မမ

Monday, March 16, 2009

သရဲခြောက်သည်ဆိုသောမမတို့ အိမ်ကြီး(၄)


တစ်နေ့ပေါ့ ..... ကျမတို့ ညီအမတွေပဲရှိတဲ့နေ့မှာတော့ ကလေးထိန်းကောင်မလေးကို မေးတော့တယ်။
အန်တီလေးအကြောင်း သိသမျှပြောဖို့ပေါ့ ။ ကောင်မလေးက ပထမအင်တင်တင်နဲ့ ကျမတို့ညီအမ ဝိုင်းကြပ်တော့မှ ထွက်လာတာ ။ အန်တီလေးက မကျွတ်မလွတ်ဖူးတဲ့....။
ကြီးကြီးကို အမြဲတမ်း အိမ်မက်ပေးပြီး ငိုယိုတောင်းပန်တာတဲ့....။ ဒီအိမ်မှာပဲ နေပါရစေဆိုပြီးတော့တဲ့.... ။ အန်တီငယ်ကတော့ ဆုံးပြီးထဲက ကလေးနားမှာမခွာဘူးတဲ့ သမီးကမကြောက်ပါဘူးတဲ့..... အန်တီငယ်က အရမ်းပိုသနားဖို့ ကောင်းတယ်တဲ့ ......။ ကြီးကြီးတို့ လေချွန်နတ် သွားမေးတော့ ကလေးခေါ်လာရမယ်ဆိုလို့  သမီးနဲ့ကလေးနဲ့  လိုက်သွားရလို့  သမီးသိတာတဲ့.....။ ကြီးကြီးတို့က ဘယ်သူ့ကိုမှ ဒီအကြောင်းတွေ လျှောက်မပြောရဘူးလို့ မှာထားတယ်တဲ့ ။
အလှူလုပ် အမျှအတန်း ဝေရမယ်ဆိုတော့ အန်တီငယ်က သူ့သားလေး ကျောင်းတက်တော့မှ သူ့အမျှယူပြီး သွားပါရစေလို့  ပြောတာတဲ့  ကလေးတစ်ခုခုဖြစ်ပြီဆို အန်တီလေးက သူ့ကို လာနှိုးတာတဲ့ ။မမတို့ မယုံရင် ကလေးကို တစ်ခုခုလုပ်ကြည့် အန်တီလေး ရောက်လာရောတဲ့ အခုဆို ကလေးက ပြုံးတတ် ရယ်တတ်တော့ ပိုသိသာတယ်တဲ့ ။ တစ်ခါတစ်လေ ကလေးက တစ်ယောက်ထဲ တစ်ခစ်ခစ်နဲ့ ဆော့နေတာတဲ့...။ အနားမှာ လူတစ်ယောက် ရှိနေတဲ့အတိုင်းပဲတဲ့ ။
ကျမတို့ ညီအစ်မတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ခေါင်းခါမိတော့တယ် ။ တစ်နေ့ပေါ့ ကလေးငယ်လေးက ရစ်တတ် ပူတတ် ဆူတတ်နေပြီ ။ တခါတလေအချိန်မတော်ကြီးပေါ့ သူ့အသံထွက် အတိုင်းကျမပြောရရင် တပီ ကြည့်မယ် တပီကြည့်မယ် မြန်မာ့အသံပြီးလို့  ကောင်မလေးတွေ အိပ်ချိန်ဆို ကလေးကရစ်ပြီ ။ ကျမက ဧည့်ခန်းထဲမှာ စာဖတ်နေတယ် ။ တစ်ဆူဆူနဲ့ ငိုနေတော့ တီဗီရှေ့မှာ ကလေးထိုင်တဲ့ ခုံလေးကိုဆွဲ ကလေးကိုကြည့်ဆိုပြီး ထိုင်ခိုင်းထားတယ် ။ ကျမကိုလဲ ကြောက်တယ် ။ ပေပြီးထိုင်နေတယ် ကောင်မလေးကို မျက်ရိပ်ပြပြီး နောက်ဖေးဝင်ခိုင်းလိုက်တယ် ။ ဧည့်ခန်းထဲမှာ ကလေးက တီဗီရှေ့မှာထိုင် ကျမကစာဖတ် ..... တိတ်ဆိတ်နေတုန်း တီဗီကရှဲရှဲနဲ့ ထပွင့်တယ် ။ ကျမစာဖတ်နေရင်းနဲ့ မော့ကြည့်တော့ ကလေးက လှုပ်လှုပ်ရှားရှား အရုပ်ထွက်လာမယ်ပေါ့ ။ ကျမက သူ့အနားသွားပြီး မိုးလင်းမှလာမှာ အခုပြီးသွားပြီဆိုတော့ ပေကပ်ပြီး တပီကြည့်မယ် လုပ်ပြန်ရော သူ့ရောဂါကလဲ ညတီဗီပြီးချိန်တိုင်း ရစ်တာနော်....။ တစ်နေ့လဲမဟုတ် နေ့တိုင်း ချော့လဲမရ ခြောက်လဲမရ ....။ ကျမစိတ်ထဲ အခုနင်က ကလေးဖွင့်လိုက်တယ် ထင်တာလေ...။
ကျမက ပြန်ပိတ်ပြီး..... ကြည့်.... အဲဒါ တီဗီပဲဆိုပြီး စာပြန်ဖတ်နေ တယ် ။ ကလေးကလဲ ပေပြီးကြည့်နေတယ်။ ကျမထိုင်ယုံပဲ ရှိသေးတယ်.....။ တီဗီကရှဲရှဲဆိုတော့ ဘာလုပ်ရမှန်းမသိဘူး ကလေးကို ဇပ်ကနဲ ကောက်ချီလိုက်တယ် ။ ပြေးတာပေါ့  အနီးဆုံးအခန်းထဲကို မလတ်နဲ့မငယ်က ဘာဖြစ်သလဲပေါ့ ....။ ကျမကလဲ ဖြစ်ကြောင်းကုန်စင်ပေါ့ ။ ကျမတို့ညီအမတွေ ကလေးချီပြီး ပြန်ထွက်လာတော့လဲ တီဗီက တစ်ရှဲရှဲပဲ....။ မလတ်က တီဗီကိုပိတ်ရင်း ကောင်မလေးကို ကလေးလာခေါ်ခိုင်းတယ် ။ ကျမတို့ ညီအမလဲ ခေါင်းခြင်းဆိုင်ပြီး ပရိတ်ရွတ်မယ်....။ ဆရာတော်ကြီးပင့်မယ် အလှူလုပ်မယ် အမျှအတန်းဝေမယ် ....။ ကျွတ်ချိန်တန်ရင်လဲ သွားကြပါစေပေါ့ ။ ဒီလိုစွဲလန်းပုံကြီးနဲ့ မဟုတ်သေးပါဘူး ကိုယ်လဲ နေရတာ တထိတ်ထိတ်နဲ့ပေါ့လို့ တိုင်ပင်နေတုန်းမှာပဲ အမေတို့ အခန်းက ဝူးဝူးဝါးဝါးအသံနဲ့ အမေထွက်လာသလို မကြီးကလဲ ထိတ်ထိတ်လန့်လန့်နဲ့ ထွက်လာတယ်....။ ကျမနဲ့ မလတ် မငယ် သုံးယောက် အံ့သြလို့  ဘာဖြစ်ကြတာလဲ ဆိုတော့ အိမ်မက်ကြောင့် လန့်နိုးလာတာတဲ့ အန်တီလေးနဲ့ အန်တီငယ်နှစ်ယောက်လုံး အိမ်မက်ထဲမှာ ငိုယိုပြီး သူတို့ကို မောင်းမထုတ်ဘို့ ပြောတယ်တဲ့ ....။ ကျမတို့တတွေ နားကိုမလည်နိုင်အောင် နားထောင်ရင်းနဲ့ မကြီးက အနားမှာ တစ်ကယ်ရှိနေသလိုပဲတဲ့ .....။ တစ်ကယ်လာပြောသလိုပဲတဲ့...။ အမေနဲ့မကြီးက ဘာကြောင့် အိမ်မက်ကို အတူတူမက်တာလဲ ကျမကတော့ အတွေးတွေနဲ့ ချာချာလည်တော့တာပဲ ....။ ပစ္စည်းတွေကို ထိလို့ ကိုင်လို့ ရတာလားလို့ တွေးရင်း ကျမတို့အိမ်ရဲ့အိမ်တွင်းအုန်း ဆွဲထားတဲ့နေရာကို ကြည့်နေမိတာပဲ ။ မလတ်က ကျမအတွေးကိုသိသလိုနဲ့ အိမ်စောင့်နတ်ထက် အိမ်ဦးနတ်က ပိုစွမ်းတယ်တဲ့ ။ ကျမက မလတ်ပြောတာကို နားမလည်ဘူး....။ ငါတို့အဖေ အိမ်ဦးနတ်ကြီး ခွင့်ပြုထားမှတော့ အိမ်တွင်းက ဘာမှမကူညီနိုင်တာနေမှာတဲ့ ...။ အင်း.... သူပြောတာလဲ ဟုတ်တုတ်တုတ် ။ မငယ်ကတော့ ...... အင်းနော် အန်တီလေးတို့က ဝိဥာဉ်ဘဝအထိ ချစ်နိုင်တဲ့ အစ်ကိုတစ်ယောက်ရထားတာ အတော်ကိုကံကောင်းတာပဲ ။ မမ နင်အဲလိုဖြစ်ရင် ငါလဲချစ်နိုင်မှာပါ ဒါပေမဲ့ အန်တီလေးတို့လို ခိုးကြောင်ခိုးဝှက်မခြောက်နဲ့ ... ဗြောင်ခြောက်သိလားတဲ့လို့  ပြောတဲ့မငယ်တစ်ယောက် အဖြစ်ကတော့ ဆိုးလွန်းလှပါတယ်....။
အိပ်ယာအသီးသီးဝင်ပြီး ညနက် ၂း၃၀ လောက်မှာတော့ မတရားမြည်နေတဲ့ ဘဲလ်သံနဲ့အတူ ငိုသံ တံခါးထုသံတွေကြားမှာ မမလဲ အထိတ်တစ်လန့်နိုးလာခဲ့တော့တယ် ။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတဲ့ မငယ်ကိုပွေ့ဖက်ထားတဲ့ အမေက ဒီအတိုင်းဆို ကျမသမီးတွေ ဒုက္ခရောက်ကုန်မယ်လို့ လေသံအေးအေးနဲ့ အဖေ့ကိုပြောတယ် ။
အိပ်မှုံစုံမွားနဲ့  ကျမကို မလတ်က .... မငယ် အိမ်ပြင်ရောက်နေလို့တဲ့ ..... ဘုရားရေ .... ဘယ်လိုမျိုးလဲလို့....... ကျမသူများပြောတာမသိချင်ဘူး..... မငယ်ပြောပြပါဆိုတော့ ..... သူအိမ်မက်တယ်တဲ့ အိမ်မက်ထဲမှာ အန်တီလေးတို့နှစ်ယောက်က အပြင်လိုက်ဖို့ သူ့ကိုခေါ်တာတဲ့ ... ဈေးသွားဖို့တဲ့ ... ဟိုးအရင်ကလို ပြင်ပြင်ဆင်ဆင်နဲ့တဲ့ ..... သူကလဲ လိုက်မယ်ဆိုပြီး အတူတူထွက်ခဲ့တာတဲ့ ..... အိမ်မက်ထဲမှာ ညနေစောင်းချိန်လောက်တဲ့ လှေခါးမှောင်မှောင်လေးကပဲ သုံးယောက်အတူတူ ဆင်းခဲ့တာတဲ့....။ အန်တီလေးက တံခါးကို နောက်ပြန် ဂျိုင်းကနဲမြည်အောင်ဆွဲပိတ်တော့ သူလန့်ပြီး နိုးသွားတာတဲ့....။
ပြီးတော့သူက အမေ....အန်တီလေးတို့ မသေဘူး ။ ဒီမှာရှိတယ် သမီးနဲ့ စကားပြောနေတာ ဟိုးအရင်ကလိုပဲတဲ့ ... အခုသူတို့ ဘယ်ရောက်သွားတာလဲ သမီးတစ်ယောက်ထဲ ကြောက်လိုက်တာ အပြင်မှာ ဆိုပြီးငိုပြန်ရော ....။ ကျမလဲကြောက်တယ် ဒါပေမဲ့ အဖေအမေတွေ မသိအောင် ...... "မငယ်ဗြောင်လေ အဲဒါဗြောင်ပေါ့ဟ" ဆိုတော့ မလတ်ကလဲ အေးမငယ် တစ်ကယ့်ကိုဗြောင်ပါလားနော်ဆိုတော့ မငယ်က ဗြောင်တော့ဗြောင်ပေါ့ အဲလောက်ဗြောင်ကြီးကြ ကြောက်တယ်ဆို ငိုပါလေရော ... ။ မကြီးကတော့ အသံလုံးဝ မထွက်တော့ဘူး အဖေကတော့ အိမ်မက်မက်ပြီး မငယ်ယောင်ပြီး ထွက်သွားတယ်ပေါ့ရှင်....။ ဒါပေမယ့် အဖေက ကျမတို့ ညီအမကို မသင်္ကာတဲ့ မျက်လုံးနဲ့ မအိပ်ခင် ဘာတွေပြောကြတုန်းဆိုတော့ ကျမက ဖေါ်ကောင်လေ.... မနေနိုင်တော့ဘူး .... အဖေ မငယ်က အန်တီလေးတို့ကို ဗြောင်ခြောက်လို့ ပြောအိပ်တာဆိုတော့ .... အဖေက မင်းသမီးတွေကလဲ မင်းသမီးတွေပဲလို့ အမေ့ကိုပြောတယ်.... ။ မိုးလင်းတော့ ဆရာတော်ကြီးကိုပင့်တယ် .....။ ဆွေမျိုးအစုံနဲ့  အဒေါ်နှစ်ယောက်ကို ဦးတည်ပြီး အလှူလုပ် အမျှအတန်းဝေတယ် .... ။ သေသေချာချာ တိတိကျကျ သူတို့နှစ်ယောက်ရဲ့နာမည်တွေနဲ့လုပ်တယ် ... ။ သူတို့အမည်တွေနဲ့ပဲ အမျှဝေတယ်....။
ထူးထူးဆန်းဆန်း အဖေတို့ကျန်ခဲ့တဲ့ သူတွေအကုန်လုံးက အမိန့်ပြန်စာရွတ်တယ် ။ ဘဝခြင်း မတူလို့ အတူနေဖို့  ခွင့်မပြုနိုင်ကြောင်း နောက်ပြီးချိန်ခွင်ထဲမှာ ကလေးအဝတ်လေးတွေ တစ်ဖက်ထည့်တယ် .... ။ ကလေးယူမယ့် လူရဲ့အဝတ်အစားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းထည့်တယ်.... ။ ကလေးကို ဘယ်သူမှမပေးဘူးတဲ့ ချိန်ခွင်က တင်းနေတယ် .... ။ နောက်ဆုံးမကြီးအင်္ကျီ ထည့်တော့မှ ချိန်ခွင်က မကြီးဖက်ကို စောက်ထိုးဆင်းသွားတယ် ။ တော်တော်ငယ်သေးတဲ့ မကြီးကိုယုံကြည် စိတ်ချပေးအပ်တာ သုံးခါတိတိ မေးပြီးတော့မှ ကလေးတွေ မကြီးလက်ထဲအပ်သွားတယ် ပြောတာပဲ ။ မလတ်ကတော့ လူကြီးတွေချထားတဲ့ ချိန်ခွင်ကို အလေးခိုးတယ်ဆိုပြီး ဈေးခေါင်းသွားတိုင်မယ့်ပုံနဲ့ ဖင်ပြန်ခေါင်းပြန်ကြည့်လိုက် အကီင်္ျတွေထည့်ချိန်လိုက်နဲ့ ဆရာတော်ကြီးကတော့ အဖေကိုဦးတည်ပြီး သုံးလေးခါမေးတယ် ။ လက်ခံမလားဆိုတော့ အဖေက လက်မခံနိုင်တော့ဘူး ဘဝမတူဘူး သွားသင့်တဲ့နေရာ သင့်တော်ရာကိုသွားကြတော့ ကလေးကို အားလုံးတာဝန်ယူတယ် စိတ်ချလက်ချ ထားခဲ့ကြတော့လို့ပြောတယ် ။ အခုလုပ်တဲ့ အလှူအတန်းတွေကိုရအောင် ယူသွားဖို့အမေကပြောတယ် ...။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဖို့ပြောတယ် ။ ပရိတ်ရွတ် အမျှအတန်းဝေတယ် ။ အဲဒီညမှာတော့
ကျမတို့ အိမ်တံခါးတွေ နေရာအနှံ့က တဘုံးဘုံးထုသံ ကြားရတယ် ။ နောက်ပိုင်းတော့ သိပ်ထွေထွေထူးထူး မကြားမိတော့ဘူး... ။ ကျမတို့လဲ အရင်ကထက် စိတ်ထဲပေါ့ပေါ့ပါးပါး ဖြစ်လာတယ်။ နောက်တစ်နှစ်ခွဲလောက်မှာတော့ ညီအစ်ကို မောင်နှမတွေအားလုံးကိုအဖေက သေချာတိုင်ပင်ပြီး ကျမတို့အိမ်ကြီးကို လာဝယ်တဲ့ ခေတ်ပျက် သူဌေးတစ်ယောက် လက်ထဲထည့်ခဲ့တော့တာပါပဲ။

