မမ

Friday, February 27, 2009

ဘာသာတရား

သူ့ ကျောင်းနာမည်က စိုးမြမြ .....။ သူ့ အိမ်နာမည်က မြလေး....။ သူ့ ရဲ့ မူစလင်နာမည်က "ဇလေခါ"တဲ့  ......။ သူဟာကျမရဲ့  ငယ်သူငယ်ချင်း စာရင်းထဲကတစ်ယောက်ပါပဲ......။ ကျမတို့  နှစ်ယောက် ဘယ်လောက်အထိတွဲပြီး ချစ်ခဲ့ ကြသလဲဆိုရင်... အိမ်မှာ .... မမရေလို့ ခေါ်ရင်ကျမက "ဂျီ"လို့ ထူးလို့ အဘွားက မျက်စေ့ပျက် မျက်နှာပျက်နဲ့ ကျမခြေသလုံးကို ကြက်မွေးနဲ့ ရိုက်တာ ဒီနေ့ ထိ ကျမကြက်မွေးဆို ကြောက်တုန်း ...။ စိုးမြမြကကျတော့ သူ့အိမ်မှာ တစ်ချိန်လုံး မြတ်စွာဘုရား..ဗုဒ္ဓေါလို့ ယောင်လို့ .. သူ နာနီက ကျော ကိုထုတာ တစ်အုန်းအုန်းတဲ့ ...။
ဆူးလေမှာနေတုန်း အချိန်တွေပေါ့ ကျမသူနဲ့ မကစားရရင် မနေနိုင်သလို .... သူကလဲ သူ့အိမ်ဝရန်တာကနေ ကျမကို အမြဲလှမ်းပြီးအော်တယ်....။ နင်ထမင်းစားနေလား...။ ဘာလုပ်နေလဲ ဟိုဖက်ဒီဖက် အော် ပြီး စကားပြောကြတယ်...။ ကလေးဆိုတာ နှစ်ယောက်တွေ့ ရင် အိမ်ကပြောတာ အကုန်ပြန်ပြောတဲ့  အမျိုးလေ....။ ငါအိမ်က နင်တို့အိမ်သွားရင်ဆူတယ်လို့ ကျမပြောတော့ သူ့အိမ်ကလဲ ဆူတယ်တဲ့ ...။ ငါ့အိမ်က နင့်ကို ကုလားမလို့ ပြောတယ် ဆိုတော့ငါ့ အမေကလဲ နင်တို့ကိုဗမာစုတ်လို့ ခေါ်တယ်လို့ ပြောပြီးရယ်ကြတယ်....။ အဲလို နဲ့ ကျမတို့ ရန်ဖြစ်ရင်ဗမာစုတ်...... ကုလားစုတ်လို့ ဟိုဖက်ဝရန်တာ ဒီဖက်ဝရန်တာ အော်ကြတယ်....။ အဲဒီအချိန်တုန်းက နှစ်ဖက်လူကြီးတွေ ထွက်ပြီးတောင်းပန်ကြတယ်......။ အဲလိုမပြောရဘူး သူငယ်ချင်းအချင်းချင်းတဲ့  ကျမတို့ က အမေတို့လဲ ပြောတာပဲ ဆိုတော့ လူကြီးတွေက ရယ်ရယ်မောမော....။ အိမ်ထဲရောက်ပြီဆိုတာနဲ့ ကျမတို့ နှစ်ယောက် ငိုသံထွက်လာပြီ...။ အရိုက်ခံရတာလေ....။ လူကြီးတွေကို အရှက်ခွဲလို့ ဆိုပြီး.....။ ပြီးရင်ကျမတို့ မခေါ်ပဲမနေနိုင်ဘူး......။ ပြန်ခေါ်တာပဲ...။
အဲလို နဲ့  နဲနဲကြီးလာတော့ သူကဥပုဒ်လဆို ဘာမှတစ်နေ့ လုံး မစားဘူး....။ သူမစားတော့ ကျမကလဲ လိုက်မစားဘူး သူကတံတွေး ခဏခဏထွေးတယ်.....။ ကျမကလဲ လိုက်ထွေးတယ်....။ ကျမအဘွားကသိရော ကျမတို့ကို နေ့လွဲညစာမစားရဆိုတဲ့  ဥပုဒ် စောင့်နည်းကို သေသေချာချာရှင်းပြတယ် ...။ အဲဒီမှာ ငါးပါးသီလဆိုတာ ၉- နှစ်အရွယ်မှာ ကျမ စသိတယ်..... ။ ကျမပြောစရာ သူ့ပဲရှိတော့ ကျမတတ်တာ သူ့ ကို ပြန်သင်တာပေါ့  ...။ သူက သူအိမ်မှာပြန်ပြော သူအမက သူ့အရုပ်ကို ဖွက်ထားလို့ နင် လိမ်တာ မုသာဝါဒကံ ထိုက်ပြီတို့ ...... သူအဖေက ဟင်းချက်ဘို့ ကြက်ကိုလည်လှီးရင် အပါကြီးတော့ ပါဏာတိပါတာကံ ထိုက်ပြီး နောင်ဘ၀ အဲဒီကြက် လူဖြစ်ပြီး အပါကြီးကို အဲလိုပြန်လှီးမှာလို့ ..... သွားပြောတော့ သူ့အိမ်ကသူ့ ကို ရိုက်နည်းမျိုးစုံနဲ့ ရိုက်သည်ပေါ့.....။
တစ်နေ့ သူတို့ အစ်နေ့ ..... ကျမက အဘွား နွားတစ်ကောင်လောက် ၀ယ်ပေးပါလား သမီးလှူချင်လို့ ဆိုတော့ အဘွားက အစ်နားနီးနေတာလဲ သိတယ် ...။ ကျမက နွားအလှူခံတယ်ဆိုတော့ ကျမကိုမေးပါ လေရော....။ ကျမကလဲ အစ်နေ့ မှာသူငယ်ချင်းက နွားသတ်ပြီး ကုသိုလ်တွေ အများကြီးရမှာ (ကျမသူငယ်ချင်း ကလေး အတွေးနဲ့ အဲဒီတုန်းက သူနားလည်တာ အလွယ်ပြောခဲ့ တဲ့ အတိုင်း) ကျမက အဘွားကို ပြန်ပြောတော့... အဘွားကဆွေ့ ဆွေ့ ခုန်တော့တာ ....။ ပြီးတော့ ၂၆- လမ်းဈေးကနေ ငါးရံအရှင် လေးကောင်ဝယ်လာတယ်...။ အကြီးကြီးတွေ ပြီးတော့ ကျမတို့ ညီအမလေးယောက်ကို ...(သူတို့ လဲညီအမလေးယောက်ပဲ..... ကျမတို့လိုပဲတဲ့  .... သိပ်ချစ်ကြတာတဲ့.... အဘွားက ငါးရံ့လေးကောင်ကိုပြောတာ....) ရော့..... ငါ့မြေး နွားက အကြီးကြီး ငါ့မြေး အဲဒီငါးရံ့ကို အရင်သတ်ဆို လက်ထဲ ဓားထည့်ပေးတယ်...... ။ မျက်လုံးပြူးပြီး ရေကူးနေတဲ့ ငါးရံ့ ညီအမ အဲ ဒီတုန်းက အဘွားပြောခဲ့တာကို ကြည့်ပြီး ကျမငိုတယ်.....။ ကြောက်လဲကြောက်ခဲ့တယ်......။ အဘွားသူတို့ က ကိုယ်တိုင်သတ်တာ မဟုတ်ဘူးဆိုတော့...... ငါမြေး ကိုယ်လုပ်မှကိုယ်ရမှာတဲ့ ...။ ကုသိုလ် လိုချင်ရင်ငါ့ မြေး ကိုယ်တိုင်လုပ်ပေါ့ တဲ့ ....။ အဘွား တို့ တော့ မလုပ်ရဲဘူးတဲ့  .....။ ကျမ မလုပ်ရဲဘူး....။ ကုသိုလ်လဲ မလိုချင်တော့ဘူး ဆိုတော့ မလုပ်ရဲရင် နောင်ဘယ်တော့မှမပြောရဘူး..... ။ စိတ်လဲမကူးရဘူးတဲ့ ......။ ကျမတို့ နားမလည်သေးတဲ့ ဘာသာ တွေထဲ ချာလည်လည်ရင်း အရွယ်ရောက်လာကြတယ်.....။ ငယ်သူငယ်ချင်းဆိုတာ တစ်သက်မှာတစ်ခါပဲ ရကြတာလေ..... ။
ကျမတို့ ဖုန်းပြောပြီး နှုတ်ဆက်ရင်တောင် ဗမာစုတ်ရေ တာ့တာ့......။ ကျမကလဲ ကုလားစုတ်မရေ တာ့တာ့....။ တစ်ကယ်တော့ ကျမတို့ ညီအမတွေလိုချစ်ခဲ့တဲ့  မေတ္တာကြောင့်ပဲ တစ်ယောက်နဲ့ တစ်ယောက် အပစ်မမြင်ခဲ့ ကြဘူး ....။ သူသာ ဗုဒ္ဓဘာသာမှာ မွေးဖွားခဲ့ရင် သူဗုဒ္ဓဘာသာ ဖြစ်နေသလို.... ။ ကျမက မူစလင်ဘာသာမှာ မွေးဖွားခဲ့ရင်မူစလင်ဘာသာကိုပဲ ကိုးကွယ်နေရမှာပေါ့ရှင်...။ လူတွေဟာ ကိုယ်မွေးဖွားရာကို ယုံကြည်ရာကို ကိုယ်းကွယ်ရင်း နောက်ဆုံးတစ်နေ့ သေဆုံးရတာပါပဲ....။ ကိုယ်ယုံကြည်ချက်နဲ့ ရှင်သန်ကြီးထွားရင်း ကိုယ်သိလာတဲ့ အတတ်ပညာနဲ့ အသိပညာအောက်မှာ ကိုယ်ယုံကြည်ရာကို ပြောင်းလဲကိုးကွယ်လာခဲ့ကြတာတွေ အများကြီးပါပဲ....။
ကျမငယ်ငယ်က သူ့ကိုမေးဘူးတယ်....။ သူက ကုလားကားရုပ်ရှင်အကြောင်းတွေ ပြောပြတော့ နင်တို့ တိုင်းပြည်က ဘယ်မှာလဲဆိုတော့သူကမသိဘူးတဲ့ .....။ ငါတို့ တစ်နေ့ လူကြီးဖြစ်ရင် သွားလည်ကြမယ် ဆိုတော့ သူကလဲ .... အေးတဲ့ ပြောခဲ့ တယ်....။ တစ်ကယ်တော့ ကျမတို့  ရဲ့  တိုင်းပြည်ဆိုတာ အတူတူပဲဆိုတာ မသိခဲ့ကြဘူးလေ ....။ ဒီဖက်ခေတ်တွေမှာ ပြည်ပအတော်များများကို ခြေဆန့် လာ ခဲ့တော့ မြန်မာပြည်က ဗုဒ္ဒဘာသာတွေ...... ခရစ်ယာန်တွေ...... မူစလင်တွေ နိုင်ငံခြားတိုင်းပြည်တွေမှာ အများကြီး ...။
သူများ တိုင်းပြည်တွေမှာ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကိုယ်းကွယ်နေကြတာတွေ တွေ့ လာတော့ ကျမ အရမ်းအံ့သြမိတယ်......။
ဒါ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာကို သိလာခဲ့တယ် ...။ ကိုယ့်လမ်းကိုယ် လျှောက်နေကြတယ် ....။ ဘယ်သူ့ ကိုမှ မတိုက်သလို....။ ဘယ်သူ့ကိုမှ မခိုက်ဘူး....။ အဲ ဘာသာရေးလုပ်တဲ့  သူတွေတိုင်း ကိုယ့်ဘာသာကိုယ် သက်ဝင်ယုံကြည်အောင် ကိုယ့်ဘာသာကိုယ် တန်ဘိုးထား လေးစားလာအောင် ကမ္ဘာ့အလယ်မှာ ကိုယ့်ဘာသာကိုယ် ယုံကြည်လာဘို့ ....။ ကိုးကွယ်သူတွေနဲ့  အများကြီးဆိုင်ပါတယ်.....။
ကျမတို့ ဗုဒ္ဓဘာသာပေါ့ ဘုရားသားတော်လို့ အမြင့်မြတ်ဆုံးဘွဲ့ကို ရဘို့  ပထမဆုံး သင်္ကန်းဝတ် သပိတ်လွယ် ဆွမ်းခံရတော့မှာပဲ .... ။ ဘယ်သူ လုပ်နိုင်မလဲ ဒီကိုယ်တော်တွေ ဒီသင်္ကန်းတွေရှိနေလို့ တစ်ခြားလူမပြောဘူး ကျမအကိုတွေ ဘုန်းကြီးဝတ်ရင်တောင် တပတ်ဆယ်ရက်လောက်ကို သေအောင် ပိန်လိမ်နေတာ.....။ အိမ်ကပို့ လိုက်ရတဲ့ ဆွမ်း .... ကပ်လိုက်ရတဲ့ အအေး.... ဒါတွေကို ကျမတို့ ဗုဒ္ဓဘာသာပါ လို့ ကြွေးကြော်နေယုံနဲ့ တစ်သက်မှာတစ်ခါဘုန်းကြီးဝတ်ရုံနဲ့ ကိုယ်ကိုးကွယ် တဲ့ ဘာသာအပေါ် တာဝန် ကျေပြီလားသူတို့ မလုပ်ဘူး ဘယ်သူမလုပ်ဘူး လက်ညိုးထိုးရတာ လက်ညောင်းတယ်.....။ အော်နေရတာ ပါးစပ်ညောင်းတယ်.....။ လုပ်နိုင်တဲ့ သူတွေပေါင်းစည်းပြီး လုပ်ကြဘို့ ပဲ ရှိတော့တယ်....။ ကျမပြောချင်တာ ကိုယ်ဘာသာအတွက် ကိုယ်တွေဘာလုပ်ပြီးပြီလဲ ...။ သူများဘာသာကို ဘယ်နှစ်ကြိမ် စောင်းမြောင်း လက်ညိုးထိုး အငြင်းပွားရန်ဖြစ်ပြီးကြပြီလဲ.......။ ဘာသာ အားလုံး ရှင်သန် နေတဲ့ မြစ်ကြောင်း တွေပဲ ဘယ်လိုမှာ တားစီးလို့ ပိတ်ပင် လို့ မရအောင် ကမ္ဘာကြီး မှာရှိနေတဲ့သန်းခြောက် ထောင် သောလူ သား တွေကို ရစ်ပတ် စီးမြောနေမှပဲရှင်တို့ ပြောသလို ဘာသာရေးရန်တိုက် တယ်တိုက်လေ တိုက်တဲ့သူက တိုက် တယ်ချကြလေချတဲ့ လူကချတယ် ဘာဖြစ်လဲဘာသာ တွေပျောက် သွားလားမြန်မာတစ်ပြည် လုံးမူစလင်ဘာ သာဖြစ်သွားလား မြန်မာတစ်ပြည် လုံးဗုဒ္ဒဘာ သာဖြစ်သွားမလား ပညာရှိတော့မဟုတ် ဖူးကျမပြောချင်တယ် ဘယ်တော့မှမဖြစ်ဘူး စီးမြောနေမှာပဲ ကိုယ်ယုံကြည်ရာ သည်ဆောင်သွားမှာပဲ အရာအားလုံး သက်ဝင်ခြင်းနဲ့  ပဲပြောင်းလဲ အုပ်စိုးလို့ ရမယ်တစ်ချို့  ဘာသာပြောင်းလဲကိုးကွယ်လာကြတာဘာကြောင့်လဲ သက်ဝင်ခြင်း ကြောင့်ပဲဒီဘာသာကို သူမယုံကြည်တော့ဘူး ယုံကြည်ရာကိုသူပြောင်းလဲကိုး ကွယ်သွားမယ်ဒါသူရဲ့ လွပ် လပ်ခွင့်ပဲ ကျမပြော ချင်တာ ဘာသာရေးတိုက်ခိုက်မူ့ တွေဖြစ်အောင်ကျမကိုသွေးထိုးလူံ့ စော်သူတဲ့ ကျမမှာ ဦးနှောက်ရှိတယ်ရှင့်ဘယ်ဘာသာ ကိုမှတိုက်ခိုက်လို့ မရဘူး နောက်ဆုံးကိုယ် ယုံကြည်ရတဲ့ဘာသာတစ်ခုထဲကမ္ဘာ မှာကျန်နေခဲ့မယ်လို့ ဘယ်တုန်းကမှမတွေးဘူးသလို ဘယ်တော့မှလဲဖြစ်မလာဘူးဒါတွေအားလုံးဟာခေတ္တ
ခဏလိုအပ်လို့ ဖန်တီးယူတဲ့အဖြစ်အပျက်တွေပဲ အဲဒီအဖြစ်အပျက်တွေကြား ကျမကြားညပ်သွားရင်...အဲဒါရိုးသား စွာပဲကြွေတော့မဲ့ထန်းသီးပေါ်ကျမနင်းမိတာဆိုတာကျမ၀န်ခံပါတယ်...။ကျမဖြတ်သန်းလာတာတွေကျမစပ်စုထား တာတွေကျမ၀ါသနာတွေအားလုံးကိုကျမမသေခင်ချပြချင်ခဲ့တာပါပဲ။ ကျမဘာမှမဖြစ်ချင်ဘူး။ ကျမစာရေးချင်တယ။် ကျမရေးနေမယ်အမှန်တရားဖြစ်ရမယ်အပိုတွေထည့်ပြီးမမြူစွယ်ဘူး ဘာသူ့ မှလဲရန်မတိုက်ဘူး။ ကျမဟာပြည်သူ တစ်ယောက်ပဲတစ်နေ့ မဲထည့်ခွင့်ရခဲ့ရင်ကျမယုံကြည်ရာကိုရဲရဲရင့်ရင့်ထည့်မဲ့ပြည်သူတစ်ယောက်ပဲပြည်သူဟာ တိုင်းပြည်ရဲ့ အင်အားတဲ့ကျမယုံကြည်ရတဲ့သူ..ကျမသက်ဝင်ရတဲ့မူဝါဒကိုင်ဆွဲသူနောက်မှာပဲကျမအင်အားပြမှာပဲ..။ ကျမလူကို မကြည့်ဘူး မူကိုကြည့်မယ် ။ကျမအပြောကိုမကြည့်ဘူးမနောကိုကြည့်မဲ့ သူတစ်ယောက်ပါပဲ။ မမဆိုတာကိုယုံကြည်ရာကိုဖြောင့်တန်းစွာ လျောက်လှမ်း နေတဲ့ မြန် မာပြည်ဘွား ဗုဒ္ဒဘာသာကို ယုံကြည်သက်ဝင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်သလိုစိုးမြမြဆို တာလဲသူယုံကြည်ရာ ကိုလျောက်လှမ်းနေတဲ့ မြန်မာပြည်ဘွား အစ္စလမ်ဘာသာ ကိုသက်ဝင်ယုံကြည်တဲ့ မူစလင်အမျိုးသမီးတစ် ယောက်ပါပဲ တစ်နေ့ မှာကျမတို့  ရဲ့ မျိုးဆက်တွေ ချန်ထားခဲ့ ပြီးတိတ်တစိတ် ဒီလောကထဲ ကထွက်ခွါ သွားကြရမဲ့ သူနှစ်ယောက်ပါပဲ ဒီနေ့ ထိချစ် ခင်နေတုန်း ပါပဲရှင်။

မမ

Labels:


Posted by မမ :: 12:33 AM :: 15 Comments:

Post / Read Comments

---------------oOo---------------

Thursday, February 26, 2009

မမ နဲ့ စင်္ကာပူ



မြန်မာပြည်မှာ ယောင်တောင်ပေါင်တောင်လုပ်နေတဲ့ ကျမကို အမက စကာင်္ပူ ခေါ်တယ် ။
လူချစ်လူခင်ပေါ အပေါင်းအသင်း အင်မတန်မင်တဲ့  ကျမကို ကတိတွေ အထပ်ထပ်တောင်းတာက မြန်မာပြည်မှာလို လူတွေကို အကုန်မခင်ဘို့  မပေါင်းဘို့ ။
ဗုဒ္ဒေါ ဘယ်သူမှလဲ မလာချင်တာကို အတင်းလဲခေါ်သေး ကတိတွေလဲတောင်းသေး .... ။ မလာဘူးဟာ ဆိုတော့လဲမဟုတ်ဘူး....။ ကျမကလဲ ခဏတစ်ဖြုတ်ကတော့ ပဲပေးပြီးလာချင်သပေါ့ရှင် ....။ စိတ်ထဲမှာ သူ ဘယ်လို စီစဉ်စီစဉ် ကိုယ်နေချင်မှဖြစ်မှာလေ... နော့.....။
မြန်မာတစ်နိုင်ငံလုံး ပထမဦးဆုံး ဆိုးဆိုးဝါးဝါးကို မီးပျက်တဲ့ ရောဂါကြီး ရန်ကုန်မြို့လယ်ကို စတင်ကူးစက်လာတဲ့  တစ်နေ့ မှာတော့ မလတ်နဲ့ ဖုန်းပြောတိုင်း နင့်ဆီမှာ မီးပျက်လားလို့ မေးတတ်တဲ့ ကျမကို တဟားဟား ရယ်မောရင်း..... နင်လာကြည့်တဲ့  မြန်မာပြည်ကြီးကို အဝေးကနေ လှမ်းကြည့်တဲ့ အရသာဖီလင် ဘယ်လိုလဲဆိုတာ လာကြည့်လှည့်တဲ့ ......။
လေယာဉ်ကွင်းကို ကျမကို လိုက်ပို့ တာက ဒီနေ့ထိ ဘယ်တော့မှ ပြန်မမြင်ရတော့တဲ့ (အဲ..... စင်္ကာပူကို တစ်ခေါက်တော့ အလည်လာသွားသေးတယ်) ကျမရဲ့အရင်းနှီးဆုံး နားအလည်နိုင်ဆုံး ကျမသူငယ်ချင်း...။
ကျမအသိုင်းအ၀ိုင်း သူ့ အသိုင်းအ၀ိုင်းက ကျမတို့ နှစ်ယောက်ကို တစ်နေ့ ချစ်သူဖြစ်သွားမဲ့သူတွေလို့ အထင်ခံခဲ့ရဘူးတဲ့ သူနဲ့ ကျမတို့ မိဘညီအကိုမောင်နှမတွေပေါ့....။
နင်လေယာဉ်ပေါ်မှာ ငြိမ်ငြိမ်ထိုင်သွားနော် လက်လက်ထမနေနဲ့ စပ်စပ်စုစုတွေ လျှောက်လုပ်ပြီး လမ်းမှာကျကျန် နေခဲ့မယ် ...... ဘာမှတ်လဲဆိုတဲ့ အကိုအမတွေ ခြောက်လိုက်တာကို ဟုတ်သလိုလို ထင်ခဲ့ ဖူးတဲ့ကျမ ......။
ဒီနိုင်ငံ မှာနှင်းဆီပန်းတွေ မပွင့်ဘူးလို့  တွေးခဲ့ဘူးတဲ့ ကျမ.....။ စကာင်္ပူကိုခြေချတဲ့ အချိန်က ညနေခြောက်နာရီလောက် .... ။ အမနဲ့ လေဆိပ်ထဲက ကော်ဖီဆိုင်လေးမှာ အတူတူထိုင်ရင်း ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် စပ်စုနေတဲ့ ကျမ....... မလတ် ပြောနေတာတွေ မကြားတစ်ချက်ကြားတစ်ချက် နဲ့  တက်စီပေါ် ရောက်တော့ ခုနှစ်နာရီခွဲနေပြီ.....။
တက်စီပေါ်ကနေ မြင်တဲ့ မီးရောင်တွေ ပြောင်လက်နေတဲ့ ကားအကောင်းစားတွေ ငေးကြည့်ရင်း.... မှောင်မဲ မီးစက်သံတွေ တစ်ဒုန်းဒုန်း ဆူညံနေတဲ့ ရန်ကုန်မြို့ ကြီးရဲ့  ညဦးကာလတွေ နဲ့ ယှဉ်ကြည့်ရင်း မလတ်အဘွားပြော တဲ့ နတ်ပြည်ဆိုတာ..... ဒါထင်တယ်နော်ဆိုတော့ မလတ်ကမဟုတ်ဘူးတဲ့ .....။ ဒါ အဖွားပြောတဲ့နတ်ပြည်နဲ့  တူအောင် လုပ်ထားတာတဲ့ ......။ မိုးထိအောင်ထိုးတက်နေတဲ့  အဆောက်အဦးတွေကို တက်စီပေါ်က မော့ကြည့်ရင်း မလတ်နေတဲ့  အိမ်အောက်မှာ ကားရပ်တယ်....။
ဓါတ်လှေခါးနဲ့  ၂၄ထပ်ကို တက်လာပြီးတဲ့နောက်မှာတော့ အင်္ဂလိပ်စကားကို ဘယ်လိုမှ ကျမနားမလည်နိုင်အောင်ပြောတဲ့ စလုံးအသက်ငါးဆယ်ကျော်လောက် လင်မယားနှစ်ယောက်က စပ်စုတာကို မလတ်ကရှင်းပြရင်း ကျမနဲ့ မိတ်ဆက်ပေးတော့တာပါပဲ......။ အဲဒီ အချိန်ထဲက လက်လက်ထ သူငယ်ချင်းတွေနဲ့ မြို့ ပတ် စားချင်တာစား သွားချင်တာသွား တစ်နေ့မလှူရရင် မကူညီရရင် မနေနိုင်တဲ့ကျမ(ကျမကိုယ်ကျမအဲလို ထင်ခဲ့ပေမဲ့အိမ်က လူတွေက တော့တစ်နေ့ အရူပ်ထုပ်တစ်ခု မလုပ် ရရင်မမ မနေနိုင်ဘူးတဲ့) နား ၊ မျက်စေ့ ၊့ ပါးစပ်တွေအားလုံးပိတ်လို့  နိုင်ငံခြားမှာ နေတတ် ထိုင်တက်အောင် မလတ်က ပုံသွင်း အကျဉ်းချတော့တာပါပဲ....။ သူငယ်ချင်းတွေထဲက တစ်ယောက်ပြီး တစ်ယောက်နိုင်ငံခြားထွက်ဘို့  ကျမကို အဖေါ်စပ်တိုင်း လာနှုတ်ဆက်တိုင်း ရွှေတိဂုံဘုရားကြီးရယ် မုန့်ဟင်းခါးရယ် ကတ္တီပါဘိနပ်စီးတဲ့ ခြေထောက်တွေကို ငါသေမှခွဲမှာလို့ စကားကုန်အောင် ပြောခဲ့ဘူးတဲ့ ကျမ.....။ သူငယ်ချင်းတွေတောင် နှုတ် မဆက်ရဲလို့ တိတ်တဆိတ်ထွက်ခဲ့ ရတဲ့ ကျမလွမ်းလိုက်တာ....... ။ မှားလိုက်တာလို့ တစ်ယောက်ထဲ တိတ်တိတ်လေး ငြိမ်သက်ရင်း နေတတ်ခဲ့တာ ဒီနေ့ အထိပါပဲ .......။ ပိတ်ရက်တွေတိုင်း မလတ်ကို မြန်မာတွေရှိတဲ့ နေရာသွားမယ်လို့  ကျမပူဆာတိုင်း စိတ်ပျက်လက်ပျက် အမြဲငြင်းတဲ့ မလတ်ကို စိတ်ဆိုးရင်း......။ ရန်ကုန်ဖုန်းဆက်တဲ့အချိန်တိုင်း ငိုယိုပြီး အခုချက်ခြင်း ပြန်လာမယ်လို့ ပြောတတ်တဲ့  ကျမကို ဒီစင်္ကာပူကို အစိုးရတဲ့  ကျွန်းစောင့်တဲ့ နတ်မင်းကြီးကများ မေတ္တာသက်ဝင် ချစ်ခင်နေသလားမသိ ..... ဘာတင်တင် ဘာလုပ်လုပ် ရီဂျက်ဆိုတာမရှိပဲ...... နေ.... မမကြိုက်သလိုသာ နေစေလို့များ အမိန့် ချလိုက်တာလား .....။ ရန်ကုန်တမြို့ လုံး ဘရုတ်ဘရက် ရူပ်ယှက်ခတ်နေလို့ များ မြန်မာပြည်စောင့် သမာဒေဝ နတ်ကောင်းနတ်မြတ်တွေက ပြန်အဝင်မခံတော့တာလားလို့ ကြေကွဲ စွာလွမ်းဆွတ်မိ တဲ့ညပေါင်းကများစွာ....။ မြန်မာ တွေကိုကြောက်တတ် အောင်နည်းမျိုးစုံ သုံးပြီး ခြောက်တတ်ခဲ့ တဲ့မလတ် ...မလတ်နဲ့ ..မြန်မာတွေ ရှိတဲ့ နေရာကို လိုက်သွားတဲ့အခါတွေ တိုင်းစပ်စုချင်အပေါင်း အသင်းလိုချင် ကောင်လေးတွေ ကောင်မလေးတွေ စုရုံး စုရုံး နဲ့ မတပ်ရပ် စကားပြောနေတာ တွေ့ တိုင်းကျမလဲ ၀င်ရပ်ချင် ၀င်စကားပြော ချင်တာရင်ထဲမှာ အပြည့်ပါပဲ။ အဲလိုနဲ့  ကျမသူ ငယ်ချင်းတစ် ယောက်ရခဲ့တယ်........၊ သူပုံကအချောကြီး မဟုတ်ပေမဲ့  ကြည့်ပျော်ရူ့ ပျော်ရုပ်ရှိတယ်။ ခက်တာက မထော်မနန်း တွေသိပ်ဝတ်တာ အဆိုးဆုံး ကလူ ရှေ့ ရောက်ရင်ဘို လို ပြောတာ ကျမနဲ့ စကားပြော ရင်တောင် မြန်မာ စကား ကို အင်သမ်း အလုံး တစ်သိန်းလောက် ခံပြောတာ ဥပမာ ကျမက ထမင်းစားပြီးရင်တို့  ဘယ်သွားကြမလဲ ဆိုပါစို့ ဈေးဝယ်မယ် အင်သမ်း ဟားဟားဟား ဒါမျိုး မလတ်ကနင် သူငယ်ချင်း အင်သမ်းတဲ့  နံမယ် ပေးထားတယ် ...........။နောက်တစ် ယောက်က ကောင်လေး အဲဒီ အမ နဲ့ ပတ်သက် ပြီးခင်တာ သူကတစ်မျိုး တွေ့ တာ နဲ့  ဒီအင်္ကျီ မိုက်လား ငါစီးထားတဲ့  ဘိနပ်လှတယ် နော် တွေ့ လား သူ့ ...ကြည့်လိုက်ရင်လဲ တစ်စက် မှာ ရင်ခုန်စရာမရှိ............။ယောက်င်္ကျား လေးတွေ မှာ စွဲမက်ဖွယ်ကောင်း တဲ့ စွဲဆောင်မူ့  အနဲအများရှိပေ မဲ့  သူ့ မှာတော့ တစ်စက် မှမရှိရှာဘူး..........။မလတ်က နံမည် ပေးထား တာ တောကာလသားခေါင်း မောင်ကျောက်ရှည် တဲ့  သူဝတ် ထားတာနဲ့  သူနဲ့ ဘာဆို ဘာမှမဆိုင်တာတွေ..........။
အင်သမ်း နဲ့ ကျောက်ရှည် တစ်နေ့ ရည်းစားဖြစ် ဘို့ ကောင်းတယ် လို့ အခါခါ တွေး မိတယ် ကျောက်ရှည် နဲ့ ပတ်သက်ပြီး နောက်တစ်ယောက် ထပ်ပါလာတာက ဟီးမလတ် နံမည် ပေးထားတာ ထွေးညို တဲ့  တစ်နေ မ့လတ်နဲ့ ကျမ တို့ နှစ်ယောက် ကို လမ်းမှာ တွေ့ တော့ ထွေး ညို အဝေးကြီး ကအော်ပြီး ပြေးလာတယ် မလတ် က မမနင့်ဟာတွေ ကဟယ်လို့  စိတ်ပျက်လက် ပျက်နဲ့ ငြီးတယ် မလတ် သူတို့ က အဲလို တစ်လွဲ ၀တ်တာ ကလွဲလို့  ကျန်တဲ့ နေရာ အကုန်မှန်တယ် လို့ ကျမကပြန်ပြောတယ်....။ ပြေးလာတဲ့  သူကိုထွေး ညို လို့ နံမည် တန်းပေး တာ က တစ်ချို့ မြန်မာပြည်ကလွဲ ရင်အတို ၀တ်ရမယ် လို့ များပုံသေ နည်း ချထားလား........။ မသိ ခြေသလုံး တုတ်တုတ် ပေါင်တုတ်တုတ်တွေ အကုန် ရုပ် ဆိုးတာမှန် သမျ ဖေါ်တော့တာပဲ စကပ်ကတို ပုလုံး ပုလုံးနဲ့  ပြေးလာတဲ့ အဲဒီကောင်မလေး ကိုမလတ် ကနင့် သူငယ် ချင်းထွေးညို ဘိုလိုက လာ တာ ကြည့်ရတာ စိတ်ဆင်းရဲ ပါ့ တဲ့ .......။ ကျမကတော့ သူတို့ နဲ့ တစ်နေ့ လုံးပြော တာနား ထောင် သူတို့ လူပ်ရှားတာတွေ ကြည့်ပြီး ရီမောနေရ တာကို ကအဖေါ်မဲ့ နေတဲ့ ကျမ အတွက် ကျေနပ် စရာပါပဲ...။နောက် သူတို့ ကဓါတ်ပုံ သိပ်ရိုက်ချင် တာ ဘယ်နေရာ ရောက်ရောက် ဓါတ်ပုံ ရိုက်မယ် ဆိုတာ ချည်းပဲ ကျမကရိုက် ပေးရတယ် ကျောက်ရှည် ကလဲရိုက်ချင်တာ တာပဲ.....။သူတို့  ကလူရှေ့  မရှောင် ရိုက်ချင် ပေမဲ့  ကျမက ကြရှက် တယ်သူ တို့ ပုံ တွေထွက် လာလို့ ကျမ ကြည့်ပြန် တော့လဲ ဟီး ရူ့ ခင်း ကလွဲ လို့ ပုံ လာပန်းလာ လဲမရှိ သူတို့ ကတော့ မမ ရေဒီပုံ လေးအရမ်း လှတယ် နော်ဆို ပြလို့  ကြည့်ရင် ...ကျမက တော့ရီချင် တာပါပဲ.....။ဒါပေမဲ့  သူတို့ ကရိုးသား တယ်စိတ် ထဲကနေ နင်တို့ မှာအရမ်း လှတာဆို လို့ ရိုး သားတဲ့ ဂုဏ်ပဲရှိ တယ်လို့  ပြောမိတယ်။တစ်နေ့ ပေါ့  မလတ် မွေးနေ့ လေ ကျမတို့  လေးယောက် ကိုကော်ဖီ တိုက်မယ် မုန့် ကျွေးမယ်တဲ့ ကျမက လဲနင်တို့  အလှဆုံး အသားနား ဆုံးဝတ်လာ နော်လို့  မြှောက်ပေး မိတယ် ........။ သူတို့ နဲ့ စုံတော့ မလတ် ကအထပ် ၇၀ ရှိတဲ့ ဟော်တယ် မှာကော်ဖီ တိုက်မယ် တဲ့ပြီးတော့ မှညနေ စာကို အ၀စား တဲ့ရောက် ဖူးအောင် ပို့ တာ ဈေးကြီးတယ် ကော်ဖီပဲ သောက်တဲ့ ဓါတ်လှေ ခါးက ရိပ်ရိပ် နဲ့ တက်သွား တာမြန်မှ မြန်ပဲ အပေါ် ရောက်တော့ စင်္ကာပူ တစ်မြို့  လုံးအပေါ် ကနေ စီးကြည့်ရတာ တော်တော် ကိုကျေနပ် စရာပဲ..........။ကျမက မလတ်ကလဲ အေးဆေး ထမင်းစား ပြီးမှ လာထိုင် တာမဟုတ် ဘူးဆို တော့အောင် မာဒီလောက် ဈေးကြီး တာတဲ့ ညနေလေး နာရီကျော် ရင်ဈေးတစ် မျိုးတဲ့ ဟုတ်လား အခု ကော်ဖီ တစ်ခွက် ဘယ်လောက် လဲလို့  ကျမတို့  ကစပ်စု တော့ စင်္ကာပူ ဒေါ်လာ ၂၅ ကျပ်တဲ့ ကျမတို့ သွားတာနေ့  လည်၂နာ ရီလောက် ပေါ့ ........။ ညနေစောင်း ဆိုလူတွေ အများကြီး တဲ့  အနားယူ အပန်းဖြေ အလုပ် အကြောင်း ဆွေးနွေး ကြတာ တဲ့  ကျမရင် ထဲမှာ ငါချစ်သူ ရရင်ဒီ နေရာ လေးမှာ အဖြေပေး မယ်လို့ စဉ်းစားခဲ့ ဘူးပါတယ်။မတန် မရာ စဉ်းစား ခဲ့ လို့ လားမသိ ဟိ ဒီနေ့ ထိကို ပြန်မရောက် တော့တာ...။အဲလို နဲ့ ကျမ ကတော့ ကော်ဖီ တစ်ခွက် သောက်ပြီး အကုန် လျောက်ကြည့် ခဲ့တာပဲ သုံးနာ ရီကျော် ကျော်လောက် ကြမလတ် က ပြန်ကြ မယ်တဲ့ .......။ ကျမတို့ အောက်ရောက် တော့မလတ် ကအနား မှာရှိတဲ့ ရှော်ပင် စင်တာ တစ်ခုကို ၀င် ပြီးတော့ ကျောက်ရှည် ကိုနင် အင်္ကျီလဲ ရမယ်တဲ့ အဲဒီအကျီ နဲ့ ငါကြွေးမဲ့ ဒင်နာကို စားဘို့ ဘယ်လို မှနင်အစဉ်ပြေ မှာမဟုတ် ဘူးတဲ့ .......။ကျမတို့ ကျောက်ရှည် ကိုအကုန် ၀ိုင်းကြည့် တယ် ကျောက်ရှည် ခင်ဗျာ ရှက်လွန်း လို့ ထင်တယ် မျက်နှာတွေ နီပြီး ရှက်ကိုးရှက် ရှက်ကန်း ကိုဖြစ်လို့  ကျမက တော့မလတ် တော့ငွေ ကုန်လူပမ်းခံ ပြီး ငါဘော်ဒါ တွေကို ကြပ်ပြီ လို့ တွေးမိရဲ့ .........။ဘွတ်တွေ ရွတ်တွေ တိုင်တွေ ကုတ်တွေ နဲ့ အပီ အပြင်ဂိုက် ပေးအ တူနေ သူငယ် ချင်းတွေ ကိုဒင်နာ သွားစားမှာ လို့ ဘယ်လောက် များကြွား ခဲ့ပါလိမ့်....။မလတ် ကတော့ ခပ်တည် တည်ပဲ ကျမက ကျောက်ရှည် ရှက်နေတာ ကိုကြည့် ပြီးမလတ် တို့ သုံးယောက် ရောဒီပုံ နဲ့ စားလို့ ရလားလို့ မျက် နှာငယ် လေးနဲ့  ရူးချင်ရောင် ဆောင်ပြီး မေးတော့ ကျမတို့  ကိုလှည့် မကြည့် ပဲရတယ် ရတယ်လို့  ပြန်ဖြေတယ် အလို နဲ့ တီရှပ် လက်ရှည် အစိမ်းရောင် လေးနဲ့  ဘောင်းဘီ ဒူးခေါင်းအောက် အနက်ရောင် လေးတစ်ထည် ၀ယ် ပြီးမလတ် ကသွားလဲ ချေတဲ့  အားကိုး တစ်ကြီးနဲ့  ကျမကို လှမ်းကြည့် နေတဲ့ ကျောက်ရှည် ကိုမမြင် ဟန်ဆောင် ပြီးဘိနပ် တွေကို ကြည့်ချင် ဟန်ကျမ ဆောင်နေခဲ့တယ် တီရှပ် အစိမ်းဘောင်း ဘီအနက် နဲ့ ကျောက်ရှည် ပြန်ရောက် လာတော့ မလတ်က တက်စီ ငှါးပြီး မရီနာဘေး ကိုမောင်းခိုင်း တယ်လူ တွေတစ်အုန်း အုန်းအကင် နံ့ တွေမွန် ထူနေတဲ့  ပူအိုက်ချွေး ပြန်နေတဲ့ နေရာမှာ မလတ်က ကြိုက်တာ ယူအ၀ သာစား တစ်ယောက် ကိုတစ် ဆယ်ပဲ တဲ့ပုဇွန် တွေဂဏန်း တွေတစ်ပုံ ကြီးမလတ် ကယူ ပေးတယ် ကျမတို့ လဲယူ ကြတယ် မီးအပူ နဲ့ ကင်လိုက် စားလိုက် လုပ်နေရင်း ကျောက်ရှည် ကတစ်ဟား ဟားအော်ရီ တယ်အခု နရှက်ကိုး ရှက်ကန်း ဟန်တွေ ပျောက်လို့  သူဝတ်ထား တဲ့တီရှပ် အစိမ်းလေး လိုသူရီ သံတွေက ပေါ့ပါးလွပ် လပ်နေတယ် ကျမက ဘာရီတာလဲ ဆိုတော့ မလတ်ကို အရမ်းကျေး ဇူးတင်ပါ တယ်တဲ့ အခုနကုတ် နဲ့ ဒါတွေ ဘယ်လို စားမလဲတွေး မိလို့ ပါတဲ့  ကျမ တို့ လဲ တစ်ဟား ဟားသူနဲ့ အတူ လိုက်ရီ ကြတယ် ကျမကဒီ နေ့ နင်အတန် ဆုံးပဲလို့  ပြောတော့ ကံချင်းမယှဉ် နဲ့ တဲ့ အခု တော့အင်သမ်း ကဘိုလို တော်တော် ဟုတ်နေပြီ ထွေးညိုက ၀တ်တတ် စားတတ် နဲ့ ပေါင်တုတ် တုတ်တွေ သိမ်မဖေါ် တော့ဘူး ကျမက ရင်ခုန်စရာ တစက်မှ မကောင်းဘူး လို့ ထင်ခဲ့တဲ့ ကျောက်ရှည် ကသူ့ ကိုရင်ခုန်မဲ့ သူရှာတွေ့ လို့  အခြေကျအနေလှ ခဲ့ပြီ ကျမကတော့ အရင်တုန်း ကထက်ပို လို့  မြန်မာပြည် ကြီးကို မှန်းဆရင်း ပို...သာ..တိုး ..လို့ ...လွမ်းကောင်းတုန်းရှင်......................။


စာဖတ်သူများကိုအစဉ်လေးစားလျှက်

မမ

Labels:


Posted by mama :: 2:18 PM :: 13 Comments:

Post / Read Comments

---------------oOo---------------

Monday, February 23, 2009

မမနဲ့ ချစ်ချစ်




အဲဒီကောင်မလေး ကျမဒီဆိုင်မှာ မုန့်စားတိုင်း အမြဲဆုံနေကျ....။
ကချင်လွယ်အိတ်အစိမ်း ခပ်နွမ်းနွမ်းလေးလွယ်ပြီး ငေးငေးငိုင်ငိုင်နဲ့ တစ်စုံတစ်ရာကို စောင့်မျှော်နေတတ်တယ် .....။
သူဝတ်ထားတဲ့ အ၀တ်တွေက သူ့လွယ်အိတ်လို ခပ်နွမ်းနွမ်း......။
တစ်ခါတစ်လေ ကျောင်းဝတ်စုံနဲ့ ........။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းလေး..............။
ရှိလှ တစ်ဆယ့်နှစ် တစ်ဆယ့်သုံးပေါ့..........။ သူမျက်လုံးတွေက ခပ်ကြောင်ကြောင်............။
မြင်သလို မမြင်သလို မျက်လုံးမျိုး ........။ လက်ကလေးတွေ ခြေထောက်ကလေးတွေက ဖြူဖြူသန့်သန့်လေး .............။
ကျမမုန့် စားတိုင်း သူရှိနေတတ်တယ် ......... ။ ကျမမုန့် တစ်ဝက်လောက်ကုန်ပြီဆိုရင် အဒေါ်ကြီးတစ်ယောက် လာခေါ်ရော .............။ ကောင်မလေး ၀မ်းသာအားရ ထလိုက်သွားရော .........။
ကျမက အဒေါ်ကြီးလို့သာပြောတာ ပိန်လိုက်တာ ၀ါးခြမ်းပြားကိုထပ် အချောသပ်ထားတဲ့ ခန္ဒာကိုယ်ကို ထမိန်ပတ်ထားသလိုပဲ.............။
ဆံပင်နဲနဲလေးက ဖြူတစ်ဝက် နက်တစ်ဝက်နဲ့ ဖွာရာကျဲနေရဲ့ ..........။
တစ်နေ့ပေါ့ .......... မုန့် စားပြီးလို့ လ္ဘက်ရည်သောက်နေတုန်းပဲ..........ကောင်မလေးနဲ့ အဒေါ်ကြီး အထုပ်တွေ အပိုးတွေနဲ့ ရောက်လာတယ် .........။ ကျမ အိမ်ပြောင်းပြီထင်တယ်ဆိုပြီး လိုက်ကြည့်နေမိတယ် ....။ ကောင်မလေး မျက်လုံးတွေ မို့အစ်နေတယ်.....။
မျက်နှာတစ်ခုလုံးလဲ နီရဲနေသလို မျက်ရည်စတွေကိုလဲ ကျမမြင်နေရတယ် ........။ အရင်လိုပဲ ထိုင်နေကျ နေရာလေးမှာ သူထိုင်ကျန်ခဲ့တယ်........။
သမီး ဘယ်မှမသွားနဲ့  အမေပြန်လာမယ်လို့  ပြောပြီး အဒေါ်ကြီးထွက်သွားလေရဲ့......။
ကျမမုန့် စားရင်း ငေးကြည့်နေတယ်......။ ကောင်မလေး လူမသိအောင်ရှိုက်လိုက် မျက်ရည်သုတ်လိုက်နဲ့....... ။
မမ ဘယ်လိုမှ မစပ်စုရရင်ကို မနေနိုင်တော့တာ......။
ခုံပုလေးမှာ ထိုင်နေတဲ့ ကောင်မလေးအနား သွားရပ်တော့ ကျမကိုမော့ကြည့်လာတယ် ......။
ဘာလို့ ငိုနေတာလဲဆိုတော့ ကျမကို ခေါင်းခါပြတယ်.......။
သူခေါင်းခါတိုင်း ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းတွေက ဘယ်ညာရွေ့  နေတယ်လို့တောင်ထင်မိတယ်.......။
ကျမက လာဆိုပြီး သူ့လက်ကိုဆွဲတော့ သူအတင်းရုန်းတယ် ......။
ကျမမုန့်စားတဲ့စားပွဲကို အတင်းဆွဲခေါ်လာတယ် .......။
သူ့ အထုပ်တွေ ကျမကောက်ကိုင်တော့ ထိတ်ထိတ်ပြာပြာနဲ့ မုန့် ဟင်းခါးရောင်းတဲ့ အဒေါ်ကြီးကို လှမ်းကြည့်တယ်...။
ကျမက အန်တီ သမီးသူ့ကိုမုန့်ကျွေးမလို့  ဟိုမှာထိုင်မလို့ ဆိုတော့..... ကျမကို သိနေတဲ့ အဒေါ်ကြီးက သွားထိုင် သွားထိုင် ဆိုတော့မှ ကောင်မလေး ထလိုက်လာတယ် ......။
ဘာမှတော့ကျွေးလို့ မရဘူး.....။
ဒါပေမဲ့ ကျမသိခဲ့ရတာတွေက သုံးနှစ်သမီးထဲက သူ့မိဘနှစ်ပါးက ကွဲနေတာတဲ့ ......။
သူက အဖေနဲ့ပါသွားပြီး...... အဒေါ်တွေနဲ့ မြင်းခြံမှာနေတာတဲ့ .....။
အခုသူ့ အမေက တရားနိုင်လို့  ညီအမနှစ်ယောက်ရှိတဲ့ထဲက သူကအမေနဲ့ရန်ကုန်ကို လိုက်လာခဲ့တာတဲ့....
ရပ်ကွက်ရုံးမှာ သူ့အမေက အောက်တန်းစာရေးတဲ့ .....။
သူတို့ သားအမိကို အဲဒီရုံးဘေးက မူလတန်းကျောင်းလေးမှာ ကျောင်းစောင့်မိသားစုနဲ့ အတူနေဘို့ ဥက္ကဌက ပြောပေးထားသတဲ့ ...။
အခု ကျောင်းနောက်ဘက်မှာ ဟိုတယ်အကြီးကြီးဆောက်ဖို့ မြေတူးတာ ကျောင်းလေးပြိုသွားလို့  အခု အားလုံးဖယ်ပေးရတာတဲ့ အမေက နေစရာသွားရှာတယ်တဲ့ ....။
သူ့နာမယ်က ချစ်ချစ်တဲ့ .....။ လူတွေ့ရင် ဘာနေ့သမီးလဲလို့ မေးတတ်တဲ့ကျမကို... ဗုဒ္ဒဟူးသမီးလို့ ဖြေလိုက်တဲ့အသံက ကျမရင်ကို အနက်ရှိုင်းဆုံး တိုးဝင်သွားခဲ့တယ် .....။
မမလေ သိတယ်နော် ကျမ အဲဒီကောင်မလေးကို အိမ်ကိုခေါ်ဘို့  အကြံထုတ်တော့တာပေါ့  ....
ကောင်မလေးက ရှစ်တန်းတက်ရမှာတဲ့ အိမ်ကလူတွေလက်မခံရင် ဘယ်လိုလုပ်မလဲ ....။
ကျမခေါင်းပူအောင် စဉ်းစားရင်းနဲ့ ပဲ တို့အိမ်မှာ လိုက်နေမလား ညီအမတွေချည်းပဲ .....
နေချင်ရင် ငါရအောင်လုပ်မယ်ဆိုတော့ ..... ကောင်မလေးမျက်ရည်တွေနဲ့ ကြောင်တောင်တောင် ကျမကိုကြည့်နေတယ် ....။
ကျမ လိပ်စာနဲ့ဖုန်းနံပတ်ရေးပေးပြီး ဘာဖြစ်ဖြစ် ငါ့ကိုဖုန်းဆက် ငါပြန်လာခဲ့မယ် ....ဆိုပြီး သူ့လက်ထဲကို ဖုန်းဆက်ဘို့  ပိုက်ဆံပေးခဲ့တယ် ။
တစ်လမ်းလုံး ခေါင်းခြောက်အောင်စဉ်းစားရင်း ထမင်းစားနေတဲ့ မလတ်ကို မျက်ရိပ်ပြပြီး တိုးတိုးလေး သတင်းထူး ပြောစရာရှိတယ် ဆိုတော့...လာခဲ့မယ်တဲ့ ....။
မလတ်လာတော့ ကျမကိုစိတ်ဝင်တစားနဲ့ ဘာထူးလဲတဲ့  ...။
ကောင်မလေး တစ်ယောက်ဒုက္ခရောက်နေတယ်.... နင်ကယ်မှဖြစ်မှာဆိုတော့ .... ဘာလို့လဲ....ဘယ်မှာလဲ ဘာနေ့သမီးလဲ တဲ့ .... တနင်္ဂနွေသမီး မို့လို့ နင်ကိုပြောတာပေါ့ ဗုဒ္ဒဟူးဆိုရင် အိမ်ပေါ်တောင် ရောက်နေပြီလို့.. ကျမခပ်တည်တည်နဲ့ ပြောတော့ .... ဟုတ်လားတဲ့  ....ဒ
ငါ ညာပါ့မလားဆိုပြီး ကောင်မလေးအကြောင်း ပိုပိုသာသာပြောပြတယ် ....။
နင်ရဲ့ ဖွားဖက်တော်တစ်ယောက် ဒုက္ခရောက်နေတာ မသိမှာစိုးလို့ သတင်းပေးတာပါ.... နင်စဉ်းစားလေ တတ်နိုင်တာတော့ အကုန်ကူညီမယ် ....။
အိမ်ကလူတွေထက် ကောင်မလေးအမေကြီးကို နင်ခေါင်းထဲ ပိုထည့်ရမယ် ပြီးရင် ကျောင်းထားပေးရမယ် စဉ်းစားလေ ဆိုပြီး မလတ်ကိုကျမ အကဲခတ်တယ် ။
အဲဒီကောင်မလေး အိမ်ပေါ်ရောက်တော့ မှာ ကျမသိနေပြီ ...။
စိတ်ထဲကတော့ မလတ်ရေ နှစ်ရက်ထဲကွာတာပါဟာလို့ တောင်းပန်မိတယ်.....။
မလတ်ကတနင်္ဂနွေ အဓိပတိဖွား ကျမက ဗုဒ္ဒဟူးရာဇ ....။
အဲလိုနဲ့ မလတ်သူငယ်ချင်းရဲ့  ညီမ၀မ်းကွဲလေး အိမ်ပြိုသွားလို့ ကျောင်းတက်ခါနီးဒုက္ခရောက် နေလို့ သုံးလလောက်အိမ်မှာ ခဏထားချင်လို့ .... ဆယ့်နှစ်နှစ် သမီးလေးဆိုတော့ အမေကဇဝေဇ၀ါ နဲ့ ခေါင်းငြိမ့်တယ်... ။
မလတ်ကို လှည့်ပတ်ပြီး ကျမမုန့်ဆိုင်လေးကို ပြေးတာပေါ့...။ ဟိုရောက်တော့ ကောင်မလေး ထိုင်နေတုန်း သူ့ အမေ ပြန်မရောက်သေးဘူး......။
ကျမကိုတွေ့တော့ကောင်မလေး မတ်တပ်ထရပ်တယ် ......။
ကျမပျော်သွားတယ် မုန့်ကျွေးတော့ စားတယ် ....။ ကျမနဲ့ အတူနေချင်တယ်တဲ့ .....။ ဒါပေမဲ့ အမေကပေးမှာ မဟုတ်ဘူးတဲ့........။
သူကမြင်းခြံမှာ အမှုဆိုင်တော့ သူ့မှာနေစရာရှိတယ်........။
ကျောင်းထားနိုင်တယ် ဘာညာပြောထားတာတဲ့ .........။
အခုသူများအိမ်မှာ ထားရတယ်ဆိုရင် မြင်းခြံက အဘွားတို့ကို ပြန်ပေးရမှာတဲ့ .........။
အဖေက နောက်အိမ်ထောင်နဲ့တဲ့........။ အဲဒါတွေ အကုန်ငါစီစဉ်မယ် .....။
နင်ပြောရမှာ အခုအချိန်ကစပြီး နင့်ကို ဘယ်သူမေးမေး တနင်္ဂနွေသမီးလို့ ပြောရမယ်ကြားလား......... ဆိုတော့ ချစ်ချစ်က ခေါင်းငြိမ့်တယ် .......။
မုန့်ဆိုင်ကအဒေါ်ကြီးနဲ့ ပေါင်းပြီးကျမတို့အိမ်မှာ နေစရာမရှိသေးရင် ခဏနေဘို့ပြောပေးမယ် .........။
သမီးမိန်းကလေးတွေချည်းပဲ .......။သဘောကောင်းတယ် ........ သမီးလိမ်မာရင် တစ်သက်လုံးတောင် နေခွင့်ရမယ် ဘာညာတဲ့ ........။
မုန့်ဆိုင်က အဒေါ်ကြီး နားချတာရယ် ။ သူအချိန်မရွေး ၀င်လို့ထွက်လို့ရမှာရယ်......... မိန်းကလေး ညီအမ တွေချည်းပဲရယ် .....။
လောလောဆယ် သားအမိနေစရာ ရှာမရတာတွေရယ် ရွေးချယ်စရာ မရှိတဲ့ ..... ဒေါ်ကြည်ဆိုတဲ့ လူတစ်ကိုယ်လုံး မာနကလွဲလို့ ဘာမှမရှိရှာတဲ့ ချစ်ချစ်အမေက......... သုံးလလောက် သမီးခဏနေ ။ အမေအိမ်ရတာနဲ့  ပြန်ခေါ်မယ်......။ ကျမသမီး အိမ်ဖေါ်မဟုတ်ဘူး နော်လို့ ...... အထပ်ထပ်ပြောရင်း ...... ဖြူဖြူစင်စင် မျက်လုံးပြူးကြောင်ကြောင်.... ၁၂.. နှစ်အရွယ် ချစ်ချစ် ကျမတို့ ကားပေါ်ပါလာတော့ အပျော်ဆုံးက ကျမပါပဲ....။
ဟား.. ဟား.. ဟား ... ညီမလိုချင်တဲ့ ကျမရဲ့အောက်မှာ ကျမနဲ့ နေ့နံတူတဲ့ ချစ်ချစ်ကိုကျမ အရမ်းချစ်ခဲ့တယ် ....။
အဲဒီ သားအမိ နှစ်ယောက်စလုံး ကျမတို့ ညီအမကို မရိုးနိုင်တဲ့ ဟာသတွေနဲ့ ဖြေဖျော်ခဲ့တယ်....။
ဘယ်သွားသွား ဘာလုပ်လုပ် အရာအားလုံး ချစ်ချစ်မှ ချစ်ချစ်....။
ဘာဝယ်ဝယ် ဘာစားစား ချစ်ချစ်အတွက် ပါစမြဲ ....။ သူငယ်ချင်းတွေနဲ့ တွေ့ရင်လဲ ချစ်ချစ်အကြောင်း အိမ်မှာနေလဲ ချစ်ချစ်နဲ့ တတွတ်တွတ် .....။ ဆံပင်ဖေါင်းဖေါင်းလေး ညှပ်ပေးပြီ ဂါဝန်အသစ်တွေနဲ့ တစ်သွေးတစ်မွေးဖြစ်လာတဲ့ ချစ်ချစ်နဲ့အတူ မနက်စားနေကျ မုန့်ဆိုင်မှာအတူထိုင်စားရတဲ့ အရသာက ချစ်ချစ်တော့မသိ ကျမအဖို့တော့ ကျမအဖို့တော့ အင်မတန်မှ ကျေနပ်စရာကောင်းတဲ့ အဖြစ်တစ်ခုပါဘဲ ....။
အိမ်နားက အလယ်တန်းကျောင်းလေးမှာ ကျောင်းအပ်ပေးခဲ့တယ်.....။
ဒါပေမယ့် ချစ်ချစ်အကြောင်း တစ်ဖြေးဖြေး သိလာတဲ့အခါ ချစ်ချစ်ဟာ ကျမတို့ အိမ်ရဲ့ ဟာသဇတ်ဆောင် တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တော့တယ် ....။
တစ်နေ့ကျမစာဖတ်နေတုန်း ချစ်ချစ်ကော်ဖီ လာပို့တယ် ...။
ကျမနောက်မလှည့်ပဲ ဘယ်နှစ်နာရီထိုးပြီလဲဆိုတော့ ချစ်ချစ်ဆီက အဖြေပြန်မရဘူး ။
ကျမလှည့်ကြည့်တော့ တိုင်ကပ်နာရီ အကြီးကြီးကို အနားကပ်ပြီး သေသေချာချာ မော့ကြည့်နေတာတွေ့လို့ ....
ဟဲ့.... နင်ငါမေးနေတာ ကြားလားဆိုတော့ ကိုးနာရီခွဲတဲ့  ထိတ်ထိတ်ပြာပြာနဲ့ ဖြေတယ်....။
သိပ်မကြာဘူး မလတ်အခန်းက အော်သံထွက်လာတယ် ...။
ကော်ဖီကိုဘာနဲ့ဖျော်သလဲ .... ဘယ်သူဖျော်တာလဲဆိုတော့ .... ချစ်ချစ်ဖျော်သွားတာတဲ့.....။
သကြားနဲ့ အချိုမှုန့်နဲ့ မှားပြီး ဖျော်လာတာခဲ့တာတဲ့ ....။
သူက လုပ်ချင်ကိုင်ချင်စိတ်ရှိတယ် ....။ လုပ်တတ်တယ် ...။ ကောင်မလေးတွေ နဲ့ လုပြီးလုပ်တယ် ....။
ချစ်ချစ်သုတ်တဲ့ ပုရွက်ဆိတ်သုတ် ရှင်တို့ကို ကျွေးချင်တယ်.......။
သုတ်ထားတာ စားချင့်စဖွယ်လေး .....။ လ္ဘက်သုတ် စိုစိုလေး မျက်စေ့ကောင်းတဲ့ကျမတို့ သေသေချာချာကြည့်မှ ပုဇွန်ခြောက်မှုန့်ထဲက ပရွက်ဆိတ်နိုင်းချင်းကို တွေ့တာလေ.....။
ချစ်ချစ် ကျမတို့နဲ့ တသက်လုံး အတူနေချင်တဲ့အတွက် ..... သူကြိုးစားရှာတာ။
အမေကို အဖွား... အဖွား နဲ့ နင်းပေးရင် အိပ်ပျော်ပြီး ပြုတ်ကျလို့ အမေ့ခမြာ ခါးနာသွားလို့ ဆေးခန်းတပတ်လောက်ကို ပြယူရရော....။
သူ့ကိုကြည့်တာ ဘာလုပ်လုပ် စမ်းစမ်းစမ်းစမ်းနဲ့ ....။
တစ်နေ့ ကျမအိမ်က ကောင်မလေးတွေက လက်သည်းခြေသည်း ဆိုးပေးနေတာ...သူမြင်သွားတယ် ။
ရန်ကုန်သူတွေ လက်သည်းခြေသည်း ဆိုင်မှာဆိုးကြတယ် .....။
ပုံလှလှတွေ အရောင်စပ် ပုံဖေါ်ဆိုးတာ .... တစ်ခါဆိုးရင် တစ်ထောင် တစ်ထောင်နှစ်ရာပေးရတယ် (မနှစ်က ကျမပြန်တော့ ရိုးရိုးဆိုးရင် ခြောက်ထောင့်ငါးရာ.... ခြေသဲအတုတပ်
ပြီးနောက်ဆုံးပေါ် ဒီဇိုင်းဆိုရင် တစ်သောင်းနှစ်ထောင်တဲ့ ) ... ကျမတို့ သွားဆိုးရင် အိမ်က ကောင်မလေးတွေပါတယ် ....။ သုံးလေးခါလောက်လိုက်ပြီးရင် ၀ါသနာပါတဲ့သူက ခဏလေးနဲ့တတ်တယ် ...။
အိမ်ကကောင်မလေးတွေက လွယ်လွယ်လေး ကျမဆိုးတတ်တယ် ကျမဆိုးပေးမယ် ဆိုပြီး သူဆိုးပေးတော့ ... သပ်သပ်ရပ်ရပ်နဲ့ အတော်လှတော့ သူ့ကိုကျမတို့က ငါးရာပဲပေးလို့ရတယ် ........။
သူလဲ မုန့်ဘိုးရ........။ကျမတို့လဲ သက်သာပေါ့.......။ တစ်နေ့မလတ်ကို ချစ်ချစ်ကဆိုးပေးတယ်.....။
ရီလိုက်ရတာ ၀က်ဝက်ကွဲပဲ ......။တောင်ရောက်မြောက်ရောက် နှစ်ချောင်းပူးဆိုးလား ဆိုးထားရဲ့ တစ်ကယ်တော့ အဲဒီကောင်မလေးက မျက်လုံးအလွန်တစ်ရာ မှုန်တဲ့ကောင်မလေး တစ်ယောက်ဆိုတာ အဲဒီနေ့မှာ သေချာသွားတော့တယ် .....။
မျက်မှန်လုပ်ဘို့  ရွေဘုံသာလမ်းခေါ်သွားတော့ မျက်မှန်ကိုင်းရွေးနေတဲ့ ကျမနဲ့ အမလတ်နားကပ်ပြီး တိုးတိုးလေး ဖရိန်မပါတာ သူတတ်ချင်တယ်တဲ့ ....။
ကျမတို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ .... ပုံမှန်ငါးထောင်လောက်နဲ့ တတ်လို့ရမှာကို သူလိုချင်တဲ့ ဖရိမ်ပျောက်ကို သုံးဆလောက်ပေးပြီး လုပ်ပေးခဲ့တယ်.....။
သူကျမတို့ အိမ်ကနေရိုက်ချတောင် မဆင်းဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့  အားလုံးရဲ့မေတ္တာကို သူကြိုးစားယူခဲ့တယ် ....။
အိမ်မှာအနေကြာတဲ့  ကောင်မလေးတွေက သူ့အကြောင်းအကုန် သိထားတော့ ကျမတို့ကွယ်ရင် သူ့ကို အကုန်ခိုင်းတယ် ၀ိုင်းပြီးနိုင်ချင်ကြတယ် ...။
ဒါပေမဲ့ ချစ်ချစ်က နေတတ်တယ်......။ အဲလိုနဲ့ ချစ်ချစ်တစ်ယောက် ဆယ်တန်းကို ရောက်လာတယ် ။
တစ်နေ့ပေါ့ ထမင်းစားနေတုန်း သူနာမယ်ပြောင်းချင်တယ်တဲ့.....။
ကျောင်းမှာ ခဏခဏ အစခံရလို့တဲ့...... သူရွေးထားပြီးပြီတဲ့ .... ။
ကျမတို့ကို သူရွေးထားတဲ့ နာမည်ကိုပြောတော့ ကျမတို့ ညီအမ တအံ့တသြ ဖြစ်မိတယ် .....။
"ရတနာရင်ကြူ "တဲ့  သတင်းစာထဲမှာ တစ်လက်မ တစ်ကော်လံခွဲနဲ့ ပါလာတဲ့ အမည်ပြောင်းတဲ့ ကြော်ငြာလေးကို မိတ္တူကူး သူငယ်ချင်းတွေကို ဝေရတာ သူ့မှာအမော တစ်အိမ်လုံး တစ်မျိုးလုံးကတော့ ချစ်ချစ် ပါပဲ ....။
အဲလိုနဲ့ ဆယ်တန်းရောက်လာခဲ့တယ် .....။
ကျူရှင်တွေပေး စာသင်ဝိုင်းတွေမှာ လိုက်သင်ရင်း ဆယ်တန်းတဖုန်းဖုန်းနဲ့ သုံးနှစ်ကျပြီးတဲ့နောက်မှာတော့ သူအိမ်ထဲ ရောက်သွားတယ်.....။
အသားဖြူဖြူ ကိုယ်လုံးသွယ်သွယ် မျက်မှန်လေးနဲ့ ချစ်ချစ်က ကျမတို့ စီးပွားရေးမှာလဲ ခိုင်းလို့မရ ...။
နောက်ဆုံးသူ ဘာဝါသနာပါလဲလို့ မေးတော့အလှပြင်ဆိုင်တဲ့......။
သူက အူကြောင်ကြောင်ဆိုတော့ သူငယ်ချင်းဆိုင်မှာ သူ့ကို အပ်ပေးလိုက်တယ် ...။
သူငယ်ချင်းကလဲ လူယုံကောင်းကောင်းရပြီဆိုတော့ အကုန်သင်ပေးတာ ....။
အနီးကပ်ကိုထားတာ သူဝါသနာပါတဲ့ အလုပ်ကိုလုပ်ရင်း ချစ်ချစ်တစ်ယောက် တစ်ဆိုင်လုံးမှာ အရေးပါတဲ့ သူတစ်ယောက်ဖြစ်လာခဲ့တယ် ...။
အဲဒီမှာပဲ သူနေတယ် မျက်ကပ်မှန် နဲ့ မျက်တောင်လေးတွေကော့.....။
နောက်ဆုံးပေါ် ဆံပင်ပုံစံ ခြေသည်းလက်သည်း လှလှလေးတွေ ဆိုးထားတဲ့ ရတနာရင်ကြူဆိုတဲ့ ကောင်မလေးဟာ တချိန်တုန်းက လမ်းဘေးမုန့်ဟင်းခါးဆိုင်လေးက ခုံပုလေးမှာ ထိုင်ရင်း အနာဂါတ် ပျောက်နေခဲ့ဘူးတယ် ...။
သူနဲ့ ပတ်သက်တဲ့ ဟာသတွေထဲက တစ်ခုပြောပြမယ် ...။
ကျမနဲ့ ဘုရားမှာ အတူတူ ပုတီးစိတ်ဘို့ သူလိုက်မယ် စာမေးပွဲနီးနေလို့တဲ့........။
ဘုရားမှာ နေ့နံတူတော့ အတူတူ ထိုင်ဖြစ်တယ် ....။
ကျမက ချစ်ချစ် ဘာစိတ်မှာလဲဆိုတော့ ဂုဏ်တော်တဲ့.........။
ပုတီးနှစ်ဆယ့်ခုနှစ်ပတ်တဲ့......... ဗုဒ္ဒေါလို့ ကျမ တမိတယ် ........။
ကျမက အရဟံပဲစိတ်မှာ လေ ........။
မစိတ်နဲ့လို့လဲ ပြောလို့မဖြစ်........။ ငါပြီးရင် အကြာကြီးစောင့်နေရမှာလို့ ကျမတွေးပြီး........ ပြီးရင် ကား ထဲမှာပဲ ရှိမယ်လို့ ကျမသူ့ကို ကြိုပြောထားလိုက်တယ် ........။
အဲလိုနဲ့ ကျမပြီးတော့ အောက်ဆင်းပြီး ကားထဲက စောင့်နေလိုက်တယ်..... ။
ကျမရောက်ပြီး ဆယ်မိနစ်လောက်မှာ ချစ်ချစ် ကားနားကို ပြန်ရောက်လာခဲ့တယ်....။
ကျမအံ့သြသွားတယ်........။ ပြီးပြီလား ဆိုတော့ .... ဟုတ်ကဲ့ မမတဲ့ ဘာစိတ်လဲဆိုတော့ ဂုဏ်တော်စိတ်တာ တဲ့....။
ဘယ်နှစ်ပတ်လဲလို့ ကျမထပ်မေးတော့ နှစ်ဆယ့်ခုနှစ်ပတ်တဲ့.....။ ကျမလဲ ဇဝေဇ၀ါနဲ့ ကားမောင်းနေရင်း ပုတီးလွတ်စိတ်ကြည့်တော့ မဖြစ်နိုင်ဘူးရှင့်........။
ချစ်ချစ်ကို ဂုဏ်တော်တစ်ပါးကို ပုတီးတစ်လုံးကျလား ဂုဏ်တော်ကိုးပါးတစ်လုံးလားဆိုတော့ .......။ အင်း.....တဲ့ ...။
ဘာအင်းလဲ ..... နင်ဘာစိတ်ခဲ့သလဲ ဆိုတော့......... ဂုဏ်တော်လေတဲ့........။
ငါသိတယ် ဘယ်လိုစိတ်လဲ မေးနေတာ ဆိုတော့ မျက်ရည်က၀ိုင်းနေပြီ ကျမမေးတာကိုရပ်ပြီး အိမ်ရောက်တော့ မှ လူစုံတက်စုံရှေ့မှာ ထပ်မေးပြန်ရော.........။
အမေက ဘာဖြစ်လာကြပြန်ပြီလဲတဲ့........။ ဂုဏ်တော်ပဲအော်နေတဲ့  ချစ်ချစ်ကို မလတ်က ရော့ဆိုပြီး ပုတီးပေးတယ် ။
ဘုရားစင်ရှေ့မှာ သွားထိုင် ဘုရားပေါ်မှာစိတ်ခဲ့တဲ့အတိုင်း အသံထွက်ပြီးစိတ် ဆိုတော့ ပုတီးလေးယူပြီး ဘုရားစင်ရှေ့သွားထိုင်တယ် ......။
မလတ်က ကျယ်ကျယ်ဆို ဘုရားစာဆိုတာ ဘာမှမဖြစ်ဘူးလို့ ပြောတော့ ကျမလဲ မျက်တောင်တစ်ချက်မှမခတ်မိအောင် စူးစိုက်ပြီးနားထောင်နေတယ် ချစ်ချစ်ရွတ်နေတာကိုကြားတော့ ကျမတို့ အံ့သြလွန်းလို့  မှင်တက်မိနေတယ်.......။
နောက်မှ ကျမကစပြီး တစ်ဟား ဟား အော်ရီတာ........။
အဖေအမေ အိမ်ရှိလူကုန်ပါဆို.......။
သူ မပြီးနိုင်မစီးနိုင် ရွတ်နေတာကတော့ .....ဂုဏ်တော် ...ဂုဏ်တော် ...ဂုဏ်တော် ....ဂုဏ်တော် ...ပါတဲ့ရှင်...။
မလတ်ကတော့ တစ်ဟားဟားရီရင်း စတွေ့တဲ့နေ့ကတည်းက ဘယ်လိုမှ တနင်္ဂနွေ သမီးမဟုတ်တာ သိပါ့ မမရယ် .....။
နင်ရဲ့ဖွားဖက်တော်က တော်ချက်ဟယ်လို့ ...... ထောပဏာပြုလေရဲ့ ..........။
ကျမပြောချင်တာ ၀ါသနာပါရာကို လုပ်ခွင့်ရခဲ့မယ်ဆိုရင် ချစ်ချစ်လိုကောင်မလေးမျိုးတောင် နေရာတစ်ခုရတယ် ဆိုတာပါပဲ။

