖြစ်သွားရင်း အဲဒီကောင်နရင်းကို ပြေးအုပ်လိုက်ချင်စိတ်က ချက်ကြီးတစ်ကိုယ်လုံး ကိုလွှမ်းမိုးလာတယ်။ သွားတော့မှာလို့ သံပြတ်ပြန်ဖြေရင်း မျက်နှာကဗျာကရာသစ် နောက်လှည့်အိမ်ထဲဝင်ဘို့လုပ်တဲ့ ချက်ကြီး ကိုဟေ့ကောင် မြေပေါက်တဲ့အလုပ်မရှိရင် ငါ့ဆီလာခဲ့စားပြီးသောက် ပြီးနှစ်ထောင်ပေးမယ် မင်းပင်ပင်ပမ်းပမ်း ဘာမှလုပ်ဘို့မလိုပါဘူး ကွာ ငါ့စီသာလာခဲ့ တာဝန်ယူတယ် ဆိုတဲ့အသံကိုနောက်မှာထားရင်း ခြံနောက်မှာထောင်ထားတဲ့ ပေါက်ပြားကိုထမ်း အမေကျူပ်သွားပြီလို့ အော်ရင်းအတွေးတွေနဲ့ ချက်ကြီး အန်တီလှတို့ မြေကွက်ရှိရာ နှစ်ရပ်ကွက်ကျော်ကို ခြေလျှင်ခရီးနဲ့ ခပ်သွက်သွက်လှမ်းလို့ပေါ့။
မခံချင်စိတ်ကြောင့် ခပ်သွက်သွက်လှမ်းနေတဲ့ ချက်ကြီးကွဲသွားတဲ့ပုဆိုး လဲခဲ့ဘို့အခုမှသတိရတယ် ဆိုရင်ပဲ လူရှင်းနေတဲ့လမ်းဘေးကုက္ကိုလ်ပင်ကြီး အောက်မှာပေါက်ပြားကို ချလို့ကတောင်းကျိုက်အသွင် ပြောင်းလိုက်ပါမှ ချက်ကြီးလမ်းလျှောက်ရတာ ပိုလုံခြုံသွားသလိုစိတ်ထဲခံစားရင်း ချက်ကြီးတို့နှစ်အိမ်ကျော် အဲလေနှစ်တဲကျော်လို့ ပြောရမှာပေါ့ အဲဒီကောင်အကြောင်း ခေါင်းထဲကိုရောက်လာတော့တယ်။
ဒီကောင်အမည်က အဆန်းသား ချက်ကြီးတောင်မေ့တေ့တေ့ရယ် အရပ်ထဲကခေါ်တာတော့ကျော်ကြီးတဲ့။ အဲဒီကျော်ကြီးရဲ့ရှေ့မှာ လူမိုက်ဆိုတာပါသေး လွယ်လွယ်ပြောရရင်လူမိုက်ကျော်ကြီးပေါ့။ငယ်တုန်းကတော့ အတူတူရယ်။ ချက်ကြီးရဲ့ ဆော့ဖေါ်ဆော့ဖက် ကျောင်းပြေးပေါ်ပြေးဖက်ရှစ်တန်း အထိအတူတူရှစ်တန်းကြပြီး နောက်ကျဘန်းအလုပ်ကိုယ်စီ လုပ်တော့လဲအတူတူ။ ကန်ထရိုက်တိုက်တွေမှာနေ့စား မဆလာသယ်မဆလာနယ် ကုန်ထမ်းအတူတူ အလုပ်ကြမ်းသမားပေါ့။ ပြောလို့ပြောတာမဟုတ်ဘူး အဲကောင်ကလူပါး။ သူဌေးရှိရင်တစ်မျိုး သူဌေးမရှိတစ်မျိုး အလုပ်ကိုရိုးရိုးသားသား ကြိုးကြိုးစားစားလုပ် တဲ့အထဲမပါဘူး။ အဲဒါချက်ကြီးအထင်ပြောတာ မဟုတ်ဘူးနော်ကျူပ်တို့ အလုပ်သမားအားလုံးက သပ်မှတ်ပေးထားတဲ့ အဲကောင်ရဲ့ အရည်အချင်းစစ်စစ်ပဲ။
ချက်ကြီးပြောခဲ့သလို လူလည်လူပါးဆိုတော့ သူဌေးလာပြီဆိုဒီကောင် အသံစာစာနဲ့ညံနေတော့တာ။
ချက်ကြီးတို့အလုပ်သမားအုပ်စု တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ ပြုံးစေ့စေ့လုပ်မိရင် အဲကောင်ကကျူပ်တို့ဘက်လှည့် မချိုမချဉ်မျက်နှာပေးနဲ့ မျက်စေ့တစ်ဖက်မှိတ်ပြသေးတာလား။ သူဌေးဆိုတဲ့သူမျိုးလဲ ချက်ကြီးအံ့သြပါရဲ့ အဲလိုလူမျိုးကပြောရင်တစ်ပြုံးပြုံးနဲ့ တစ်ကယ်လုပ်နေရတဲ့ကောင်တွေ အထစ် အထစ်စကားမှားလို့ကတော့ မျက်နှာထိမျက်နှာထား နဲ့မအေနှမကိုင်ပြီးအော်ပြီလို့သာ မှတ်ပေတော့။
တစ်ခါတစ်လေ ချက်ကြီးစဉ်းစားမိရဲ့ချက်ကြီးတို့က လုပ်အားကိုငွေကြေးနဲ့ လဲလှယ်တာလေ။ သူ့အလုပ်မှာသစ္စာရှိ ဖို့ တာဝန်သိဖို့ အလုပ်လေးစားဖို့လောက်သာချက်ကြီး သိတာ။ အဲလိုသူဌေးနဲ့ ပရောပရီလုပ် လုပ်အားခထဲမပါတဲ့ အကြွင်းအကျန်စားဘို့တော့ ချက်ကြီးတို့ကရှက်တတ်သား။ အမေကတော့ပြောသား ငါ့သားကသခင်မျိုးဆိုပြီး ကြံဖန်ဂုဏ်ယူနေသေး တော့တာ။ ကျူပ်ကနားမလည် အလိုက်ကန်းဆိုးမသိစွာ အမေသခင်မျိုးဆိုတာဘာလဲလို့ မေးတော့ အလုပ်သမားချင်းတူပေမဲ့ ငါ့သားမှာကျွန်စိတ်မရှိဘူး သခင်စိတ်ပဲရှိလို့ သခင်မျိုးလို့ပြောတာ ပေါ့သားရယ်လို့ ပြန်ဖြေတာပဲ။ဘာပဲပြောပြော ကျုပ်အမေပြောတဲ့ သခင်စိတ်ဓါတ် ဆိုတာကျုပ်ရင်ထဲမှာ ဒီနေ့ထိခိုင်မြဲနေလေရဲ့။အမေပြောတာ အတိအကျမသိပေမဲ့ ကျွန်စိတ်နဲ့ သခင်စိတ် ဆိုတာကွဲကွဲပြားပြား သိဘို့နဲ့ အမေဂုဏ်ယူတဲ့ သခင်စိတ်ဆိုတာထိမ်းသိမ်း ထားရမယ်လို့တော့ ကျုပ်ရင်ထဲရှိလေရဲ့။

ဆက်ရန်

Posted by Anonymous :: 11:49 PM :: 3 Comments:

