မမ

Wednesday, December 31, 2008

S.S.C ဆေးရုံ..သေခါနီးလူမမာနဲ့ .... မမ




ရန်ကုန်မှာ မွေးဖွားကြီးပြင်းတဲ့ ကလေးတွေ ရင်ခုန်ဖွယ်ရာ စောင့်မျှော်ရတဲ့နေ့ တွေမှာ အပါတ်စဉ် ကျောင်းပိတ်ရက်တွေလည်းပါတယ်........

ဒီတပါတ် လူကြီးတွေ ဘယ်သွားမှာလဲ အရေးကြီးဆုးံ ကလေးများတဲ့အိမ်ဖြစ်ဖို့ရယ်... ဆော့ဖို့နေရာကျယ်ကျယ်ဝန်းဝန်းရှိရင် ကျမတို့ ပျော်တာပါပဲ.........


တစ်ခါတစ်လေ လူနာမေးတို့ ... ကလေးမရှိတဲ့အိမ်မျိုးဆိုရင် အိမ်ရှင်တွေ ကျွေးတဲ့မုန့် ကိုစားပြီး ပြန်ရမှာကိုစောင့်နေရတာလောက်... ကလေးဘ၀မှာစိတ်ညစ်ဖို့ကောင်းတာ ဘာမှမရှိတော့ဘူး ထင်ခဲ့တယ်။


ကျမအပျော်ဆုံးက အမေ့ညီမ၀မ်းကွဲနေတဲ့ မှတ်တမ်းရုံးပဲ........ ကလေးများသလားမမေးနဲ့ အမေတို့ စကားပြောလို့ အရှိန်ရပြီဆိုတာနဲ့ .. ကျမတို့ ညီအမ ပါလာတဲ့ ကစားစရာ ဆန်းဆန်းလေးတွေ ကိုင်ပြီးအိမ်ရှေ့ထွက်ရုံပဲ... ။ရောက်လာလိုက်တဲ့ရွယ်တူတွေ.......... ထုပ်စည်းတိုးဖို့ ခဏလေး လူပြည့်တယ်.... ။


အဲလိုနေသွားရင်းနဲ့ မိသားစုတစ်စုနဲ့ ကျမခင်ခဲ့တယ်။

မိသားစုငါးယောက်မှာ အဖေက၀န်ထမ်းကြိုပို့ ကားမောင်းတယ်...... အမေက နေသိပ်မကောင်းဘူး ...။ အကြီးဆုံးက ကျမနဲ့ရွယ်တူ....... မောင်လေးနှစ်ယောက်မှာ.... တစ်ယောက်က ရူးတူးပေါတော သူမသိတာဘာမှမရှိဘူး... စစ်ဆေးရုံမှာ ထူးခြားဆေးမှတ်တမ်းနဲ့ မွေးဖွားလာသူ...........။

အဲဒီကောင်လေးက.. ကျမကို မိုးပေါ်ကကျလာတဲ့ အရာအားလုံး ဖန်တီးပေးနိုင်တဲ့ နတ်သမီးတစ်ပါးလို့ ... သေတဲ့နေ့ အထိထင်သွားခဲ့တယ်.... ကျမတို့ တွေခင်လာတော့ သူတို့ ဆီသွားမှာသိရင်... ကျမကျောင်းအကျီင်္တွေ... ကစားစရာအရုပ်ကလေးတွေ.. ကျမရဲ့ ကလစ်ကလေးတွေကစပြီး စားစရာမုန့့် ကအစ သူတို့ အတွက် ကျမယူသွားခဲ့တယ်.........

ကျမသွားရင် လူကြီးတစ်ယောက်လို သူအမေကကြိုဆိုတယ်...... သူမောင်လေးကတော့ ကျမလာမဲ့နေ့ဆို.... ဒီနေ့ မမလာရင်ဘာပါလာမှာလို့  ညထဲက ကြိုပြောတတ်တယ်တဲ့.... အဲလိုသိရတော့ သူ့ အတွက် တစ်ခုခုအမြဲပါအောင်ယူသွားတယ်.......

အဲလိုနဲ့ ကျမတို့ အရွယ်တွေ ရလာတယ် အဲဒီဘက်ကားရောက်ရင် တစ်ခုခုဝယ်ပြီးဝင်နေတုန်း........ ကျမနဲ့ ရွယ်တူသူငယ်ချင်းက စတိုးဆိုင်တစ်ခုမှာအလုပ်လုပ်နေပြီး... အဲဒီကောင်လေးက ရှစ်တန်းနဲ့ကျောင်းထွက်တယ်... အဖေက ကားသမားဆိုတော့ ကားမောင်းတတ်တယ်........ ။

တစ်နေ့ ... ကျမသူငယ်ချင်းမလေး ငိုပြီးဖုန်းဆက်တယ် အမေအခြေအနေဆိုးနေတယ်... နင့်ကိုတွေ့ ချင်တယ်လို့ ပြောတယ်တဲ့........ အားရင်လာခဲ့ပါနော်တဲ့။

ဟာ.....မအားလဲလာမှာ...အခုလာမှာလို့ ပြောပြီး.. ကျမရောက်အောင်သွားခဲ့တယ်.... ကျမရောက်တော့ သူ့ အမေက မထနိုင်တော့ဘူး ပက်လက်လေး ... စကားတော့ပြောနိုင်သေးတယ်......။ ကြီးကြီးသမီးကိုတွေ့ချင်လို့ ဆိုလို့ မေးတော့ ခေါင်းငြိမ့်ပြတယ်.....။

ဘာပြောချင်လဲပြောလေဆိုတော့.. သမီးသူငယ်ချင်းကိုပစ်မထားပါနဲ့ တဲ့..........။ ကျမကိုယ် ကျမသိပ်ကို အထင်ကြီးခဲ့တာ အဲဒီက စတယ်ထင်တာပဲ..... တစ်ကယ်တော့ ကျမက ကျမအိမ်မှာတော့ ကလေးသာသာပါပဲ..............။

နောက်တစ်ပတ်လောက်မှာ သူ့အမေဆုံးတယ်... ကျမလဲတတ်နိုင်တာကူညီရင်း...... ကိုယ့်အလုပ်တွေနဲ့ ပြန်လည်ပတ်နေကြပြန်တယ်..............။

သူ့တို့ အမေဆုံးပြီးတစ်နှစ်လောက်ကြာတော့.............

မောင်နှမနှစ်ယောက် တစ်ညနေမှာ ကျမအိမ်ကို ရေးကြီးသုတ်ပြာရောက်လာတယ်.... သူ့ အဖေ ပင်စင်ယူရတော့မှာမို့လို့  အိမ်က နောက်လ နောက်ဆုံးဆင်းပေးရမယ်တဲ့.... လှိုင်သာယာမှာ မြေကွက်တော့ရှိတယ် ။ အိမ်မဆောက်ရသေးဘူး ...... ဘာလုပ်ရမှန်းမသိဘူးတဲ့...............................။

ဒီလကုန် နောက်ဆုံးဆင်းပေးရမဲ့ အမိန့်စာ စာရွက်လေးထုတ်ပြတယ်... သူတို့ ကို ကြည့်လိုက်တော့ ကျမတစ်ယောက်သာအားကိုးရာ......... မမ..လေ..နော်... ဘာမှမပူနဲ့ ငါစီစဉ်မယ် ။ နင်တို့ ပြန်တော့ အေးအေးဆေးဆေးနေ... မပြောင်းရအောင် အရင်လုပ်မယ်... မရတော့လဲ နေစရာရှာရမှာပေါ့ လို့ ကျမပြောတော့... သူမောင်က ကျနော်မပြောဘူးလား.... မမလုပ်ပေးရင်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ သူ့အမကိုကြည့်တယ်......... အရူးဘုံမြှောက်တာမဟုတ်ပဲ.. အရူးကတော့ ကျမကိုဘုံမြှောက်နေပြီ...........။