စာဖတ်သူ အားလုံးကို အစဉ်လေးစားလျက်


မမ

Labels:


Posted by mama :: 6:58 PM :: 18 Comments:

Post / Read Comments

---------------oOo---------------

Friday, February 20, 2009

Friends

Friends Myspace Comments
MyNiceSpace.com

အပေအတေများ


.....မာမူ....
လောကကြီးမှာအခြေကျအနေလှတဲ့အခါ
အတူနေဘို့ ကြိုးစားနေသူ

.....အပြုတ်....
ငါတို့ရဲ့တဘုတ်ဘုတ်နဲ့ ကြွေနေတဲ့
စိတ်ဓါတ်တွေ ပြန်ကောက်လို့ 
တူညီတဲ့သူငယ်ချင်းတွေစုပေါင်း
အင်အားတစ်ခုကိုဖြစ်စေခဲ့သူ
.....ကွိစိ.....
မှတ်သားလောက်အောင်
တွေ့သမျှမြင်သမျှ
တစ်ဖုန်းဖုန်းနဲ့ရိုက်ချင်သူ
.....ကူးလ်.....
အကုန်စွဲမယ်
တွေ့သမျှမြင်သမျှ
အလှဆုံးဖြစ်အောင်ပုံဖေါ်လို့ 
စုတ်တံနဲ့ ဆွဲမှာနော်
....ငယ်.....
ကျောင်းပြေးကျူရှင်ပြေး(မှားလို့ )
ကျောင်းပြေး....အလုပ်ပြေး မအားတဲ့ကြားက
ရောက်အောင်လာရှာသူ
.....မိုးသည်း.....
ခြောက်နှစ်နီးပါးပင်ပမ်းလွန်းလို့ 
ပြည်တော်ပြန်အနားယူဘို့ လေယဉ်လက်မှတ်
ဆုပ်ကိုင်ထားသူ
......မမ....
တစ်ယောက်ထဲ..အရာရာဝေဝါး
ညှိထားတဲ့သံယောဇဉ်တွေပြတ်တောက်လို့ 
တစ်ယောက်ထဲ ဟိုးအရင်ကလိုပြန်နေရဘို့ 
ကြောက်ရွံ့ နေသူ..........။

မမ

Friends Myspace Comments
MyNiceSpace.com

Labels:


Posted by mama :: 11:25 PM :: 12 Comments:

Post / Read Comments

---------------oOo---------------

Monday, February 16, 2009

အတူနေ မိန်းကလေး အဖော် အလိုရှိသည်...(သန့်ရမည်...)


အတူနေ ဂျီးတော် ဘကြီးတော်တို့က ပြည်တော်ပြန် ကြတော့မယ် ဆိုတော့ အစုစပ်ငှါးထားတဲ့ အိမ်လေးရဲ့တစ်လနေထိုင်စားရိတ်က ကျမခေါင်းပေါ်ကို ပိလာခဲ့ပြီ....။ အခန်းသုံးခန်းပါ ပွိုင့် ဘလောက် အိမ်တစ်လုံး အတွက် ကျမ တစ်လပေးရမှာစင်္ကာပူဒေါ် လာ- ၂၇၀၀-တိတိ ..။ မီးဘိုး ရေဘိုး မပါသေးဘူးလေ..။ အတောမသတ် တဲ့ လောဘနဲ့ ငှါးထားတာလဲ သုံးနှစ်စာချုပ်တဲ့ ...။ အိမ်ပြောင်းရ ရွှေ့ရမှာ ကြောက်လို့ လေ.. ။ အတွေးတွေနဲ့ ချာလည်လည်ရင်း ၂၃-ထပ်ကသာ သစ္စာဆိုပြီးခုန်ချလိုက်ချင်တော့ရဲ့ ..။ ရင်ထဲရှိတာပြောတာပါ...။ လက် တွေ့ မှာတော့ဖြင့် ကိုယ့်လို မြန်မာအပေအတေလေးတွေနဲ့ စုပေါင်းစပ်ပေါင်းနေဘို့  ကြိုးစားရတော့တာပေါ့ ရှင်....။ စိတ်ခြင်းလေးလဲ နီးစပ်ဦးမှ....။ ကိုယ့်လို ပေပေတေတေလေးလဲ ရှိဦးမှဆိုတော့ အခန်းငှါးရန် ရှိပါသည်....။ မိန်းကလေးသီးသန့် ပေါ့ ....။ ဆက်သွယ်ရန် ဘလောက်ဘလောက်ပေါ့ လေ...။
အဲသလို ကြော်ငြာပြီးတဲ့ နောက်မှာတော့...။ ဘုရား....ဘုရား.... ဒီရောက်နေတဲ့ မြန်မာတွေအားလုံး လွန်စွာစေ့စပ် သေချာပြီး ငါတစ်ယောက်ထဲ အပေအတေပါလားလို့ လက်ခံမိတော့ တယ် ....။ ကဲ..နားထောင်နော် ပြောပြမယ် ရီစရာမဟုတ်ပဲ မရီရ......။ ကိုယ့်ဦးနှောက်က အလုပ်လုပ်ပါစေ။

တယ်လီဖုန်း.........ကလင်...ကလင် (ပဲကောင်းပါတယ်နော်)

(မမ)..... ဟယ်လို.....ပြောပါရှင်....
(စုံစမ်းသူ)...အိမ်ငှါးဖို့ စုံစမ်းချင်လို့ ပါ ...။ အမတို့ က ဘယ်နှစ်ယောက်နေတာလဲ ၊ အမက ဘာနဲ့ နေတာလဲ..။ အမက ဘယ်အချိန်အလုပ်သွားပြီး ဘယ်အချိန် ပြန်လာမှာလဲ ....။ အမက အိမ်ရှင်ဆိုတော့ ဘယ်အချိန်တွေ ချက်တတ်ပြုတ်တတ်ပါလဲ...။ ဘယ်အချိန် အမအိပ်တာလဲ....။ အိမ်မှာဧည့်သည်တွေ ခဏခဏလာပြီး ဆူဆူညံညံတွေ လုပ်တတ်သလားတဲ့ ....။
စိတ်ထဲကနေ ဘုရား....ဘုရား .... အကြိမ်တစ်သိန်း တရင်း ..... ၊ မမက.... ညီမလေးက ဘယ်လို အိမ်ရှင် မျိုးမှ နေချင်တာလဲရှင် ဆိုတော့....... စုံစမ်းသူကောင်မလေးက ....ကျမက အချိန်တိုင်း စာကျက်တတ်သူ ဆူညံတာ လုံးဝမကြိုက်ဘူး .....။ တစ်ချိန်လုံး ဟင်းချက်နေတဲ့ အိမ်ရှင်လဲ မကြိုက်ဘူး...။ ဧည့်သည်တွေ ခဏခဏလာရင် လဲ ကျမ မနေချင်ဘူးတဲ့ ......။ ဒါနဲ့မမလည်း ...ကောင်းပါပြီ ...။ မမ သေချာစဉ်းစားပြီး အကြောင်းပြန်ပါမယ်ပေါ့ရှင် ...။ ဟင်း..... ကနဲ သက်ပြင်းရှည်ချ.....။
ကလင်..ကလင်..ဟယ်လို .... ပြောပါရှင်
(စုံစမ်းသူ) ...အမ...အိမ်ငှါးချင်လို့ ပါ ...။ အခန်းကဘယ်လောက်ကျယ်လဲဟင်တဲ့.....။ မမက...ဗုဒ္ဒေါ.... အရင်အတိုင်းပါပဲရှင် ဆိုတော့ မီးမီးက တစ်ယောက်ထဲနေချင်လို့ ပါတဲ့ ......။ သူများတွေက ညစ်ပတ်ရင် မီးမီးမနေတတ်လို့ ပါတဲ့ ....။ မမက...ကောင်းပါတယ်ရှင်ဆိုတော့ ..... ပိုးဟတ်နဲ့ ဂျပိုးရှိလားဟင်....တဲ့ ..။
အမ် .... ကျမနားမလည်ဘူး.....။ သူတို့ ရှိရင် မီးမီးမနေဘူးတဲ့ .....။ မမက ...အမတို့ ညီအမပဲရှိတာ ဘယ် သူမှမရှိပါဘူး...။ မီးမီးသူငယ်ချင်းတွေလား ဒီမှာမနေဘူးလေ ။ အိမ်မှားဆက်သလားပေါ့ ...။ စုံစမ်းသူက ..အကောင်ဗလောင်တွေ ကိုပြောတာပါတဲ့ .....။ ပြီးတော့ မီးမီးက လက်တော့ပါတယ်နော်တဲ့ ....။ ဘုရားရေ သူ့ မှာ ခြေထောက်မပါရင်.....လို့ ကျမတွေးရင်း မီးမီးက၀ှီးချဲနဲ့ပေါ့ ဆိုတော့.. ...။ ရှန်...... ကွန်ပျူတာနောက်ဆုံးပေါ်လေ အဲဒါပါသတဲ့ ....။ ကျမခေါင်းတွေ ချာချာလည်အောင် ဖြေရင်း အိမ်သာက ဘိုထိုင်လား ဗမာထိုင်လားဟင်တဲ့ .....။ ကျမဖြေလိုက်ပါတယ်ရှင် ..... တရုတ်ထိုင်လို့ ။ ဘယ်လိုမျိုးလဲ မီးမီးလာကြည့် ဦးမယ်တဲ့ ....။ ဟင်း.... ကနဲ သက်ပြင်းရှည်ကိုချရင်း......။
ကလင်..ကလင် တဲ့ ဖုန်းကိုင်ရမှာကျမလန့်နေပြီ ...
ဟယ်လို ..... ဆိုတော့ မြန်မာသံနဲ့ ဘိုလိုပြောသရှင်.....။ ကက်သရင်းအေးတဲ့  .... သူ့နာမည်က...။ အောင့်သက်သက်ဖြေနေရင်း ကျမက မြန်လိုပြောလဲ သူကဘိုလိုပဲ ပြောသရှင် ......။ ဝှဲယူဖရွန်လို့ ကျမမေးတော့ အိုင်အမ်စင်္ကာပူရီးယန်းတဲ့ ....။ ကျမလဲ မြန်မာသံနဲ့ စကာင်္ပူရီးယန်းဆိုတော့ စိတ်ဝင်စားပြီး ဖြေသပေါ့ ရှင် ....။ နောက်ဆုံး သူကကြိုက်သတဲ့ နေမယ်တဲ့ ....။ သူ့အိမ်ကို ပြန်ငှါးပြီး သုံးလလောက်ပဲ နေချင်တာတဲ့  ......။ အိုကေ.... ဆိုတော့ သူက လကုန်တဲ့ ....။ ကျမက ဒါဆို မတ်လအစပေါ့ ဆိုတော့ ..... ။ အဲဒီမှာ ပြသနာတတ်တော့တာပဲ....။
ကျမက ဇန္နဝါရီကုန်ကို မတ်လလို့ ကြပ်တော့ သူနဲ့ ကျမဘိုလို ငြင်းတော့တာပေါ့ .... ။ အဲဒီအချိန်မှာပဲ ကက်သရင်းအေးဆိုတဲ့ စင်္ကာပူရီးရန်းမမကြီးရဲ့ ပေါက်ကွဲသံစဉ်ကို ကြားရတော့တာပဲ .....။ ဒီမှာဒီမှာ...... နင်ပြန်ဆိုစမ်း..... တစ်နှစ်မှာ ဆယ့်နှစ်လ...... ဇန္န၀ါရီကုန်ရင် ဖေဖော်ဝါရီမှန်း မတ်လမှန်းတောင် မသိတဲ့  လူက စကာင်္ပူမှာ ဘာလာလုပ်သလဲတဲ့ ........။ မြန်မာလိုကိုတစ်လုံးတစ်ခဲကြီး အားရပါးရ ဟောက်တော့တာပဲ .....။ ကျမလဲ သူကဒေါသထွက် ကျမက တဟားဟားရီ .....။
ဟီး....... မားကြီးကလဲ စိတ်မဆိုးပါနဲ့ ကျမမှားသွားလို့ ပါပေါ့ .......။ ခုနထဲက မြန်မာလိုပြော ပြီးနေတာ ကို စင်္ကာပူရီးယန်း လို့ နောက်တာကိုးလို့ ကျမကပြောတော့ .....။ ဟဲ့ ...... ငါက စင်္ကာပူရီးယန်းတဲ့ စီတီစင်ယူထားတာကြာပြီတဲ့ ......။
ဗုဒ္ဒေါ...... ရှော့သေးဘူးဟလို့ တွေးရင်း ......။
ကလင်..ကလင်.....(လာပြန်ပြီ).... အပေအတေမမ ဖုန်းကိုင်ရမှာ ကြောက်တယ်ရှင့်.....။
မဖြစ်သေးပါဘူး ကြောက်နေလို့ .......။ အချိန်တန်ရင် အိမ်လခက ပေးရမှာ..
(မမ)..ဟလို..... ပြောပါရှင်
(စုံစမ်းသူ)..ကျနော် အခန်းစုံစမ်းချင်လို့ ခင်ဗျ ....
(မမ)...ဟုတ်ကဲ့ရှင် .... ဘယ်သူနေမှာလဲ
( စုံစမ်းသူ) .... ..ကျနော့်ချစ်သူပါ .....။ အမ စိတ်ထဲတစ်မျိုးမထင်ပါနဲ့ .... အမမှာ ဘွိုင်းဖရင့်ရှိလားတဲ့ ..... (မမ)..ဒီမှာ..... နေပါဦးရှင့်..... ဘာသဘောလဲ .... နားမလည်ဘူး....။
(စုံစမ်းသူ)...ကျနော့် ချစ်သူက ရိုးရိုးအေးအေးလေး..... အတုယူမှားမှာစိုးလို့ ပါတဲ့..... ကျနော်စိတ်မချဘူးဗျာ.....တဲ့ ။ အိမ်ကို ယောင်္ကျားလေး ဧည့်သည်ရော အ၀င်အထွက်ရှိလား ...။ ကျနော့်ချစ်သူနဲ့  အတူနေမဲ့ အခန်းဖေါ်ကရော အွန်လိုင်းတစ်ချိန်လုံး တက်နေတဲ့သူလား...။ အမ တစ်မျိုးမထင်ပါနဲ့ ဗျာ .... ကျနော်စိတ်ပူလွန်းလို့ ပါတဲ့ .....။
ကျမ ဘုရားဘုရားတရင်း အမရဲ့ နေထိုင် ဝတ်စားဆင်ယင်ပုံလေး တစ်ချက်လောက် လာလေ့လာမယ်ဗျာတဲ့ ....။ မမ..လေ ကောင်းပြီ လာခဲ့ပါပေါ့ ...။ သူတို့ စုံတွဲလာခါနီး အချိန်လေးကပ်ပြီး....... (မမလေ.... သိတယ်နော် ) တင်ပါးအုပ်တယ်ဆိုယုံလေး အားကစားဘောင်းဘီ ကျပ်ကျပ် တိုတိုလေးဝတ် .... ပြတ်ပေ့ ဟိုက်ပေ့ဆိုတဲ့ တီရှပ်ကျပ်ကျပ်လေးဝတ်...... မလတ်က ဘာအရူးထသလဲတဲ့......။ ရိုးမှရိုး ရဲ့လား...... အမှအပါ့မလား...။ ဒီလူ့ ကွန်ထရိုးအောက်က သိုးမလေးလား သိချင်လို့ ပါ...။ မလတ်နဲ့ လက်ဝါးခြင်းရိုက်တယ်......။ ကျမဆံပင်တွေနဲ့ 
မြင်ကွင်းမရှင်းမှာစိုးလို့ အကုန်စုပြီး ခပ်မြင့်မြင့်ချည်လိုက်တယ်......။ ဟိ...... ။
ကျမ ဘဲလ်တီးလို့တံခါးဖွင့်တော့...... အဲဒီလူရဲ့မျက်လုံး........ ဘောလုံးပွဲလို ကြေငြာပြမယ်.........။
ကြည့်တယ်ခင်ဗျာ့ ကြည့်တယ် ဘယ်အစွန်ကို ကပ်ကြည့်တယ်.....။ အဲ အနောက် ကိုပြောင်းကြည့်တယ်......။ တစ်ကိုယ်လုံးကို ဝိုက်ပြီးကြည့်တယ်ခင်ဗျာ့......။ အဲ..... ဘိနပ်ထိုင်စီးနေတဲ့ ကျမကို..... အပေါ်ကနေ စီးကြည့် တယ်.....။ ကောင်မလေးက ပြန်မယ်လုပ်နေပြီ.......။ သူကကြည့်လို့ မဝသေးဘူး...... ။
အဲ..... အိမ်ကိုပြောတာပါ။
တင်းနစ်စ်ရတ်ကတ်ကိုင်ပြီး ဆင်းသွားတဲ့ ကျမကို ငေးကြည့်ရင်း ကျန်ခဲ့ လေရဲ့... ။ ညနေစောင်းမှာ ဖုန်းဆက်လာတယ်....။ ကျနော်က ကြိုက်ပါတယ်တဲ့.....။ သူကနဲနဲဝေးလို့ သိပ်မနေချင်ဘူးတဲ့......။
ဟားဟားဟား......။ မှတ်ထား..... အဲဒါ .... ကောင်မလေးရဲ့ ဆုံးဖြတ်ချက်ပဲ.....။ ရှင်တို့လိုပဲ ကျမတို့ မိန်းကလေးတွေလဲ ရန်သူဆိုတာ အရိပ်ပြရုံနဲ့ အကောင်ကိုပါမြင်တယ်.....ရှင့် ။ ရှင်နှယ်...... ပူတတ်ရန်ကော....။ ကဲ...... အားလုံးပဲ မမဆိုတာ အပေအတေပါပဲရှင်....။

မမ

Labels:


Posted by mama :: 12:40 PM :: 13 Comments:

Post / Read Comments

---------------oOo---------------

Saturday, February 14, 2009

ချစ်သူ




ဆယ်ကျော်သက်...

ကျောင်းပြေးကျူရှင်ပြေး
တို့ နှစ်ဦးကလွဲလို့ ..... ဘာမှမရှိကြေးနော်
တနေ့ ကုန်ထိုင်ပြီး ... တစ်စိမ့်စိမ့်ကြည့် 
နှင်းဆီနဲ့ ချောကလက်လဲလို့ 
သေတဲ့ အထိ အတူနေဘို့ 
မြတ်ဘုရားရှေ့ မှာ တိုင်တည်မယ် ။ ။

နှစ်ဆယ်ကျော်သက်.....

အလုပ်အားရဲ့လား.....စာမေးပွဲနီးနေလား.....
တွေ့ ဖြစ်အောင်တော့ ......တွေ့ ချင်တယ်...။
ချစ်သူများနေ့ .......ချစ်သူတွေနဲ့ တမ်းတူ
အတူလက်တွဲပြီး...... ဆင်နွဲခွင့်တော့
အမိအရကိုယူမှဖြစ်မယ်......။
ရှေ့ ရေးကိုလဲတိုင်ပင်ချင်တယ်
တစ်သက်လုံး..အမှတ်တရဖြစ်မယ်...
ပြန်လာတဲ့ အခါ..သူငယ်ချင်းတွေရဲ့ ကြား
ချစ်သူပေးတဲ့အရာ..... ကြွားချင်သေးလို့ ပါ ။ ။

သုံးဆယ်နားနီး သုံးဆယ်ကျော်..