Post / Read Comments

---------------oOo---------------

Saturday, May 30, 2009

နားနဲ့မနာဖ၀ါးနဲ့နာတော်မူပါ အရပ်ကတို့






မနေ့ကသူငယ်ချင်းရဲ့တူမလေး ရှိလှဆယ်နှစ်ကျော် ။သူငယ်ချင်းလုပ်ကျွေးတဲ့ မြန်မာအစုံသုတ်နဲ့ ဟင်းခါး အရသာ မေ့လောက်အောင်။အက ကောင်းလှချည်ရဲ့ ခလေးမလေးရဲ့ ကျမတို့ကိုဖျော် ဖြေတဲ့အက ဆက်စီကတဲ့ ရှင့် ငေးကြည်းရင်း မမ ရင်တွေ တစ်ဒိန်းဒိန်း ခုန်အောင်ကို အကကောင်းလှချည့်ရဲ့ သူပြောပြောပြီး ကနေတာက ဒါကဟိုသီချင်းမှာ အေးမြတ်မွန် ကတာ ဒါက မိုးဟေကို ကတာ ဒါက စန္ဒီမြင့် လွင်ကတာ ဒါက ဒါက နဲ့
ကျမတို ခပ်ငယ်ငယ် က မေသန်းနု လို ဆံပင်ရှည်ရှည် ထားကြ တယ် စိုးမြတ်သူဇာ လို ဆံပင်ရှည်ရှည် လိုက်ထားတယ်။အရမ်းပေါက်သွားတဲ့ သင်္ကြန်မိုးထဲက မေသန်းနု ကတာကို အားကျကြတယ် ။ခေတ်တစ် ခေတ်ရဲ့ ပြယုဂ်က လက်ရှိစီး မြောနေတဲ့ အနုပညာရှင်တွေ နဲ့ ရာခိုင်နူံးအတော် များများပတ်သက်နေကြတယ် လို့ ကျမထင်ပါတယ်။ဆယ်ကျော်သက် ကအတုခိုးစရာ သူတို့ပထမဦးဆုံး စိတ်ဝင်စားတာ နိုင်ငံကျော် မင်းသားမင်းသမီးတွေပဲ နေ့စဉ်နဲ့ အမျှရင်းနှီးတွေ့မြင်ကြရတဲ့ တီပီဖန်သားပြင် ပေါ်ကကြော်ငြာ၊ရုပ်ရှင်နဲ့၊ ဒီဗီဒီ ၊အခွေတွေကနေ အလွယ်ကူဆုံးရင်းနှီးမူ့ ကိုရကြတယ်လေ။
ဒီခလေးမလေး ကသွားတဲ့အကတွေ မိဘများက ဂုဏ်ယူလို့ မဆုံးတစ်ဗြုန်းဗြုန်းပဲ..။အိမ်ရောက် တော့ အဲဒီအမည်တွေ နဲ့ သူကသွားတဲ့သီချင်းတွေ ကို လိုက်ရှာတော့တယ်။အဲဒီ နောက်မှာတော့ တစ်ဆင့်စကား တစ်ဆင့်နား နဲ့ အခွေတွေ အခွေတွေ တဲ့ နားနဲ့ မနာ ဖ၀ါးနဲ့ နာကြပါရှင် အနှီမင်းသမီးတွေရဲ့ ပုရိသတွေအတွက် ကြော်ငြာခွေတဲ့ ရှင် ပုရိသတွေသာ လက်ဆင့်ကမ်းကြည့် လို့ရတဲ့ အခွေတဲ့ ခေတ်ကာလကလဲ ဘယ်သူဘယ်သူမှ ယုံရတာမဟုတ်တော့ နည်းပညာတွေနဲ့ဖြတ်ညှပ်ကပ်ပြီး နံမည်ပျက်အောင်လုပ်ကြတာ နေမှာလို့ ဖြည့်တွေးမိပေသော်ငြား သုံးနှစ်သမီးတစ်ယောက် လိုလူးရှင်းကို ပယ်ပယ်နယ်နယ် လူးနေတဲ့ အနှီမင်းသမီး လေးရဲ့ ပြူးကြောင်ကြောင် မျက်နှာပေးကို မြင်တဲ့ခဏမှာတော့ လူကြီးတွေ ဘာလုပ်နေကြလဲ
ကြည့်ကောင်းလို့ ကြည့်နေပါတယ် ဆိုရင်တော့ ငါ့သားငါသမီးလေးတွေ လဲကြည့်ကောင်းမှာဆိုတာ မမေ့ကြပါနဲ့
နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက် စေဘို့ အကြိတ်အနယ်ကြိုးစား နေရလို့တစ်ခြားအရာတွေလှစ်လူရူ့ ထားရပါတယ် လို့ဖြေရင်တော့ ပညာတတ်လိုလား စာရိတ္တမောင်မယ်တွေ လိုလား ချမ်းသာတဲ့ပြည်သူတွေ လိုသလား လုပ်အားသာတတ်နိုင် တဲ့ ပညာမဲ့ အခြေခံလူတန်းစားလို သလား ပြောပါ ရှင် မမကိုယ်တိုင် ပြည်သူတွေကို တစ်အိမ် တက်ဆင်းအကူအညီတောင်း ပေးပါရစေ ကိုယ့်နိုင်ငံအတွက် ကူညီချင်လွန်းလို့ပါ ။တိုးတက်လာ တဲ့ ခေတ်နဲ့ အညီပြုပြင် ပြောင်းလဲလို့ရတယ်။ အမျိုးသမီးရေးရာ ကနေတိုင်းပြည်အတွက်မိခင်ကောင်းတွေ ပေါ်ထွက်လာဘို့ အနှီမင်းသမီးလေးတွေ ကိုအင်တာဗျူးမယ်ရှင် သမီးတို့ ဒါတွေဟုတ်သလား မှန်သလား မဟုတ်ဘူး မမှန်ဘူး သက်သေပြနိုင်တယ် ဆို အမျိုးသမီးရေးရာ ကတာဝန်ရှိသူကိုယ် တိုင်တစ်ခန်းတစ်နား တီဗီကနေ ကို ဖြေရှင်းမယ်မဟုတ်မမှန် လုပ်ကြံခံရကြောင်း သက်သေမပြ နိုင်ဘူးမရှင်းနိုင် ဘူးဆိုလို့ကတော့ နိုင်ငံအနှံ ပိုစတာကြီးတွေမှာ နေရယူ ရုပ်ရှင် ဖျော်ဖြေရေးတွေမှာ နေရာယူ နေတဲ့ အနှီမင်းသမီးတွေကို စာရိတ္တ ပျက်ပြားနေသူအဖြစ် တရားဝင်လူသိရှင် ကြားပညာပေးမယ်ရှင် ပြည်သူ့ရှေ့  မှောက်ကနေဖယ်ရှားပစ်မယ် ကဲ မလွယ်ဘူး လားလွယ်လွန်းလို့ ရုပ်ရှင်အစည်းအရုံး ဘာတွေများလုပ်နေကြတုန်း ရှင် မမတော့ အံ့သြတာပါပဲ။
အဲဒါတွေ မဟုတ်တန်းတရား မမရေးနေပါတယ်လို့ စွပ်စွဲလို့ကတော့ လူကြီးမင်းရဲ့ မေးလ်လိပ်စာလေးနဲ့ ကြည့်ချင်တဲ့ မင်းသမီးရဲ့ အမည်လေးသာ မမစီရေးပို့ လိုက်ပါ ကလစ်တစ်ချက် ထောက်ပြီးမိနစ် ပိုင်းအတွင်း အရောက်ပို့ ပေးမယ် လို့ အာမခံပါတယ်ရှင် ။အဲ ကြည့်ယုံကြည့်ချင် လို့တော့မရဘူးရှင် ကျမပြောတာ တိုင်းပြည်အတွက် ဆူးညှောင့်ခလုတ် လို့ လက်ခံမယ် ဆိုရင်တော့ဖြင့် အမိနိုင်ငံတော်ကြီးအတွက် ကိုယ်တာဝန်ယူထားတဲ့ အစိတ်အပိုင်းအလိုက် ရန်သူသေချာပြီ ဆိုလို့ကတော့ အစိတ်သားတောင်မချန်နဲ့
လို့ဒီနေရာမှာ ရဲရဲ ရင့်ရင့်ပြတ်ပြတ်သားသား အမိန့် ပေးသင့်ပါတယ်ရှင်။
ကျူပင်ခုတ်ရင် ကျူငုတ်တောင် မကျန်စေဘို့ အမိမြန်မာပြည်အတွက် စာရိတ္တ မြင့်မားရေး မိခင်ကောင်းများပေါ်ထွက် လာရေး ဦးတည်လို့ အ၀ါရောင်ဝတ် မိခင်နဲ့ခလေးစောင့်ရှောက် ရေးအသင်းက အန်တီတို့ရှင် မိခင်လောင်း စောင့်ရှောက်ရေးအသင်း ကိုထပ်တည်ထောင်ရမယ်ထင်တာပါပဲ။ဆယ်ကျော် သက်တွေအတုယူ မမှားဘို့ အနုပညာကိုဗန်းပြ စာရိတ္တပျက်ပြား နေသူများကို ပြည့်သူ့ မျက်မှောက်က ဖယ်ရှားပေးပါရှင့် နိုင်ငံတော် မျက်နှာစာ ပိုစတာတွေမှာ နေရာယူထားတဲ့ စာရိတ္တပျက်ပြား သူများကို လက်ညိုးထိုးပြီး ဒီနိုင်ငံကြီးက ဘာနိုင်ငံကြီးလဲ မေးရင် ရှင်တို့ကျမတို့ ဘာပြန်ဖြေရမလဲရှင့် အနုပညာရှင်စစ်စစ် တွေကြားခွဲခြားပေးပါ။ ဒီလိုလုပ်ရင် ဒီမျက်နှာစာ ဒီနေရာကို ရမယ်ထင်ပြီး ဆယ်ကျော်သက် မြန်မာအမျိုးသမီး တွေအတွက် အတုယူမမှားစေဘို့ မြန်မာအမျိုးသမီးထုကြီးမှာ တာဝန်ရှိသလို အမျိုးသမီးတွေရဲ့ ဦးဆောင် အမျိုးသမီးရေးရာကို တာဝန်ယူထားသူများ မှာတာဝန်ရှိပါတယ် ရှင် အဲလိုလုပ်လို့ သူတို့ အလုပ်လက်မဲ့ ထမင်းအိုးကွဲ ဘို့ မမ မရည်ရွယ် ပါ ဘာကိုများဝါသနာပါပါသလဲ မေးလို့ လိုင်စင်ထုတ်ပေးပြီး ခေတ်နဲ့အညီ ၀ါသနာပါရာလုပ်ခွင့်ပေး သင့်ကြောင်းမေတ္တာရှေ့ ထားလို့ နိုးဆော်လိုက်ရပါသရှင်။
လေးစားစွာဖြင့်
မမ