သူတို့ ပြန်သွားတော့မှ ဒါတော်တော်မလွယ်ဘူးဆိုတာ စဉ်းစားရင်း ကျမရူးချင်လာတယ်... မှတ်တမ်းရုံးမှာနေတဲ့အဒေါ်အိမ်ကို ဖုန်းဆက် လိုအပ်တာတွေ စပ်စုစုံစမ်းပြီး နောက်ဆုံး.......... နောက်နေ့ မနက်မှာတော့ ဌာနမှူးဆိုတဲ့လူဆီ ကျမ ရန်သွားတွေ့ တော့တာပေါ့ .........ပြန်တွေးရင် ရယ်ချင်စရာ အဲလူကျမကို နားရင်းထရိုက်ချင်နေမှာပဲ အဲဒီတုန်းက.......ဒီလူက အသက်၄၅လောက်ရှိမယ်ထင်တယ်........ သူတို့မှာ နေစရာမရှိဘူးဆိုတော့ ရှာပေါ့တဲ့..... ရှာစရာပိုက်ဆံမရှိဘူးဆိုတော့.......... ညည်းပေးလိုက်ပေါ့တဲ့........... သူတို့ကို ဦးလေးတို့ အနှစ်၂၀လောက် ခိုင်းတုန်းကခိုင်းစားပြီး.......... ဦးလေးတို့ မလိုအပ်တော့ကျမက နေစရာပေးရမယ်...... အဲဒါရော အထက်ကအမိန့် ပဲလား.....လို့ မေးတော့.......ပြောင်းရမယ် ပဲပြောတာ ညည်းကိုရှာပေးရမယ်လို့ အမိန့် စာမှာပါလား ပြန်ကြည့်တဲ့...............................။

လူတွေလေ.. ဦးလေးရဲ့...လူတွေ........ ခွေးမောင်းသလို မောင်းချလို့ တော့မရဘူး.......မပြောင်းဘူးပြောတာ မဟုတ်ဘူး နေစရာရှာဘို့  အချိန်နဲနဲတောင်းနေတာ.. ဆိုတော့ နောက်လူလာတော့မှာ မရဘူးတဲ့... သူလုပ်ပေးလို့ မရဘူးတဲ့........... ကျမက ဘယ်သူပြောရင်ရမလဲဆိုတော့ ဗိုလ်ချုပ်စာယူလာခဲ့တဲ့ ကျမစိတ်ပျက်တဲ့လေသံနဲ့ ......... ဗိုလ်ချူပ်ကလဲသေပြီ စိတ်ညစ်တာပဲလို့ ကျမသူကြားအောင် ငြီးတွားတော့..... ပြာပြာသလဲ ဘယ်သူသေတာတုန်းတဲ့.. ဗိုလ်ချုပ်လေ.... ဗိုလ်ချုပ်အောင်ဆန်းလေ.... ဦးလေးစဉ်းစားကြည့်.. ဗိုလ်ချုပ်သာရှိရင် သူ့လူတွေခွေးဖြစ်တာ လက်ပိုက်ကြည့်နေပါ့ မလား ဦးလေးရာနော်... ဆိုတော့သူရယ်တယ်..... ပြီးတော့ ဘာလုပ်ရမယ်ဆိုတာတွေ ညွှန်ပြခဲ့တယ် ။ ပြီးတော့ ညည်းလိပ်စာပေးခဲ့တဲ့ ကျမနဲနဲ...တော့လန့် သွားတယ် ။ ဦးလေးတိုင်မလို့ လား လို့ ကျမမေးတော့..... ကျုပ်ပင်စင်ယူရင် ညည်းကို အကူအညီတောင်းဖို့ ပါတဲ့။

.........ဂါဝရတရားအရ ကျမထိုင်ကန်တော့ တော့......... အဲဒါတွေလုပ်နေရင် မမှီဘူးတဲ့ မြို့တော်ခန်းမမှာ ထိုင်တယ်တဲ့ ရအောင်သွားတွေ့ လိုက်ပါတဲ့.... ကျိန်းသေတွေ့ ရမဲ့ အချိန်နဲ့ .. ကျမတွေ့ ရမဲ့လူကြီးရဲ့... PA..ရဲ့ အမည်ပါပြောလိုက်တယ်...................။