တို့ နှစ်ဦးလဲ ချစ်သူပဲလေ......
ဒါပေမဲ့ အိုဗာတိုင်တွေ ရှိနေ...
မပြီးပြတ်တဲ့ အလုပ်တွေကြား
ဗျာများရင်းနဲ့ .....လူမသိအောင်
ရင်ထဲမှာတမ်းတ လွမ်းဆွတ်နေတာ
ဒီနေ့ မဖြစ်မနေတွေ့ရမဲ့..ငါ့ချစ်သူလို့ 
ပတ်ဝန်းကျင်က..သတ်မှတ်ထားတဲ့
မင်းတော့မဟုတ်.......။
ပြန်တွေးလိုက်တိုင်း..အနားနားရောက်လာ
နှလုံးသားခြင်းထပ်..
အမြတ်တနိုး စုံမက်ခဲ့ ဘူး
လူချင်းတွေ့စရာမလို ရင်ချင်းလဲအပ်ဘို့ မလိုတော့
ဝေးကွာသွားတဲ့ တို့ နှစ်ဦး....
ဒီအချိန်ရောက်တိုင်း
ထပ်တူခံစား.. ။ ။
ဟိုး..... အတိတ်ကိုတမ်းတ
ကြေမွနေတဲ့ ..... နှလုံးသားပေါ်မှာထင်ကျန်နေတဲ့
ပုံရိပ်စစ်က မင်းဖြစ်ပေမဲ့ 
တွေဝေမနေပဲ.....
သူပေးနေတာ လှမ်းယူလိုက်ပါ
မင်းသိပ်ကြိုက်တဲ့  နှင်းဆီစစ်စစ်
သူစီးထားတဲ့ကတ္တီပါစစ်ပေမဲ့ ......
ဆင်ခြောက်ကောင်တော့မဟုတ်ဘူး
နင်တွေဝေမနေနဲ့ အမြတ်တစ်နိုး ရှိုက်နမ်းလိုက်ပါ
ဆံပင်ရှည်ရှည်ပေမဲ့ 
နင်ရင်တစ်ခုလုံးသိမ်းကြုံးပစ်မဲ့ 
ငါသုံးနေကြ ရှန်ပူနံ့ တော့မဟုတ်တော့ဘူး


မမ

Labels:


Posted by mama :: 9:19 AM :: 3 Comments:

Post / Read Comments

---------------oOo---------------

Friday, February 13, 2009

လွတ်လပ်ရေးဖခင် ..ဗိုလ်ချုပ်




ငါတို့ မြန်ပြည်မှာသာသနာ..... ရောင်ဝါနေသို့ လင်းခဲ့ တယ်...။
ငါတို့ ပြည်ရဲ့ ကျွန်ဇာတာ..အသက်ပေးလို့ ဖျက်ခဲ့ တယ်...။
သံသရာမှာအနေတော်ဘို့ ......ဗုဒ္ဓမြတ်ဘုရား လမ်းညွန်တယ်...။
ဒီကမ္ဘာမှာ မြန်မာလှဘို့ ...... တို့ ဗိုလ်ချုပ်ကလမ်းပြတယ်....။
သာသနာမှာထွန်းတောက်လာတယ့်.....
အာဇာနည်တွေများလှတယ်..................။
ဗိုလ်ချုပ်ဖွားတဲ့ စစ်အင်အားတဲ့.....
အရင်ကထက်များလှတယ်..............။
ဗိုလ်ချုပ်ပုံတူ ရုပ်ထု ထုတော့
ပန်းပုဆရာကတော်လွန်းတယ်.........။
တော်လှတယ်....တော်လှတယ်.........။

မမ

Labels:


Posted by mama :: 9:28 AM :: 2 Comments:

Post / Read Comments

---------------oOo---------------

Thursday, February 12, 2009

မမဆိုတာ

Photobucket

ရိုးသားတဲ့ စိတ်နဲ့ ပွင့်လင်းစွာတွေး
ရဲရင့်တဲ့ စိတ်နဲ့ ရှင်းလင်းစွာချပြခဲ့ တာ
ပိုသွားတာမပါ..... လိုနေတာမရှိ
ပြန်စဉ်းစားကြည့် တော့ လဲ
အရာအားလုံးက ကွက်တိ...။
လေထဲကစကား
အစထဲက ယုံတတ်တာသူမ မဟုတ်..။
မြှောက်တိုင်းလဲ မမြှောက်
ခြောက်တိုင်းလဲ မကြောက်
ချော့ တိုင်းလဲမပျော့...။
သိချင်တာကို လေ့လာ
ထဲထဲဝင်ဝင်သိရဘို့ အပင်ပန်းခံ...။
တစ်ကယ်ဆိုရင် နေသားကျနေတဲ့ 
ဘ၀တွေကာကွယ်ဘို့ ..... ကူညီဘို့ 
ဖြည့်ဆည်းဘို့ ..... ချပြဘို့ ...
သူမကိုမှ.. မလိုအပ်တာ...။
ကလေးတယောက်လို နေဘို့ 
ရှာဖြတ်ခံထားရတဲ့ မီဒီယာ
လက်ဖြတ်ခံထားရတဲ့ စာရေးဆရာ
ဦးနှောက်ထုတ်ထားခံရတဲ့ ပညာရှင်တွေကြား...
တစ်ကယ်တော့ သူမက ဘာမှမဟုတ်
ရှင်သန်ခြင်းတွေနဲ့ ခုန်နေတဲ့ နှလုံးသားအစုံ
ကိုယ်တိုင်ထုတ်လို့ ....
အားလုံးနဲ့ တန်းတူ... လျှာဖြတ်ပေးပါ
လက်ဖြတ်ပေးပါ....
ဦးနှောက်တွေထုတ်ပေးပါ...။
ငိုညည်းနေတာ.....
တစ်ကယ်ဆို...အဲဒါ... သူမမဟုတ်ဘူး...။
နုနယ်လွန်းတဲ့နှလုံးသား
မာကြော ရင့်ကျက်နေတာ
အမိ မြန်မာပြည်ကို
အဝေးကနေ ပြန်မြင်ပြီးထဲကပါ။
ဒီမြေကိုနင်း ကြီးပြင်းခဲ့တာ
ဒီရေကိုသောက် ဒီလေကိုရှူ
ဒီသာသနာမှာ မွေးဖွားခဲ့တာ
ဗုဒ္ဒဘာသာစစ်စစ် အဖြစ်
ဒီအလှူတွေနဲ့ ကုသိုလ်ယူ...။
မေးသင့်လို့ မေးခွင့်ရှိလို့ မေးတယ်...။
ရေးသင့်လို့ ရေးခွင့်ရှိလို့ ရေးတယ်.....။
ဖြေသင့်လို့ ဖြေခွင့်ရှိလို့ ဖြေသွားခဲ့တာ....။
ရိုးသားတဲ့စိတ်အပြင် ပိုတဲ့အရာ စိုးစိမှမရှိ
သူမကိုယ် သူမသိပါ၏ ။

မမ

Labels:


Posted by mama :: 5:47 PM :: 8 Comments:

Post / Read Comments

---------------oOo---------------
ကြမ္ဓာ....


ကျမခပ်ငယ်ငယ် အရွယ်တုံးက သူငယ်ချင်း ကောင်မလေး တစ်ယောက် ရှိတယ် ။ သူပုံစံက ခင်ချင် စရာတစ်စက်မှ မကောင်းဘူးရှင့်..။ သူ့ပုံစံ ကိုပြောပြရရင် အသားက ညိုညို လူကပုတိုတို သူ့ နှုတ်ခမ်းက ကြည်လဲ့လဲ့ဦး နှုတ်ခမ်းကို အနဲဆုံး လေးဆ တိုးကြည့် ။ သူ့ ဆံပင်ပုံက ဂုတ်ထောက်လောက်ကို ဖွာရာကျဲ ပြီး လန်ပြန်နေတာ စိုင်းဘာဘာခေါင်းလိုပဲ....။ ဒါပေမဲ့ သူက ကျမကို ခင်ရှာတယ် ။ သူခင်တော့ ကျမကလဲ သူ့ကို ခင်တာပါပဲ..။ ဒါပေမဲ့ သူနဲ့ သွားလာလည်ပတ်ရင်း သူကစကားပြော မောက်မာတာ သတိထားမိတယ် ။ သူဘာလို့ များအဲလိုမောက်မာသလဲ ကျမ စဉ်းစားကြည့်တယ်...။ ချမ်းသာတဲ့ အထဲကလဲ မပါ..။ သာမာန်ပဲ ရုပ်ချောတယ်လို့  ပြောရအောင်လဲ သူကကျမ အခုနပြောတဲ့ ရုပ်အတိအကျပဲ ။
ကျူရှင်သွား တူတူ အိမ်လဲလာတယ် ။ ဥပမာ သူအိမ်လာလို့  ကျမကကော်ဖီ ဖျော်ပြီး သူ့သောက်ဘို့  ချပေးရင် ငါကော်ဖီမကြိုက်ဘူး....။ အအေးလုပ်ပေး ...။ အဲလိုပုံစံမျိုး...။ အမတွေကကြည့်လို့ မရဘူး ...။ ဒါပေမယ့် ကျမကလဲ သူတို့ အိမ်ကို အလှူအတန်းကလွဲလို့ အလည်မသွားဘူး ။ သူက လာရှာတယ် သူ့အဖေက ဒုအရာ ခံဗိုလ်လို့ သူပြောတယ်.....။
အဲလိုနဲ့ ၈လေးလုံး ပြသနာတွေ ပြီးတဲ့နောက်မှာတော့ ကျမတို့ တွေ သူငယ်ချင်းတွေ ဖြစ်လာပြီ ။ အဲဒီအချိန်မှာ သူကျမတို့ ဆီကိုအလာစိတ်လာတယ် ။ အရင်ကထက် ပိုမောက်မာလာတာ ကလွဲလို့ အလှတွေပြင် ၀တ်တာစားတာလဲအရမ်း....။ ပေါ်သမျှသူ့ ခါးမှာ ဟိုအရင်ကသုံးတာ နဲ့ တစ်ခြားစီ...။ အိမ်လာလည် ရင်လဲ ကိုယ်ပိုင်ကားက တစ်နေ့ တစ်မျိုး ...။ အိမ်က အမတွေကလဲ သူ့ အချိုးမကြိုက် ..။ ကျမကလဲအားနာ ...။ ကျမကိုတော့သူ တော်တော်လေးကို ခင်တာ...။ အဲလိုနဲ့ ..... မမလေ.... သိတယ်နော် ...။ စပ်စုနည်းပေါင်း စုံသုံးပြီး စပ်စုတာပေါ့ရှင်....။
သူပြောတာ သူ့ အဖေက ရာထူးတက်သွားပြီတဲ့.......။ ဒုအရာခံဗိုလ် မဟုတ်တော့ဘူးတဲ့ ...။ ဗိုလ်ကြီးဖြစ်သွား ပြီတဲ့.....။ အင်း..... ပေါ့....။ ကျမက ဘာသိမှာမို့လို့လဲ.... အရေးအခင်းကာလမှာ.. တိုင်းပြည်အတွက် ရန်သူတွေကို အပြတ် ချေမှုန်းပေးခဲ့လို့ တဲ့ ...။ ကျမလဲ နင့်အဖေက ဘယ်မှာတာဝန်ကျတာလဲ ဆိုတော့ ရန်ကုန်မြို့ လယ်က ဆက်သွယ်ရေး ရုံးအပေါ်ထပ်မှာလေတဲ့ ။ အခု ဈေးများဌာနမှာ ဌာနမှူး ဖြစ်နေပြီတဲ့ ။ ရန်ကုန်က ဈေးတွေအားလုံး အဖေပိုင်တယ်တဲ့ ။ အော်.... ဟုတ်လား ကျမက ဘာသိတာမှတ်လို့ ..။ အိမ်ကအစ်ကို တွေအမတွေကို ကျမက ပြန်ပြောတော့ နောက်... အိမ်မလာစေနဲ့တဲ့...။ အဲဒီ ကောင်မလေး ကြည့်လို့ မရဘူးတဲ့ ။
အဲလိုနဲ့ သူနဲ့ ကျမပြတ်စဲဘို့ ဖြစ်လာတာက တစ်နေ့ .... ကျမနဲ့ သူငယ်ချင်းတစ်ယောက် လမ်းလျှောက်လာရင်း အနားကို ကိုယ်ပိုင်ကားတစ်စီး ထိုးရပ်လာတယ်...။ ကျမတို့  ကြည့်လိုက်တော့ သူကနောက်ခန်းမှာ ထိုင်လို့ တက်...တက်... ဆိုတော့ ကျမတို့ လဲကားပေါ် တက်တာပေါ့...။ ပြီးတော့... မုန့်ကြွေးမယ်တဲ့ ..။ မင်္ဂလာဈေးသွားမလို့  လိုက်ခဲ့တဲ့.....။ လိုက်တာပေါ့ ...။ ဟိုရောက်တော့မှ ကျမတို့  ဒုက္ခတွေရောက်ပုံများရှင်.....။ မုန့်စားတယ် ..။ ရွှေရင်အေးသောက်တယ်......။ သူက ပိုက်ဆံမရှင်းဘူးရှင့် .....။ ဈေးအဖွဲ့ မှူးရုံးကို လက်ညိုးထိုး ပြတယ်.....။ အဲဒီကရှင်းမယ်ပေါ့ ....။ အဲဒါက အစားအသောက်နော် ....။ ဆိုင်တွေကလဲ မိတ်ကပ်ပစ္စည်းက အစ အကုန်ယူတာ...။ အဲဒါလဲ ပိုက်ဆံ မပေးဘူး.....။ ပြီးတော့အ၀တ်အထည် ပါတိတ်ဆိုင်က ဓါးကြီး ပါတိတ်ဆို သုံးထည်လားမသိဘူး ။
ကျမ သူငယ်ချင်းကလဲ ကျမကိုလက်ကုတ် ဆိုင်ရှင်တွေရဲ့ မျက်နှာ မသာမယာတွေ ။ ကျမတို့ က တွေ့ နေရတာ လေရှင့် ....။ ကျမတို့ သူနဲ့ လမ်းခွဲပြီပြန်ဘို့ လုပ်တယ် ... ။ သူက မရဘူး...။ အတင်း ပြန်ပို့ မယ် ။ ကျမတို့ ကိုယ် ဈေးပို့ တဲ့ကားကလဲ ချပြီးတာနဲ့ သူကလေး ကျောင်းကြိုစရာရှိလို့ ပါဆိုပြီး တောင်းတောင်း ပန်ပန်နဲ့ ကို ထားခဲ့တာလေ ...။ ကျမတို့ က ကိုယ့်ဖာသာပြန်မယ် ဆိုပြီး အတင်းပြန်တာ ...။ သူက ဆွဲပေါ့....။
ဈေးအဖွဲ့  ရုံးခန်းကို ရောက်တော့ ထိုင်နေတဲ့လူကြီးတွေကို လ္ဘက်ရည် မှာလေ ဘာလုပ်နေတာလဲ ပုဇွန်တောင်ဈေး ပြောင်းချင်လို့ လားတဲ့ ...။ ကျမတို့ မှာ ပူလိုက်တဲ့ မျက်နှာ...။ ပြီးတော့ ကားတစ်စီး စီစဉ်ပေးပါ တဲ့ ဈေးအဖွဲ့ မှူးကလဲ ဟိုဆိုင်ဖုန်းဆက်တောင်း...။ ဒီဆိုင်ဖုန်းဆက်တောင်း ...။ အား.... ပါး... ရှုပ်လိုက်တဲ့စိတ်..။ ရှက်လိုက်ရတဲ့ အရှက် ။ ပူလိုက်ရတဲ့ မျက်နှာ ။
အဲလိုနဲ့ ကျမတို့ အနေဝေးသွားကြတော့တယ်...။ သူဆယ်ခါဆက်မှ ကျမတစ်ခါဖုန်းကိုင်တယ် ။ သင်္ကြန်ဆိုရင်တော့ သူ့ ကျေးဇူး ကျမမှာရှိတယ်...။ သူ့အဖေနာမည် ပြောလိုက် တာနဲ့ ကျမတို့ မြို့ တော်ဝန် မဏ္ဃပ်မှာ ရှေ့ ဆုံးက ရေပက်ရတယ် ။ ရှေ့ ဆုံးနားကကို ထိုင်ကြည့်ခဲ့ ရတာ...။
အဲလိုနဲ့ နှစ်တွေကြာပြီး တစ်ခါပြန်တွေ့ တော့ သူပုံစံကညစ်ထပ်ထပ် ...။ လေသံကတော့ အရင်အတိုင်းပဲ...လူက တော့ တောက်တောက်ပြောင်ပြောင်မရှိဘူး ...။ ကားတွေဘာတွေနဲ့ လဲ မဟုတ်တော့ဘူး...။ အဲဒါနဲ့  နင့်အဖေရောဆိုတော့ ပင်စင်ယူသွားပြီတဲ့ ....။ သက်ပြည့်လို့ ယူတာမဟုတ်ဘူး ပင်ပန်းလို့ တဲ့.....။ အခု အဖေက ရွှေတိဂုံဘုရားပေါ်မှာပဲ.... နေတယ်တဲ့  .. ။ အိမ်တောင်ပြန်မလာ
ဘူးတဲ့.....။ ဂေါပက အဖွဲ့ ဝင်လေတဲ့ ....။ အော်....ကောင်းတယ် ကောင်းတယ် လို့ ပြောရင်း ။ ငါ ဘုရားရောက်ရင်သွားတွေ့ ဦးမယ်လို့ ပြောရင်း
နှုတ်ဆက်တော့ မုန့် ဘိုးတောင်းလို့ ကျမပေးခဲ့ တယ် ....။ အဲလိုနဲ့ ကျမတို့ ဘုရားတက်တိုင်း သူအဖေနဲ့ တွေ့ တယ်...။ အမှန်ကအဖေတွေအမေတွေက ခပ်ရိုးရိုးပဲ....။ ကျမသိသလောက် ကျမတို့ ရွေသင်္ကန်းတွေ အချပ်လိုက်ကပ်လို့ ရတယ် ဆိုတော့တောင် သူအဖေအားလုံး ကူညီပြီး လုပ်ပေးတယ် ။ ကျမတို့  ဘုရားတက်တိုင်းလဲ မုန့်တွေရော..... လက်ထဲကို လှူချင်တာ လှူဘို့ ဆိုပြီး အဘကို ကန်တော့တာ ဆို ပြီး အမြဲပိုက်ဆံ ပေးခဲ့တယ်....။
စကားအေးဆေးဆေး ပြောဖြစ်တဲ့ နေ့ တွေဆိုရင် အဘပင်ပန်းလို့  ပင်စင်ယူတာဆို လို့ မေးတော့ မဟုတ်ဘူး တဲ့....။ သမီးကဆိုး လွန်းလို့ တဲ့  ဘယ်လိုမှထိန်းလို့ မရ.... မျက်နှာပျက်စရာတွေ ခဏခဏလုပ်လို့ တဲ့....။ ကြာရင် မကောင်း လို့ ထွက်ခွင့်တင်လိုက် တာတဲ့ ....။ အခုဆို စိတ်ဆင်းရဲလွန်းလို့ အိမ်တောင်မပြန်ဘူးတဲ့ ရှင် ....။ သူအကုန် ဖြုန်းတာကုန်ပြီတဲ့ ....။ ကားလဲ ရောင်းစားတယ် အိမ်လဲ ပေါင်ပစ်တယ်တဲ့  ...။ ရှိတာရောင်းချပြီး ပြန်တော့ ရွေးပေး ထားတယ်တဲ့ ....။ အဘွားကြီး ကျန်သေးတယ်လေတဲ့  ....။ ကျမတို့ လဲစိတ်မချမ်း မသာနဲ့  အဘရယ် အသက်ကြီးတဲ့ အချိန် သက်တောင့်သက်သာနေရတာ ဘယ်လောက်ကောင်းလဲ.....။ တစ်ချို့ဆို သားသမီးပို့ မှဘုရားတက် ရတာအဘရဲ့ ဆိုတော့ ...။ ဒီမှာလဲ ပင်ပန်းတယ်တဲ့ အောက်က သံမံတလင်းဆိုတော့ လူကြီးနဲ့ မတဲ့ ဘူးတဲ့  ဆိုပြီး..... သူ့ပုဆိုးလေး မပြတယ်...။ ခြေထောက်ကြီးတွေဆိုတာ ယောင်လို့ မိုးတွင်းဖက်ဆို ပိုဆိုး တယ်တဲ့ ....။ ရေတွေဆိုတာ သံမံတလင်းပေါ် ထီးတစ်ခြောင်းနဲ့  ချော်မလဲအောင် ဂရုစိုက်ပြီး ဘုရားပတ်နေရတာပဲတဲ့ ...။ မနှစ်က ဘုရားတက်တော့ ကျမသူ့ကိုစုံစမ်းတော့ မရှိရှာတော့ဘူး ...။ ဆင်းဆင်းရဲရဲ နဲ့ သမီးနှိပ်စက်လို့  ဆုံးရှာပြီတဲ့ ...။ အဘွားကြီးလဲ ဆင်းဆင်းရဲရဲ ကျန်ခဲ့ တယ်တဲ့ ။
အဲလိုနဲ့ စကော့ဈေးရှေ့ မှာ သူငယ်ချင်း တစ်ယောက်နဲ့ ဆုံတော့... သူငယ်ချင်းကသူ့အကြောင်းပြောပြတယ် ။ ...သူအိမ်ထောင်ကြပြီး တော်တော်ကို ဆင်းဆင်း ရဲရဲတဲ့ .....။ မိဘတွေ ကိုလဲ နှိပ်စက်တာကမ်းကုန် တဲ့ ...။ သူ့ကိုလဲ ဟိုလူက တရားစွဲ ဒီလူကတရားစွဲတဲ့  ။ ဗိုက်ကြီးနဲ့  ကလေးမမွေးနိုင်လို့ ဆင်းဆင်းရဲရဲ နဲ့သူ့အဖေနဲ့ ရှေ ဆင့်နောက်ဆင့် ပဲ ဆုံးသွားပြီတဲ့ ...။
သူအမေကတော့ အရမ်းသနားဘို့  ကောင်းတယ်တဲ့ ...။ သူ့ အမေရော အဖေရော သူ ရော ၀ဋ်ကျွတ်သွားတာတဲ့ ရှင်.... ။ ကဲ .... ကံကြမ္မာဆိုတာ...ဘာလဲလို့ တွေးမနေနဲ့ ..။ကိုယ့် အနားမှာနီးနီး လေး ..... ရပ်စောင့်နေပါတယ်ရှင်....။

မမ

Labels:


Posted by mama :: 2:51 PM :: 9 Comments:

Post / Read Comments

---------------oOo---------------


စာဖတ်သူများရှင့်

ကျမမြင်တာတွေ့ တာကြားတာသိတာကို အရိုးသားဆုံးအပွင့်လင်းဆုံး တင်ပြခဲ့ ပါတယ်ရှင်
အဲဒီအတွက် စာဖတ်သူများရောကျမရော အဖြေတစ်ခုရခဲ့ပါတယ်။ အဲဒီအပေါ်မှာ မလိုလားအပ်တဲ့ ဂျောက်ဂျက်ထက် ပြောင်မြောက်တဲ့ စာသားတွေနဲ့ ဟစ်ဟော့ အဆိုတော်တစ်ယောက်ကျမစီပေါက်ကို စတိတ်စင် သဘောထားပြီး စာဖတ်ပရိတ်သတ်နဲ့ ကျမကို မေတ္တာရှေ့ ထားပြီးလာရောက်ဖျော်ဖြေနေတဲ့ အတွက် မိဘအရွယ် အကိုအရွယ်အမအရွယ် မောင် ညီမ အရွယ်များကို မျက်နှာပူအားနာလို့ စီပေါက်ခဏ ဖြုတ်ထားရခြင်းအပေါ် စာဖတ်သူများအား မလေးမစားလုပ်ခြင်းမဟုတ် ။ လေးစားသမှုနဲ့ ဖြုတ်ထားရခြင်းဖြစ်ပါတယ်ရှင် ဘာအနှောင်အဖွဲ့ ဘာရည်ရွယ်ချက်မှမပါ ကျမဒီလိုသိခဲ့တာ ကျမဒီလို ကြားခဲ့တာ ကျမဒီလိုမြင်ခဲ့တာ ကျမရေးခွင့်ရှိတယ် ကျမမေးခွင့်ရှိတယ်ထင်လို့ ရိုးသားစွာမေး ရိုးသားစွာရေးတဲ့ပေါ်မှာ ကြားမှနေတဲ့ စာဖတ်သူတွေ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင် လေးစားစွာတောင်းပန်အပ်ပါတယ် ကျမရိုးသားစွာ ရေးနေဦးမှာပါ ကျမစာတွေဖတ်ရင်း ဦးနှောက်က သူ့ အလိုလို အလုပ်လုပ်သွားပါစေ.. ဘ၀အမောတွေပြေဘို့ ရီကြပါစို့ 

မမ

Labels:


Posted by mama :: 10:39 AM :: 7 Comments:

Post / Read Comments

---------------oOo---------------

Saturday, February 7, 2009

ကျိုက်ထီးရိုး တက်တုန်းက


ကျမတို့ မောင်နှမတွေ နွေရာသီ ကျောင်းပိတ်ရက် တစ်ခုမှာ ကျိုက်ထီးရိုးဘုရားကို ခြေလျင်လျှောက်တက်ခဲ့ ကြဖူးတယ် ။ အဲဒီအပျော်တွေ ဒီဘက်ခောတ်မှာ ဘယ်လိုမှ ပြန်လိုချင်လို့ မရတော့ဘူးရှင်...။
ပျော်လိုက်ကြတာ မပြောပါနဲ့တော့..။ ကျမက ၁၇နှစ်ကျော်ကျော်လောက်ပေါ့ ..။ အဲဒီတုန်းက ပြောတာနော် ပထမဦးဆုံး ဘုရားဖူးခရီးပေါ့ ...။ အကုန်တွေ့ သမျှ အကုန်မှတ် အကုန်လျောက်စပ်စု ။ အကုန်လျှောက်နောက်..။ ပျော်လိုက်တာ....။ တစ်လမ်းလုံး ကျမသောက်ခဲ့ တာ ထန်းလျက်ရည်နဲ့ အုန်းသီးဖတ်ဖြူးထားတဲ့ မုန့် လက်ဆောင်း သောက်လို့ ကိုမ၀ခဲ့ဘူး....။ လမ်းတစ်လျှောက် လူလူခြင်း ထမ်းပြီး တောင်ပေါ်အရောက် တင်ပို့ နေတဲ့ အလုပ်သမားတွေကိုမြင်ရတော့ သမိုင်းမှာသင်ရတဲ့ ကျွန်ပိုင်ရှင်ခောတ်ကို မြင်ယောင်ရင်း ကျမနာကျင်ခဲ့ ဘူးတယ်...။ ဘုရားပေါ်ကပြန်ဆင်းလာတဲ့ သူတွေက အားတင်းထား နောက်တစ်ကွေ့ ဆိုရောက်ပြီနော်... ဆိုတဲ့  အားပေးသံတွေကို အဟုတ်မှတ်တဲ့  ကျမတို့ .... ရောက်ပြီဆိုတဲ့ အသိစိတ်နဲ့ ပြေးတက်တာ ငါးကြိမ်လောက် ကြုံပြီးတဲ့ အချိန်မှာတော့ အဲဒီတုန်းက နောက်တာလို့ပဲထင်ခဲ့ မိတယ်......။ အားပေးစကား ပြောတာဆိုတာ အခုအချိန ပြန်စဉ်းစားတော့မှသိလာခဲ့ တော့တယ်.....။
ကျမတို့ ဆင်းတဲ့ အချိန်တုန်းကလဲ တက်လာတဲ့ 
လူမှန်သမျှကို နောက်တစ်ကွေ့ ရောက်ပြီ ပြေးပြေးလို့ ပြောခဲ့ တာတွေ ပြန်စဉ်းစားရင်.......။ ဒါ..... ငါအားပေးခဲ့ တာပဲလို့  သိလာခဲ့ တယ်....။ ရင်ပြင်ပေါ်ရောက်တော့  လူတွေအများကြီး.........။
ဒီတောင်ပေါ် ဘယ်လိုများ ဒီဘုရားကြီး တည်ခဲ့ ပါလိမ့်လို့ စဉ်းစားရင်း ကျိုက်ထီးရိုးဘုရားသမိုင်းတွေ ၀ယ်ဖတ်...။ တောင်ပေါ်အနှံ့ခြေဆန့် ခဲ့ ကြတယ်......။
ညနေစောင်းချိန်ရောက်ပြီဆို ဘယ်သူတွေ ပင်ပမ်းလို့ နားနား ကျမတို့ ညီအမ ရေမိုးချိုး ၊ အလှပြင် ဈေးတန်းတစ်ခုလုံး လျှောက်ပြီးရင် လ္ဘက်ရည်ဆိုင်ထိုင်ကြတယ်...။ ဆိုင်တွေမှာလူအပြည့် ပေါ့ ...။ ကျမတို့ ညီအမအပါအ၀င်..... ကာလသားတွေ....... ကာလသမီးတွေ......။ လူကြီးလူငယ် ဆိုင်တိုင်းအပြည့်ပါပဲ...။ ကျမတို့ လ္ဘက်ရည်မှာတယ်...။
ဒီအချိန် အသုတ်စုံမှာပြီး စားနေတုန်းမှာပဲ..... ၂၀ကျော်အရွယ်ဦးဇင်းသုံးပါး ဆိုင်ထဲဝင်လာတယ်...။ လ္ဘက်ရည်မှာတယ်.....။ စီးကရက်က လက်ကြားမှာညှပ်လို့ ....။ ညနေစောင်းနေပြီ.....။ကျမတို့ ညီအမ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း လက်ကုတ်နေပြီ......။ မြင်နေရတာ လုံးဝကိုအဆင်မပြေတော့ဘူး .....။
အဲဒီအချိန်မှာပဲ လ္ဘက်သုတ် တစ်ပွဲထပ်မှာတယ်...။ ကျမဘယ်လိုမှ နေလို့ မရတော့ဘူး ....။ လ္ဘက်သုတ်ပန်းကန် ဦးဇင်းရှေ့ကို စားပွဲထိုးက လာချတဲ့ အချိန်မှာတော့ ..... မကြီး တားနေတဲ့ ကြား ကနေ ဦးဇင်းတွေစားပွဲနားကို ကျမရောက်သွားပြီ......။
ကျမလက်အုပ်ချီတယ်....။ အရှင်ဘုရားတို့ ဘာဘာသာများ ကိုယ်းကွယ်ပါလဲ လို့ ကျမမေးတော့ ..... ဦးဇင်းတွေ ကျမကိုမော့ကြည့် တယ်....။ ဗုဒ္ဓဘာသာ ကိုးကွယ်တာ ဆိုရင်တော့ ..... တပည့်တော်ကို ဒီပန်းကန်စွန့် ပါဘုရား ဆိုတော့  .......။ ဦးဇင်းတွေကြောင်နေတယ်....။ ဘာပြောရမှန်းမသိကိုဖြစ်လို့ .... ။ ကျမကပဲ ဆက်ပြီး ကိုယ်တော်တို့ လူပုံအလယ်မှာဘုန်းပေးရဲပေမဲ့ တပည့်တော်တို့ကမကြည့်ရဲလို့ ပါ....ဘုရား....။
လက်မှာ ပတ်ထားတဲ့ နာရီကိုလက်နဲ့ ထိုးပြပြီး ညနေစောင်း ဘုရားဝတ်တက်ချိန်ပါဘုရာ့ .....။ အရှင်ဘုရားတို့  ဘုရားရှေ့ မှာရှိနေရမဲ့ အချိန်လေ........။ ကျောင်းမှာနေတဲ့ ဆရာတော်ကြီးတွေ မသိဘူးလစ်ပြီး မထင်နဲ့ တစ်ဆိုင်လုံး..... ဒီရင်ပြင်တော်တစ်ခုလုံး..... ဘုရားဖူးဘို့ လာတဲ့  ဗုဒ္ဓဘာသာဝင်တွေချည်းပါပဲဆိုတော့.......။ မျက်နှာတွေနီပြီး အရမ်းရှက်နေကြတယ်......။ တစ်ဆိုင်လုံးကလည်း ၀ိုင်းကြည့် နေကြတယ်......။ တပည့်တော် အရှင်ဘုရားတို့ ကိုအရှက်ရအောင် လုပ်တယ်မထင်ပါနဲ့ ...... ကိုယ်တော်တို့ ကသာ တပည့်တော်တို့  ဗုဒ္ဓဘာသာတွေအားလုံး အရှက်ရအောင် ဆရာတော်ကြီးတွေ မမြင်ကွယ်ရာမှာ သာသနာကိုစော်ကားနေတာ ကိုယ်တော်တို့ သိစေချင်တာ စေတနာနဲ့ ပါ......။ ဆိုပြီး ဒီပန်းကန်စွန့် မယ် မဟုတ်လားဆိုတော့ .... ခေါင်းငြိမ့်ပြတယ်..... ။ ကျမ၀တ္တျငွေကပ်တယ်......။ မြေကြီးပေါ်မှာပဲထိုင်ပြီး ဦးချခဲ့ တာ လ္ဘက်သုတ်ပန်းကန်လဲ ယူလာခဲ့ တယ် ....။ ဦးဇင်းသုံးပါးလဲ ဆိုင်ထဲကနေ ပြေးတာပေါ့ .....။ မလတ်က ကိုယ်တော်တို့ နောက်တစ်ဆိုင် မပြောင်းထိုင်နဲ့ နော်.....။ တပည့်တော်တို့ လျှောက်သွားနေမှာ အ၀ါရောင်တောက်တောက်လေး ဆင်တူသုံးယောက် အသေမှတ်ထားတယ်နော်လို့ ...လှမ်းအော်တော့ တစ်ဆိုင်လုံး တစ်ဝါးဝါးရီကြတယ်။ ကျမက ဆိုင်ရှင်အန်တီကို ... အန်တီကလဲ ဘယ်လောက်ရရ မရောင်းပါနဲ့ လ္ဘက်ဖက်သုတ်တစ်ပွဲက သာသနာကိုညှိုး နွမ်းအောင် လောင်းတဲ့ အဆိပ်ရည်တစ်ခွက် ဖြစ်လာနိုင်တယ်ဆိုတော့.... လူကြီးရှက်တော့ ရယ်တယ်.....။ ဂေါပကတောင် မနိုင်တာရန်ကုန်သူ ငါ့သမီးလေးကျတော့......ပြေးတာ တန်းနေတာပဲ တဲ့  .....။ ကျမ ပြောချင်တာ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာပါလို့ ခံယူထားတယ်.....။ ကိုးကွယ်နေတယ်ဆိုရင် သာသနာ ကို ညှိုးနွမ်းစေမဲ့ အရာအားလုံးကို တားဆီးဖို့ တာဝန်... ဗုဒ္ဓဘာသာတိုင်းရဲ့ သမိုင်းပေးတာဝန်ပဲ......။ ဒါ သာသနာကို မီးလောင်စေမဲ့ အမှိုက်တစ်စပါပဲ.......။ အမှိုက်မှန်းသိနေတဲ့ နောက်တော့ ဖယ်ကိုဖယ်ခဲ့ ရမှာပါ......။ အဲဒီလို လုပ်ရပ်မျိုးကိုတွေ့နေလျက်နဲ့ မျက်နှာလွှဲပြီး အဝေးရောက်မှခဲ နဲ့ ပစ်မယ်ဆိုရင် .... လိုရင်း မရောက်သလို မဆိုင်သူတွေ ထိတတ်ပါတယ်.....။ ဆရာတော်ကြီးတွေဆိုတာ ကျောင်းမှာထိုင်နေတာ သူ့ တို့ တပည့်တွေ အပြင်မှာ သောင်းကျန်းမယ်ဆိုတာ ဘယ်လိုမှ မသိနိုင်ပါဘူး..... ။
ဘယ်နေရာတွေ့ တွေ့  ကျောင်းလိပ်စာမေးပြီး ကျောင်း ထိုင်ဆရာတော်ကြီးတွေသိအောင် လျှောက်သင့်ပါတယ်.....။ တွေ့ သမျှမြင်သမျှ ဓါတ်ပုံရိုက် သတင်းရေးမယ်ဆိုရင်......။ ဒီနေ့ အထိသာသနာဆိုတာ ကို ပင်ပမ်းဆင်းရဲခံ သယ်ဆောင်ပေးနေတဲ့  ဆရာတော်ကြီးတွေကို မျက်နှာပူစရာ အားနာစရာကောင်းလှပါတယ်.....။ မလိုလားအပ်တဲ့ ပြသနာ တွေလဲ ကြီးထွားစေနိုင်သလို ဘာသာပေါင်းစုံအလည်မှာ သာသနာကို ညှိုးနွမ်းစေမှာပါပဲ.....။
ဒီလိုမြင်လို့ ဝိုင်းလက်ညှိုးထိုးမယ်..... အပြစ်တင်ကဲ့ ရဲ့နေမယ့်အစား သာသနာကို အဓွန့် ရှည်ဘို့  ဗုဒ္ဒဘာသာတစ်ယောက်အနေနဲ့  ငါဘာလုပ်ပြီးပြီလဲ.........။
တစ်သက်မှာတစ်ကြိမ် ဘုန်းကြီးဝတ်လို့တော့.... သာသနာကြီးအဓွန့်  မရှည်နိုင်သလို...... နိုင်ငံအနှံ့ဘုရားတွေလျှောက်တည်နေလို့ သာသနာကိုအဓွန့် ရှည်စေမှာ မဟုတ်ပါဘူး......။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဆုံးမစကားတွေကို နားလည်တတ်မှ......မြတ်စွာဘုရားဟောကြားခဲ့ပြီး သံဃာတော်တွေ လက်ဆင့်ကမ်း မှတ်တမ်းတင်ခဲ့တဲ့ တရားစာတွေကို ကိုယ်တိုင် ဖတ်ရှုနားလည်ကျင့်သုံးတတ်မှ..... သာသနာရှင်သန်နေမှာပါ......။ ထိုတွေကို အမြင့်မြတ်ဆုံး ဘုရားသားတော်လို့ ခေါ်ပါတယ်....။ မြင့်သောမြတ်သော နေရာမှာ ထားပေးရပါမယ်...။ လုပ်ရပ်ကို အပြစ်ပြောစရာ မြင်ရင်တောင်မှ ၀တ်ထားတဲ့ သင်္ကန်းကိုရိုသေရမယ်လို့ ကျမတို့ စိတ်ထဲမှာစွဲနေအောင် မိဘဘိုးဘွားများက ဆုံးမခဲ့ ပါတယ် .....။
ဘုန်းကြီးတွေ့ ရင်လက်အုပ်ချီ နေရာပေးဖို့ဝေးလို့ ....တွန်းတိုက်နေကြတဲ့  ဒီခောတ်ကြီးထဲမှာ ဘုန်းကြီးတွေရွာပြင်ထုတ်တယ်.....။ ဒီလောက်များတဲ့ ကျောင်းတွေ ကိုယ်တော်တွေကို ဒီပတ်ဝန်းကျင်က ဆွမ်းပြသနာ ဖြေရှင်းနိုင်မနိုင် စဉ်းစားရမှာပါပဲ.....။
ပတ်ဝန်းကျင်ကလဲ ဘုန်းကြီးတောင် ဆွမ်းခံပြန်ကျွေးရမယ့် ပတ်ဝန်းကျင်မျိုးဆိုတော့ ဘုန်းကြီးတွေ မြို့ ထဲ ထွက် ဆွမ်းခံရတော့တာပဲ....။ကားသမားက ကားခမရလို့ မတင်ချင်....။ စောင်းမြောင်းပြော....။ မာတုဂါမတွေနဲ့  တိုးကြိတ်စီးနေရတဲ့ ဆွမ်းခံကိုယ်တော်တွေ တွေ့ ရတာ စိတ်ချမ်းသာပါရဲ့ လားရှင်.....။
စာသင်သားတစ်ယောက်ရဲ့ ကုန်ကျစရိတ် စာသင်သား မဟုတ်တဲ့  ဆရာတော်ကြီးတွေအတွက်....။ ဆွမ်း၊ ဆေး၊ သင်္ကန်း၊ ကျောင်း အပြည့်အ၀ ရှိနေပါရက်နဲ့ တော့ သင်္ကန်းတစ်ဖါးဖါး မြို့ပတ်နေမယ် မထင်ဘူးရှင်....။်ဘုန်းကြီးတွေ အင်တာနက်မသုံးရလို့ အမိန့် ထုတ်နေမဲ့ အစား တိုးတက်လာတဲ့ နည်းပညာတွေအရ ပြည်ပထွက် သာသနာပြုနေတဲ့ ဆရာတော်ကြီးတွေ အင်တာနက်မသုံးလို့ ဘယ်လိုလုပ်မတုန်း ရှင်.....။ ဘုန်းကြီးတွေ သုံးသင့်တဲ့ နေရာ စာသင်တိုက်တွေမှာ သီးသန့် ပန့် ပိုးပေးသင့်တယ်လို့ ကျမထင်တာပါပဲ...။ ကျမတို့ ဘာသာဝင်တွေ သာသနာကိုအဓွန့် ရှည်စေချင်တယ်...။ အညှိုးနွမ်း အထိအပါး လုံးဝမခံနိုင်ဘူးဆိုရင်တော့ဖြင့် ငါတို့ တောင် တစ်ပတ်ဆယ်ရက် သင်္ကန်းဝတ်ရတာ ပိန်လိန်ပြီးလူထွက်ရမဲ့ ရက်ကို မျှော်နေခဲ့ တဲ့ ရက်တွေကိုပြန်တွေးရင်း သာသာနာကို သယ်ဆောင်ပေးနေတဲ့ ရဟန်းစစ် ရဟန်းမှန်တွေအတွက် ဗုဒ္ဓဘာသာလို့ ဝန်ခံတဲ့သူတွေအားလုံး လက်တွဲလို့ ဘုန်းကြီးထိ ဓါးကြည့် လို့ ခံယူသင့်ပါတယ်ရှင်......။ အဲလိုမှ မဟုတ်ရင်တော့ နောင်လာမဲ့ မျိုးဆက်တွေအားလုံး..... မြတ်စွာဘုရား ရုပ်ပွားတော်တွေရှေ့ ရောက်ရင် ဟစ်ဟော့ သီချင်းဆိုပြီး ပူဇော်တဲ့ ခောတ်ရောက်လာမှာ ကျမတော့မြင်ယောင်မိပါတယ်ရှင်....။ ရန်ဖြစ်ဘို့ မဟုတ် လက်တွဲပြီးဖြေရှင်းဘို့ ကိုသာ မျှော်လင့်ပါတယ်...။ ကြိုးစားစေချင်ပါတယ်ရှင်....။
စာဖတ်သူအားလုံးကိုအစဉ်လေးစားလျက်


မမ

မှတ်ချက်။....။ဦးကျော်သူကိုအားကျလို့ ပရဟိတ လုပ်ငန်းအဖြစ် မြောက်ဒဂုံဘုန်းကြီးကွေ့ ဆိုတဲ့ နေရာလေးမှ မနက်ဆွမ်းခံကြွ ကိုယ်တော်တွေအတွက် ဖယ်ရီသဘောမျိုး စီစဉ်ပေးချင်လို့ ကျမတို့နီးစပ်ရာတွေ ကြိုးစားနေကြပါတယ် လို့ အသိပေးအပ်ပါတယ်.....။

ဓါတ်ပုံကို ဒီနေရာမှ ယူပါတယ်..။ကျေးဇူးတင်လျက်..။

Labels:


Posted by mama :: 12:44 PM :: 12 Comments:

Post / Read Comments

---------------oOo---------------

Wednesday, February 4, 2009

စီဗီ




ကျမတို့ ငယ်ငယ်ကလေ သူငယ်ချင်း ယောက်ျားလေး အိမ်လာမှာ အရမ်းကြောက်တာ...။ သူငယ်ချင်း
ဆိုတာမျိုးကလဲ အကြောင်းမရှိ အကြောင်းရှာပြီး အိမ်လာချင်တဲ့ အမျိုး....။ အဲ.... ကျမတို့ ကြောက်တာ မိဘတွေကို မဟုတ်ဘူးနော်.....။ ညီအမတွေနဲ့  အစ်ကိုဝမ်းကွဲတွေကို ပြောတာ....။ နည်းမျိုးစုံ သုံးပြီးတော့ကိုကြပ်တာ.....။ တစ်နေ့ ပေါ့ ကျမ သူငယ်ချင်း ကောင်လေးတစ်ယောက် ကျူရှင်အဆင်း အိမ် ကို ၀င်လည်တယ်....။ မမရှိလားဆိုတော့ မလတ်နဲ့ တွေ့ တယ်......။ ရှိတယ်ပေါ့ ....။ အဲဒီအချိန်မှာ ကျမက စာအုပ်တစ်အုပ်ကို သဲကြီး မဲကြီး အခန်းထဲမှာ ဖတ်နေတာ..... ။ သူမလာခင်လေးတင် မလတ်က သူ့ သူငယ်ချင်းအိမ် လိုက်ဘို့ ခေါ်တာ ကျမက မလိုက်ချင်ဘူး ငြင်းထားတာ ....။ မလတ်က ကောင်လေးကို ထိုင်ခိုင်းထားတယ်....။ မယောင်မလည်နဲ စာဖတ်နေတဲ့ ကျမအနား သူမယောင်မလည်ဝင်လာတယ်....။ ပြီးတော့ ပြန်ထွက်သွားတယ်.....။ နောက်နေ့ ကျမသူငယ်ချင်း ကောင်လေး နဲ့ တွေ့ တော့ .... သူက နင်တို့  အိမ်လာသမျှ ဧည့်သည်ကို ကိုယ်ရေးရာဇ၀င် ဖြည့်ခိုင်းတာ ဘာကြောင့်လဲတဲ့ ....။ ကျမက နားမလည်ဘူး......။ ရှင်တို့ စဉ်းစားကြည့် မလတ်နဲ့ မငယ် နှစ်ယောက်ပေါင်းပြီး ကြပ်လွှတ်တာ....။ ကျမသူငယ်ချင်းကောင်လေး ထိုင်နေတုန်း သူ့ အရွယ် ကောင်လေးတစ်ယောက်လာသတဲ့ .....မငယ်နဲ့ တွေ့ ချင်လို့ ပါဆိုပြီး ...။ ဘာကိစ္စလဲလို့ မလတ်ကမေးတော့ မငယ်နဲ့ တွေ့ ချင်လို့ လို့ဖြေတယ်တဲ့ ....။ ဘာကိစ္စလဲဆိုတော့ ကျူရှင်ကိစ္စလို့ ဖြေသတဲ့ ......။ ပြီးတော့ စီဗီ ဖေါင်ဖြည့်ခိုင်းသတဲ့ ......။ အဲဒီကောင်လေးက ကျနော်တို့ အုပ်စုက ဒီအိမ်သွားရင် စီဗီဖြည့်ပြီးမှ တွေ့  ရတယ်ဆိုတာ နောက်တယ်ထင်တာ တစ်ကယ်ဖြစ်နေတယ်.........ဟီး....။ ဆိုပြီးဖြည့်သတဲ့  အားတော့နာတယ်ရှင် ဆိုပြီး ကျမသူငယ်ချင်းကိုလဲဖြည့်ခိုင်းသတဲ့ .........။ ကျမ သူငယ်ချင်းကလဲ ဟိုတစ်ယောက်တောင် ဖြည့်နေတာပဲဆိုပြီး လိုက်ဖြည့်တယ်တဲ့ .....။ ဟိုတစ်ယောက် အရင်ပြီးသွားတော့ မလတ်က ဓါတ်ပုံမပါဘူးလားလို့ ရစ်တယ်တဲ့ ......။ နောက်ရောက်လာတဲ့ တစ်ယောက်က ဓါတ်ပုံတော့မပါဘူးဆိုပြီး ..... ဟိုရှာဒီရှာနဲ့ မှတ်ပုံတင်မိတ္တူ ထုတ်ပေးသတဲ့ သူဖြည့်ထားတာနဲ့ တိုက်ကြည့်တယ်တဲ့.......။ ပြီးတော့စာရွက်တွေယူပြီးဝင် သွားတယ် ခဏကြာတော့ မငယ်ထွက်လာပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ကျူရှင်ကိစ္စ စကားပြောနေကြသတဲ့ .......။ ကျမသူငယ်ချင်း က ရီလဲရီချင် သူဖြည့်ပြီးပေးတော့ မလတ်က သေချာကြည့်သတဲ့ ......။ သူက အရပ်မဖြည့်ထားလို့  ၅ပေ၁၀လက္မလို့ ထပ်ဖြည့်ခိုင်းလို့ ဖြည့် ရသေးသတဲ့ ....။ အရင် ကောင်လေးက ၅ပေ၈လက္မလို့ ဖြည့်ထားလို့ မယုံဘူးဆိုပြီး အဲဒီကောင်လေးနဲ့  မတ်တပ်ရပ်ပြီး အရပ်တိုင်းခိုင်းတယ်တဲ့ ။ သူ့ ဓါတ်ပုံ မပါတာကိုလဲ ရစ်သတဲ့  ....။ ပြီးတော့ စာရွတ်ကိုင်ပြီးဝင်သွားတာ ဟိုကောင်လေးတောင် သူ့ကိုနှုတ်ဆက်ပြီး ပြန်သွားပြီတဲ့  ....။ ခဏကြာတော့မငယ်ဝင်လိုက်သွားပြီး ပြန်ထွက်လာတယ်တဲ့ .....။ ကော်ဖီတော့တိုက်သတဲ့.......။ မလတ်က အားနာလို့ ဓါတ်ပုံမပါလို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိလို့ အမေကတွေ့ ခွင့်မပြုဘူးလို့  ပြောသတဲ့....... ဆိုပြီး ရွှန်းရွှန်းဝေအောင် မငယ်ကတောင်းပန်သတဲ့ .......။ ခြံဝအထိလဲ လိုက်ပို့ တယ်တဲ့  ......။ ကျမအမေက အရမ်းရစ်တာ......။ ကျမအဒေါ်တွေက အရမ်းအပေါက်ဆိုးတာ.....။ ကျမတို့ ကိုတစ်မျိုးမထင်ပါနဲ့ ...။ ကျမတို့ အိမ်ရဲ့စည်းကမ်းဖြစ်နေလိုပါ...ဆိုပြီး......... ခြံဝအထိ တတွတ်တွတ် လိုက်တောင်းပန်လို့  ..... သူတောင်အားနာရသတဲ့ ...... ဒီအနားမှာ ၁၅မိနစ်အမြန် ပုလဲကွန်ဒိုမှာသွားရိုက်ဖို့ အကြံပေးသတဲ့ ရှင် .....။ ဓါတ်ပုံလေးပါတော့ ရှင်မမမနဲ့ တွေ့ ခွင့်ရမှာပါ....။ မမလဲရှက်လို့ အခန်းထဲမှာငိုနေတယ်လို့......။ သနားစဖွယ်ပြောသတဲ့ .....။ ရှင်တို့ တော့မသိ နားထောင်နေတဲ့ ကျမတို့  အုပ်စု...... ငတုံးဆိုပြီး သူ့ကိုတဖုန်းဖုန်းထုပြီး ရီကြတာ......။ သူကကြောင်တောင်တောင်နဲ့ ဟို မငယ်သူငယ်ချင်း ကောင်လေးလဲ.... ဖြည့်တယ်လေတဲ့ ....... ကျမတို့ ရီလိုက်ကြတာလေ....။ သူပြောထဲက ကျမ၀မ်းကွဲအကိုဆိုတာ ကျမသိနေပြီလေ....။ အဲဒါ ငါ့အကိုဝမ်းကွဲလဒရဲ့ ဆိုတော့ ....။ ဟာ....... နင့်အမတွေ အဲလို..... ဆိုပြီး ခုံကိုထုထုပြီးရီတာများ မထင်ရဘူးဟာ....... လုံးဝမထင်ရဘူးတဲ့  .....။ ငါလာမှာ မသိပဲဘယ်လို ဇာတ်တိုက်ထားသလဲတဲ့.....။ နင့်အမတွေ တစ်ချက်တောင်မရီဘူး ။ ငါပဲ အသေရီချင်နေတာ တဲ့.... စိတ်ထဲကတော့ ဂေါက်မိသားစုလို့ ....... သူတွေးမိတယ်တဲ့ .....။ သူဒါပဲပြောနိုင်တော့တယ်..... ။ သူ့ အဖြစ်ကို...... ရှင်တို့ ပဲ စဉ်းစားရင်း ရီကြပါတော့...... ရေးရင်းပြန်တွေးရင်း ကျမလဲရီနေပြီ...။ ဟားဟားဟား...... အိမ်ရောက်တော့ မလတ်ကိုမေးတော့ မရီပဲနေပါ့မလားဟ.... ငါအခန်းထဲမှာ အသေရီတာ နောက်ဆုံးဘယ်လိုမှသူ့ ကို ထွက်မပြောနိုင်လို့ မငယ်ကိုလွှတ်တာတဲ့ .....။ ငါသာဆက်ကြပ်ရရင် သူဓါတ်ပုံရိုက်ပြီး ပြန်လာတဲ့အထိ ကြပ်မှာတဲ့ ......။ ကဲ..... ကြုံဘူးပါရဲ့ လား.... ကျမတို့ ညီအမ..... အဲဒီနေ့ ကစလို့... ကျမ သူငယ်ချင်းကောင်လေးကို စီဗီလို့ ပြောင်းခေါ်ကြတယ်။