Posted by Anonymous :: 8:26 AM :: 10 Comments:

Post / Read Comments

---------------oOo---------------

Thursday, May 28, 2009

သူများအကြောင်းလဲ မပြောတတ်ပါ စပ်မိစပ်ရာ ကွိစီကွစ


ဘွိုင်းဖရင့် ဂဲလ်ဖရင့် ဆိုတဲ့စကား အပြောအဆို အသုံးနူံး ဘယ်လိုအရွယ်တွေ များသုံနူံးကြပါလိမ့်။ သူများတွေများ ဘိုဆန်လိုက်ကြပုံများ အံ့သြကုန်နိုင်ဘွယ်လို့ပဲ မမတော့ပြောချင်တော့တယ်ရှင်...။လေးဆယ်ကျော် ငါးဆယ်ကျော် တွေ ငါးဆယ်ကျော် ခြောက်ဆယ်ကျော် တွေရဲ့ ပါးစပ်ကနေ လူသိရှင်ကြားပြော ထွက်ပုံများ အမလေးတပြီး လဲသာ သေချင်စိတ်ပေါက် တော့တာပဲ။သေချာလား သေချာပြီလား ရက်စ် အော် နိုး နှစ်လုံးနဲ့ ထောင်ကျတဲ့သူတွေ ဘ၀ပျက်သွားတဲ့ သူတွေ သမိုင်းဝင်ကျန်ခဲ့တဲ့ အဖြစ်အပျက်တွေ ကြား မွေးရာပါလာတဲ့ ဦးနှောက်ဆိုတဲ့ အရာကို နဲနဲလောက်များ အသုံးချပါတော့လားရှင် သူများကိုလက်ညိုးထိုး အပြစ်တင် နေတဲ့အချိန် ကိုယ့်သမီးကိုယ့်ဇနီး ကိုယ်နှမတွေ ဘာဇာတ်ထုတ်များ ခင်းနေကြပြီလဲ။ ပြန်လေ့လာပါတော့လား...။အသက်ခြောက်ဆယ်ကျော် အထင်ကရမြန်မာ အမျိုးသမီး တစ်ယောက်ကို ယောင်္ကျားကြီး တန်မဲ့ ဘယ်လိုစိတ်ကူးနဲ့ များပြောထွက် ကြပါလိမ့်
ငါ့စကားနွားရ သူများသိက္ခာကျ ပြီးရောပြောလိုက်ယုံ နဲ့ ကိုယ်အောင်မြင်မူ့တွေ ရပြီလား။ကိုယ့်ကို ကိုယ်လဲငုံ့ များကြည့် ကြပါဦးလားရှင် ယောင်္ကျားဆိုတာ ဘုရားဆုတောင်ပန်နိုင်သတဲ့ ယောက်င်္ကျားမြတ် တွေဖြစ်ဘို့ လူတကာ ကလေးစားဖို့ ကိုယ့်ကို ကိုးကွယ်လာ ဘို့ နည်းများ ရှာကြပါဦးတော့လား။ကျမကတော့ ပြောင်းဖူးဖက် ဆေးလိပ်ကြီး လက်ကြားညှပ် လို့ အရပ်တစ်ကာ လှည့်အတင်းပြောတဲ့ မိန်းမကြီးတစ် ယောက်လိုသာ စိတ်ထဲမြင်မိတော့ တာပဲ။နူတ်သီးကောင်းလျှာပါး ညည်းသိပြီးပြီ လားအေ ဟိုမိန်းမလေ ငါတော့ ဒီလိုထင်တာပဲ ဆိုတဲ့ ထင်တစ်လုံးတွေ ရဲ့ကြား ဘုရားဘုရား သာတလိုက် ချင်တော့ရဲ့ အရပ်ရပ် နေပြည်တော် ကြားလို့မှ မတော်တဲ့ စကားတွေနဲ့ ရှက်များရှက် တတ်ရင် မှန်ရှေ့  မတ်တပ်ရပ်လို့ ကိုယ့်မျက်နှာ ကိုယ်လက်ညိုးထိုးပြီး အကြိမ် တစ်သိန်းမကရေရွတ် ကြည့်ကြပါဦး ဘွိုင်းဖရင့် လား လို့ စုံစမ်း နေပါတယ်တဲ့။ မမ တော့ရယ်ချင်တာပဲ လူ ကြီး တော့ ခလေးပြန်ဖြစ်သတဲ့ ကျမတို့ မြို့  ကျမတို့ရွာက လူကြီးတွေ များနုချက်ကတော့ သုံးနှစ်သားလေးတွေ လောက်ကို နုတာ ဦးနှောက် လေဦးနှောက် ကနုနုလေးတွေ စိတ်မဆိုး ကြနဲ့ ရှင် ခေတ်တွေလဲ ပြောင်းနေကြပြီ ။အားလုံးလဲ မျက်စေ့ တွေပွင့်နေကြပြီ မသိချင်ဟန်ဆောင် နေကြတာ အဖက်မလုပ်တာရှင့် ဒီထက်မြင့်မြတ် ပြီး အဆင့်အတန်း ရှိ လူတွေလက်ခံနိုင်မဲ့ စကားလုံးများ ရွေးချယ်ကြပါတော့လား။နီးရာဓါး ကြောက်ရတဲ့ အဖြစ်တွေ သိပါရဲ့ လက်ခံလို့လဲ ရပါ့ရဲ့ ကိုယ့်သိက္ခာ တွေကိုယ့်ခြေရင်းကွင်းလုံးပုံ ချပြီးတော့များ တစ်ဦးတစ်ယောက်ဘ၀င်ခိုက် မဲ့ စကားလုံးအသုံးအနူံးတွေ နဲ့ လူပုံအလည် သူများအရှက်ကွဲ ပြီးရောခွဲရင်း ကွဲပြီးရင်း ကွဲနေတာ ကိုယ်နဲ့ ကိုယ့်အပေါင်းအပါတွေ ပါလားဆိုတာ မသိကြသေးဘူး လားရှင်။ မြန်မာတွေ ရဲ့ အရှက်ကို ကမ္ဘာကသိအောင်ခွဲနေတာ သိအောင်ပြောမယ်ရှင် မြန်မာပြည်မှာ တစ်လင်တစ်မယား စနစ်နဲ့ ကျင့်သုံးနေထိုင် ကြပါတယ်။အိမ်ထောင်ပြုပြီး အမျိုးသမီးတစ်ယောက် ဟာ ဘွိုင်းဖရင့် ထားခွင့်မရှိပါဘူး ထားလေ့လဲမရှိကြပါဘူး တစ်ပင်လဲ လို့ တစ်ပင်ထူတာပဲ ရှိပါတယ်ရှင်။
သူများကိုသိက္ခာကျ ယုံလူသိရှင်ကြားပြော ချင်ဇောများ ပြီး ကျမတို့ မြန်မာအမျိုး သမီးထုကြီး(ဦးလေးကြီး သမီးနဲ့ဇနီးအပါ) ရေစုန်မြောကုန်ပြီရှင့် ပြည်သူ့လူထုရဲ့ တံတွေးခွက်မှာပက်လက် ၊မှောက်ခုံ ၊မိန်းမကူး ၊လက်ပစ်ကူး ၊နေတဲ့ တစ်တန်းစားထဲသော လူတန်းစားထဲက နီးစပ်ရာမိန်းမတွေနဲ့ နိုင်းယှဉ်ပြီး ပေါက်ကရတွေ လျှောက်လျှောက် မပြောနဲ့ ရှင် မမ မကြိုက်ဘူးရှင့် သူများစာရိတ္တပျက်စီး နေပါတယ် ပြောချင်ဇောနဲ့ အသက်ခြောက်ဆယ်ကျော် မြန်မာအမျိုးသမီးတစ် ယောက်ရဲ့ သိက္ခာကို ချဘို့ မကြိုးစားပါနဲ့ ။လူတစ်ယောက်ကို ပြောတော့မယ်ဆို နောက်ခံသမိုင်းကို စာတမ်းထိုးရပါတယ် ထိုးကြည့်လိုက်ပါ သမိုင်းမှာ ဘာတွေများဖြစ်ပျက်ခဲ့ပါ သလဲ မိဘမျိုးရိုး ဇာတိ မှတ်ကျောက်တင် ခံနိုင်တယ်ဆိုလို့ ကတော့ ယှဉ်ကြရအောင်ရှင် မြန်မာပြည်မှာ လက်ရှိအတုယူ အားကြဖွယ် ခြောက်ပစ်ကင်း သဲလဲစင်တစ်ယောက်လောက် ဆွဲထုတ်လာခဲ့ ကြပါ ။ကမ္ဘာကသိအောင် အမှတ်ပေးကြပါစို့ လားလူတန်းစား မျိုးစုံ အလွာမျိုးစုံထဲမှာ အသက်ကို အရှက်နဲ့ လဲတဲ့ သူတွေ လူသာသေပြီး နံမည်မသေတဲ့သူတွေ မြန်မာထဲမှာ အများကြီးပါ။ ဘယ်အလွှာ ထဲကများပေါ်ထွက်လာ မလဲလို့ မမတော့သိချင်စမ်းပါဘိ။ ကဲ ရှင်တို့ရောမသိချင်ဘူး လားလို့..ကဲသိချင်ကြတယ်ဆို မေးလိုက်ကြရအောင် ငယ်ဘ၀ ဖြတ်သန်းလာခဲ့တဲ့ ဘ၀တစ်လျောက် တွေ့ ကြုံခဲ့ ရတဲ့အသိုင်းအ၀ိုင်း အဲဒါရှက်စရာ မဟုတ်ဘူးနော် ဂုဏ်ယူစရာ ဆိုတာတော့သိသင့်တယ်။ကျမတို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကတော့သူသိပ်ကြိုက်တဲ့ ရုပ်ရှင်ကြည့်ဘို့ ငွေကြေးမလုံလောက်လို့ တစ်မတ်တန်းကကြည့်
ခဲ့တယ်ဆိုလားပဲ ရုပ်ရှင်ရုံမန်နေဂျာသိတော့ ဗိုလ်ချုပ် နှစ်ကျပ်တန်းပြောင်းကြည့်အောင် ပြောနိုင်ဘို့ အတွက် ဦးနှောက်ခြောက်အောင် စကားလုံးကိုစဉ်းစားခဲ့ရသတဲ့ ရှင် မမတော့ ဘုရား ဘုရားတရင်း မျက်ရည်တောင်လည်မိပါရဲ့ မရှိတော့တဲ့ ဗိုလ်ချုပ်ကိုတ ခောတ်ကိုနောက်ပြန်ဆွဲဖို့ မဟုတ်ဘူးရှင့် ဗိုလ်ချုပ်စိတ်ဓါတ်ကို အတုယူ ပြည်သူချစ်မဲ့ နည်းလမ်းများရှာကြပါတော့လား အဲလိုမျိုးရှိလို့ကတော့ ပြည်သူတွေကတန်ဘိုးသိ နေပြီ မယုံမရှိနဲ့  ဗျို့  သန်းခြောက်ဆယ်သော ပြည်သူတွေ ဗိုလ်ချုပ်ထိ ဓါးကြည့် ဆိုပြီးဝန်းရံ ထားမှာယုံ။အခုတော့ တွေ့တာနဲ့ဓါးသွေး နေရမဲ့အဖြစ်တွေ ပြင်ကြပါတော့ရှင်။