ကျမ ထွက်လာတော့ မောင်နှမတစ်တွေရဲ့ မျော်လင့်ချက် မျက်ဝန်းတွေက ကျမရဲ့ရင်ကို အင်အားတွေ ဖြစ်စေတယ်...........။ ကျမက ဘာမှမပူနဲ့ အဆင်ပြေမှာလို့ ညနေသိရမယ်လို့  ပြောပြီး ကျမ အိမ်အရင်ပြန်လာတယ်......။ မြို့ တော်ခန်းမ နဲ့ ကျမတို့ ရင်းနှီးတယ်........ အ၀င်အထွက်ရှိတယ် ။ သရုပ်ပျက် အ၀တ်အစားနဲ့ ၀င်လို့ မရဘူး ။ ကွမ်းစားပြီး မ၀င်ရဘူး ။ အသေးစိတ်ကအစ ကျမသိတယ်....... ကျမသူငယ်ချင်းတစ်ယောက်နဲ့ ဂိတ်ဝမှာ....... PA...အမည်ပြောလိုက်တော့ တံခါးဖွင့်ပေးတယ် ။

ကံကောင်းချက်က ထမင်းစားပြီးတဲ့အချိန်... မြေညီထပ်ပဲ ၀င်ဝင်ခြင်း ဘယ်ဘက်မှာတင် သူ့ စားပွဲမှာ ထိုင်နေတဲ့... PA...ကို ကျမကို ၁၀ မိနစ်ပဲတွေ့ ခွင့်ပေးပါ... ကျေးဇူးမမေ့ပါဘူး........ စီးပွါးရေးအတွက် လုံးဝမဟုတ်စေရဘူး... ကျမကိုယ်ကျမ အာမခံပါတယ် ဆိုတော့ ကျမကိုခြေဆုံးခေါင်းဆုံး ကြည့်ပြီး တစ်ခုခုဆို ကျနော်ပြုတ်မှာ ခင်ဗျားမမေ့ပါနဲ့ တဲ့ လူငယ်ပဲ ကျမကိုလဲအားနာ အတော်စဉ်းစားခဲ့ရတဲ့ပုံပဲ ။

ကျမပြန်စဉ်စားတိုင်း ကျေးဇူးတင်ရမဲ့သူပါပဲ.......။ လူကြီးတွေကို အဘလို့ ခေါ်တာလဲ ကျမ ကျွမ်းကျင်တယ် ကျမ၀င်ခွင့်ရတယ်ဆိုတာနဲ့ ........ သန်းခေါင်စာရင်းလေးထုတ်ပြတယ်......။ အဖေက အသက်ခြောက်ဆယ်... မောင်လေးရဲ့ဆေးမှတ်တမ်း.... ၁၀တန်းမအောင်သေးတဲ့ ကျမသူငယ်ချင်းလေး ရဲ့ တစ်လစာဝင်ငွေ ... ၆တန်းမောင်လေးရဲ့ကျောင်းစရိတ်..... အမေမရှိတော့တဲ့မိသားစုအကြောင်း........။

သူ့ အဖေဘာလို့ မလာလဲတဲ့.......... သမီးကပွဲစားလားတဲ့..... အဘကို အာမခံနိုင်တာ သမီးရဲ့နံမည်ပဲရှိတယ်...... သူတို့ အဖေက သူတို့ အတွက် ဒီနေ့ စားဖို့ထွက်ရှာနေရတယ်..... အဘ၂နှစ်လောက်နေခွင့်ပေးပါ.... ဒီမိသားစုနေဘို့ နဲ့ ဘ၀ရပ်တည်ဘို့ အတွက် ဒီအိမ်လေးမှာ နောက်ထပ်၂နှစ်လောက် နေခွင့် ပေးဖို့တောင်းဆိုတော့............ သြ၀ါဒတွေနားထောင်ပြီး... ကျမစာရွက်လေးမှာ စည်းတံဆိပ် လက်မှတ်နဲ့ အတူ နောက်ထပ်တစ်နှစ် နေထိုင်ခွင့်ရခဲ့ပါတယ်.................................။