စာဖတ်သူများကိုလေးစားစွာဖြင့်

မမ

Labels:


Posted by Anonymous :: 12:35 AM :: 12 Comments:

Post / Read Comments

---------------oOo---------------

Sunday, March 15, 2009

ပထမဆုံးရည်းစားစာ

ဆံပင်အရှည်ထားပါတဲ့။ပါးကွက်လေးကွက်ခဲ့ပါတဲ့။ကတ္တီပါဖိနပ်လေးစီးခဲ့ နော်တဲ့။ညကျရင်ခြံရှေ့မှာဂစ်တာလာတီး မှာနော်တဲ့။ဖုန်းနားမှာရှိ နေပေးနော်၊ စကားပြောခွင့် မရတောင် "ဟယ်လို" ဆိုတဲ့ အိပ်ဆေးတစ်ခွက်သောက်ချင်လို့ ပါတဲ့
....ဟိုးအရင် မြန်မာကောင်လေး တွေက မြန်မာကောင်မလေးတွေကိုရီးစားစာထဲမှာ မှာတမ်းခြွေတတ်ကြတယ်။
ဟော.. မမအတွက် ပထမဦးဆုံး ရည်းစားစာတဲ့ .....။
ညနေဆိုကျမတို့စာအုပ် ငှါးဖို့ အပြင်ထွက်ကြတယ်။ကျောင်းချိန် ကျူရှင်ချိန် ကလွဲလို့ အလှပြင် ပြီးအပြင်ထွက်ခွင့်ရတဲ့ ကိုယ်ပိုင်ချိန် လေးတစ်ခုပဲ။ အဲဒီဆိုင်က အမကြီးက ဒီစာအုပ်လေး အရမ်းကောင်းတယ်လို့ ညွန်းပြီး ကျမကိုဦးတည် အတင်းပေးတယ်။ စေတနာကိုအလေးထားတာရယ် ..အားနာတာရယ်ပေါင်းဖတ်ပြီးသားကိုပြန်ငှါးလာတဲ့ ကျမ အိမ်ရောက်တော့ ဖုန်းလာတယ် ။စာအုပ်အမည်ပြောပြီး မမအတွက် စာပါတယ်တဲ့၊
တိုးတိုးလေး ပြောပြီး ချသွားတဲ့ ဖုန်းထဲကအသံအောက် မှာတစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းဖြန်းထရင်း လူတစ်ကိုယ်လုံးတုန်တုန်ရီရီ နဲ့ ကိုယ်ငှါးလာတဲ့ စာအုပ်လေးကို မြွေတစ်ကောင်လို မထိရဲမတို့ရဲ လူလစ် ချိန်ကိုစောင့်နေခဲ့တယ်။
စာအုပ်ကို တစ်ရွက်ခြင်း လှန်နေတဲ့ကျမ ပန်းရောင်စာအိတ်လေးလား အပြာရောင်လေးလား တွေးပြီး ရင်ခုန် နေခဲ့တယ်။
တစ်ဝက်လောက်ရောက်တဲ့အချိန်မှာတော့ စိတ်ကသိပ်မရှည်ချင်တော့ဘူး...တစ်ဖျတ်ဖျတ် ဇိုးဇိုးဇတ်ဇတ် နဲံ့စာရွက်တွေကုန်သွားတဲ့အခါမှာတော့ ငါလမ်းမှာကျကျန်ခဲ့တာလား လို့ စဉ်းစားမိတယ်။
မမြင်ဘူး တဲ့အရာတစ်ခုကို မြင်ဘူးချင်တွေ့ ဘူးချင်တဲ့စိတ်က တားစီးလို့ မရတော့ဘူး ဘာတွေရေးထား မှာလဲ ဆိုတာကအတွေး ထဲကိုရောက် လာတယ်။
နောက်တစ်ခါပြန်ရှာတယ်။ မတွေ့ ဘူး ။အဖုံးက ကဒ်ထူ နဲ့ တွဲချုပ်ထား တာဆိုတော့ စာထည့်ဖို့ နေရာ မရှိဘူး ။ ရှက်စိတ်ကတစ်ကိုယ်လုံးကိုပြန့် နှံ့ နေပြီ။ အကြပ်ခံရပြီလားမသိ။ တိုးတိုးလေးပြောသွားတဲ့ မမအတွက် စာပါတယ် ဆိုတဲ့အသံရဲ့နောက်မှ နောက်ပြောင်မှုမပါတဲ့ အင်အားတစ်ခုရှိ နေတယ်ဆိုတာ...
မသိစိတ် ကလက်ခံနေမိတယ်။ တက္ကသိုလ် ဘုန်းနိုင်ရဲ့  "၀သန်လေ ချိန်မှန်ကူး" စာအုပ်လေး ကိုငေးကြည့် ရင်းမမ လေ သိတယ်နော် ဟိ... ။
ကြိုးစားပမ်းစား ရှာ လိုက်တာ စာမျက်နှာ ၁၃၁ မှာ ဒီလိုလေ ၀တ္တုထဲကစာသားက၊

"တိမ်တွေကို (သိပ်ချစ်တယ်) ဟုတ်လား (မမ)မိုး၊ မမမိုးရဲ့  နာမည်နဲ့ တိမ်ကို ချစ်တယ်ဆိုတာကတော့ သိပ်ကိုက်တာပဲ"
ညိုမီ၏ မှတ်ချက်ချသံကို ကြားရသောအခါ စစ္စတာ၏ အပြုံးသည် မသိမသာလျော့ ကျသွား၏ ။
မိုးသူဟူသော မိမိ၏ နံမည်နှင့်ပတ်သက်သော (မောင်)၏ မှတ်ချက် ကိုလည်း သတိရမိသော ကြောင့်ဖြစ်၏ ။
ဟားဟားဟား သိပ်ကြွားတဲ့  မမလို့ အပြောခံ ရမှတော့ ကြွားပြီနော်။
ကျမကို တွေ့ တဲ့အခါတွေတိုင်း အလိုလိုခေါင်းငုံ မျက်နှာလွဲပြီး အဝေးကနေခိုးကြည့်တတ်တဲ့ အဲဒီကောင် လေးက ကျမကိုပထမဦးဆုံးရည်းစာစာ အဲလိုပေးတယ်ရှင့်။
ဒီနေ့ အထိထိ မှတ်မှတ်ရရ ရှိနေလို့ ရေးလိုက်မိတာပါ။ဒါပေမယ့် ကျမဘယ်လောက် လျှို့ဝှက်သလဲ ဆိုရင်၊ သူက အဲဒီစာသားကိုကျမ မတွေ့ ခဲ့ဘူးလို့ ထင်သွားခဲ့တယ်။ မမကိုများနော်.. တွေ့ ပ ..တစ်ကယ်ဆို.. ရှက်လို့ ။
လေးစားစွာဖြင့်
မမ

Labels:


Posted by Anonymous :: 10:28 AM :: 7 Comments:

Post / Read Comments

---------------oOo---------------

Thursday, March 12, 2009

မမရဲ့ပျော်စရာ ကာလာမပါ တနပ်စာအလှု

ငွေတစ်သိန်း ငါးသောင်းလောက် ရှိဖို့ လိုပါတယ်။
သိပ်ကျေနပ်စရာကောင်းပြီး အရမ်းပျော်ရပါမယ်။
မယုံဖူးလားရှင်..ကဲပြောပြမယ်..နားထောင်ကြည့် ကြပါ။
ဆန်မဆိုးမကောင်း ပုံမှန်တစ်အိပ် ၀ယ်ပါ။
သီရိမင်္ဂလာဈေးထဲမှာဒေါင့်ရှည်သီး၊ရုံးပတီသီး၊အာလူး၊ခရမ်းသီး၊ပဲဝါလေး၊
ငါးခြောက်ရိုးနှင့်မဆလာကောင်းကောင်းဝယ်ပါ။
မျှင်ပုဇွန်ခြောက်လေးတွေ ကြိုက်သလောက်ဝယ်လို့ ရပြီး မတရားဈေးချိုပါတယ်။
ငရုပ်သီးခွဲခြမ်းနှင့်ငံပြာရည်လဲဝယ်ခဲ့ပါ။တို့စရာအဖြစ် သခွါးသီး၊သရက်သီးစိမ်းတွေ ကြိုက်သလောက်ဝယ်နိုင်ပါတယ်ရှင်။
ကျန်တဲ့ကြက်သွန်နီဖြူ ဆီ၊ဆား၊ဆနွင်းမှူံ့၊အချိုမှူံ့ဆိုတာတွေတော့ကျမပြောဖို့ မလိုတော့ပါဘူးနော်။
ကိုယ်လှူချင်တဲ့နေရာတစ်ခုကိုရွေးချယ်လိုက်ပါ။
ဥပမာ...တောင်ဒဂုံ ၊မြောက်ဒဂုံ၊သံလျင်၊ရွေပြည်သာ၊လိုင်သာယာ..
အဲဒီမြို့ သစ်တွေမှာသူဌေးတွေအများကြီးလက်ရှိရှိပါတယ်။ဒါပေမဲ့မြို့သစ်တွေရဲ့
့ထုံးစံအရကျူးကျော်ရပ်ကွက်လို့ခေါ်တဲ့အခြေခံလူတန်းစားတွေအင်မတန်ပေါပါတယ်။
နောက်တစ်ခုကစက်မူဇုံလိုအခြေခံအလုပ်သမားတွေအများကြီးရှိတဲ့နေရာမျိုးတွေပါ။
ကိုယ်ပိုင်ကားမရှိတဲ့သူတွေအတွက်ကားစရိတ်သက်သာစေဖို့ နယ်မြေခံနှင့်ပေါင်းပါ။
မရှိကြတော့တဲ့လူကြီးမိဘတွေကျန်းမာရေးအတွက်ယတြာအဖြစ်ကိုယ်ရွေးချယ်ထားတဲ့နေရပ်၊
မြို့ အမည်ရဲ့နေ့ နံကိုအသုံးပြုပြီး ဒီအရပ်မှာအလှူလုပ်ခွင့်ပြုဖို့ တောင်းဆိုပါ။
အားလုံးကူညီကြပါလိမ့်မယ်။ကျမမှာနယ်ခံတွေအများကြီးပါ။
ကျမတို့ ကတော့ချက်ပြီးပြုတ်ပြီးသားအဆင်သင့်ကိုကားတွေဖြင့်သယ်ယူသွားပါတယ်။
ကိုယ့်စိတ်ကြိုက်ကိုယ်လိုချင်တဲ့အရသာအလှူခံလက်ထဲကိုကိုယ်ပေးချင်တာရောက်ပါတယ။်
အပင်ပန်းတော့ခံရပါတယ်။
နယ်မြေခံတွေရဲ့အိမ်တွေမှာကိုယ်တိုင်သွားပြီး..
ဦးစီးလုပ်ကိုင်တဲ့တစ်နည်းကလဲအင်မတန်မှပျော်စရာကောင်းပါတယ်။
ကျယ်ဝန်းတဲ့မြေနေရာ၊ရေ၊မီး ပြည့်စုံရပါမယ်။
အဓိကအိမ်သာကောင်းမွန်ဖို့ ဦးစားပေးရွေးချယ်သင့်ပါတယ်။
ရပ်ကွက်လူကြီး၊ဆယ်အိမ်ခေါင်းလိုလူမျိုးကို လ္ဘက်သုတ် ရေနွေးကြမ်း အဆင့်သင့်ပေးထားလိုက်ပါ..အားလုံးပြည့်စုံပါပြီ၊၊
ကဲ..ချက်ကြစို့ ..ပဲတွေကိုအချိုမှူန့်၊ငံပြာရည်နှင့်ပြုတ်ထားလိုက်ပါ။အားလူးအခွံခွါပြီးသားတွေကို
ပဲနှင့် ရောပြုတ်ထားလိုက်ပါ။ကြက်သွန်ဖြူနီထောင်းပြီးသားကိုငြုပ်သီးအရောင်တင်မူံ့ နှင့်ရောပြီးဆီသတ်ပါ၊
မွှေးလာပြီဆိုလျှင်ငါးခြောက်ရိုးတွေဆီသတ်ထားတဲ့အထဲကိုရောပြီးထည့်လိုက်ပါ။
အသီးအနှံတွေအကုန်လုံးကိုလဲနောက်ကနေလိုက်ထည့်ပါ။
အချိုမှူန်၊့ဆား၊ငံပြာရည်သင့်တော်သလိုထည့်ပြီးအသီးအရွက်နူးလာတဲ့အခါမီးဖိုပေါ်ကချထားလိုက်ပါ။
ပဲနီလေး ပဲဝါလေး ဖြစ်တဲ့အတွက်ကုလားပဲထက်ဈေးချိုပြီးအနူးမြန်ပါတယ်။
အာလူးနှင့်ပဲနူးပြီဆိုတာနှင့် အခုနကငါးခြောက်ရိုးနှင့်အသီးအနှံတွေကို ပွက်ပွက်ဆူနေတဲ့ပဲအိုးထဲထည့်လိုက်ရုံပါပဲ။
အရေဖျော်ထားတဲ့မန်ကျီးနှစ်ကိုထည့်ပြီးအပေါ့အငန်မြည်းပါ။ဟင်းအိုးချခါနီးမဆလာအုပ်ပါ။
မျှင်ပုဇွန်ခြောက်လေးတွေကိုရေးဆေးပြီးဇကာဖြင့်စစ်ပါ။ကြိတ်နိုင်လျှင်ကြိတ်၊ထောင်းနိုင်လျှင်ထောင်း အကောင်လိုက်ကလေးတွေလဲရပါတယ် ...အလွန်မှဈေးချို ပါတယ်။ကြက်သွန်ဖြူနီ၊ငြုပ်သီးခွဲခြမ်းဆီသတ်ပါ။
ထောင်းထားတဲ့မျှင်ပုဇွန်ခြောက်လေးတွေထည့်ပါ။
ဆီရောပြီးသတ်ပါ။အချိုမူန့် ဆားငံပြာရည်ကျော်ဆိုလျှင်ငံပြာရည်ပုံမှန်ထက်အငံကဲပြီးထည့်ပါ။
ငြုပ်သီးစိမ်းကာလီသီးထောင့်လေးတွေကိုရေစင်အောင်ဆေးပြီးထည့်နိုင်ပါတယ်။
ရေဖျော်ထားတဲ့မန်ကျီးနှစ်ကိုထည့်ပါ။
ဆီသံမည်လျှင်မီးဖိုကချလို့ ရပါပြီ။ငပိဆီကြော်ဆိုလျှင်ငံပြာရည်နေရာမှာငပိစိမ်းစားထည့်ယုံပါ။
တို့ စရာအဖြစ် သခွါးသီး၊သရက်သီးစိတ်တွေအနေတော်လှီးထားပါ။
ကဲ..လှူကြရအောင်...မည်သူမဆိုလာရောက်သုံးဆောင်နိုင်ပါတယ်ရှင်ပေါ့။
အနေတော်ဝယ်ထားတဲ့ ကြွပ်ကြွပ်အိတ်ထဲကို တစ်ယောက်ကထမင်းထည့်ပါ၊
တစ်ယောက်ကသီးစုံပဲကုလားဟင်းကိုတစ်ယောက်စာထည့်ပေးပါ။
ငံပြာရည်ကြော်၊တို့ စရာထည့်ထားတဲ့အိတ်သေးသေးလေးတွေကိုထမင်းအိတ်ထဲထည့်ပါ။ လက်မလည်အောင်ကိုရောင်းကောင်းရင်သိပ်ကိုပျော်စရာပီတိဖြစ်စရာပါ။
ကျမတို့ ကထမင်းနှင့်လိုက်မဲ့ ဘဲဥပြုတ်လိုက်ပါတယ်။
ဥပမာ..လူသုံးရာဆိုလျှင်ဘဲဥအလုံးသုံးရာပေါ့။
ပြုတ်ပြီးအခွံခွါပြီးဖြစ်တဲ့ဘဲဥတစ်လုံးစီထည့်ပေးလိုက်ပါတယ်။
မကုန်မှာမပူပါနှင့်။
နောက်တစ်ခါငါတို့ ပိုလုပ်ခဲ့ရမယ်ဆိုတာအိမ်ပြန်လမ်းတစ်လျှောက်အတွေးထဲမှာအကြိုကုသိုလ်အဖြစ် တောက်လျောက်ပါလာနေမယ်ဆိုတာ ယုံစမ်းပါရှင်။

စာဖတ်သူများကိုလေးစားလျက်

မမ

Labels:


Posted by Anonymous :: 7:45 AM :: 8 Comments:

Post / Read Comments

---------------oOo---------------

Monday, March 9, 2009

သရဲခြောက်သည်ဆိုသော မမတို့အိမ်ကြီး(၃)