လေးစားစွာဖြင့်
မမ

Posted by Anonymous :: 2:29 PM :: 16 Comments:

Post / Read Comments

---------------oOo---------------

Tuesday, May 26, 2009

ပါရဂူဆေးခန်းက ဆရာဝန်ကြီး ဦးတေမိ


ဒီဇင်ဘာ တစ်လရန်ကုန်မှာရှိနေတဲ့ အချိန်တွေမှာပဲ ကျမဘယ်တုန်းကမှမဖြစ်ဘူးတဲ့ ရောဂါတစ်ခုကျမမှာဖြစ်လာ ခဲ့တယ် ။အလည်ပြန်တဲ့ကျမ စင်္ကာပူကိုပြန်ရမဲ့ရက်ကလဲ ၁၀ရက်လောက်ပဲ လိုတော့တဲ့အချိန်မှာပေါ့။ တစ်ညနေ အိမ်မှာ၇း၀၀နာရီ ကိုရီးယားကားဖွင့်ပြီးလူစုံချိန်ပေါ့ ကျမကတောင်ပြော မြောက်ပြော နေကြာစေ့ ပန်းကန်ထဲကနေကြာစေ့ တစ်ဆုပ်ကို နိုက်လိုက်စကားပြောလိုက် နဲ့ ဘုရားသွားဖို့ လာခေါ်မယ့်သူငယ်ချင်း ကိုစောင့်ရင်းပေါ့။ အဲဒီအချိန်မှာပဲ ကျမလည်ပင်းကမခံမရပ် နိုင်အောင်ကို ယားယံလာတယ်။ ကျမစကားပြောရင် ကုတ်ရင်းနဲ့ ကျမစိတ်ထဲအကောင် ကြီးကြီးတစ်ကောင် ကပ်နေသလိုခံစားရတယ်။ တစ်ကယ်ပါပင့်ကူကြီးတစ်ကောင် ကပ်နေသလိုပဲ ကိုင်ကြည့်တော့လဲလည်ပင်းမှာ အကြီးကြီးပဲ အဖုကြီးလိုလို အဖတ်ကြီးကပ်နေသလို နေ့ချင်းညချင်းလို့တောင် ပြောလို့မရဘူး။ မိနစ်ပိုင်းအတွင်းကို ကုတ်ရင်းကြီးကြီး လာတာလေ။အနားမှာထိုင်နေတဲ့ အမတွေကို ပြရင်းအထိတ်တစ်လန့် လည်ပင်းမှာဘာကြီးတုန်း ယားလိုက်တာ တစ်ခုခုကပ်နေသလိုပဲလို့ ကျမပြောတော့ အမတွေကတစ်ယောက် ပြီးတစ်ယောက် လာကြည့်ရင်းတစ်ယောက်တစ်ပေါက် ပြောကြတယ်။ အားလုံးပြောတာ နင့်လည်ပင်းကြီး ကြီး နေတယ်။ သိသိသာသာ ကိုကြီးနေတာတဲ့ ကျမကမဟုတ်ဘူးအခု မှဖြစ်တာ ဘယ်တုန်းကမှမရှိဘူး ကျမကငြင်းတယ်။ ကျမကလည်ပင်းမှာ အဆီစုနေရင် မတရားမုန်းတာ မိုးလင်းတာနဲ့လည်ပင်းကို ကြည့်တယ် ဘေးစောင်းကြည့် အပေါ်ကိုမော့ကြည့် ကျမအမြဲ တမ်းကြည့်ဖြစ်တာ လည်ပင်းပဲ လေ့ကျင့်ခန်းလဲ လုပ်ဖြစ်တယ် မိုးလင်းတာနဲ့ ရေချိုးခန်း ထဲကမှန်မှာ မျက်နှာသစ်ရင်းကြည့်ဖြစ်တာ လည်ပင်းပဲလေ ကျန်တဲ့နေရာတွေ တော့ အဟီးကျမကပျင်း တဲ့အထဲမှာပါတယ်။အခုဟာကြီးကမတရား ကြီးကိုကြီးနေတာ ကိုင်ကြည့်တော့လဲ သိသိသာသာကြီး နောက်ဆုံးတော့ဘုရားသွားရမဲ့ကျမ ၄၈လမ်းနဲ့ အနော်ရထာထောင့် မှာရှိတဲ့ ပါရဂူဆေးခန်းမှာ အလွန်နံမည်ကြီးတဲ့ နားနှာခေါင်းလည်ချောင်း သမားတော်ကြီး အလွန်ကောင်းဆို ဘွတ်ကင်တင်တော့ ရသရှင်။အဲ ကျမရောက်တော့ တန်းစီနေတဲ့ လူတွေများရှင် လမ်းဘေးပက်လက်ဖေါင်း တစ်လျောက် ထိုင်ရက်တစ်မျိုး ထရက် တစ်မျိုး ကျမလဲအပါအ၀င်ပေါ့။ လူနာတုံကင်က ကျမစိတ်ထင် ၇၀ ဆယ် ၈၀ လောက်များရှိမလားပဲ ကျမတောင်တုံကင် နံပတ်၅၀ ကျော်ထင်တယ်။မလာသေးတဲ့သူကရှိသေး အချိန်ကိုတွက်လာကြ တာလေ။အဲလေ ထားပါတော့ ကျမအလှည့်ရောက် လာပါလေရော ဆရာဝန်ကြီးက ယောင်္ကျားကြီးရှင့် ကျမကတော့ အားကိုးတစ်ကြီးပေါ့။ အဲခက်တာက သူက ပါးစပ်ကို ဆရာဝန်သုံး mask နဲ့လဲကာထားလေရဲ့ အော်ကျမကတော့ ဆရာဝန်ကြီးက လူနာတွေအပေါ် မေတ္တာထားရှာတယ် နေမကောင်းတာ တောင်လာထိုင်ရှာတယ်ပေါ့။ အဲကျမလဲ ထိုင်ရောအနားမှာ ရှိတဲ့နံမည်ခေါ်တဲ့ကောင်မလေးက ဘာဖြစ်တာလဲတဲ့ ကျမကလည်ပင်းယားလာလို့  ကုတ်ရင်းဒါကြီးတွေ့ တယ်ပေါ့ရှင် တစ်ကယ်ပါရှင် အဲဒီကောင်မလေး ကပဲကျမကိုအမေးအဖြေလုပ်နေတာ ကျမလဲအူကြောင်ကြောင် ဖြေရင်းစိတ်ထဲဒီဆရာကြီး လျှာကင်ဆာဖြစ်လို့ အရင်းကများဖြတ်ထားသလား။သနားပါတယ်ပေါ့ လူတွေများ နားနှာခေါင်းဆရာ ၀န်ကြီးကိုယ်တိုင် ဒီရောဂါခံစားတော့ ဘာတတ်နိုင်သလဲပေါ့ တွေးတာ တွေးတာ ကျမအတွေးတွေ ထဲဆရာဝန်ကြီး လျှာငုတ်စိလေးနဲ့ ၀ူးဝူး ၀ါးဝါး ပြောနေတဲ့ ပုံလေးစဉ်းစားရင်း စိတ်မကောင်းတွေ ဖြစ်လို့။အဲကောင်မလေး မေးသမျှကျမဖြေနေရင်း ကျမကို အရေးကြီးတယ် ချက်ချင်းခွဲရမယ်တဲ့ အခုသွေးစစ်လုပ်စရာရှိတာတွေ လုပ်ရမယ်ဓါတ်မှန်ရိုက်ရမယ်။ ပြီးရင်ပြန်ကြည့်မယ်တဲ့ အဲဒီအချိန်ကျမ ဒုက္ခရောက်တော့ တာကျမကခွဲရစိတ်ရမှာ အလွန်ကြောက် ဆေးသောက်လို့ မရဘူးလားသောက်ပါရစေပေါ့ မရဘူးတဲ့ဆရာကခွဲဆိုခွဲရမှာပဲတဲ့ ။နောက်ဆုံးကျမက ဒီမှာနေတာမဟုတ်ပါဘူးဆိုတော့ နယ်ကလားတဲ့ ဘုရားရေကောင်မလေးကြည့်တော့ ပျဉ်းမနားသူလိုလို အညာသူလိုလိုနဲ့ အင်းလေကြပ်ပြေးက နေပြည်တော်ဆိုရင် တော့ကျမတို့ ရန်ကုန်သူတွေက တောသူတွေပေါ့။မဟုတ်ပါဘူး ရှင် ကျမကပြည်ပမှာ နေတာပါ မိဘတွေဆီအလည်ပြန်လာတာပါ အချိန်လဲမရတော့လို့ခွဲရမယ် ဆိုရင်လဲဟိုရောက်မှ ခွဲပါရစေပေါ့။ကောင်မလေးနဲ့ ကျမအချီအချပြောနေတဲ့ အထိဆရာဝန်ကြီးက မလူပ်ဘူးနော် နောက်ဆုံး ဟိုရောက်မှခွဲပါရစေဆိုတော့ မှ ဆရာဝန်ကြီးက mask ကိုဖြုတ်ပြီး ဘယ်နိုင်ငံကလာသလဲတဲ့ ကျမအံ့သြလွန်းစွာ စင်္ကာပူက လာတာပါဆရာ ကျမမခွဲခြင်ဘူး ဆေးစား လို့ မရဘူးလား အရင်ကလုံးဝမရှိပါ ဘူး အခုမှရုတ်တရက် ဖြစ်တာပါ လို့ပြောတော့ အဲဒါဖြစ်နေတာ အနဲဆုံးနှစ်နဲ့ချီနေပြီတဲ့ အခုမှဖြစ်တာမဟုတ်ဘူး တဲ့ အရေးကြီးလို့ချက်ခြင်းခွဲခိုင်း တာတဲ့ ဆရာဝန်ကြီးလက်နဲ့ကိုင်ကြည့်တော့လဲ ကြက်လည်ပင်းထဲက အစာအိမ်ကြီး လို သူ့လက်ထဲမှာအလုံး လိုက် ကျမလက်နဲ့စမ်းတာတောင် ကျမလက်မှာခံစားရတာလေ။