ပထမဆုံး ကျမဘ၀ရဲ့အကြီးမားဆုံး အောင်မြင်မှု တစ်ခုပါပဲ.........။ အဲဒီက ရတဲ့ပီတိကိုဒီနေ့ အထိ စားသုံးလို့ ကျမမှာ မကုန်သေးပါဘူး.............။ သူ့ အဖေက အလုပ်တစ်ခုသူ့ အဆက်အသွယ်နဲ့ ရှာ တယ်........ ရူးတူးပေါတောကောင်လေးကို ကျမတို့ အိမ်မှာကားမောင်းခိုင်းတယ်.....။ ကျမသူငယ်ချင်း
လေးကို... ကျမတို့ ဖွင့် ထားတဲ့အဆင့်မြင့်မူကြို ကျောင်းလေးမှာ စာရေးမ ခန့် ထားတာ အခုတော့ ဆရာမတောင်ဖြစ်နေပြီ.........။ တစ်နှစ်ပြည့် တော့ ကျောင်းနဲ့ နီးတဲ့နေရာမှာ အိမ်ငှားပေးလိုက်တယ်...။

အခုလက်ရှိ မောင်နှမတွေ နေနေတုန်းပဲ... သူ့ အဖေကားမောင်းရင်း ပြန်လာတစ်ချက် မလာတစ်ချက်နဲ့ မိန်းမ ယူသွားတယ်လို့ ကြားတာပဲ........ ရူးတူးပေါတော ကောင်လေးက ကျမတို့ ကားမောင်းရတာသူ့ အတွက် ဘုရင်ခံချုပ် ရာထူးရထားတဲ့ သူတစ်ယောက်လိုပဲ... အားလုံးတာဝန်ကျေတယ်..။

သူကျန်းမာ ရေးမကောင်းတာသိသာတယ်..... ။ အသားကမဲပြာပြာ.... မျက်လုံးက၀ါကျင်ကျင်.. အရပ်ရှည်ရှည်.. ဗိုက်က ပူပူ.... စကားပြောရင်ထစ်.. အထစ်...အထစ်.... ကျမသူ့ အနားရပ်ရင်ကို သူ့အလိုလိုကြောက်နေတတ်တာ.. တစ်ခါတစ်လေ ခြေထောက်တွေရောင်နေတယ်.... ။ ဒါပေမဲ့ ဒီကားကို သူမှမောင်းမပေးရင် ကျမတို့ တော့ဒုက္ခရောက်ပြီလို့ ထင်နေတဲ့သူ.....။

တစ်နေ့ သူအမကပြောတယ်တော်တော်နေမကောင်းဘူးတဲ့

အဲဒါနဲ့ ကျမကသူ့ ကိုချော့ပြောတာပေါ့ ။ သုံးလစာယူပြီးနားရမယ်... ဆေးကုရမယ်....... ရောဂါပျောက် ရင်ကားပြန်မောင်းရမယ်........ လို့ ။ သူလက်ခံတယ်..... ကျမ သေသေချာချာ ကြည့်တော့မှ ခြေထောက် ကြီးတွေ တော်တော်ကိုရောင်နေတယ်.. အသည်းသမားလေနော် အသည်းမကောင်းတော့... အသည်းရောင် အသားဝါရုပ်မျိုးပေါ့.........။ ကျမတို့ လဲ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေရင်း သူ့ အမနဲ့ တွေ့ ရင် နေကောင်းရဲ့ လား လိုတာပြော...လို့  နေလာလိုက်တာ..........