ပုံကိုဒီနေရာမှယူပါသည်...။

မလတ်ရဲ့လက်ရာ စားပွဲပေါ်က ဟင်းပွဲတွေကိုကြည့်ရင်း ကျမက ထမင်းစားပြီးရင် အားလုံးကို အိမ်မှာရှိတဲ့ လူတွေနဲ့ မိတ်ဆက်ပေးရမယ်လို့ ကျမကပြော တော့...
အော်.... ငါတို့က မသိဘူးဆိုတော့ နင်က တခမ်းတနား မိတ်ဆက်ပေါ့လို့ တို့စရာပန်းကန်က သရက်သီးစိတ်ကို ကိုက်ရင်း ဂျယ်နီကပြောတယ်..............။
မလတ်ချက်ထားတာ ၀က်သားနီချက် ငါးခူကို ရဲယိုရွက်နဲ့ဆီပျံ ပုဇွန်ဆီနဲ့ သီးမွေးငှက်ပျောသီး ဗူးသီးဟင်းခါး သရက်သီးသုတ် ငါးပိရည် တို့စရာအစုံ...........။
ထမင်းကို ပလုပ်ပလောင်း စားနေတဲ့ဂျယ်နီကို .... တို့တတွေ အပေါ်ထပ်မှာ အိပ်ကြမယ်ဟေ့ လို့ ကျမကပြောတော့ ကောင်းတယ် တဲ့.........။
ဒေါ်ကြီးကို အိပ်ယာပြင်ခိုင်းပြီး ..... အပေါ်ကအခန်းထဲမှာပဲအိပ်မယ် ... ။ ည အောက်မဆင်းတော့ဘူးလို့  ကျမကပြောတော့ မကြီးက..... လျှာရှည်ပြန်ပြီ တဲ့ ............။
ကျမကဆက်ပြီး.... နင်တို့ ကြောက်တတ်လား ဆိုတော့ မကြောက်ပါဘူးတဲ့.......... ။ အိုကေ ..... ညအိပ်နေလို့ အရပ်မြင့်မြင့် အသားဖြူဖြူ ဥပဓိရုပ် ကောင်းကောင်း အသက်ခုနှစ်ဆယ် အဖိုးကြီးတစ်ယောက် တွေ့ရင် ပြေးသာနှုတ်ဆက်..... အဲဒါတို့ အဖိုးပဲ...လို့ပြောလိုက်တယ်.. ။
နောက်ပြီး ဆံပင်ကြောလယ်လောက် ကုလားဆင်ချောချောလေး သုံးဆယ့်ရှစ်နှစ်လောက်က တို့ရဲ့အန်တီငယ်ပဲ...ဆိုတာရောထည့်ပြောတယ်။
ဆံပင်ရှည်ရှည် လေးဆယ်လောက်က တို့အဒေါ်လတ် .... တန်းသာနှုတ်ဆက် မကြောက်နဲ့ ..... ဆိုတာရော။
ခပ်၀၀ ငါးဆယ်ကျော်က တို့ရဲ့ အန်တီကြီးပဲ အရမ်းသဘောကောင်းတာ ၊ ကြုံရင်မုန့်ဖိုးပါပေးသွားမှာလို့ ကျမကအရှိန်နဲ့ ပြောနေပေမဲ့ ၊ ထမင်းဆက်မစားနိုင်အောင် ထိပ်လန့်နေတဲ့ မျက်နှာတွေနဲ့  မမ... ဘာတွေလဲဟာလို့.... မေးရင်း အားလုံးက ကျမကို စားလက်စတွေရပ်ပြီးကြည့်တယ်......။
အာ..... ဒီမှာဘာမှတောင် မပြောရသေးဘူး.... ကြောက်နေကြလို့ ဆက်ပြောသင့်မပြောသင့်လေ အဲဒါစဉ်းစားနေတာဆိုတော့....... ။
အားလုံးနောက်ဖေးမှာ ကျမတို့ ညီအမလေးယောက် မလတ်သူငယ်ချင်းသုံးယောက် ကျမသူငယ်ချင်းဂျယ်နီ နဲ့ သူ့ပေါင်းဖေါ်ပေါင်းဖက် နောက်တစ်ယောက် ပေါင်းကိုးယောက်... ။ အနားမှာ ဒေါ်ကြီးက တစ်ပူးတွဲတွဲဆိုတော့ ဆယ်ယောက်ပေါ့........။
ကျန်တဲ့သူတွေက စိတ်ဝင်စားရုံ ကျမ ကြပ်နေတယ်လို့ ထင်တဲ့အဆင့်ပါပဲ ၊ အံ့သြဖို့ ကောင်းအောင် မထင်ထားတဲ့ ဂျယ်နီကတော့၊ ဘောင်းဘီတိုလေးနဲ့ ထိုင်ခုံပေါ်မှာဆောင့်ကြောင့် တက်ထိုင်ရင်း ။ ဖြူဖွေးနေတဲ့သူ့ရဲ့ ဒူးနှစ်လုံးပေါ် မေးတင်ရင်း တုန်တုန်ရီရီ ဖြစ်နေလေရဲ့.......။
ကျမက ဒေါ်ကြီးနယ်ပေးထားတဲ့ ပုဇွန်ဆီ နဲ့ ထမင်းကို တစ်လုပ်စားလိုက် သီးမွေးငှက်ပျောသီးကို တစ်ကိုက်ကိုက်လိုက်နဲ့ အကြံထုတ်နေ တယ်...... ။ဗူးသီးဟင်းခါးကို လက်လှမ်းနေတဲ့ ကျမ ဂျယ်နီက ငါပြန်မယ်ဟာဆိုတော့ .... ။ နင်ဘာဖြစ်တာလဲ နောက်နေတာကို တို့အဒေါ်က သူတော်ကောင်းတွေ အကုန်နတ်ပြည်ရောက်နေပြီ.... ။ မယုံရင် မကြီးမေးကြည့် .... သရဲဆိုလို့ ဒီအိမ်မှာ လက်ရှိလေးယောက် ပဲရှိတာဆိုတော့...။
အဖိုးနဲ့ အဒေါ်သုံးယောက် ဟီး..... မှားလို့ .... တို့ညီအမလေးယောက်လေ..... အကိုတွေက သရဲလေးကောင်လို့ ခေါ်တာပဲလို့.... ကျမကလျှော့ပြောတော့မှ ထမင်းဝိုင်းကတစ်ယောက် တစ်ပေါက်ပြန်ဆူလာတယ်.....။
မလတ်သူငယ်ချင်းတွေက နှစ်ဆယ့်လေးပစ္စည်းကို စည်းချအိပ်စမ်းပါ သရဲမပြောနဲ့ သရဲအဖေတောင်အနား မကပ်ရဲဘူးတဲ့........ ။
လ္ဘက်သုတ် ကော်ဖီ နေကြာစေ့ ဇီးထုပ်အစုံ ဒေါ်ကြီးကို အပေါ်ယူလာခိုင်းပြီး ဧည့်ခန်းထဲကို ရောက်လာကြတယ် ။ အမေက ထုံးစံအတိုင်း ပုတီးတစ်ကုံးနဲ့ ကျမကအမေ့ကို အဒေါ်တွေလဲ ဒီအချိန်ဆို ပုတီး တစ်ဂျောက်ဂျောက်ပဲလို့ပြောတော့ မလတ်က တူပါဘူး.... အမေကနှုတ်ခမ်းနီ ဘယ်တော့မှ မပျက်ဘူး ပိုလှတယ်လို့နောက်တယ်။
ဧည့်ခန်းထဲမှာ ကျမတို့ အုပ်စုပြီးတော့ ကိုရီးယားကား ကြည့်နေတဲ့ ကောင်မလေးနှစ်ယောက် ကလေးငယ်လေး ဒေါ်ကြီးနဲ့ နောက်ကောင်မလေးက နောက်ဖေးမှာ မထွက်လာသေးဘူး...။
ကလေးငယ်လေးက ဟိုပြေးလိုက် ဒီပြေးလိုက် ခဏကြာတော့ ကျမအနား ပြေးလာလို့ ကျမက ပေါင်ပေါ်ကောက်တင်ထားတယ် ။ နှစ်နှစ်ကျော်ကျော် သုံးနှစ်နီးပါး ရှိနေပြီ လူမှတ်မိ စကားစပြောနေပြီ။
လမ်းမနဲ့ ကပ်ရက် သံပန်းမပိတ်ရသေးဘူး ။ ဘဲလ်တီးတဲ့ တံခါးမကြီးကတော့ ပိတ်ထားပြီ ။ ဧည့်ခန်းထဲ အ၀င်အ၀သံပန်းက ပုံမှန်အတိုင်းစေ့ထားတယ်။
ကျမတို့ အလှူတစ်ခုက ဓါတ်ပုံတွေ ခုံပေါ်မှာ အဆင်သင့် တွေ့တာနဲ့ လက်ဆင့်ကမ်း ခေါင်းခြင်းဆိုင်ကြည့်နေကြတယ်.........။
ပေါင်ပေါ်က ကလေးက လက်ညိုးလေးနဲ့ လိုက်ထောက်ရင်း တစ်ခစ်ခစ်ရယ်လိုက် လုပ်နေတယ်ရှင်....။
အဲဒီအချိန်မှာပဲ ကျမတို့အသံတွေနဲ့ကွဲပြားတဲ့ သဘာဝမဟုတ်တဲ့ အသံတစ်ခုကြားလိုက်ပြီးတဲ့ နောက်မှာတော့ ပေါင်ပေါ်က ကလေးက အတင်းတွန်းထိုးပြီး အောက်ကိုလျှောဆင်းတယ် ၊ ကျမက အတင်းပြန်တင်ဆိုတော့ ကလေးက အလိုမကျသလိုဂျီကျတယ် ၊ ငိုကြောရှည်တာသိလို့ မလတ်က.... ချပေးလိုက် သူဟာသူနေပါစေ ၊ ဆိုလို့ အောက်ကိုချပေးလိုက်တဲ့ အချိန်မှာတော့ ကလေးက တောက်တောက်နဲ့ အားလုံးကိုဖြတ်ပြီး သံပန်းတံခါးဆီကိုပြေးတော့တယ်။
အကုန်လုံး ပြိုင်တူ ကလေးသွားရာကို လိုက်ကြည့်ကြတယ် ၊ သံပန်းစေ့ထားတော့ ပြုတ်ကျစရာမလိုတဲ့ အတွက် ကောင်မလေးကလဲ ပြေးမလိုက်ဘူး ထူးဆန်းတာ ကလေးက လက်နှစ်ဖက်ကို အပြင်ထုတ်ပြီး တခစ်ခစ် နဲ့ရီတယ် ၊ မလတ်က ဇတ်ကနဲ ထသွားပြီး ကလေးကို ကောက်ချီလိုက်တယ်ဆို ကလေးက အတင်းတွန်းထိုးပြီး သံပန်းအပြင်ဖက်ကို ထွက်မယ်ဆိုတဲ့ ပုံစံပြပြီး ငိုတော့တာပဲ။
ဘာမှန်းမသိ အဖြစ်အပျက် တစ်ခုကိုငေးကြည့်နေကြတဲ့ ကျမတို့တစ်အုပ်စုလုံး လှုပ်လှုပ်ရှားရှား ဖြစ်စေတာကတော့ ၊ ဒီကလေး ကိုယ်ဝန်ဆောင်ချိန်ကတည်းက ၊ လက်တင်ရွေးထားတဲ့ ကလေးထိန်းကောင်မလေး ပြောလိုက်တဲ့စကားပါပဲ... ။
မမလတ် အန်တီငယ် ရောက်နေလို့ ခဏထားပေးလိုက်ပါတဲ့......ရှင် ။ မလတ်က ဘာပြောတယ်ဆိုတော့ ကောင်မလေးက မလတ်လက်ထဲက ကလေးကိုယူပြီး သံပန်းနားပြန်ချပေးတော့ ကလေးက မဆင်းတော့ဘူး ကောင်မလေးပေါ်ပြန်တက်ပြီး ငိုနေတော့တယ်...။