ကျမကိုမေးမြန်း ပြောဆိုနေတာ ဆရာဝန်ကြီးတောင်ကျမအားနာလာတယ်။နောက်ဆုံးအသားစထုတ် ပြီးဘိုင်အိုစီ လုပ်ရမယ်တဲ့
အကုန်အချက်အလက်တွေ ရေးပေးမယ် စင်္ကာပူကဆေးရုံကို သူစာရေးပေးမယ် ဆရာဝန်လဲချိတ်ပေးမယ်။ အားလုံးပြီးရင်တော့ အဖြေကိုသူ့စီပြန်ပို့ပေးရမယ်တဲ့။ကျမကလဲ အူလည်လည် စိတ်ထဲကတော့ ဆရာဝန်ကြီး ကဘာစာများရေးပေးမလဲပေါ့ ဒီခလေးမလေးအတွက်ကုန်ကြစရိတ်တာဝန်ယူပါတယ် လို့ရေးပေးရင်တော့ရှယ်ပဲနော့။ အဲလိုမှမဟုတ် ဒီမှာခွဲမယ် ဆိုရင်တော့ မနက်ဖြန်ဆေးရုံရွေး အလွန်ဆုံးသုံးရက် ကုန်ကျစားရိတ်ကလဲ ဗဲရီးသက်သာသတဲ့။
စကားမစပ်ရှင် သူတို့လူနာခေါ်ပုံကတစ်မျိုး ဆရာဝန်ကြီးထိုင်တဲ့အခန်း အထဲမှာဆရာဝန်ကြီးက ဆုံလည်ကုလားထိုင်နဲ့ထိုင်တယ် ပြီးတော့ အခုန ကျမပြောတဲ့ အဖြူနဲ့အပြာဝတ် ၃၀နီးပါး အမျိုးသမီးတစ်ယောက် ထပ်ထားတဲ့စာအုပ်တွေကို ကိုင်ထားရင် တစ်ခါခေါ်သုံးယောက်နူံးနဲ့ ခေါ်တယ်။
အခန်းကျဉ်းလေးထဲမှာ ရှေ့ မှာတစ်ယောက်ကိုမေးနေတယ် နောက်မှာကိုအလှည့် ကိုနောက်ပြမဲ့ လူနာပေါ့ နှစ်ယောက်က ကြိုဝင်ပြီးစောင့်နေရတာ ဆိုတော့ ရှေံ့နှစ်ယောက်ကိုလဲ အဖြူအပြာ ၀တ်တဲ့အမျိုးသမီး ကပဲအမေးအဖြေလုပ်တယ်ရှင့်။ ဆရာဝန်ကြီးက ဆေးစာတော့ရေးတယ် စကားတော့ တစ်လုံးမှကိုမပြောတဲ့အပြင် ပါးစပ်ကိုတောင် ဆရာဝန်သုံး mask နဲ့ ကာထားသေးရှင် တစ်ကယ်ပါ ။
ကျမကိုများမဖြစ်မနေ ပြောရတာလားလို့ အဟီး မမလေသိတယ်နော် မဖြစ်မနေ စပ်စုကြည့်တော့ ဆရာဝန်ကြီးစတိုင်တဲ့ရှင့် ဆေးခန်းတွေဘယ်နှစ်ခန်း များပြောင်းထိုင်ရင်း လူနာတွေကိုစကားမပြောချင်လောက် အောင်ကို ဖြစ်နေပုံပဲ၊လူနာတွေဘက်ကကြည့်ပြန်တော့လဲ ဆရာဝန်ကြီးကို အားကိုတစ်ကြီးလာတာ လေ ဆရာဝန်ကြီးနဲ့ ဆွေးနွေးခ အများကြီးပေးပြီးလာကြရတာ။အဲလိုကြီးကြတော့ ကျမကကြား ထဲကမျက်နှာပူတယ် ကျမအလှည့်ပြီးသွားတော့ ခပ်တည်တည်ပဲ mask နဲ့ပါးစပ်ကိုပြန်ကာပြီး သူ့စတိုင်အတိုင်းပဲ ကျမကတော့ တွေးမိတယ် နောက်လူတွေထဲမှာ ကျမသာဆို ဆရာစကားပြောနိုင်ရက် နဲ့ ဘာအချိုးချိုးတာလဲ မြန်မာအချင်းချင်း ဘာသာပြန်မလိုဘူး လို့ ရန်တွေ့ပြီး တစ်ခြား ဆရာဝန်ပြောင်းပြမှာပဲ ။စောင့်နေတဲ့ လူတွေထဲမှာ နယ်ကလူတွေ အတော်များများ ပါသတဲ့ ရန်ကုန်မြို့က ထူးဆန်းလွန်းတဲ့အဖြစ်အပျက် တွေထဲ မှာပညာတတ် လူတန်းစားမျိုး စုံပါတယ်ဆိုတာ ကျမပြောချင်တာပါ။
အဲလိုနဲ့ အိမ်ပြန်ရောက်တော့ အိမ်ကအဖြေရတာ နဲ့ ဒီမှာပဲတစ်ခါထဲခွဲသွားဖို့ ပေါ့ မလတ်ကတော့ စင်္ကာပူပြန်လာ ရူးနေလား ဘယ်ဆရာဝန်စပွန်ဆာမှာ မလိုဘူး ကြိုက်တဲ့ဆရာဝန် ပြလို့ရတယ်။ကျမကလဲ ဘမျိုးဘိုးတူ ဆိုတော့ အဒေါ်တွေလို ဆေးရုံကြောက်တယ်ရှင် အဲလိုနဲ့ မကြီးက ၁၇လမ်းလား ၁၆လမ်းလားရှင် တော်ဝင် ထင်တယ် နံမည်ကြီးပဲ အဲဒီမှာထိုင်တဲ့ ဆရာဝန်ကြီး ကို အေးဆေးဆွေး နွေးလို့ရတယ် ဆိုပြီးပြောင်းပြတယ်။ တစ်ကယ်ပါရှင် အညာသားလို ပဲပိန်ပိန်ရှည်ရှည် ကချင်ပုဆိုးအစိမ်းကွက် ရှပ်အင်္ကျီအဖြူ နဲ့ ကျမကဖြစ်ကြောင်းကုန်စင်ပေါ့ ဆရာဝန်ကြီးက သေချာနားထောင်တယ် ကျမကတစ်ကယ်ပါ လည်ပင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးကျမနေ့တိုင်းလို ကြည့်ဖြစ်တာပါ အခုမှရုတ်တရက်ကြီးဖြစ်တာပါလို့ ကျမကပြောတော့
ဆရာဝန်ကြီးက လည်ပင်းမှာဘာပဲတွေ့တွေ့ ခွဲထုတ်မှပျောက်မှာတဲ့ ဆေးသောက်လို့မပျောက်ဘူးတဲ့ ဘာမှကြောက်စရာ မလိုဘူးမိုင်နာကေ့စ် လို့ပြောပေမဲ့ ကျမကလန့် နေပြီ။ ဆရာဝန်ကြီးက ကျမကအတိအကျပြော နေတော့သေသေချာချာ ကြည့်ရင်းရေအိတ် များဖြစ်နေမလား မသိဘူးဆိုပြီး အပ်နဲ့ စုပ်ကြည့်တယ်ရှင် အပ်တစ်ချောင်းလုံးအပြည့် အရည်ကြည်တွေ ပါလာတယ်။ဘိုင်အိုစီ လုပ်မယ် ဘာမှမဟုတ်ရင်ဆေးပဲ သောက်ရမယ်တဲ့ အပ်နဲ့စုပ်ထုတ် လိုက်တဲ့အတွက် လည်ပင်းကအဖုကြီး ကလဲတော်တော် ပိန်သွားတယ်။
နောက်ဆုံးဇာတ်ဆုံးတော့ ကျမဘာကင်ဆာ မှမဟုတ်သလို ဘာအဆီကျိတ် မှလဲမဟုတ်ဘူး အပူကန်တဲ့ အစားအစာတွေ ချဉ်ငံစပ်တွေ မတရားစားလို့တဲ့ရှင်။ အဲကျမအမြတ်ရခဲ့တာ ကတော့ အားကိုးတစ်ကြီးနဲ့ အနယ်နယ် အရပ်ရပ်ကလာ ပြကြရတဲ့ လူနာတွေကို မတရားပဲပေးပြီး စတိုင်ကြီးတစ်ခွဲသား နဲ့ မတူသလို မတန်သလိုလုပ် ပြီးငွေတွေသဲ့ယူနေတဲ့ ဆရာဝန်ကြီးတွေ မြန်မာလူမျိုးထဲမှာ ဘယ်နှစ်ယောက်များရှိနေမလဲ။ ဆရာဝန်ဟာလူနာတွေ အတွက် မရှိမဖြစ်ဆိုရင် လူနာတွေဟာလဲ ဆရာဝန်တွေအတွက် မရှိမဖြစ် အပြန်အလှန်အကျိုးပြုနေတယ် ဆိုတာ ပညာတတ်ဆရာဝန်ကြီး တွေသိပါရဲ့ နဲ့ ဘာကြောင့် များအဲလိုဖြစ်နေကြ သလဲဆိုတာ မမတော့ မစဉ်းစားတတ်အောင်ပါပဲရှင်။