တစ်ညနေမိုးတွေရွာနေလို့  ကော်ဖီသောက်ရင်း စာဖတ်နေတုန်း ကျမဟန်းဖုန်းကို ဖုန်းဝင်လာတယ်........ သူမောင်လေးကိုကယ်ပါတဲ့.. ငိုနေပြန်ပြီ... ကျမအမကိုအတင်းကပ် ခေါ်ပြီး ညီအမသုံးယောက်သွားကြတယ်.... တစ်အိမ်လုံး ကျမနဲ့ ပတ်သက်ပြီး ခင်တွယ်နေကြပြီလေ.......။

သူတို့ နေတဲ့ရှစ်ထပ်ကို အဲဒီနေ့ကမှ ပထမဆုံးတက်ဖြစ်တယ်............။ ကျမအပေါ်ရောက်တော့ အခြေအနေက အရမ်းဆိုးနေပြီ..။ ဗိုက်ကြီးပူနေတာ... ကန်တော့ပါရဲ့ မွေးခါနီး မိန်းမတစ်ယောက်လိုပဲ...။ မျက်လုံးတွေက၀ါထိန်နေတယ်...။ ခြေထောက်ကြီးတွေက ရောင်ကိုင်းနေတယ်........။ ကျမတို့ ညီအမတွေ တစ်ယောက်လက်တစ်ယောက်ဆုပ်ရင်း... ဘယ်လိုဖြစ်တာလဲဟယ်... ဘာလို့ များ မပြောကြတာလဲ ဆိုတော့.........။
စကားမပြောနိုင်တော့ဘူးဆိုတဲ့ လူမမာက.. ကျနော်ကို အမက ပြောမပေးဘူး ကျနော် မမကို ခေါ်ခိုင်းနေတာကြာပြီတဲ့.....။
ကျမအခြေအနေအရပ်ရပ်ကို သဘောပေါက်တယ်... လိုတာထက် ပိုမယူတတ်တဲ့ သူတို့ မောင်နှမတွေရဲ့ စိတ်ကိုလဲကျမသိနေပြီ.......။ သူ့အမကို နင်ဘာလို့ ဆေးရုံမတင်တာလဲလို့ ကျမမေးတော့... ပြန်ဆင်းလာတာ သုံးရက်ရှိပြီတဲ့ ကျမအစ်မ အကြီးဆုံးကသိတယ် ...။ ကျောင်းက ငွေထုတ်တာလည်းသိတယ် ။ ဆရာမတွေ အကုန်သွားမေးတယ်... ။ အမေလဲသွားမေးတယ်...။ ကျမနဲ့ အမလတ်ကိုလဲ ဆေးရုံတင်တာ ပြောထားတယ်လေတဲ့ ။ ကျမတို့ အလုပ်တွေ ရှုပ်နေတာလဲ ပါတာပေါ့.... ။ ကဲကဲ.... ဘာလုပ်ချင်လဲ ။ ဘာလုပ်ပေးရမလဲ......... ပြောဆိုတော့ ... ကျနော် ဆေးရုံတက်ချင်တယ်တဲ့... ။ လွယ်လိုက်တာ အခုတက်ရမယ် ဆိုပြီး ကျမဆေးရုံကားခေါ်ဖို့ဖုန်းဆက်တော့ အမကြီးကလက်ကုတ်တယ်... ။ သူ့ အမက နောက်ဖေးဝင်ပြီးငိုတယ်.. ။ အမလတ်က မျက်ရိပ်ပြတယ် ကျမကိုဘိုလိုပြောတယ်........ လက်လျှော့လို့ ပေါ့ ဟဲ့ ငတုံးမရဲ့ လို့ ပြောတယ်....။ ကျမဘာဆက်လုပ်ရမလဲ.........