ကျမတို့တစ်ယောက်လက် တစ်ယောက်ဆုပ်ပြီး ဆိုဖာရှည်ကြီးပေါ်မှာ ပူးထိုင်နေကြတယ် ။
အမေက အခန်းထဲဝင်သွားပြီ.... ။ ဒေါ်ကြီးရယ် ကျမတို့အုပ်စုရယ် ကလေးသိပ်ပြီးရင် အပေါ်တက်ခဲ့လို့ မှာပြီး ကျမတို့အုပ်စု တွန်းတွန်းတိုက်တိုက်နဲ့ အပေါ်ထပ်ကို ရှေ့ကနေပဲတက်ကြတယ်။
အသံလုံးဝမထွက် မျက်စေ့မျက်နှာပျက်ပြီးပြန်ဘို့ နည်းမျိုးစုံ ကြိုးစားနေတာက ဂျယ်နီပါပဲ .....။
ကျမက နင်မရှက်ဘူးလား ရုပ်ပျက်ဆင်းပျက် ငါသိက္ခာကျတယ် ဆိုတော့... ။ နင်သိက္ခာကျတာနောက် ငါသေရတော့မှာလို့  ပြောပြီးငိုရောရှင်........။
ည-၁၁-နာရီခွဲလောက်ရှိနေပြီ ကားတွေက ဂိုထောင်သွင်းပြီးပြီ မြေညီထပ်တွေက လစာနဲ့ ကားတစ်စီးဘယ်လောက်ဆိုပြီး ပေးရတာ.....။
ညရေးညတာ အရေးကြီးတကြီး မဟုတ်ဘဲ.... မထုတ်ကြတော့ဘူး အိမ်ကလူကြီးတွေကလဲ မကြိုက်ဘူး ... ။
မလတ်သူငယ်ချင်းတစ်ယောက်က မပူနဲ့ ငါစည်းချပေးမယ်.......တဲ့ ။
၂၄ - ပစ္စည်းရွတ်ပြီးရင် နင့်အနားဘယ်သူမှ ကပ်လို့မရဘူးတဲ့...။
ဂျယ်နီက အထွန့်တက်ပြီး အောက်တံခါးဝကစပြီး စည်းချပေးပါ ကျမကြောက်လို့ပါ ဆိုပြီးငိုတော့ အဲဒီအမက အေး အေး ဆိုပြီး ဘဲလ်တီးတဲ့တံခါးမကြီးနားကနေ စည်းချတော့တယ်...။
အဲဒီအချိန်ကစလို့ ကျမတို့ မိုးမီးတက်ရှို့မိသလို မိုးမီးလောင်တော့တာပါပဲရှင်........ ။ မလတ်က အဲလိုလုပ်လို့ကောင်းပါ့မလားဆိုတော့ မကြီးကရပါတယ်တဲ့  .... ။
မငယ်က အန်တီလေးစိတ်ဆိုးရင် ဒုက္ခပဲလို့ နောက်တယ်.... ။ ၂၄ -ပစ္စည်းကို တစ်ယောက်ရွတ်တော့ အကုန်ဝိုင်းရွတ်ကြတယ် ။ ဘာရယ်တော့ မဟုတ်ဘူး အားလုံးက ဒီတိုင်းစောင့်နေရမဲ့ အစားကူရွတ်ကြတာ...။
စရွတ်တဲ့အမက ရေခွက်တစ်ခွက် ကိုင်ထားတယ် ...။
မီးကလဲလင်းထိန်လို့  တံခါးပုံစံက တစ်ဖက်ဖွင့် အောက်ပိုင်းကအပြည့် သစ်သားကာထားတာ....။ လူတစ်ယောက် မတ်တပ်ရပ်မယ်ဆို ပခုံးလောက်အမြင့်ကစပြီး သံတိုင်အကျဲကြီးတွေ။
ကျမတို့ စုပြုံရွတ်တာကိုး ခေါက်ပြည့်တော့ ဘဲလ်မြည်တယ်...။
ကျမတို့အိမ်က အပေါ်ထပ်အောက်ထပ် မီးဖိုဆောင် အကုန်ဘဲလ် တတ်ထားတာ... အဘိုးလက်ထက်ကတည်းကပဲ ။ တစ်အိမ်လုံးကြားအောင်... ။ အကိုတွေလက်ထက်က လူမသိ သူမသိ ဖုန်းနဲ့ ခိုးဝင်ခိုးထွက် ဘဲလ်တီးတာနဲ့  အားလုံးသိလို့လေ ။ ဘဲလ်မြည်တော့ မလတ်နဲ့ ကျမက တံခါးကရပ်ကြည့်တယ် ။
ရွတ်နေတဲ့သူတွေ အားလုံးက ဒီဘက်လှေခါးအဆင်း အောက်ဆုံးသုံးထစ်လောက်ကစပြီး အစဉ်လိုက် ထိုင်နေကြတာလေ...။
ဘယ်သူလဲလို့ သူတို့မေးတော့ မလတ်နဲ့ကျမ ဘာဖြေရမှန်းမသိ မငယ်ကပါဆင်းပြီး လာကြည့်တယ် ။
လင်းထိန်နေတဲ့ လှေခါးမီးရောင် အောက်မှာ ဘယ်သူမှမရှိဘူးလို့  မငယ်က ပြန်ဖြေတော့ အကုန်မတ်တပ်ထရပ်တယ် .... ။ တိုင်ပင်မထားပဲ အလုအယက် ပြေးတက်တာ... ။ လူကိုးယောက် အချိန်မတော် ပြေးတတ်တဲ့ခြေသံ အချိန်မတော် ဘဲလ်သံကြောင့် တစ်အိမ်လုံးနိုးကုန်ပြီ... ။ ည-၁၂ -နာရီကျော်ကျော်လောက်ပေါ့ ။
အဖေက ဘယ်သူလာတာလဲတဲ့ ဒီလောက်ဘဲလ်တီးနေတာ ဘာလုပ်နေ ကြလဲ ... ဆိုပြီး .. အောက်ဆင်းသွားတယ် ။ မကြာဘူးအဖေ ပြန်တက်လာတယ် ။ ပက်လက်ကုလားထိုင်မှာ အဖေထိုင်ချလိုက်တော့ ဘဲလ်က ထပ်မည်တယ် ကြောင်နေတာဖြစ်မယ်... ။ ဘဲလ်ကပ်သွားတာဖြစ်မယ်တဲ့... ။ ဘဲလ်တစ်ချက်မြည်တိုင်း နားနှစ်ဖက်အုပ် လူတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ဂျယ်နီကငိုတယ်... ။ ဖုန်းတွေလိုက်ဆက်ပြီး သူ့ကိုလာခေါ်ဖို့  သူငယ်ချင်းတွေ အားလုံးကို အကူအညီတောင်းတယ်..... ။ ချွေးစေးတွေပြန်ပြီး မာမီရေလို့ အော်ငိုနေတဲ့ ဂျယ်နီကို ငေးကြည့်ရင်း မငယ်နဲ့ကျမ အရမ်းသနားသွားတယ်... ။ မငိုနဲ့ ပြန်ပို့ပေးမယ် ခဏပဲ အစ်ကိုတွေလာနေပြီလို့ ကျမကပြောရတယ်။
လူကြားမကောင်းအောင် တီးနေတဲ့ ဘဲလ်ကို မလတ်က ဓါးတစ်ချောင်းယူခိုင်းပြီး ဖြတ်ချလိုက်တယ်... ။ ဓါးနဲ့ဖြတ်ချပြီးတဲ့နောက်မှာ သုံးခါတိတိ ထပ်မည်တော့ အဖေက သမီးတို့ ဘာတွေများ သွားလုပ်သလဲ ဖေဖေ့ကိုမှန်မှန်ပြောတဲ့ .... ။ သမီးတို့ ကြောက်လို့ ဘယ်သူမှမ၀င်နိုင်အောင်၂၄-ပစ္စည်းနဲ့ စည်းချတာ ဖေဖေလို့ မလတ်ကပြောတော့ ကောင်းပြီ သမီးတို့ တက်အိပ်တော့ မကြောက်နဲ့ ဘယ်သူမှ ဘာမှလုပ်လို့ မရဘူးတဲ့ ..... ။ အဲဒီအချိန်မှာပဲ အောက်ကတံခါးကို တစ်ဘုန်းဘုန်းထုတော့ အားလုံးငြိမ်သွားတယ် အဖေကအစပေါ့ ဂျယ်နီဆိုတာ နေစရာရှာမတွေ့သလို အမေ့ကိုအတင်းဖက်ပြီး မျက်နှာဖွက်ထားတာပဲ... ။ မလတ်သူငယ်ချင်းတွေအားလုံးလဲ အတော်ကိုကြောက်နေတယ်... ။ ကျမတော့ ကြိုးဖြတ်ပြီးတာတောင် မည်နေနိုင်တဲ့ဘဲလ်သံကိုအတော်ကို ထူးဆန်းတာပဲလို့သေသေချာချာ မှတ်ထားတယ် ။ အားလုံးရဲ့မျက်နှာတွေကိုလဲ သေသေချာချာကို လိုက်ကြည့်နေမိတယ် ။ အဖေ့ကိုလဲ မကျေနပ်ဘူး...။ အဖေသိတယ်.....။ သိရက်နဲ့ အဖေတို့ မောင်နှမတွေ ချစ်ပုံက လိုတာထက်ပိုနေပြီ... ။ အမေကတောင်မှ တစ်သက်လုံး အတ္တကြီးတယ်..... အံ့သြဘို့ကောင်းအောင် ချစ်နိုင်လွန်းတယ်လို့..... အမြဲမှတ်ချက်ချတယ်.....။ အခုအချိန်မှာတော့ အဖေတို့ ချစ်ပုံမှားတာကို ကျမတို့ ညီအမတတွေ လက်မြှောက်ရတော့တယ်................။
ကျမတို့ အသံမပေးတော့ လမ်းမကနေ ကျမတို့ ညီအမအမည်တွေ လက်ခုပ်တီးပြီး ခေါ်သံတွေကြားတော့မှ တံခါးဆင်းဖွင့်တော့ အစ်ကိုနှစ်ယောက်နဲ့ မောင်လေး.....။ ဂျယ်နီက ၀မ်းသာအားရထပြီး ပြန်ပို့ပေးပါလို့ ပြောတယ်....။
မလတ် သူငယ်ချင်းသုံးယောက်က မိုးလင်းမှပဲ ပြန်တော့မယ်လို့ပြောရှာတယ်... ။ အစ်ကိုတွေနဲ့မောင်တွေကလဲ အသေသိချင်တဲ့ပုံတွေ ပြန်လာမှပြောမယ် သူ့ကိုအရင်ပို့ပေးလိုက်ပါလို့ ကျမတို့ပြောရတယ် ။
လှေခါးက ဖြတ်ဆင်းဘို့ အသေကြောက်နေတဲ့ ဂျယ်နီကို တစ်အုပ်တစ်မကြီး ကားနားအရောက် ပို့ပေးကြတယ်...။ သူငယ်ချင်းတွေကြားထဲမှာရော လမ်းထဲမှာရော ၀က်ဝက်ကွဲပေါ့ရှင်...... ။ မနက်မှသိရတာက အဒေါ်နှစ်ယောက်ကို....... ၀င်ဝင်အထဲကိုဝင် ကိုယ့်ဟာကိုယ်နေကြ ကလေးတွေကြောက်အောင်မလုပ်နဲ့ လို့ အပေါက်ဝကနေ အဖေကဆင်းခေါ်သတဲ့ ရှင်..........။