လေးစားစွာဖြင့်

မမ

Posted by Anonymous :: 10:56 AM :: 10 Comments:

Post / Read Comments

---------------oOo---------------

Sunday, May 17, 2009

ရရင်ရမရရင်ချ


ကျမငယ်ငယ် ကကြားဘူးတယ် အော်လဲဆိုဘူးတယ် ရရင်ရမရရင်ချတဲ့။ ဟုတ်တယ် ဘာမဆိုလိုချင်ရင် တောင်းမယ် မရရင်လုမယ် လုလို့ မရတဲ့ နောက်မှတော့ ချယုံပဲရှိတော့ တာပေါ့နော။ဒါပေမဲ့ ကိုကမှန်တဲ့ဘက်မှာ ရှိနေဘို့ တော့ လိုတယ်ရှင့် မတော်မတရား သူများပစ္စည်းမတရားလို ချင်လို့တော့ မရဘူးနော်။
ကျမငယ်ငယ်က ပစ္စည်းတစ်ခုကိုလို ချင်ရင်မရမကတောင်းတယ်၊လူကြီးတွေ နားပူအောင်ပေါ့ နေ့နေ့ ညည တစ်ကျီကျီ နဲ့ ဇွဲတော့သိပ်အကောင်းကြီးထဲက မဟုတ်ဘူး။ ကျမကစိတ်မြန်လက်မြန်လူမျိုး ငယ်ငယ်တုန်းက မရရင် ခိုးလုပ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်က မကောင်းဘူးရှင့် ခိုးကြောင်ခိုးဝှက် လုပ်ရတာ တစ်ထိတ်ထိတ် နဲ့ မိရင်လဲမချောင်ဘူး ကိုကခံဖက်ရောက်နေတာကို။ နောက်ပိုင်းကျ ဗြောင်တောင်းတယ် အဲလိုတောင်းလို့ မှ မရဘူးဆိုရင်တော့ နေရာရွေးလိုက် မမလေသိတယ် နော်။ ပေးမလား မပေးဘူးလား မပေးရင် ချမှာပဲအကျိုးအကြောင်း ခိုင်လုံစွာ သမာသမတ်ကြစွာ ပြောပြနေတာ လက်ခံမလားမခံဘူးလား မမကစိတ်သိပ်ရှည်တာ မဟုတ်ဘူး ပြောမရရင် ချမှာပဲ တစ်ကယ်ပါဆို။မယုံဘူးလား နားထောင်ပြောပြမယ်။ထစ်ခနဲ ဆိုစွာတေးလန်တဲ့ ကျမကို ပွကြီးတဲ့ အားလုံးက နံမည်ပေးထား ကြတယ်၊စနေတစ်ရက် ပေါ့ခြံထဲကပိန်းန္နဲ ပင်ကိုမော့ကြည့် ရင်း မကြီးအလစ်မှာ ခူးဖို့ကြိုးစား နေတဲ့ ကျမ (မကြီးကဒီအပင်ကမျိုးကောင်းလို့ ခူးပြီးတို့စရာမလုပ်ရဘူးတဲ့ အမှည့်ထားရမှာတဲ့ စားချင်ရင်ဈေးကိုမှာ သူဝယ်လာမယ်တဲ့) ခြံရှေ့ ကအသံတွေ ကြားလို့ ခြံတံခါး ဟပြီးချောင်း ကြည့် တော့စည်ပင်ယူနီဖေါင်း နဲ့ စနေနေ့ မြောင်းသန့်ရှင်း ရေးပြောတာပဲ အဲဒီလူတွေ ကျမတေးထားတာ ကြာပြီ လမ်းတစ်ကာလမ်း မြောင်းတကာ မြောင်းထဲက ပုတ်ပွနံစော်နေတဲ့ အမိုက်တွေ အကုန်ထိုးကလော်မယ် သန့်ရှင်းရေး လုပ်တာအကြောင်းပြမယ်။ ပြီးရင် အိမ်ရှေ့ မှာ လူမြင်မကောင်းအောင် ပုံထားခဲ့မယ်။ ပြီးရင်မိုးရွာရင်ပဲ ဖြစ်ဖြစ် အကုန်မြောင်းထဲ ပြန်ပြုတ်ကြမယ်၊ဒါမှမဟုတ်ရင် နံစော်နေတဲ့ အမိုက်ပုံကြီး ဒီအတိုင်းထားခဲ့မယ်။အဲဒါရန်ကုန်မြို့ကစည်ပင်ဝန်ထမ်းတွေရဲ့ အရိုးစွဲနေတဲ့ ပိတ်ရက်သန့်ရှင်း ရေးလုပ်တဲ့နည်းပဲ ကျမဦးနှောက် သေးသေးလေးနဲ့ စဉ်းစားမိပါရဲ့ ရန်ကုန်မြို့ က မြောင်းတစ်ကာ မြောင်းမှာပုတ်ပွ နေတဲ့ အမိုက်တွေ အားလုံး ကို ကန်ထရိုက်ယူပြီး လိုအပ်နေတဲ့ နေရာမှာ မြေသြဇာ အဖြစ် အသုံးချပစ်ဘို့ ပေါ့။တစ်ကယ်ပါ ရန်ကုန်မြို့က မြောင်းသုံးမြောင်း လေးမြောင်းလောက်က အမိုက်ကိုတစ်ကယ်ကို ဖေါ်ယူမယ်ဆိုရင် အမိုက်ကားကြီးနှစ်စီးစာတော့ အနဲဆုံးရမှာ မြောင်းပေါင်းသိန်းနဲ့ ကို ရှိနေတာလေ နော်။မြောင်းတွေ အားလုံးထဲကပုတ်ပွ ဆွေးမြေ့နေတဲ့ အမိုက်တွေ အားလုံးသန့်ရှင်းသွားမယ်။လိုအပ်တဲ့နေရာမှာ မြေဆွေးတွေ အများကြီး သုံးလို့ ရမယ် တစ်ကယ်ပါ ကျမတွေးခဲ့ဘူးတာပါ။အခုတော့ရှင် သံသရာလည် နေတဲ့စည်ပင်ရဲ့ မြောင်းပုတ်ဖေါ်နည်းကို သိနေတဲ့ကျမလှစ်ကနဲ ခြံတံခါးဖွင့်ပြီး သူတို့ ရှေ့ ရောက်တော့ပေပေ တူးတူး ၀န်တမ်းလေးယောက်လောက် အမိုက်တွေဖေါ် ခြံရှေ့ မှာပုံဘို့ကြိုးစား နေလေရဲ့။ ကျမဒီမှာ ဒီမှာ ဦးလေးတို့ ဘာလုပ်မလို့လဲ ဆိုတဲ့ စွာတေးလန်နေတဲ့အမေးကို မြောင်းထဲကအမိုက်တွေ ရှင်းဘို့တဲ့ ကျမကတစ်ကယ်ပဲ ရှင်းမှာလား ဟန်ပြလားဆိုတော့ သူတို့ ဘာပြန်ဖြေရမှန်းမသိဘူး။ကျမခြံရှေ့ မှာ ဦးလေးတို့မြင်တဲ့ အတိုင်းအမိုက်တစ မှာ မရှိဘူးနော် မြောင်းထဲနေတဲ့ အမိုက်ကိုရှင်းမယ် ဆိုရင် အမိုက်တွေ အကုန်ဆွဲထုတ်ပြီးတစ်ခါထဲ ကားပေါ်တင်သွား အမိုက်တစ မှာကျမခြံရှေ့ မှာပုံထားဘို့ မကြိုးစားနဲ့ ကျန်နေခဲ့တာနဲ့ ကျမနဲ့ အတွေ့ ပဲလို့ကျမကျိန်းတော့။ထုံပေပေ မျက်နှာတွေနဲ့ တွေနဲ့ ကျမကိုပြန်ကြည့်ရင်း မြောင်းထဲက အမိုက်တွေကို ဂျိတ်တွေ ဂေါ်ပြား တွေနဲ့ဆယ်တင်တယ်။ပြီးတော့ ခပ်တည်တည်ပဲ နောက်အိမ်ရှေ့ ကို ကူးဘို့လုပ်တယ်.