နင်ဖြစ်ချင်တာကို ပြောလေဆိုတော့.......မျက်စေ့ထဲကလဲ ဒီနေ့ ထိမထွက်ဘူး နားမှာလဲ ကြားနေတုန်းပါပဲ ကျမကို လက်အုပ်ချီပြီးပြောတယ်...။ သူ့ ကို S S C မှာတင်ပေးပါတဲ့.. သူကျွန်ခံပြီးဆပ်ပါရစေတဲ့.. လောလောဆယ် သူ့လှိုင်သာယာမြေကွက်ကို ယူထားပါတဲ့... ။ ရန်ကုန်ဆေးရုံကြီးက လူသတ်တာတဲ့..... ဆေးကုတာမဟုတ်ဘူးတဲ့...။ ၁၀ သိန်းလောက်ကုန်ရင် သူအသက်ရှင်ပြီတဲ့........။ ကဲ..ဘာဆက်လုပ်မလဲ.... ။ ကျမလုပ်သင့်တာတစ်ခုပဲတဲ့ ကျမအမက ဘိုလိုဝင်ကျပ်တယ်... ။ ရှစ်ထပ် ၀ရန်တာက နင်ခုန်ချလိုက်ပါ... နင့်ဇာတ်ထုပ်တွေရှင်းသွားမယ်တဲ့.........။ မမ ...လေသိတယ်နော်.......။ နောက်ဆုံး ဆေးရုံကားခေါ်တယ်..။ S.S.C ကိုခေါ်သွားတာပေါ့....
ကျမတို့ ကားထဲမှာ ညီအမသုံးရောက် ရန်ဖြစ်တယ်.....။ ကြာလှပြီတဲ့.. အဲဒီဆေးရုံတင်ခိုင်းနေတာတဲ့....။ သူ့အမဘက်ကလဲ ဘယ်ပြောရဲမလဲတဲ့တို့ ကိုတော့ပြောတယ် ။ အဲလောက်တော့မထင်ဘူးတဲ့ ရန်ကုန်ဆေးရုံကြီးကသူ့ဟာ့ သူပြန်ဆင်းလာတာတဲ့.. ဆရာမတွေကိုလဲ လျှောက်ပြောတယ်တဲ့ သူအမ သူဌေးမ မသိလို့ .... သိရင် S..S..C..မှာကုပေးမှာလို့ ........ကျမအမကြီးက စိတ်ညစ်နေတာ ဆေးရုံက ဘယ်လိုမှအ၀င်ခံမှာ မဟုတ်တာသူသိနေတယ်.......။ ကျမကိုလဲဆူတယ်........။ မကြီးသူသေတော့မှာ နင်သိနေတယ်နော်..........။ ငါတို့ လဲသိနေတယ်.... သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးလိုအပ်ချက်ကို.. လုပ်ပေးကြရအောင်....။

တို့ ကိုဆေးရုံက ဘယ်သူမှရိုက်မထုတ်တာ ငါတာဝန်ယူတယ်.......... လို့ပြောတော့ငြိမ်သွားတယ်............။ ဆေးရုံရောက်တော့ ဆရာဝန်လက်မှတ်တောင်းတယ်..........။ ဆေးမှတ်တမ်းတောင်းတယ်...............။ တာဝန်ကျဆရာဝန်ကို ကျမ ရှိခိုးမတတ် တောင်းပန်တယ်......။ အခန်းမရသေးခင် အရေးပေါ် ကုတင်ပေါ်ကျမအတင်းဆွဲတင်တယ်..... ။ လူနာကလဲတော်တော်မောနေပြီ.........။ လက်ကိုဆေးချိတ်ခိုင်းတယ် ။ ကျမ ဒီညရအောင်ရန်ကုန်ဆေးရုံကြီးကို ကျမပြောင်းပေးပါမယ်........ဆရာဟန်ဆောင်ပြီး ကြည့်ပေးရုံပါ ကုန်ကျစား ရိတ် ကျမအားလုံးပေးမှာပါ.........။ ဆရာဝန်တစ်ယောက်အနေနဲ့ ကူညီဖို့ ပေါ့ လုပ်ပေးရှာပါတယ် ။ ဒါပေမဲ့...၂..နာရီအတွင်း ရန်ကုန်ဆေးရုံကြီး ပြောင်းပေးဖို့ပေါ့ ။ သူလည်း ၀န်ထမ်းတစ်ယောက်ဆိုတော့ လုပ်ပိုင်ခွင့်မရှိလို့ ပါတဲ့.......။ ကျမဒုက္ခပေးခဲ့တာတွေလေ..............။ ပြီးတာနဲ့ နားချဖို့ ကော်ဖီတစ်ခွက်စီကိုင်ပြီး ခေါင်းခြင်းဆိုင်စဉ်းစားရတော့တယ်...........။ လူနာကလဲ ပြုံးလို့ ရွှင်လို့ ........ အဲဒီအချိန်မှာ ကျမပိုင်တဲ့ ဆေးရုံတစ်ခုလောက်ရှိရင် သိပ်ကောင်းမှာလို့တွေးခဲ့မိတယ်..........။ ပြီးတော့မှ လူနာ နားမှာ တတွတ်တွတ်နားချရတာလေ......။