စာဖတ်သူများကိုအစဉ်လေးစားစွာဖြင့်

မမ

Labels:


Posted by Anonymous :: 4:22 PM :: 10 Comments:

Post / Read Comments

---------------oOo---------------

Friday, March 6, 2009

သရဲခြောက်သည်ဆိုသော မမတို့အိမ်ကြီး (၂)


ပုံကိုဒီနေရာမှ ယူပါတယ်..

အတွေးကိုယ်စီနဲ့ ငြိမ်နေကြတဲ့ ဧည့်ခန်းထဲမှာ နင့်ပခုံးကို လာကိုင်တဲ့လက်က အေးလားတဲ့ ဆိုတဲ့ မငယ်အသံကြောင့် ကျမမျက်စောင်းလှမ်းထိုးလိုက်တယ် ။ အနွေးထည် အထူကြီးဝတ်ထားတာ မငယ်အလှည့်ကျမှ အေးလားနွေးလား သေချာခံစားပေါ့လို့  ကျမပြောတော့ ။ အမေကတော်တော့ တဲ့ ။ အဒေါ်လတ်များ ကြောက်စရာလားဟာ တစ်မလွန်ကနေတောင် ကောင်ဖီလာဖျော်ပေးတာ ရှားပါ့တဲ့ ။
ငါတော့  တွေ့ရင်အဆင်ပြေရဲ့လား ဘာညာ စကားပြောမှာပဲလို့ အပြောကြီးတဲ့ မလတ်အလှည့်မှာတော့ တစ်အိမ်လုံး အုံးအုံးကြွက်ကြွက်ဖြစ်တော့တာပါပဲ ။ တစ်နေ့  သူ့သူငယ်ချင်းတွေ လာမှာမို့လို့ သူဟင်းချက်မယ်တဲ့ ။ မလတ်က လူမစားတဲ့ ဟင်းတွေသိပ်ချက်တတ်တာ .... ဟိ ။
သူက ဟင်းချက်ရင်း ပေါက်ကရသိပ်ပြောတာ အန်တီလေးရေ ဟင်းအိုးလေးတော့ အပေါ့အငန်မြည်းပေးနော် ။ ၀က်သားနီချက်က သကြားဒီလောက်ထည့်ရင် တော်ပြီလား ...။ တစ်ချိန်လုံး အန်တီလေးကို တပြီး ဟင်းချက်နေတာလေ........။
သူပြောနေတာတွေ နားထောင်ရင်း ကျမရင်ထဲမှာ စိမ့်ကနဲတစ်ချက် ဖြစ်သွားတယ်.....။ မလတ်နော် ဘာတွေ ပြောမှန်းကိုမသိဘူး တွေ့ ရင်လက်အေးလားနွေးလား ကိုင်ကြည့်ဘို့ မမေ့နဲ့လို့ ပြောခဲ့ရင်း ကျမအိမ်ရှေ့ထွက်လာတယ်။
ဆယ်မိနစ်လောက်ပဲ ထင်တယ် လာကြပါဦး လာကြပါဦး လို့ မလတ်အော်တော့ တစ်အိမ်လုံးမှာ သူရယ် ကျမရယ် ကောင်မလေးသုံးယောက်ရယ် ကလေးငယ်လေးရယ် ဒါပဲရှိတာလေ...။
ကျမပြေးသွားတော့ နောက်ဖေးဟင်းချက်တဲ့ အိုးနားမှာ သူတစ်ယောက်တည်း ...။ ကျမရောက်ပြီးမှ ကလေးထိမ်းကောင်မလေးက ကလေးချီပြီး ထွက်လာတယ် ။ နောက်တစ်ယောက်ကလဲ အခန်းထဲမှာ မီးပူတိုက်နေတယ်...။
သူ့ အနားကကောင်မလေးက ပျောက်နေတယ်..။ ကျမရေချိုးခန်းအိမ်သာပြေးကြည့်တော့ ကောင်မလေးက အိမ်သာထဲမှာ အပြင်ကဂျက်ချထားတယ် ထွက်လို့ မရဘူး ...။ နင်အော်ပါလား ပါးစပ်မပါဘူးလား ကျမဟောက်တော့ အော်နေတာ အသံတောင်ဝင်နေပြီ တဲ့.....ရှင်။
မလတ် ဘာဖြစ်တာလဲဆိုတော့ အဲဒီကောင်မလေးကို လက်ညိုးထိုးပြီး သူရှိနေတယ် ထင်တာတဲ့...။ သူတောင်းသမျှ ပေးနေတာတဲ့ လက်ခု ဇွန်းခွက် တဲ့...။ ဇွန်းခွက်ကို နောက်ပြန်ယူတော့ ပြုတ်ကြလို့  လှည့်ကြည့်တော့မှ လူမရှိတာ တွေ့ သတဲ့ ... ။ အိမ်မှာ လူကြီးကလဲ မရှိ ။ ကျမနဲ့ မလတ် အတော်ကိုကြောက်ခဲ့တာ...။
ကောင်မလေးတွေဆိုတာ မျက်နှာကိုငယ်လို့  ။ ကျမက သွားသွား ကိုယ့်အလုပ် ကိုယ်သွားလုပ် ဆိုတော့ ကောင်မလေးတွေက မီးဖိုချောင်က ထွက်သွားတယ်။
ခုနှစ်နာရီနီးပါးရှိနေပြီ ။ အဲဒီအချိန်မှာပဲ မလတ်က အတော့်ကိုထူးဆန်းတာပဲ .... ငါတော့ ဘယ်လိုမှမယုံနိုင်ဘူးလို့ တွေးတွေးဆဆ ပြောတယ် ။ ကျမက မလတ် အိမ်ရှေ့သွားမယ် ။ ဖုန်းဆက်ပြီး လူကြီးတွေ ခေါ်ရအောင် ဆိုတော့.... မီးဖိုခုံမှာတင် ထားတဲ့ ဇွန်းခွက် ပြုတ်ကြတဲ့အသံနဲ့ အပြိုင် မလတ်နဲ့ကျမ ငယ်သံပါအောင် အော်ပြီး တစ်ယောက်နဲ့တစ်ယောက် ဖက်ထားကြတယ်။
ဇွန်းခွက်ပြုတ်ကြတာ ဘာဖြစ်လဲလို့ မပြောကြပါနဲ့ရှင် အဲဒီဇွန်းခွက်က ရေကူးသလိုကူးပြီး ရေချိုးခန်းရှေ့ရောက်သွားတဲ့ အချိန်မှာတော့ ကျမတို့ ညီအမ အားလုံးကိုမေ့ပြီး ဘယ်လိုဆင်းပြေးမှန်းမသိ လမ်းမပေါ်ရောက်နေခဲ့ပြီ.... ။ကောင်မလေးတွေ ကလေးကိုချီပြီး ဆင်းလာတဲ့အချိန်မှာတော့ မလတ်က လှေခါးမှာထိုင်နေ ဘာမှမပြောနဲ့  လူကြီးတွေ အခုခေါ်မယ်ဆိုပြီး ဘေးအိမ်ကနေ ဖုန်းဆက်တယ် ....။ တစ်ယောက်ပြီး တစ်ယောက်ကို မနားတမ်းဆက်တော့တာ ....။ နာရီဝက်လောက်ကြာတော့ ဦးလေးကား အိမ်ကကား တတိယ အဒေါ်မိသားစု -၄၇- လမ်းက ဖေဖေ့အစ်ကိုဝမ်းကွဲ မိသားစု လူစုံတက်စုံ ရောက်လာတဲ့ အချိန်မှာတော့ မလတ်တင်းထားသမျှလျှော့ပြီး သတိလစ်သွားခဲ့ပြီ။
ကျမကို လူကြီးတွေမေးတာကို ဖြေရင်းဦးလေးက နောက်ဖေးခန်းတွေ လျှောက်ကြည့်တယ် .... ။ အခုနင်က ဇွန်းခွက်က ရေချိုးခန်းအ၀မှာ ဒီအတိုင်း အမျိုးသမီးကြီးတွေ အကုန်လုံးက တစ်ရှုံရှုံ ငိုကြတယ် ။ အဲဒီအချိန်မှာပဲ မီးက ဖြတ်ခနဲပျက်တော့ တစ်လမ်းလုံးမှောင်ကျသွားတယ် ။ ဦးလေးက မီးချိန်းဖို့ အောက်ကိုဆင်းဖို့ ဟန်ပြင်နေတုန်းမှာပဲ မီးကထိန်ကနဲ လင်းလာတယ်။ မီးပြန်လာတယ်ပေါ့ ဦးလေးက မသင်္ကာသလိုပုံစံနဲ့ ပြူတင်းပေါက်ကနေ လမ်းမကိုမျှော်ကြည့်တော့ အားလုံးထင်တဲ့အတိုင်းပဲ မီးနှစ်လိုင်းယူထားတဲ့ အိမ်တစ်ချို့ကလွဲလို့ အပြင်မှာမှောင်လို့  ဦးလေးက အောက်ကိုဆင်းပြီး မီတာပုံးကိုဖွင့်ကြည့်တော့ မီးလိုင်းက ချိန်းထားပြီးနှင့်ပြီ။
အတော့်ကို စိတ်မချမ်းမသာတဲ့ မျက်နှာတွေနဲ့မောင်နှမတတွေကို အမေကနှစ်သိမ့်တယ် ။ ဘာမှတွေးမနေကြပါနဲ့ အလှူအတန်းလုပ် အမျှပေးကြတာပေါ့ လို့ အမေပြောတဲ့ အချိန်မှာပဲ မီးဖိုချောင်ကနေ ဟိုးအရင်ကကြားတဲ့ ပစ္စည်းတွေ အကုန်ကျကွဲတဲ့ အသံတွေ စီကနဲထွက်လာတယ်။
အိမ်ရှိလူကုန် မီးဖိုချောင်ကို ပြေးကြည့်ကြတယ် ။ အရင်အတိုင်း ခြေရာလက်ရာမပျက် တိတ်လို့ဆိတ်လို့.....။ အဲဒီအချိန်မှာတော့ သြဇာအင်မတန်ကြီး သက်ရှိထင်ရှားရှိစဉ်က ဦးလေးကို အင်မတန် လေးစားကြောက်ရွံ့ရတဲ့  အဒေါ်နှစ်ယောက်ကို နံမည်ခေါ်ပြီး လူတွေကို မနှောက်ယှက်ဖို့ ဆက်ပြီးဒီလိုတွေ လုပ်နေမယ်ဆိုရင် သင့်တော်သလိုစီစဉ်မယ်လို့  ဦးလေးကပြောတော့ လာတဲ့သူတွေက ၀မ်းနည်းပြီး ငိုကြပြန်ရောရှင်........။
ဦးလေးရဲ့သားတော်မောင် ဆြာကြီးတွေက သိပ္ပံပညာရှင်တွေလေ မီးအားပြည့်လို့ မီးခလုတ်က တွန်းကန်တက်တာတို့ ကျမက ညအချိန်မတော် လူသတ်တဲ့ကားတွေ ကြည့်ပြီး စိတ်ထင်ယောင်ထင်မှား ဖြစ်တာတို့  ဇွန်းခွက်က ပြုတ်ကျတော့ ဖင်နဲ့ ဒေါင်လိုက်ကျပြီး ရေချိုးခန်းရှေ့ ကို ကန်ပြီးလွင့်သွားတာတို့ မလတ်ကတော့ ကိုယ့်ကိုယ်ကိုကြည့်ရင်း လောကကြီးမှာ တို့ တွေမသိတဲ့မမြင်ရတဲ့ အရာတွေအများကြီး ဆိုတာလက်ခံလိုက်ပြီတဲ့..... ။
ကျမကတော့ မယုံသင်္ကာနဲ့ အကိုတွေကို တစ်ကယ်ဆို အဒေါ်တွေက ကျမတို့ထက် သူတို့ ကိုပိုချစ်တာ.... ကိုကို တို့လိပ်စာ မသိလို့လားမသိဘူး.....။ လေးလေး တစ်ခါထဲ ခေါ်သွားရင်ရောလို့ ကျမကမေးတော့...။
အမေက အင်မတန်မှအားနာလွန်းတဲ့ မျက်နှာနဲ့ မဟုတ်တာမမရယ် ..... ။ မဟုတ်ကဟုတ်က ပြောရော့မယ်လို့ ပြောတယ် ။ သိပံ္ပပညာရှင်ညီအကိုတွေကတော့ အသံတိတ်ပြီး ပြူးကြောင်ကြောင် ကြည့်နေတယ်။
မလတ်က နေပါစေသူ့တို့ ဖြစ်ချင်တာ ဖြစ်သင့်တာ နည်းလမ်းရှာပြီး အကောင်းဆုံးကို လုပ်ပေးရမယ် အားလုံးယုံရင်ယုံ မယုံရင်နေ ဒီအိမ်မှာ ကျမတို့ အဒေါ်နှစ်ယောက် သေဆုံးပြီးသည့်တိုင် ကျမတို့ နဲ့ အတူ ရှိနေဆဲဆိုတာကို ကျမတော့လက်ခံတယ် ။ နောက်ဘယ်သူတွေရှိအုန်းမလဲ .... ။ အားလုံးသေချာလေ့လာပြီး အကောင်းဆုံး လုပ်ပေးရမယ်လို့ ပြောတယ်။
အားလုံး နှုတ်ဆက်ပြီးပြန်တော့ အူကြောင်ကြားအဒေါ်တွေက ကျမတို့ အပြင်ဟိုအခန်းဝင် ဒီအခန်း ထွက်နဲ့ မမြင်ရတဲ့အဒေါ်နှစ်ယောက်ကို နှုတ်ဆက်နေသေးရှင်....။ အစ်ကိုတွေကတော့ ရှေ့ဆုံးကနေ ပြေးတာပေါ့  အစ်ကိုလတ်ကို အဒေါ်အပျို ကြီးက အသဲစွဲလေ ကုတ်ချောင်းချောင်းနဲ့ ဟိုကြည့်ဒီကြည့် လုပ်နေလို့ မလတ်က အဒေါ်ကူချက်ထားတဲ့ ၀က်သားနီချက်လေး ယူသွားပါဦးလား ဆိုတော့ ဟင့်အင်း ထမင်းစားပြီးပြီတဲ့ အဲလို ကြောက်ကြတာယုံ....။
အမေတို့ ထွက်သွားတော့ ကျမက မလတ်ကြောက်စရာကြီးနော်လို့ စကားစတော့...။ ရုတ်တရက် ဖြစ်တာရယ် သဘာဝကို ဆန့်ကျင်တာရယ်ကြောင့်ပါတဲ့..... ။ မလတ်..ကလဲ ကြောက်ကြောက်တယ်ပေါ့ဟာ...။ သတိတွေဘာတွေတောင် လစ်လို့ ဟာ စိတ်ထဲမကောင်းဘူးဟ ။ စဉ်းစားရင် ကြောက်စရာကြီး အဒေါ်ငယ်ငယ်ချောချောလေးတွေ အခုတော့သရဲ ဖြစ်နေတယ်နော်တဲ့......... ။ သရဲကိုမကြောက်ဘူး သေရင်သရဲဖြစ်မှာကြောက်တာ...။ သူတို့ ဘာလို့ သရဲဖြစ်လဲ မေးလို့ ရရင် ကောင်းမယ်တဲ့.....။
မလတ် သူငယ်ချင်းသုံးယောက် ရောက်လာတော့ မလတ်က မျက်နှာရိပ်နဲ့ မပြောဘို့ အချက်ပေးတယ် ။ ကျူရှင်ပြန်လာတဲ့ မငယ်က ပြူးတူး ပြာတာ နဲ့ ဘာဖြစ်တာ လဲတဲ့....။
မငယ် နဲ့ အခန်းပြင်ကို အတူထွက်လာရင်း ကျမကပြောပြတယ် မငယ်က တစ်ကယ်ကြီးလားလို့ မေးရင်း တောင်ကြည့်မြောက်ကြည့်နဲ့ ကျမက မငယ် ဒီည ဂျယ်နီ တို့ကိုခေါ်ရအောင် မလတ် လူတွေကိုလဲ အိပ်ခိုင်းမယ် တို့ ဖမ်းရအောင်နော်ဆိုတော့ တက်ကြွစွာနဲ့ အေးတဲ့............။
ဂျယ်နီ ဆိုတာ ကျမသူငယ်ချင်း ဘိုကပြား ဘယ်လို ပြောရပါ့ ကျမသိသလိုပြောရရင် သူ့ အဖေရဲ့အမေက မြန်မာစကားလုံးဝမတတ်တဲ့ အော်စီလူမျိုး ..... သူက ကားမောင်းကျွမ်းတယ် ရုပ်ချောတယ် ။ အဲ....သရဲ အသေကြောက်တာတော့ အဲဒီညမှသေချာသိတာ...။ သူတို့ ကလဲ ညီအမလေးယောက် အကုန်ချောတယ် ။ အခုတော့ ရန်ကုန်မှာ တစ်ယောက်ပဲ ကျန်တဲ့သူတွေက နိုင်ငံပေါင်းစုံမှာ...။ အဖေကလဲ မရှိရှာဘူး ကျမကို အသေခင်အသေတွဲ... ။ ကျမတို့ ညီအမကိုတော့ အမေကစိတ်ချတယ် ။ ဟီး .... မလတ်သူငယ်ချင်းတွေ ဆိုပေမယ့် ကျမတို့ ညီအမတွေနဲ့လဲ အားလုံးခင်ကြတယ် ။
သူငယ်ချင်းတွေ အကုန်စုံတော့ သူတို့ကို ဒီညအိမ်မှာ အိပ်ကြဘို့ပြောတယ်...။ သူတို့အိမ်တွေဆီကို ဖုန်းဆက်ပြီး ခွင့်တောင်းကြတယ် ။ ကျမတို့အိမ်မှာ အဲဒီတုန်းက ယောင်္ကျားလေးဆိုလို့ အဖေတစ်ယောက်ပဲရှိတာ ။ မောင်အရင်းက အကိုတွေနောက်လိုက်နေတာ အိမ်မှာယောင်္ကျားဖေါ် မရှိလို့ .....။
အမေ ကျမတို့ညီအမလေးယောက် ကောင်မလေးသုံးယောက်နဲ့ အဒေါ်ငယ်ရဲ့ကလေးငယ်လေးရယ် ၊ ကလေးအကြီးကတော့ နောင်နှစ်ကျောင်းတက်ရတော့မှာဆိုတော့ မတတ်ခင် တတိယအဒေါ်က ခဏခေါ် ထားတယ် ။ ပြီးတော့ ဒေါ်ကြီးရယ် ဖေဖေရယ်..... ဒါက အိမ်ရှိလူကုန်...။ နေ့တိုင်းမိန်းကလေး သူငယ်ချင်းတွေ တစ်အုန်းအုန်းဝင်ထွက် ညအိပ်လဲ သူတို့အိမ်တွေက အကုန်စိတ်ချတယ်။
အဟီး...... စာရေးတာ တောင်ရောက်မြောက်ရောက်တဲ့ ..... ။ ကျမတို့ အိမ်ပုံစံကိုလဲ ပြောပြမှဖြစ်မှာ ....။ ဒီလို မြေညီက တက်ရင် ကိုယ်ပိုင်လှေခါး အကျယ်ကြီးကို ကိုးထစ်လောက်တက်ပြီးရင် ဘဲလ်တီး တံခါးလာဖွင့်တဲ့ အခါ ဘိနပ်ချွပ်လိုမျိုး နေရာတော်တော်ကျယ်ကျယ်ရှိတယ်.....။ ပြီးရင် အပေါ်ကို ဆယ်ငါးထစ်လောက် ထပ်တက်လိုက် ညာဘက်မှာသံပန်းစေ့ထားတယ် ။ အိမ်ရဲ့ဧည့်ခန်းပဲ မ၀င်ချင်ဘူး ဘယ်ကို သုံးလှမ်း လောက် လှမ်းပြီး ဆယ့်နှစ်ထစ်လောက် ဆက်တက်ရင် အပေါ်ထပ်ပဲ......။ အပေါ်ထပ်ကနေ အတွင်းလှေခါးနဲ့  အောက်ကိုဆင်းလို့ ရသလို အပေါ်ထပ်ကနေ အောက်ထပ်ကို မှန်အမဲတွေကနေ ငုံ့ကြည့်ရင် ဧည့်ခန်းထဲကို အကုန်အပေါ် စီးကနေကြည့်လို့ရတယ် ။
ဧည့်ခန်းက အကျယ်ကြီး အိမ်အကျယ်က လှေခါး မပါ ၃၆ပေ ပေ၆၀ ရှည်တယ်....။ လှေခါးနေရာနှုတ်ပြီး ဧည့်ခန်းက ၂၈ပေ လောက် ကျန်နေဦးမယ် ။ ပြီးတော့မှ သင်္ဘောခန်းလို့ ခေါ်တယ် ...။ မျက်နှာခြင်းဆိုင်အခန်း ၂ခန်းစီ ..... လေးခန်း..။ မီးဖိုဆောင်က အကျယ်ကြီး ထမင်းစားခန်းနဲ့ မီးဖိုဆောင်ကို နံရံကပ်တွေနဲ့ အလည်ကဖြတ်ထားတယ် .....။ တံခါးမထားဘူး ပြီးရင် ညာဘက်ထောင့်မှာ ရေချိုးခန်းအိမ်သာ နှစ်စုံတွဲရက်။ ကျမပြောချင်တာ ကျမတို့ မိသားစုနဲ့ အိမ်ကိုတွက်ချက်လိုက်ရင် အကုန်ပျောက်နေတယ်။
အပေါ်ထပ်က ၀င်ဝင်ခြင်း စားပွဲတစ်လုံးပစ္စည်းတွေထားတယ် .....။ ၁၅ ပေလောက်ကနေပြီး စလိုက်ဒိုးနဲ့ မှန်အမဲ တွေနဲ့ ကာထားတယ် ။ အလျားလိုက်နော် .....။ အထဲကဟောခန်းကြီး နောက်ကိုငုံ့ကြည့်ရင် မီးဖိုဆောင် ထမင်းစားခန်း ရေချိုးခန်း ၊ အိမ်သာအကုန်မြင်ရတယ် ။ နောက်မှကျမတို့က နှစ်ဖက်မြင်မှန်အမဲတွေကို အောက်ကိုမမြင်ရအောင် ဆေးတွေသုတ်ပစ်လိုက်တာ .....မသုတ်ခင် အရင်ကဆိုအကုန် မြင်ရတယ်။

ဆက်ရန်..