မမ

Labels:


Posted by မမ :: 7:14 AM :: 7 Comments:

Post / Read Comments

---------------oOo---------------

Tuesday, February 3, 2009

မြန်မာဆိုတာ.........

မြန်မာဆိုတာ ကျမရင်ထဲမှာ မြန်မာပြည်မှာ မွေးဖွားတဲ့ သူအားလုံးမြန်မာပါပဲ......။ ကျမပြောချင်တာက မူစလင်ရဲ့ ရှေ့ မှာ မြန်မာဆိုတာပါပြီးသားပါ ။လူမျိုးမြန်မာ ဘာသာမူစလင် ကျမပြောချင်တာ ကိုယ့်ဘာသာ ကိုတန်ဘိုးထားဘို့ ပါ ။ ကျမတို့ မြန်မာလူမျိုးတွေ အမြင်ကျယ်သင့်နေပါပြီ ။ဗုဒ္ဒဘာသာ မြန်မာလူမျိုးက ကိုယ့် ဘာသာ ကိုယ် တန်ဘိုးထား မပျောက်ပျက်ဘို့ တာဝန်ရှိသလို ဘာသာတိုင်းမှာ တာဝန်ရှိပါတယ် ။ ကျမဆိုလိုချင်တာ မူစလင်ကလဲ ကိုယ့်ဗလီ လာထိရင် ကာကွယ်ရမှာပါပဲ ။ ရွှေတိဂုံဘုရားဆိုတာ မြန်မာတွေရဲ့  အမွေအနှစ်ပါပဲ စီးပွားရေးသမားဆိုတာ မြန်မာထဲမှာလဲရှိတယ် ။ မူစလင် တရုတ် အကုန်ရှိပါတယ် ။ သူ့ စီးပွားရေး သူလုပ်မှာပါပဲ ။ စီးပွားရေးသမားရဲ့ လက်ထဲကို မထည့်သင့်သော စီးပွား မလုပ်သင့်သောအရာလို့ ကျမပြောချင်ခဲ့ တာပါ ။ မြန်မာဆိုတာ မြန်မာပြည်ကို ကာကွယ်ဘို့ မြန်မာပြည်မှာမွေး မြန်မာ့ရေသောက် မြန်မာ့မြေကိုနင်းခဲ့ တဲ့ သူတိုင်းမှာ တာဝန်ရှိပါတယ်။ ကုလားလို့ ရေးမိတဲ့ကျမ အနူးအညွတ့် တောင်းပန်အပ်ပါတယ်ရှင့်..။

မြန်မာအားလုံးကိုလေးစားလျှက်

မမ

Labels:


Posted by မမ :: 6:45 PM :: 21 Comments:

Post / Read Comments

---------------oOo---------------
မြန်မာပြည်ကိုချစ်သောမြန်မာတွေရဲ့ ချစ်ဒုက္ခ


မည်သူ့ကိုမှ မရည်ရွယ်ပါ တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်ပါ လွန်တာရှိရင် ၀န္ဓာမိပါ...(:P)







နိုဝင်ဘာလကို ရောက်ပြီဆိုရင်ဖြင့် ပြည်ပမှာ အလုပ်လုပ်တဲ့ သူတွေ ကျောင်းလာတက်တဲ့ သူတွေ ရွစိရွစိ ဖြစ်ကြပြီ...။
ပြည်တော်ပြန်ဘို့ အတွက်ပေါ့ .... ။ လွမ်းလှပြီလေ.... ။ အမေ့အိမ်... သူငယ်ချင်းတွေနဲ့ .... မွေးရပ်မြေကိုပေါ့ ။ ပြန်မည့်သူကလဲ မပြန်ခင် တစ်ပတ်လောက် အလိုကတည်းက ရန်ကုန်ရောက်ရင် ဘယ်ကိုအရင်သွားမှာ ပြီးရင် ဘာတွေစားမှာဆိုတော့ ...။ မပြန်ဘူးဆုံးဖြတ်ထားတဲ့ လူတွေက လှုပ်လှုပ်ရွရွဖြစ်ကုန်ရော.........။ ဘာဖြစ်လဲတစ်နှစ်လုံးရှာထားတာ နားနားနေနေ ပြန်ချင်ရင်ပြန်ကြပေါ့ ... ဆိုပြီးတော့ နိုင်ငံကူးတဲ့ စာအုပ်လေးတွေ ထုတ်လာကြတယ်..... တွက်ကြချက်ကြတော့တယ်......။ နင်က ၁နှစ်စာ ငါက၂နှစ်စာ သုံးနှစ်စာ ပြီးရင် မဲ့တဲ့တဲ့ မျက်နှာလေးတွေနဲ့ စာအုပ်လေးတွေပြန်သိမ်းပြီး အလုပ်လုပ်တာပဲကောင်းပါတယ် ဖြစ်သွားရော.............။ ပြန်ချင်တယ် ... မဖြစ်မနေပြန်ဘို့ ကိစ္စရှိတဲ့ သူငယ်ချင်းမလေး သုံးယောက် မနေ့ က အိမ်ကနေ အခွန်ဆောင်ဘို့  ရှိသမျှ စုစပ် ချေးငှါးရတော့တယ် ...။ တစ်ယောက်က တစ်နှစ်ခွဲ ။ နောက်တစ်ယောက်က၂နှစ်ခွဲ...။ နောက်တစ်ယောက်က စာအုပ်ပါ သက်တမ်းတိုးရမှာ သုံး နှစ်စာ သုံးယောက်စလုံး ပီအာတွေဖြစ်နေပြီလေ...။ တစ်ယောက်က မာစတာပြီးလို့ အကြွေးနဲ့ နပမ်းလုံးနေတဲ့ ပီအာ ။
နောက်တစ်ယောက်ကအလုပ်လျော့တဲ့ အထဲ ပါထားတဲ့ ပီအာ ...။ နောက်တစ်ယောက်က တစ်လကိုစင်္ကာပူ- ၁၅၀၀ လောက်နဲ့ ဒီမှာ၂နှစ်လောက် သေအောင်လုပ်ပြီး ကျောင်းစရိတ်တောင်မကြေသေးတဲ့ ပီအာ...။ သူတို့ ရဲ့ တွက်ချက်နေတာကိုကြည့်ပြီး တစ်ကယ်ပါ ကျမတောင်ထိုင်ငိုသွားချင်ရဲ့  မိဘကိုလဲ ပေးချင်တယ်...။ သူငယ်ချင်းတွေ ကိုလဲ လက်ဆောင်ပေးချင်တယ်....။ ရန်ကုန်ရောက်ရင်လဲ လှူချင်တယ်....။
၂၀၀၉ မှာ သတ်မှတ်လိုက်တာ ပီအာကစကာင်္ပူ ဒေါ်လာ ၁၂၀ ဆောင်ရမတဲ့  တစ်နှစ်ခွဲသမားက ၂၁၆၀ - ဆောင်ရမယ်...။ ၂- နှစ်သမားက - ၂၄၀၀- ဆောင်ရမယ်....။ သုံးနှစ်သမားက၃၆၀၀ နဲ့ စာအုပ်သက်တမ်းတိုး ၃၀၀ ပေါင်း ၃၉၀၀ ဆောင်ရမယ်....။ စုစုပေါင်းသူတို့  သုံးယောက်ထဲ ရှစ်ထောင်လေးရာ ရှိနေပြီ
မော်လမြိုင်သူကစပြီး တစ်ဟီးဟီးငိုတယ်....။ တစ်နှစ်လုံး သေအောင်ရှာတာတောင် တစ်ခါမှ အဲလောက် ဒေါ်လာအများကြီး မကိုင်ဘူးခဲ့ဘူး.....။ ဟိုတစ်လောက ပိုက်ဆံအိတ်တွေ ဈေးချတာတောင် မ၀ယ်နိုင်ခဲ့ ဘူး ဒီပိုက်ဆံတွေ ကျမမိဘတွေကို မကန်တော့ရပဲ သူများကို သွားအောက်ကျခံပေးရတော့မယ် အမေရဲ့ .....။ ဆိုတော့ ကျန်နှစ်ယောက်ကလဲ မျက်ရည်လေးစမ်းစမ်း ကျမက စိတ်ထဲလဲ မကောင်း....။
နောက်ဆိုလတိုင်း ပုံမှန်ဆောင် သွား နဲနဲခြင်းဆိုတော့ သိပ်မခံစားရဘူးပေါ့ ဆိုတော့ အမတစ်လ ၁၅၀၀ရတယ်... ။ အိုတီနဲ့ ဆို ၁၈၀၀၊၂၀၀၀ ရတယ် .....။ အိမ်လခက ၃၅၀ ၊ ရထားခက ၁၅၀၊ စားစရိတ်က ၂၀၀ လောက်ရှိတယ် ။ ပိတ်ရက် ၁ ရက်ကို ၅၀ နှုံးနဲ့ သုံးပိတ်ရက်က တစ်လလေးရက်ဆိုတော့၂၀၀ထား ။ တယ်လီဖုန်းဘိုး မီတာခက၂၀၀ ၀န်းကျင် ဘာမှအပိုဝယ် တာမရှိသေးဘူးလေ ၁၁၀၀ ရှိနေပြီ ။ တစ်ခါတစ်လေ သုံးဖို့  လက်ထဲ ၃၀၀ လောက်ချန်ထား ...။ ၆၀၀က ကျမမိဘတွေ ကျောင်းထားပေးလို့ ဒီအလုပ်ကို
ရတာလေမမရဲ့ ..။ သူတို့ ကို မျက်နှာပူပူနဲ့ မြန်မာငွေသုံးသိန်းလောက် မရောက်ရောက်အောင် ပို့ ခဲ့ ရတာ ...။ အဲဒါ ကျမဘာအကြွးမှ ယူမထားဘူး နော် ရန်ကုန်မှာ ၀တ်ခဲ့ စားခဲ့ တာထက် အကုန်လျှော့နေခဲ့ တာပါ....ဟီး... ဟီး....
ဆိုတော့ ကျန်တစ်ယောက်က ပြီးရင်မနက်လေး နာရီ သံရုံးကိုအခွန်ဆောင်ဘို့ စာရင်းသွင်းပြီး တစ်နေကုန် သွားစောင့်ရဦးမယ်...။ တစ်နေ့ ကို လူပေါင်း ၁၃၀ပဲ လက်ခံတာလေမမရဲ့ ...။ ဘုရား.... ဘုရား..... လူပေါင်းက ၁၃၀နဲ့ သူတို့  သုံးယောက်တင် ရှစ်ထောင့်လေး ရာ ရှိနေပြီ...... ပြီးရင် ဖုန်တောသဲတောထဲမှာ ထိုင်စောင့်နေရမှာ ။
ဗုဒ္ဓေါ ဘယ်ကဖုန်တော သဲတောတုန်းဆိုတော့ အညာသူက အညာလေသံနဲ့  အမရယ် သံရုံးကကျဉ်း လူကအပြည့်ခုံတွေက ထိုင်နေရင်း ဘယ်တော့ ပြုတ်ကြမလဲ......။ လူတွေကို ပြုတ်ထားသလို ပူတာ... သောက်စရာရေသန့် ဗူးတွေက ဖုန်တွေတက်လို့ ပန်းအိုးကြီး အလှတင်ထားပါတယ် ....။ ဖုန်အလိမ်းလိမ်းနဲ့ တစ်ခါမှသန့် ရှင်းရေးလုပ်ဖို့  စိတ်ကူးမရှိဘူးလားမသိ....။ စာရွက်တွေတင်ထားတဲ့ စားပွဲကြီးရဲ့ အောက်မှာ ဒီဇိုင်းပညာရှင်တွေက အပြိုင်အဆိုင်အလုအယက် အိမ်တွေဆောက်လို့  စားပွဲအောက်မှာ ဘာအိမ်ဆောက်တာလဲဆို ကျမနားမရှင်းတော့ ပင့်ကူတွေ ပင့်ကူတွေမမရဲ့  ..... ပင့်ကူအိမ်တွေဆိုတာလေ မြင်လို့ ကို မကောင်းဘူး....။
ကျမပါးစပ်အဟောင်းသား.....။ အဲလောက်ပဲ ညစ်ပတ်သလားဟယ် .... လိုက်ခဲ့ မမ .... လိမ်တာတစ်ခုမှမပါဘူး ပြီးရင် အန်တီ၀၀ကြီးက အသားကုန်ဟောက်တာကို ပယ်ပယ်နယ်နယ်ခံရဦးမှာ....... တဲ့  ပြီးရင် မင်္ဂလာဆောင်ရှိလို့ ဆိုပြီးထွက်သွားလို့ ... ကျမသူငယ်ချင်းခမြာ ဘုရားစာတွေရွတ်ပြီး ပြန်လာပါစေ ပြန်လာ ပါစေ ဆုတောင်းရတာအမော...... ။ ကျမတို့က နောက်နေ့ ခွင့်ထပ်ယူရမှာလေတဲ့ .......
ပြီးရင် ပြောဦးမှာတဲ့  အန်တီတို့ က မှန်မှန်ကန်ကန်လုပ်နေတာတဲ့  ကလိန်ကကျစ် ဘာမှမလုပ်ဘူးတဲ့  ...... အင်းနော် လူတစ်ရာသုံးဆယ် တစ်နေ့ ကိုတစ်ယောက်ကို တစ်ထောင်နှုံးနဲ့ တွက် တစ်ထောင်ဆိုတာ မရှိသလောက်ရှားတာပါ......။ ထားပါ တစ်နေ့ သံရုံးဝင်ငွေစကာင်္ပူဒေါ်လာ တစ်သိန်းသုံးသောင်း ဘုရားဘုရား.......။
တစ်လ တစ်နှစ်ကျမတို့ ကို တစ်နှစ်စာရှင်းတမ်းလေး သံရုံးရှေ့ မှာကပ်ထားပေးပါ..... ပြောခဲ့ဟယ် .....လို့ ကျမက ။ အဲဒီ အထဲက သံရုံးမိသားစုတွေ အလှုလုပ်ရင် ဖြစ်ဖြစ် ကောင်းမှုကုသိုလ်တော့ ပါမှာပါ......။ ကျမတို့ သာဓုခေါ်ချင်လို့ ပါလို့  ပြောခဲ့ ကြဟယ် လို့ ... ကျမပြောတော့.... ထားဝယ်သူက ထားဝယ်လေသံနဲ့  မမပြသနာကို မီးခွက်ထွင်းခိုင်းနေပြန်ပြီ...... ကျမတို့ ကိုအော်ထည့်လိုက်လို့  အိမ်ကို ရထားမစီးရပဲပြန်ရောက်လာမယ်တဲ့ ..... ။
အဲဒီလောက် ပါဝါပြင်းတယ်ဆိုလဲ နင်တို့တွေ မြန် မာပြည်ဖက် လှည့်ရပ်ပြီး အော်ခိုင်းဟာ အခွန်မဆောင် လေယာဉ်လက်မှတ်ဖိုး မကုန်ပဲ ရောက်သွားမှာပေါ့ ဆိုတော့ ကျမကိုကြည့်ပြီး မျက်ရည်တွေနဲ့ ရီကြတယ်.......။
ရှင်တို့ ရော ကျမတို့ ရောသူတို့ နဲ့ ခံစားချက်ခြင်း တူပါရဲ့ လားရှင် ..... သူတို့ လိုငိုဖူးလား..... သူတို့ လိုရော တောက် ခေါက်ဖူးလား....... မညာနဲ့ နော် ။

မမ

Labels:


Posted by မမ :: 8:39 AM :: 14 Comments:

Post / Read Comments

---------------oOo---------------

Monday, February 2, 2009

မမတို့ ညီအမ နဲ့ ကထိန်



တစ်နေ့ ပေါ့ အိမ်မှာ ကထိန်သင်္ကန်းကပ်တယ်.... ဆရာတော်ကြီး တရားပေးတော့.. အမေတို့ က ရှေ့ က.... ကျမတို့ ညီအမက နောက်ကနေ တရားနာတယ်၊ ကျမတို့ က ဆွမ်းကပ်ကထဲက ဘုန်းဘုန်းတရားဟောရင် ကထိန်သင်္ကန်း အကျိုးတရား ဟောပေးပါနော်လို့ ကြိုပြောတတ်တာ ၊ ငယ်ငယ်ထဲက ကိုယ် ဘာလှူရင် ဘာရမလဲဆိုတာသိပ်သိချင်ခဲ့ တာ......
အဲလိုနဲ့ ဆရာတော်ကြီး တရားဟောရောဆိုပါတော့... အဲဒီ ကထိန်အကျိုးကျေးဇူးတွေထဲမှာ ကျမတို့ လုံးဝမသိတဲ့  အကြောင်းပါလာတယ်... အဲဒါကတော့..... ကထိန်ဆိုတဲ့ အထဲကနေ..... ရုတ်တရက် မိုးပေါ်ကကျလာတဲ့  ကထိန်ဆိုတာရှိသတဲ့  အတိအကျ..... ကျမ..မပြောတတ်လို့ပါ...... အနီးစပ်ဆုံး တူအောင်ပြောပါမယ်..... အမှားပါရင် ထောက်ပြနိုင်ပါတယ်ရှင့် ...။
ဘုန်းကြီးတွေမှာ..... ကထိန်မရတဲ့ ကျောင်းက သိပ်မျက်နှာငယ်သတဲ့ ...။ စုပေါင်းကထိန် လုပ်ကြရတယ်တဲ့ ကိုယ်တစ်ယောက်ထဲ လောဘကြီးပြီး...... တစ်ဦးထဲ ကထိန်မခင်းကောင်းဘူးတဲ့ လေ ။ မတည်ပြီး..လာလှူတဲ့ သူတွေဆီကလက်ခံ...... ဘုံကထိန်ဆိုပြီး ခင်းကြရတယ်တဲ့ ... ကျမစိတ်ဝင်စားတာ မိုးကျကထိန်ဆိုတာကိုပဲ အုန်းအုန်းကြွက်ကြွက် ကထိန်ရာသီမှာ... ကထိန်မရလို့ မျက်နှာငယ်နေတဲ့ ကျောင်း... ဘယ်နေရာမှာရှိနေမလဲ တရားနာရင်း ကျမစဉ်းစားနေတယ်...။
အဲလိုနဲ့ ညနေစောင်း ကျမရဲ့အမတွေကို စည်းရုံးတယ်..ဟားဟားဟား
ကျမက စည်းရုံးရေးသိပ်တော်တာရှင့်..... လိုအပ်ရင်ပြောကြ..... အမတွေကလဲ စိတ်ဝင်စားတယ် ခက်တာက မြို့ထဲမှာ ဘုန်းကြီးကျောင်းတွေက မရှိတော့ဘူး ။ အထင်ကရ ကျောင်းတွေလောက်ပဲ ရှိတော့တာလေ ဘုန်းကြီးကျောင်းတွေ ဘယ်ရောက်ကုန်မှန်းမသိဘူး....... ဆရာတော်ကြီး ဖုန်းဆက်ပြီး လျှောက်တော့မှဘုန်းကြီးတွေရွာ ပြင်ရောက်နေတာ သိရတော့တယ်...
အကုန် မြောက်ဒဂုံမှာ ၄၀x၆၀ အကွက် ရိုက်ပြီးပေးထားတာတဲ့ ချမ်းသာတဲ့ ဒကာရှိတဲ ဘုန်းကြီးတွေက မြေကွက်တွေပေါင်းဝယ်ပြီး... တိုက်ကျောင်းဆောက်ကြတယ်... ဆင်းရဲတဲ့ ကျောင်းတွေကတစ်ချို့ မိုးမရှိအကာမရှိ ၄၀x၆၀ ဆိုတော့ အိမ်တွေလိုပဲ ဘုန်းကြီးရွာပေါ့  ။ ဆင်းရဲတဲ့ ကျောင်းတွေများတယ် ၊ ဘုရားစူး ဘုန်းကြီးကျောင်းလို့ ပြောလို့ ရတယ် ပတ်ချာလည်မှာလဲ လူနေအိမ်တွေကရှိသေးတယ် ။
ကျမ အမတွေနဲ့  ဆင်းရဲတဲ့ ကထိန်မရတဲ့ ကျောင်းလိုက်ရှာတာလေ ။ ဆရာတော်ကြီး ညွှန်တဲ့အတိုင်း မြောက်ဒဂုံ ၃၈ ကားကြီးဂိတ်ဆုံး.... ဘယ်ဖက်ချိုးဝင်လိုက်ရင် လမ်းသွယ်တွေနဲ့ ဘုန်းကြီးကျောင်းတွေချည်းပဲ.... ချမ်းသာတဲ့ကျောင်း အနည်းအကျဉ်းကလွဲလို့ ...... ဆင်းရဲတဲ့ ကျောင်းချည်းပဲ......
ကျမတို့ ရွေးလိုက်တာ ထိုင်စရာတောင် နေရာမရှိတဲ့ ကျောင်း ၊ ဘုန်းကြီးအိုအိုကြီး ၊ နောက်တရားပေးမှ အသံဖမ်းမိတာ ရခိုင်ကျောင်း ၊ ပညာ့ စိတ္တ လို့ မှတ်မိတာပဲ ။
ကျောင်းက ကျမတို့ အုပ်စုတက်တာနဲ့ ပြိုကျတော့မဲ့ ပုံ တစ်ရပ်ကွက်လုံးက ဘုန်းကြီးကျောင်းတွေကြီးပဲ ဘေးကပ်ရက်ကျောင်းက ဘုန်းကြီးသူဌေးပေါ့ အုတ် တံတိုင်း အမြင့်ကြီးကာထားတယ် ။ ကိုယ်ပိုင်ကားတွေ ၀င်လိုက်ထွက်လိုက် မနက်ကထိန်အတွက် ချက်ပြုတ်နေတာ တဲ့  ဒကာ၊ဒကာမတွေနဲ့ စည်ကားလို့ အနားက ကျောင်းကတော့ ကထိန်ခင်းဘို့ ဝေးလို့ တိတ်ဆိတ်ချောက်သွေ့ လို့  အားလုံးလဲ သဘောတူပြီဆိုတော့ ဘုန်းကြီးကို လျှောက်တယ်...။ တပည့် တော်တို့ ကထိန်ခင်းချင်တယ် ဘုရာ့ ပေါ့ ...။
ကျမ တို့ ညီအမလေးယောက်ကို ငေးကြည့်ရင်း ဘုန်းကြီးအိုအိုကြီးက ကျောင်းကတော့ မြင်တဲ့ အတိုင်းပဲ ဧည့်သည်ရော ဖိတ်မှာလားတဲ့ ဘုန်းဘုန်းခွင့်ပြုရင်တပည့်တော်တို့ စီစဉ်မယ်ဘုရား ဆိုတော့ ဘုန်းကြီးကျောင်း ကထိန်လာခင်းတာ ခွင့်မပြုစရာဘာရှိမှာတုန်း... ။ မသိတာရှိရင် ဦးဇင်းတစ်ပါးကို လက်ညိုးထိုးပြီးသူနဲ့  တိုင်ပင်လုပ်ကြတဲ့ ကျမတို့ ဘုန်းကြီးဆီက ပါမစ်ကျပြီဆိုတာနဲ့ တစ်ကျောင်းလုံးကို လှည့်ပတ်ကြည့်ပြီး မလတ်က လိုအပ်မယ် ထင်တာတွေ စာတစ်အုပ်နဲ့ မှတ်တယ်...။ မငယ်ကခုန ဦးဇင်းကြီးနဲ့  တိုင်ပင်တယ်....။ ကျောင်းက ဘုန်းကြီးစာရင်း ကောက်တယ်...။ ဘုန်းကြီးတွေရဲ့ 
ဧည့် သည်ဘယ်လောက် ဘယ်သူ့ ဖိတ်ချင်လဲပေါ့ ...။ နောက်ကထိန် သင်္ကန်းဘယ်နှစ်စုံလိုတယ်...။ အနီးအနားကျောင်း ထိုင်တွေကိုဖိတ်ဘို့ လာရင် ၀တ္တုငွေ ဘယ်လောက် ကန်တော့ရမယ်... ။ ကျမကချက်ဘို့  ပြုတ်ဘို့ နေရာရှာတယ်....။ ရှေ့ မှာ မြေကွက်လပ်က တော်တော်ကို ကျယ်တယ် ၄၀၊၆၀ မြေကွက်ပေါ်မှာ ကျောင်းကနောက်ဆုတ်ပြီး၂၀ - ပတ်လည်လောက် အရင် နေရာဟောင်းက ကျောင်းကိုဖျက်ယူလာပြီး ပြန်ဆောက်ထားတာလို့ မိန့် တယ် ။
အနားမှာ ကျူးကျော်သ ဘောမျိုး အိမ်လေးတွေအများကြီးပဲ ။ ကလေးတွေအများကြီးပဲ လာဝိုင်းကြည့်တယ်...။ လူကြီးတွေက မြို့ထဲအလုပ်ထွက် လုပ်နေရတဲ့ အချိန်ရယ် ကျန်တဲ့ လူတွေက ကျမတို့ ကို လေ့ လာတုန်း လွတ်နေတဲ့ မြေကွပ်လပ်မှာ အမှိုက်တွေအများ ကြီး ၀ိုင်းနေတဲ့ ကလေးတွေ အယောက်၂၀လောက်ကို ကျမ ခေါ်လိုက်တယ် ဒီကျောင်းမှာ မမအလှူလုပ်မယ်.. ။ မင်းတို့  ရောပါမလားဆိုတော့ ပြူးကြောင်ကြောင်နဲ့ ခေါင်းငြိမ့် ကြတယ်..။
မရဘူး.... ပါချင်တဲ့ သူ လက်ညှိုးထောင်ရမယ်ဆိုတော့ ကျမစိတ်ထင် သုံးနှစ်ကလေးတောင် ပါမလားပဲ...။ အကုန်လက်ညိုးထောင်တယ်....။ ဟုတ်ပြီမင်းတို့ အားလုံးကြွပ်ကြွပ်အိပ် တစ်လုံးစီ ယူလာရမယ်ဆိုတော့ ခလေးတွေ တစ်အုန်းအုန်းနဲ့ အနီးအနားမှာရှိတဲ့ ကြွပ်ကြွပ်အိပ်တွေ ပြေးကောက် ကြတယ်....။ ကဲ.... ဒီကျောင်းမှာရှိတဲ့ အမှိုက်တွေ အကုန်ကောက်ပြီး ကိုယ့် အိတ်ထဲကို ထည့်ထား.... မမပြန်လာရင်မုန့် ဝယ် လာမယ် ...။ ပြီးရင် ဒီကျောင်းမှာက တို့ တွေအတူတူ ကထိန်ခင်းကြမယ်ဆိုတော့ ကလေးတွေ ဟုတ်ကဲ့  ဆို အမှိုက်တွေ အလုအယက် ကောက်ကြတယ် ။
ကျမတို့ တွက်ချက်ပြီး ပြန်မယ် ။ လိုအပ်တာတွေ ပြန်သယ်မယ်ပေါ့ ...။ တောင်မြောက်လမ်းဆုံ ရောက်တော့ ဝါးဓနိဆိုင်မှာ ၀ါးကဒ်တွေ ၀င်ငှါးတယ် ၀ယ်ဘို့ ဝင်တာ အလှူအတွက်ဆိုတော့ သူတို့ ကငှါးပေး လိုက်တာရှင့်....။ ဖျာကြမ်းတွေလဲ ငှါးပေးတယ်....။ သူတို့ ဆိုက်ကားနဲ့ တင် ကျောင်းလိပ်စာပေးပြီး ခင်းခိုင်းလိုက်တယ်....။ အိမ် ရောက်တော့ လူစုတယ် မိန်းခလေးကြီးပဲ အရောက်၂၀ကျော်တယ် ။ ယောင်္ကျားလေး ငါးယောက်ရတယ်..။ ချက်ဘို့ ပြုတ်ဘို့ စာရင်းလုပ်တယ်...။
ဘုန်းကြီးနဲ့ ကျမတို့ လုပ်အားပေးတွေအတွက် ထမင်း..၊ တစ်ရပ်ကွက်လုံး မုန့် ဟင်းခါးကျွေး မယ်....။ မုန့် အချိန် လေးရာတစ်ချို့ က စံပြဈေး... ။ တစ်ချို့ ကသီရိမင်္ဂလာဈေး...။ ကျမနဲ့ ပတ်သက်တဲ့ သူ အားလုံးအလှူခံတာ ဘုန်းဘုန်းတောင်ပါတယ်...။ ဘုန်းဘုန်းဆီက သင်္ကန်းတွေ အလှူခံတယ်...။ ကျောင်းမှပုံနေတဲ့ သင်္ကန်းတွေမရှိတဲ့  ကျောင်း မှာကထိန်ခင်းဘို့ ဆိုတော့ ယူသွားယူသွားတဲ့ တစ်ယောက်ကို မုန့်ဟင်းခါးအချိန် တစ်ဆယ်ကိုငါးထောင်နှုံးနဲ့ အလှူ ခံတာတစ်ချို့ က နှစ်ဆယ်... တစ်ချို့ ကလေးဆယ်.... အချိန်လေးရာခဏ လေးပြည့် တာပဲ ..။
ဘုန်းဘုန်းကြီးဆီက အိုးတွေခွက် တွေယူတယ်...။ ဆွမ်းချက်ရုံက အဒေါ်ကြီး သုံးယောက်ပါရခဲ့ တယ်.....။ ကော်ဇောလိပ်၂လိပ် ဘုန်းကြီးကျောင်းပေါ်မှာခင်း ဘို့ ဘုန်းကြီးဆီက ငှါးလာတယ် ....။ တောင်မြောက်လမ်းဆုံ ပြန်ရောက်တော့ ကားဂိတ်က ခေါက်ဆွဲသုတ် ဆိုင်မှာ အထုတ် သုံးဆယ်ဝယ်တယ် ။ အိုးအလွတ်ထဲ ဟင်းခါးတွေထည့်ခိုင်းတယ်... ။ အကြော်စုံဝယ်လာတယ်...။
ကျမ ကျောင်းလေးရှေ့ ပြန် ရောက်တော့ ကလေးတွေ အမှိုက်ထုတ်လေးတွေကိုင်ပြီး စောင့်နေတယ်...။ ရှင်းလို့ သန့် လို့ ကိုရင်တွေ ဦးဇင်းနဲ့ လူကြီးလူငယ် ခြောက်ယောက်လောက်က ပုံထားတဲ့ ၀ါးကဒ်တွေ စခင်းနေပြီ ကိုရင်လေးတွေက ခြံစပ်ကပေါက်နေတဲ့  မြတ်ပင်တွေ ဓါးနဲ့ ခုတ်နေကြတာ ကျမတွေ့ ရတယ် အမှိုက်ထုတ်နဲ့ အသုတ်စုံ တစ်ထုတ်ခြင်းစီလဲ တော့ကလေးတွေ ပျော်နေကြတယ် ။ ညနေစောင်းမှ စချက်မယ် ...။
....ဟားဟားဟား.... မမဘော်ဒါတွေဆိုတော့ အားလုံးက ဗရုတ်သုတ်ခတွေလေ တစ်နည်းပြောရရင် အလန်းတွေပေါ့ ...။ ကျမတို့ ကို ရပ်ကွက်က လူကြီးလူငယ်ဝိုင်း မိန်းမ၀ိုင်းကြည့်နေကြတယ် ..။ လှီး ကြ ချွတ်ကြ ထုကြ ထောင်းကြ ငါးနွှင်ကြ စားဖို့ သောက်ဖို့ ချက်တဲ့ လူနဲ့ .. ဟိုကျောင်းကချောင်း ဒီကျောင်းကချောင်းရှင့်...။
ကထိန်ခင်းဘို့ ကျောင်းက ဦးဇင်းကလဲခပ်ငယ်ငယ် သူဌေးကျောင်းပေါ့ အလွန်ဆုံးရှိ ၃၆လောက်ပဲရှိဦးမယ်...။ ၀ရန်တာကနေ ဦးဇင်းကလဲချောင်းတယ် ...။
အဲဒီကျောင်းကတော့ ရပ်ကွပ်က အနားကပ်ဘို့ ဝေးလို့ ခြံတံခါးပိတ်ပြီး ချက်ပြုတ်နေကြတာ ကျမတို့အနားတော့ လူက တစ်ဖြေးဖြေးဝိုင်းနေပြီ....။ တရပ်ကွက်လုံးနီးပါးပဲ...။ ဒါပေမဲ့ကျမတို့  ဘာလိုနေမှန်းမသိဘူး...။ တစ်ခုခုလိုနေတယ် အားလုံးလဲ တက်ညီလက်ညီ ထင်းမီးဖိုကြီးနှစ်ဖို ရပ်ကွက်က ကောင်လေးတွေက ထင်းတွေခွဲ ကိုရင်တွေရောပဲ အဲဒီအချိန်မှာပဲ လူကြီးတစ်ယောက်က စက်လေးထည့်နိုင်ရင် သိပ်ကောင်းမှာတဲ့  ဘာစက်တုန်းဦးလေး ဆိုတော့ လော်လေတဲ့ လော်စပီကာတဲ့ ....။ဟား..... အဲဒါလိုနေတာပေါ့ ဆိုပြီး အဲဒီလူကြီးကို တာဝန်ပေးတယ်....။
ကျမတို့  အလှူပွဲကို စဖွင့်တဲ့ သီချင်းက မန္တလေးသိန်းဇော်ရဲ့ အရမ်းပေါက်သွားတဲ့ အလှူသီချင်း....။ ကျမတို့ တစ်အုပ်စုလုံး နောက်ပိုင်းခဏခဏ ဆိုဖြစ်တယ်....။ တစ်ရပ်ကွက်လုံးလဲ လှုပ်လှုပ်ရှားရှား ပိုဖြစ်သွားတယ်...။ ကျမတို့ ပျော်လိုက်တာရှင် ။ တစ်ကယ်ပါ ယုံ ။အဲဒီမှာမငယ်ရဲ့ တိုင်ပင်ဖေါ်တိုင်ပင်ဖက်လို့ အမည်ပေးထားတဲ့ ဦးဇင်းက ဖိတ်စာကိစ္စတဲ့ ...။ မငယ်နဲ့ ဦးဇင်း အငြင်းပွားနေတယ်..........။ မငယ်က လာချင်လာ မလာချင်နေ မရိုက်ဘူး ......။ ဦးဇင်းက ဒီလောက်အလှူ ကြီးဖိတ်စာလေးပါတော့ ကောင်းတယ် .......။ သူတို့ ကိုကြည့်ပြီး မလတ် စက်ဆရာနဲ့ ပေါင်းတယ်..... ။ အားလုံးမင်္ဂလာပါရှင်ဆိုပြီး မလတ်အသံထွက်လာတော့ အကုန် တိတ်ဆိတ်သွားတယ် ...။ ကျမတို့ ရပ်မိရပ်ဖအားလုံးနဲ့ တစ်ရပ်ကွက်လုံးကို မနက်အလှု ဖိတ်ချင်ပါတယ်.....။ ဖိတ်စာမရလို့ စိတ်ဆိုးမဲ့သူများရှိရင်အားမနာတမ်း စာရင်း လာပေးစေချင်ပါတယ်......။ မြင်တဲ့ အတိုင်း ကျမတို့ မနက်အတွက် ချက်ပြုတ်ထုထောင်းနေရလို့ ဖိတ်စာမရိုက်နိုင်လို့ ပါရှင့် ...။ ဒီပြသနာကို ရပ်ကွက်က ရှင်းမပေးရင်......... ဖိတ်စာကိစ္စကစလို့ အလှူပွဲကနေလက်ဝှေ့ ပွဲကိုပြောင်းပြီး ကျင်းပရမှာဖြစ်ပါတယ်ရှင့်......။ လက်ဝှေ့ကို အနိုင်မခံ အရူံးမပေး ယှဉ်ပြိုင်ထိုးသတ်မဲ့ သူတွေကတော့ဦးဇင်း(နာမယ်မေ့ နေပြီ)နဲ့ အလှူရှင်တစ်ဦးဖြစ်တဲ့  (မငယ်နာမယ်)တို့ ဖြစ်ပါတယ်ရှင်........။ ဆိုတော့ရီလိုက်ကြတာ အတောမသတ် ။
အဲဒီအချိန်ထဲက မလတ်ကမိုက်ခဲဘွဲ့ ကိုရပြီး အကုန်မိုက်တစ်လုံးနဲ့ ထိုင်အော်တာ စားပွဲလိုလဲ ရပ်ကွက်ကိုမိုက်နဲ့ တောင်း ဦးဇင်းခေါ်ချင်လဲ မိုက်နဲ့ အော် မကြီးခေါ်လဲမိုက်နဲ့ လမ်းကဖြတ်သွားတဲ့
သူတွေကိုလဲမိုက်နဲ့ အလှုဖိတ်.... ဟိုပုဆိုးအနက်ကွက်နဲ့  အလှူမှာ ကူမလုပ်လဲ မနက်လာစားပါနော်.....။ မနက်ကျ အိမ်မှာထမင်းချက်ရင် ရပ်ကွပ်လူကြီးက ဒဏ်ရိုက်မယ် ဆိုတာလဲပါရဲ့။ နောက် ကျောင်းထိုင်ဆရာတော် အိုအိုကြီးကိုမိုက်နဲ့ အလှူဖိတ်ခိုင်းတယ်....။
မှတ်မှတ်ရရဆရာ တော်ကြီးက မိန့်  သွားတာ ၀ိသာခါမျိုးဆက်တွေ အလှူလာလုပ်တာ မစားချင်တောင်လာကြည့် ကြတဲ့ .....။ တစ်ကယ်ပါရှင်
နောက်တစ်ခုက ကထိန်ဆိုတာလှည့်ရတယ်တဲ့ ကောင်လေးတွေနဲ့ ဦးဇင်းတွေစုပြီး လုပ်ကြတာခဏလေးပဲ........... ပဒေသာပင်ဝိုင်းသီးကြ တာပေါ့ အဲလိုနဲ့ မနက် အလှူရောက်လာပါရော........။
အလှူလုပ်ပြီး မကုန်တာလောက် စိတ်ညစ်ဖို့ ကောင်းတာမရှိဘူးမဟုတ်လား ...။ ကျောင်းရှေ့ က စားပွဲဝိုင်းတွေမှာ အကုန်ပြည့်တဲ့ အပြင် တန်းစီနေတဲ့ လူအုပ်ကမနဲ.........။ ကျမတို့ ဒုက္ခက ပန်းကန်မလောက်တာ မုန့် ဟင်းခါးက အခြေအနေအရ မတ်တပ်စားလို့ ရတယ်လေ ။ နောက်တစ်ခု ထိုင်ပြီးနေရာရတဲ့ လူတွေက လုံးဝပြန်မထတော့တာ.... ။ အ၀စား ကြိုက်သလောက်စားသူတို့  စားလို့ ကိုမ၀တာလား မစားရတာကြာနေလို့ များ ၀တာကို မသိ တော့တာများလား.... မလတ်နဲ့  ကျမကြည့်ရင်း ဒုက္ခတွေတော့ရောက်ကုန်တော့မယ်လို့ တွေးမိတဲ့ အထိ ...။ ဗိုက်ကြီးသည် တစ်ယောက်ဆို ကျမသွားချော့  ရတာ.........။ မလတ်နဲ့ ကျမရေထားတာ သူစားတာငါးပွဲရှိနေပြီ သူထပ်စားဦးမှာ.........။ ကျမက... အမ ကျမတို့ က တစ်နေ့ လုံးကျွေးမှာ အမ လမ်းလျှောက် အိမ်မှာခဏပြန်နား အိုးရှိရင်ပြန်ယူ...... ညနေစာလဲ ကျမပေးလိုက်မယ်နော်.... နဲနဲစီစားရတာ အမဗိုက်ထဲက ကလေးလေးအနေခက်လိမ့် မယ် ဆိုတော့ ..... သူခေါင်းငြိမ့်တယ်.........။ ေ
ကျာင်းပေါ်မှာကျမတို့  အဖေအမေ လူကြီးတွေက ဆွမ်းကပ်တယ် ...။ တရားပေးတာက သူဌေးကျောင်းက ဦးဇင်း........။ ပြီးတော့ ကျမတို့ ဧည့်သည်တွေကိုသူ့ ကျောင်း မှာလာနေခိုင်းတယ်.........။ ပါကေးနဲ့ နှစ်ထပ်ကျောင်းကြီး တစ်နေ့ လုံးကျွေးတာနော်.........။ လုံးဝလဲမနားရတာ ဟင်းတွေ ထမင်းတွေက ပိုနေတယ်.........။ မလတ်လေ.......... မိုက်နဲ့ ငပိရည်တို့ စရာကအစ လာယူခိုင်းတာ
လာ တန်းစီကြပြန်ရော...... ။ တော်တော်များများက ရေသန့် ဗူးတွေခါးလည်ကဖြတ်ပြီး အဲဒီခွက်နဲ့  လာခံကြတာများတယ်.........။
အဲဒီကလေးတွေကို ပျော်လား..... စားလို့ ကောင်းလား ဘာလိုလဲ.......... ဆိုတော့ ညကြရင် ဗီဒီယိုကြည့်ချင်တယ်တဲ့ .........။ ကျမတို့ က ကလေးတွေကို ဗီဒီယိုကြည့် ဘို့ ပိုက်
ဆံဝေတော့ ဦးဇင်းကြီး သုံးကားငှါးတဲ့ လူရှိတယ်တဲ့ ....။ သူစက်နဲ့ သူလာပြတာတဲ့........။ အဲဒါနဲ့ ကျမတို့ မိုးအလင်း အဲဒီရပ်ကွက်ကို ဗီဒီယိုပြဘို့  ငှါးပေးခဲ့ တယ်ရှင်.........။ ကိုရင်လေးတွေလဲပျော်လို့  .............။ တစ်ရပ်ကွက်လုံး ကလေးလူကြီး ပျော်လို့ .........။ ဗီဒီယိုစက်ငှါးမဲ့ လူကို ကျောင်းက အသက်ကြီးကြီး ဘုန်းကြီးတစ်ပါးက ဆိတ်ကားလေးတော့ ပါအောင်ငှါးခဲ့ ဆိုတော့.........။ ကျမတို့ တွေရီလိုက်ကြတာ ၀က်ဝက် ကွဲ ။ ရခိုင်ဘုန်းကြီးဆိုတော့ စစ်ကားကိုဆိတ်ကားတဲ့ ရှင်.........။

အားလုံးစာဖတ်သူအပေါင်းပျော်ရွင်နိုင်ပါစေ

မမ

Labels:


Posted by မမ :: 1:17 AM :: 18 Comments:

Post / Read Comments

---------------oOo---------------