ကျမခြံရှေ့ မှာဆယ်တင်ထားတဲ့ အမိုက်တွေက မနဲဘူး ကျမကအမိုက်တွန်းလှဲနဲ့ သယ်ဘို့ ကောင်းကောင်းမွန်မွန် ပြောတယ်။ ခပ်ကြီးကြီး လူကြီးနှစ်ယောက်က ခပ်တည်တည် ဂရုမစိုက်တဲ့ ပုံနဲ့ ဆက်ထွက်တော့ ကျမနဲ့ မတိမ်းမယိမ်း ကောင်လေးနှစ်ယောက်လဲ လိုက်ထွက်ဘို့ ကြိုးစားတယ်။ အနားမှာသစ်ပင်ခုတ်ပြီး ပုံထားတဲ့အထဲက သစ်ကိုင်းကြီးကြီး တစ်ခုကို ကောက်ကိုင်ရင်း နင်တို့ အဲဒီအမိုက်တွေ သယ်မလား မသယ်ဘူးလား လို့ ကျမမေးတော့ ထွက်သွားတဲ့လူကြီးနှစ်ယောက်ကို သူတို့ကိုပြောတဲ့။ကောင်းကောင်းပြော နေတယ် သယ်မလား မသယ်ဘူးလား ပြောလို့ ရရင်ရ မရရင်ချမှာလို့ ဒေါသနဲ့ ကျမပြောတော့ သူတို့က နှစ်ယောက် ကျမကတစ်ယောက်လေ ဟိုလူကြီးတွေက လှည့်ကြည့် လှည့်ကြည့် နဲ့ ဟေ့ကောင်တွေ လာကြလို့ အဝေးက လှမ်းအော်တယ်။အဲကျမလိုပျော့ပျော့ နွဲ့နွဲ့ မိန်းခလေးကပြောနေတော့ သူတို့အဘို့ ဟာသပေါ့ မျက်နှာတွေကလဲထုံပေပေ ကျမပြောချင်ရာပြော သူတို့ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ မျက်နသေရုပ်တွေနဲ့ ကျမခြံထဲက ထွက်ထဲက လူကြား မကောင်းအောင် ဟောင်နေတဲ့ ကျမခွေးကြီး နှစ်ကောင်ကို နောက်ပြန်ဆွဲပိတ် စေ့ထားတဲခြံတံခါး ကို ထွက်လို့ ရယုံ ဟပေးလိုက်ရင်း လက်ကကိုင်ထား တဲ့ သစ်ကိုင်းခြောက်နဲ့ သူတို့ကို လွဲရိုက်ဟန်ဆောင်လိုက်တယ်ဆိုရင်ပဲ တစ်ဝုန်းဝုန်း ပြေးထွက်လာတဲ့ခွေးနှစ်ကောင်က မမရန်သူဆိုတာပြော ဘို့ မလိုအောင် ကောင်လေးနှစ်ယောက်ကို ၀င်ဆွဲတယ် ၀ရုန်းသုံးကား နဲ့ လူကြီးနှစ်ယောက်စီ လက်ထဲကဂေါ်ပြားတွေပစ်ချ ငယ်သံပါအောင်အော်ပြေး တော့ ခွေးနှစ်ကောင်ကလဲ ပြေးလိုက်တယ်။ သူတို့ လေးယောက်နဲ့ ခွေးနှစ်ကောင်နဲ့ ဆူညံနေတော့ အိမ်ထဲကလူတွေ ရော တစ်လမ်းလုံးကထွက်ကြည့်တယ်။ကျမအားရပါးရ တစ်ဟားဟား အော်ရီရင်း အိမ်ပေါ်ပြန် တက်ပြီးမသိဟန်ဆောင် ကော်ဖီသောက် နေတော့ ဘုမသိဘမသိနဲ့ ခွေးထွက်သိမ်းတဲ့ အဖေကခွေးတွေ လွတ်သွားလို့ပါ ဆိုပြီးတောင်းပန်နေတယ်။ဟိုလူကြီးတွေက လွတ်တာ မဟုတ်ဘူး တမင်သက်သက်လွတ်ပြီး ဦးလေးသမီးရှုးတိုက်တာ လို့တိုင်တော့ အဖေက မမဆင်းခဲ့စမ်းလို့ ခေါ်တယ်။ခွေးနဲ့ရှူးတိုက်တယ်ဆိုလို့ အဖေကမေးတော့ ကျမဟုတ်တယ်လို့ ဖြေတယ်။အဖေက ဘာလို့ အဲလိုလုပ်တာလဲလို့ ကျမကိုတအံ့တသြမေးတော့ ကောင်းကောင်းပြောတာပဲ ပြောလို့မှမရတာ ရရင်ရ မရရင်ချလေ ကျမပြောတာကြ ဂရုမစိုက်ဘူး ၀ုတ်ဝုတ် ဝေါင်းဝေါင်း ကြပြေးလိုက်ကြတာ လေးယောက်နဲ့ တစ်ယောက် ချလဲမနိုင်မှန်းသိလို့ ခွေးနဲ့ တိုက်တာလို့ ကျမကပြောတယ်။အဖေကဘာဖြစ်ကြတာလဲလို့ မေးတယ် ကျမကဦးအောင် ခြံရှေ့ မှာမြောင်းပုတ်တွေ လာဖွထားတာ မနဲဘူး အဖေဆိုတော့ အဖေကသဘော ပေါက်သွားတယ်။ သန့်ရှင်းရေးလုပ်တာ ထင်တယ် အမိုက်တွေပြီး ရင်သယ်သွားလိုက်ပါဆိုပြီး လ္ဘက်ရည်ဘိုး ထုတ်ပေးတယ်။အဲဒီလူတွေ ထွက်သွားတော့ အဖေက မမ ကြပ်ကြပ် သတိထားလို့ ကျမကိုဆူတယ် ခွေးကိုက်မိသွားရင် အမူ့ရှည်မယ် နားလည်လားတဲ့။ မမ ကအကောင်းပြောတာပဲ ပြောလို့မှ မရတာ ရရင်ရ မရရင်တော့ချမှာပဲ လူလိုကောင်းကောင်းပြောတာပဲ သူတို့မှနားမလည်တာ သူတို့နားလည်တဲ့နည်းသုံးလိုက်တာအဖေပြေးတာ ဘိနပ်တောင်ကျွတ်တယ် တန်းနေတာပဲ ကြောက်လိုက်ကြတာ အမေတောင်တတယ်လို့ တစ်ဟားဟားရယ်ရင်းပြောတော့ အဖေကတော်တော့ လို့အော်တယ်။ ကဲရှင် ကျမလွန်လို့လား မယုံမရှိနဲ့ရှင့် တစ်ခါတစ်လေ အဲလိုမျိုးမှ ရတာတွေရှိတယ် လက်တွေ့ရှင့် လက်တွေ့ ။ရုတ်တရက် ရလာတဲ့ အခွင့်အရေးကို အသုံးချတတ်ဖို့တော့ လိုမယ်နော် မဟုတ်ရင် မိန်းခလေးတွေ ကို အထင်သေးတတ်လွန်းလို့ပါ ။ယောင်္ကျားရင့်မာကြီးတွေ လေးယောက်တောင် ဆိုတော့ သူတို့ကစင်ပေါ်ကလို့တွေးမှာ ပေါ့ရှင် ဘိနပ်မပါပဲ ကြောက်လန့်တစ်ကြား တောင်ပြေးမြောက်ပြေးပြေးတာ တွေ့တော့လဲ အော်သူတို့ကြောက်တာ ဒါပါလား လို့ သိလိုက်ရတာပေါ့၊မိန်းခလေး တစ်ယောက်နဲ့ ယောင်္ကျားကြီး လေးယောက် ဗေဒင်မမေးနဲ့လေ ဒါပေမဲ့ဇာတ်ဆုံးတော့ ပြေးရတာ သူတို့လေ အခွင့်အရေးဆိုတာအဲလိုယူတတ် ရတယ်ပြောတာပါရှင်။

လေးစားစွာဖြင့်
မမ

Posted by Anonymous :: 12:10 AM :: 4 Comments:

Post / Read Comments

---------------oOo---------------