Labels:


Posted by Anonymous :: 7:03 PM :: 3 Comments:

Post / Read Comments

---------------oOo---------------

Thursday, March 5, 2009

သရဲခြောက်သည်ဆိုသောမမတို့ အိမ်ကြီး(၁)



မောင်နှမတွေ တစ်အုန်းအုန်းနဲ့ မမတို့ အိမ်ကြီးမှာ ပထမဆုံး အဘိုးဆုံးတယ် ။ အဘိုးဆုံးရင် မြေးတွေပျော်ကြသတဲ့ ။ သိပ်ကို မိသားစုအပေါ် တာဝန်ကျေပြီး မေတ္တာကြီးလွန်းတဲ့ အဘိုးဆုံးတော့ တစ်ကယ်ပါ မမတို့ မောင်နှမတွေဝမ်းနည်းလွန်းလို့ မဆုံးနိုင်အောင်ပါပဲ။
ရုတ်တရက် ဦးနှောက်ကြောပြတ်ပြီး ရန်ကုန်ဆေးရုံ ကြီးရောက်တဲ့အခါမှာတော့ အဘိုးအသက်ကုန်သွားတာပါပဲ။ ကျမတို့  အဖေဘက်က ခောတ်ပညာတတ်တွေ ရာထူးကြီးသူတွေ များလှပေမဲ့ သူတို့ မတရားကြောက်တာ ဆေးရုံပဲလို့ အမေကပြောဘူးတယ် ။ အဖေ့ဖက်က တစ်စုံတစ်ရာအကြောင်းကြောင်းကြောင့် ဆေးရုံရောက်ခဲ့တယ်ဆိုရင် အသက်ပြန်ပါမလာတတ်ဘူးတဲ့........။
အဘိုးဆုံးတာ အသက်အရွယ်အရ ဘာမှမပြောသာပေမဲ့ ကျမတို့ ရဲ့ အဒေါ် ဖေဖေ့ညီမ အလတ် လေးဆယ်အရွယ် ရုတ်တရက် ဆေးရုံတင်ရတဲ့အခါမှာတော့ အမေပြောတဲ့စကားကို ကျမတို့ ညီအမ ကျေကျေနပ်နပ်ကြီးကို လက်ခံရတော့တာပဲ။
အိမ်ထဲကနေ အိမ်ပြင်မထွက် တစ်နေ့တစ်နေ့ တစ်အိမ်လုံးစားဖို့ သောက်ဘို့ တူတော်မောင်တွေကို အလွန်တစ်ရာမှ သံယောဇဉ်ကြီးရှာတဲ့ အဒေါ်အပျို ကြီး ထမင်းစားလို့ မ၀င် လည်ပင်းကြီး တစ်ဖြည်းဖြည်းကြီးလာပြီး ခန္ဒာကိုယ်ပေါင်ချိန် တွေကျလာတဲ့အချိန်မှာတော့ ဆေးရုံစကားပြောတိုင်း ခေါင်းခါခါလည်ခါခါ နဲ့  အခန်းတံခါးပိတ် "ဂျိတ်"လုပ်နေတဲ့ အဒေါ်အပျို ကြီးကို ဗီတိုအာဏာသုံးပြီး ဆေးရုံတင်ကြတဲ့အခါမှာတော့ အလွန်တစ်ရာမှ အရှက်အကြောက်ကြီးတဲ့ အဒေါ်အပျိုကြီးက ငါမသေချင်သေးဘူးလို့ တိုးလျှိုးတောင်းပန်တာကို ကလေးအရွယ် ကျမတို့ တစ်အံ့တစ်သြ နားထောင်ရင်း ဆေးရုံရောက်လို့ နောက်တစ်ရက်မြောက်မှာ ကွယ်လွန်သွားတော့တယ်။
အဲလိုနဲ့ အဒေါ်ငယ်က သူ့ ခောတ်သူ့အခါမှာ တော်တော့်ကို အချောအလှ စာရင်းမှာပါခဲ့ပါတယ်။ အိမ်ကိုအ၀င်အထွက်ရှိနေတဲ့ ဘိတ်ဖက်က သူဌေးတစ်ယောက်က တောင်းရမ်းလက်ထပ်တာကို မျက်ရည်လည်ရွဲ အဘိုးကိုငြင်းရင်းနဲ့ပဲ လက်ခံခဲ့ပါတယ် ။
ပထမသားလေးတစ်ယောက်မွေး ဒုတိယသားလေးမွေးပြီးတဲ့ အချိန်မှာတော့ စီးပွားတွေ တရိပ်ရိပ်တက်ရင်း အဒေါ်ကျန်းမာရေးက ချူချာလာခဲ့တယ်။
အသဲရောင်အသားဝါကနေ တစ်ကိုယ်လုံး ၀ါထိန်နေရင်းပဲ ကလေးရှစ်လသားအရွယ်မှာ အဒေါ်ငယ်တိမ်းပါးသွားခဲ့ပြန်တယ် ။ အသက်သုံးဆယ်ရှစ် လောက်ပဲရှိပါသေးတယ်။
အရာအားလုံး ကပြောင်းကပြန်တွေဖြစ် တစ်ဆွေတစ်မျိုးလုံး အံ့သြထိတ်လန့် တုန်လှုပ်ခဲ့ရတာကတော့ ကျမတိုရဲ့ မှီခိုရာအားထားရာ တစ်မျိုးလုံးပေါ်မှာ ဘယ်လိုမှ ကျေးဇူးတွေမလွတ်နိုင်တဲ့ အဒေါ်အကြီးဆုံး... တူညီတဲ့မေတ္တာတွေ တန်းတူပေး အလွန်တရာ အပေးအကမ်းရက်ရောလွန်းတဲ့ တစ်မျိုးလုံးပေါ်မှာသူ့ရဲ့မေတ္တာတရားနဲ့ သြဇာအာဏာတည်ခဲ့တဲ့....အဖေ့အောက် ဒုတိယအဒေါ်ပါပဲ...........။
တစ်ညနေလုံး တစ်အုန်းအုန်း နဲ့ ရီစရာတွေပြော ကိုးရီးယားဇာတ်လမ်းတွဲကို အစအဆုံးမလွတ်အောင်ကြည့် မြန်မာစာတန်းထိုးတဲ့ကားကို ဘာသာပြန်ပြနေတဲ့အဒေါ် တစ်နေကုန် အိမ်မှာချက်တဲ့ နို့ခေါက်ဆွဲကောင်းလွန်းလို့ ပါဆိုပြီး အတော်များများ စားပြီးတဲ့နောက်မှာတော့ မူးရိပ်မူးရိပ်နဲ့ .... သွေးတိုးနေပြီ ဆေးသေတ္တာလေး ယူပေးစမ်းပါဆိုပြီး သွေးပေါင်ချိန်မတိုင်းပဲ သွေးကျဆေးတွေသောက်ချလို့  ရုတ်တရက် ဇီးရိုးအောက်ကို သွေးပေါင်ချိန်ကျသွားတာလို့ .....မိသားစုဆရာဝန်ရဲ့ပြောစကားနဲ့အတူ ဆေးရုံချက်ခြင်းတင်ရမယ်.... အရေး ကြီးတယ် .... ဆိုတဲ့ စကားသံတွေအောက်မှာပဲ အဒေါ်ရုတ်တရက် တိမ်းပါးသွားခဲ့ပါတယ် ။ အသက် ငါးဆယ့်လေးနှစ်သာ ရှိပါသေးတယ်။
အဲဒီလူတွေအားလုံး အိမ်ထောင်အပေါ် အလွန်မှသံယောဇဉ်တွယ် ညီအကိုအကိုမောင်နှမတွေအပေါ် အလွန်သံယောဇဉ်ကြီး.... အဘိုးဆုံးပြီးတဲ့နောက် အိမ်ခွဲဘို့ပြောတိုင်း မျက်ရည်ကျနည်းမျိုးစုံသုံးပြီး အဒေါ်အကြီးဆုံးက တားခဲ့တယ်လို့ အမေအမြဲ ပြောဖူးတယ်။
ကျန်တဲ့သူတွေဆုံးပါးချိန်မှာ သိပ်မသိသာပေမဲ့ အဒေါ်အကြီး ဆုံးသွားတဲ့အချိန်မှာတော့ အိမ်ကြီးက မတရား ခြောက်သွေ့သွားခဲ့ပါပြီ ။ အဒေါ့်ခင်ပွန်းဖြစ်သူကလဲ ဘယ်နေရာကြည့်ကြည့် အဒေါ့်အရိပ်တွေနဲ့  ပြည့်နေခဲ့ပြီ ...။ မိုးလင်းတာနဲ့ မနက်စာကနေ ဈေးဟင်းစားဝယ် ဈေးဝယ်ဘို့  တစ်နေကုန် သားတွေအတွက် တူတွေတူမတွေ ညီအကို မောင်နှမ မိသားစုတွေ အတွက် စီမံတတ်တဲ့အဒေါ့်အရိပ်တွေ ရုတ်တရက် ဘယ်လိုမှ ဒီအိမ်ကြီးမှာမပျောက်ကွယ်နိုင်ပါဘူး...။
အဲလိုနဲ့  မိသားစုတွေ အဒေါ့်ကိုမေ့မရလို့ ဘယ်နေရာကြည့်ကြည့် အဒေါ့်ကိုပဲမြင်နေရလို့ အကြောင်းပြချက်တွေ အမျိုးမျိုးသုံးပြီး အဲဒီအိမ်ကြီးကို စွန့်ခွာကြတော့တာပါပဲ ။
ကိုယ်ဝယ်ထားတဲ့ အိမ်တွေကို မိသားစုတွေရွှေ့ပြောင်းကြတာ ဓမ္မာတာမို့ မပြောလိုပေမဲ့.... ပြောင်းရွှေ့ဘို့ ပြောရမှာ အင်မတန်ခက်နေတဲ့ ကျမတို့ နဲ့ အဒေါ်မိသားစုပဲ ကျန်နေတဲ့အချိန် .... တစ်ညနေမှာတော့ ဦးလေးက မျက်နှာစုံညီ ထမင်းစားပွဲမှာ ဘယ်လိုမှထင်မထားတဲ့ စကားကို ပြောလာပါတယ်။
ဘောက်ထော် ပြည်သာယာလမ်းမှာ အိမ်ရောခြံရောအရံသင့် သူဝယ်လိုက်ပြီတဲ့ ...။ ဒီအိမ်မှာ သူနေရတာ ဆိုပြီး စကားကိုရပ်နေခဲ့တယ် ။ ကျမတို့ တစ်မိသားစုလုံးလဲ ငိုကြတယ် ။ အဒေါ်နဲ့ ပတ်သက်ပြီး တစ်မျိုးလုံးအပေါ်မှာ ရာထူးအကြီးဆုံး အအောင်မြင်ဆုံး စေတနာအကောင်းဆုံး အကိုအကြီးဆုံးတစ်ယောက်လို မျှတခဲ့တဲ့ ဦးလေးအပေါ် ကျမတို့ မိသားစုပြောစရာ ဘာမှမရှိခဲ့ဘူး...။
ပြောင်းဘို့ ဆဲဆဲ ပြောမထွက်တဲ့ ကျမတို့ မိသားစု အဖေရဲ့ ဆုံးဖြတ်ချက်နဲ့ ဦးလေးသဘောထားကို ဖြည့်ဆည်းတဲ့ အနေနဲ့ ဒီအိမ်ကြီး ကျမတို့ ညီအမတွေ လက်ထဲကို ရောက်လာခဲ့ပါတယ် ။ကိုယ်ပိုင်လှေခါးနဲ့  ဒီနှစ်ထပ်အိမ်ကြီးမှာ အပေါ်ထပ်ကို စီးပွားရေးလုပ် အောက်ထပ်မှာ လူနေ..။ အိမ်ကြီးကိုခောတ်နဲ့ အညီ ကြွေပြားတွေနဲ့ အလှဆင် ..။ အတွင်းပိုင်းဖွဲ့စည်းပုံတွေ ပြောင်းလဲဖွဲ့စည်းခဲ့ကြတယ်။
ရန်ကုန်မြို့ ရဲ့ ထုံးစံအရ ညလည်သန်းခေါင်ယံမှာ ရေတင်ရပါတယ် ။ ရေမော်တာက မြေညီလှေခါးရင်းမှာပါ ။ အရင်တုန်းက ရေတင်တဲ့အလုပ်ကို အဒေါ်အပျိုကြီးရှိစဉ်က တစ်လျှောက်လုံး သူတင်ခဲ့တာပါ ။ အခု မကြီးက တာဝန်ယူတယ် ။ လူငယ်ဆိုတော့ အဒေါ်အပျိုကြီးလို အတိအကျ မဟုတ်ဘူး ...။ ရေတက်တဲ့အချိန် ကောက်တင် တယ်..။ ပြီးရင် ရုပ်ရှင်ကြည့်ရင် ကြည့်မယ် စကားစုပြောကြမယ် စာဖတ်မယ် နောက်ကြပြောင်ကြမယ်။