ဆေးလက်မှတ် တွေက ရန်ကုန်ဆေးရုံကြီးက ဖြစ်နေလို့ .... ဆရာဝန်လက်မှတ်မပါပဲ ဆင်းလာလို့ ... ရန်ကုန်ဆေးရုံကြီး မှာ အနည်းဆုံး သုံးရက်ပြန်တက်ပေးဖို့  ပြီးမှဆရာဝန်ကြီးလက်မှတ်နဲ့ ဒီကိုပြန်လာဖို့ကို တာဝန်ကျဆရာဝန်ကလဲ ကူပြောပေးတယ်....။ သူလက်ခံသွားတယ်.......။ ရန်ကုန်ဆေးရုံကြီးကို ကားငှါးပြီး သူတို့ ကိုသွားနှင့် အိမ်မှာ အမ ပိုက်ဆံဝင်ယူပြီး လိုက်လာမယ်လို့ ပြောပြီး............ အမေ့ဆီမှာ ပိုက်ဆံ၅သိန်းခဏ၀င်ငှါးတယ် အမေအမြန်ပြန်လိုချင်ရင် ကောင်လေးနံမယ်ပြောပြီး... မြန်မြန်သေပါစေ ဆုတောင်း သူသေတာနဲ့ ပြန်ပေးပါမယ် ပြောပြီးအတင်းယူလာခဲ့တယ်............။ အမကြီးက ပေးလိုက်ပါအမေ.... သူပြန်ပေးလိမ့်မယ်လို့ ကူပြောပေးတယ်........။

ရန်ကုန်ဆေးရုံကြီးရောက်တော့ သူလက်ထဲကိုပိုက်ဆံ ၅သိန်းထည့်ပြီး SSC မှာဆေးကုဘို့ ယူထား ၃- ရက်ပြည့်အောင်နေ ကျန်းမာအောင်နေ.. ။ အမတို့ လာခေါ်ပြီးပို့ ပေးမယ် ပြောပြီးပြန်လာခဲ့တယ်.........။ ဘေးနားကလူနာတွေကိုရော..။ ဆရာမလေးတွေကိုပါ ငွေ ၅ - သိန်းပြပြီး SSC ဆီကို ပြောင်းမှာလို့ ပြောရင်း နောက်နေ့ မနက်လေးနာရီမှာ သူဆုံးသွားတယ်........။ ထိရှဝမ်းနည်း လွယ်တဲ့ကျမ.. ငိုချင်စိတ်ပျောက်ပြီး ဘာကိုမှန်းမသိ မကျေနပ်ဖြစ်နေခဲ့ရတယ်။ .....ဒါပေမဲ့.......................

S.S.C ဆေးရုံရှေ့ ကကားဖြတ်တိုင်း....ဟိုမှာ....ဟိုမှာ...နင်လုပ်လို့ ပိုက်ဆံငါးသိန်း ကိုင်ပြီး ဆေးရုံတက်ဘို့  နင်အလာကို စောင့်နေတာတွေ့ လားလို့  အမလတ်က စတိုင်း...... ကျမ....မတရားငိုချင်တယ်.....။


မမ

Labels:


Posted by Anonymous :: 12:42 AM :: 7 Comments:

Post / Read Comments

---------------oOo---------------