ခက်တာက ရေကျသံကြားတယ်.... တင်ထား ပြီးပြီဆိုရင် ပြည့်လောက်တဲ့အချိန် သွားကြည့် ... ရေမော်တာက ပိတ်ထားပြီးပြီ ။ ရေမော်တာမှာ ကျမတို့ က မီးသီးအနီရောင်လေးတတ်ထားတယ် ။
မကြီးအသံ တစ်ရက်ကနေ နှစ်ရက် ဘယ်သူပိတ်သွားပြန်ပြီလဲ ဆိုတဲ့ အသံတွေ ကျမတို့ လဲ စိတ်မ၀င်စား သူလဲပြန်ဖွင့် .....။
အဲလိုနဲ့ တစ်နေ့ မှာတော့ ညဦးထဲက ရေတက်များလို့  ပြည့်နေတဲ့အပေါ် ရေတိုင်ကီကနေ ရေတွေ တဗြန်းဗြန်းလျှံကြလို့ နောက်ဖေးခန်းနဲ့ နီးတဲ့ ကောင်မလေးတွေ အခန်းက ကျမတို့ အိပ်ခန်းတွေကို တံခါးခေါက်ပြီး သော့တောင်းတယ် ။ ရေမော်တာဆင်းပိတ်ဖို့ ပေါ့ ....။ ဇဝေဇ၀ါနဲ့ သော့ပေးလိုက်တဲ့ မကြီးရော အိပ်ပျော်နေတဲ့ မိဘတွေ စာဖတ်နေတဲ့ ကျမတို့ တွေအကုန်လန့် ဖြတ်ပြီး ဧည့်ခန်းထဲကို ပြေးထွက်လာကြအောင် ငယ်သံငယ်ရင်းပါအောင် အော်ရင်း လှေခါးတွေကနေ တစ်ဒုန်းဒုန်းပြေးတက်လာတဲ့ ကောင်မလေး အသားတွေ တဇတ်ဖတ် တုန်အောင် ထိတ်လန့် နေတာတွေ့ ရတယ်။
တစ်ယောက် တစ်ပေါက် မေးသံတွေကို အဖေကဟန့်တယ် ။ သွားအိပ်ကြ အိပ်ချင်မူးတူးနဲ့ ဘာတွေ ကယောင်ကတန်းပြောနေလဲ သွားအိပ်ကြတော့တဲ့ .. ။ မလတ်ရယ် မငယ်ရယ် ကျမရယ် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြတယ် ။
မကြီးအူကြောင်ကြားက အဖေ... ဘယ်သူရေတင်လဲ သမီးတင်ထားပြီးသားကို ဆိုတော့အဖေက ငါတင်တာတဲ့ ... ကျမက စပြီး တစ်ခိခိရီတော့ မလတ်နဲ့ မငယ်ကလဲ တိုးတိုးကြိတ်ကြိတ် လိုက်ရီတယ်။
အဖေ သူ့ အခန်းထဲ ၀င်သွားချိန်မှာတော့ ကျမကစတယ် ခုနကောင်မလေးပြောတာ ဆံပင်ရေစိုနဲ့ အန်တီတစ်ယောက် သူ့ အနားလာရပ်တယ်တဲ့ ။ အဲဒါအဒေါ်လတ်ပဲ သေချာတယ် ဆိုတော့ အကုန်လုံးထောက်ခံချိန်မှာပဲ နောက်ဖေး မီးဖိုချောင်က ပစ္စည်းတွေ ဖန်ခွက်တွေ ဂလုံဂလွမ် ဆူညံနေအောင် ကျကွဲတဲ့ အသံက တစ်အိမ်လုံးကို ဆူညံသွားတော့တယ်။
ကျမက ကုန်ပြီကုန်ပြီ အကုန်ကွဲကုန်ပြီ ဆိုတော့ နောက်ဖေးခန်းနဲ့ အနီးဆုံး အခန်းက ကောင်မလေးတွေက အိမ်ရှေ့ ကို ပြေးထွက်လာကြတယ် ။ အဖေနဲ့ အမေလဲ အခန်းထဲက ပြန်ထွက်လာတယ်... ။ ဘာတွေ ကျကွဲသလဲဆိုတော့ အကုန်လုံးက နောက်ဖေးမှာ ကုန်ပြီထင်တယ် မကြည့်ရသေးဘူး ဆိုတော့ .... အဖေ ဦးဆောင်ပြီး နောက်ဖေးခန်းကို သွားကြတယ် ။ အရမ်းအံ့သြဖို့ ကောင်းတာ ကြွေပြားတွေနဲ့  ပြောင်လက်နေတဲ့ကြမ်းပေါ်မှာ အမှိုက်တစ်စမှ မရှိအောင်ကို ရှင်းလင်းနေခဲ့သလို ထမင်းစားခန်းနဲ့ မီးဖိုဆောင်ကို နံရံကပ် နှစ်ဖက်သုံး ပစ္စည်းတင်လို့ ရအောင် ကျွန်းသားနဲ့ ဓါတ်ဗူးတွေ ပန်းကန်တွေ မီးဖိုချောင်သုံး ပစ္စည်းတွေ တင်ထားသလို ထမင်းစားခန်းဖက်ကနေလဲ လက်သုတ်ပုဝါ စားပွဲခင်းတွေ ကော်ဖီခွက် ထမင်းစားခန်းပစ္စည်းတွေကို မှန်ထိုးတံခါးတွေနဲ့ အစီအရီက ခြေရာလက်ရာမပျက် ...။ ကျမတို့ ကတော့ အမှန်အတိုင်းပြောရရင် အလွန်ကိုထူးဆန်းနေခဲ့တာပါ။
အဖေကတော့ ခပ်အေးအေးပဲ တစ်ခြားအိမ်က အသံပါတဲ့ ။ တစ်နေ့ ကျမတို့ အိမ်မှာ ဘုန်းကြီးဆွမ်းကပ်တော့ အိမ်ရှေ့ အိမ်က အလှူ လာရင်း မကြီးကို သမီးတို့ မိသားစု ဘယ်နှစ်ယောက်လဲတဲ့ ကျမတို့ နဲ့ တစ်အိမ်လုံးရင်းနှီး တစ်မျိုးလုံး အကြောင်းသိတဲ့သူတွေလေ မကြီးက ပြောပြတော့ ညဘက်လူဝင်လူထွက် ကုန်ပြီဆိုရင် သံပန်းတံခါး ကိုသော့သေချာခတ်တဲ့ ...။ မြို့ လည်ခေါင်ဆိုတော့ လှေခါးကလူခိုတယ်တဲ့....။ တစ်ခါတစ်လေ ညနှစ်နာရီ သုံးနာရီလောက် အန်တီရေတင်ရင်သမီးတို့လှေခါးမှာ ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီး တစ်ယောက်ထိုင်ထိုင်နေတာ တွေ့ ရတယ်တဲ့ရှင် ...........။
အမျိုးတွေစုနေကြတဲ့ အိမ်မှာအဒေါ်ငယ် ဆုံးတော့ လေးနှစ်သားတစ်ယောက် ရှစ်လသားအရွယ် သားလေးတစ်ယောက် ကျန်နေခဲ့တယ် ။ အဒေါ်အကြီးဆုံးက သူ့ ညီမကလေး ဘယ်သူ့ ကိုမှမပေးဘူး ။ သူသေတဲ့ အထိ ကြည့်နိုင်တယ် ဆိုပြီး မမွေးခင်ထဲက ခေါ်ထားတဲ့ အဖေါ်ကောင်မလေးနဲ့ ရှစ်လသားလေးကို အတူနေစေတယ်။
ရုတ်တရက် အဒေါ်အကြီးဆုံးတော့ အဲဒီကလေးနှစ်ယောက်နဲ့  ကောင်မလေးကိုပါ ကျမတို့က မိန်းကလေးတွေချည်း ဖြစ်တဲ့အတွက် ဆက်ပြီးတာဝန်ယူရတယ် ။ မကြီးကအဒေါ်ငယ်ကို အရမ်းချစ်တယ် အဒေါ်ငယ်ကလဲ မသေခင် မကြီးကိုမောင်လေးတွေကို ကြည့်ရမယ်နော် ခဏခဏ မှာတတ်တယ်လေ......။
ရှင်းရှင်း ပြောရရင် အဲလိုသတင်းတွေ သိုးသိုးသန့် သန့် ထွက်လာတဲ့အချိန်ကတော့ အားလုံးပြောင်းရွှေ့ပြီး ကျမတို့ မိသားစုတွေချည်း ကျန်နေတဲ့အချိန်ပါပဲ.......။
အရင်က အဖေ့ဘက်က ပိုင်တဲ့ ဒီအိမ်ကြီးမှာ အခုတော့ အမေ့ဘက်က ဆွေမျိုးတွေ ပိုအ၀င်အထွက် များလာခဲ့တယ်။
အရင်က ယောင်္ကျားလေး အင်အားများတဲ့  ဒီအိမ် ကြီးမှာမယုံနိုင်အောင် မိန်းကလေး အင်အားက များပြားလာခဲ့တယ် ။ တနေ့ ပေါ့  ကလေးငယ်လေးက ဖျားတယ် ။ ညနေစောင်းက ဆရာဝန်ပြထားပြီးသား ဒါပေမဲ့ ကလေးက ကိုယ်ပူမကျသွားပဲ ဂျီကျနေခဲ့တယ်။
ကျမတို့ အားလုံးကလဲ နေ့ လည်ဦးလေးရဲ့ အိမ်တက်အလှူမှာ ရှုပ်ယှက်ခက် ပင်ပန်းပြီး ကလေးကိုဆေးတွေ ဘာတွေတိုက်တာကြည့်ပြီး စောစောအိပ်ယာဝင်ကြတယ်လေ...။ အား လုံးအိပ်မောကျနေတဲ့ အချိန်မှာပဲ ကျမအိပ်ခန်းတံခါးကို တစ်ဘုန်းဘုန်း ပုတ်သံကြောင့် ကျမတို့ ညီအမနိုးလာတယ်။
ဧည့်ခန်းမှာ မီးတွေလင်းပြီး အဖေနဲ့ အမေ ကောင်မလေးတွေ အကုန်နိုးနေကြပြီ ကလေးက အမေ့လက်ထဲမှာ ကိုယ်တွေ ချစ်ချစ်တောက်ပူလို့  ကျမတို့ ထွက်လာတာတွေ့တော့ နင်တို့ ကိုလဲ နှိုးပြန်ပြီလားတဲ့ အဖေက သူ့သားကိုယ်တွေပူပြီး အဖျားတွေတက်နေလို့ သူ့ ညီမအမည်ကိုရွတ်ရင်း တစ်အိမ်လုံးလိုက်နှိုးနေတာတဲ့........။
ကျမတို့  ညီအမအိမ်ရှိလူကုန်ကြက်သီး ဖြန်းခနဲ ဖြစ်ရင်း အဖေ့ကိုကြည့်နေမိတယ်။
အဲဒါတွေ အားလုံးဟာ အသံဗလံအဆင့်ပါပဲ...။ အိမ်ဖေါ်ကောင်မလေး လှေခါးမှာ တွေ့တဲ့အချိန်ရယ် အိမ်ရှေ့အိမ်က အဒေါ်ကြီးပြောတာကလွဲ လို့ ဘာဆိုဘာမှ ကျမတို့ မမြင်ဘူးသေးပါ ဘူး....။
တစ်နေ့ပေါ့  ကျမက လုံးဝအိပ်မပျော်ဘူး....။ စလောင်းကလာတဲ့ လူသတ်ကားကို ထိုင်ကြည့်နေတယ် ။ အမေက ကျမဘေးမှာ ဒရင်းဘတ်ပေါ်လှဲရင်း တစ်ခူးခူးဟောက်နေတယ် ။ ပထမ မကြီးက ၀င်လိုက်ထွက်လိုက် လုပ်နေသေးတယ်။
ရန်ကုန်ဆောင်းတွင်း ထုံးစံ မီးလင်းရာကို ပလူတွေအများကြီးဝင်တယ်လေ ။ ကျမကအိမ်ရှေ့မီးကို ထပိတ်လိုက်ပြီး ဆက်ကြည့်နေတယ် ။ ဆိုဖာပေါ်မှာ မဟုတ်ပဲ အဖေထိုင်တဲ့ ပက်လက်ကုလားထိုင်လေးကို တီဗီနဲ့ အမေ့အနားကို ပိုတိုးအောင် ဆွဲယူပြီး အရမ်းကို စိတ်ဝင်တစ်စားရှိနေခဲ့တယ်။
အဲဒီ အချိန်မှာပဲ မကြီးအခန်းက တံခါးဖွင့်သံ ထွက်လာတဲ့ အသံပုံမှန်ပဲ ကျမနောက်မှာ လာရပ်ကြည့်တယ် ..။ ကျမပခုံးပေါ် လက်နှစ်ဖက်နဲ့ မကြီးဖိသလို ဖိထားတယ် ။ ကျမက လှည့်မကြည့်ပဲ မကြီးကော်ဖီတစ်ခွက်လောက်... ပလိစ် ဗိုက်ဆာလို့ ဒီမှာကောင်းခန်း ရောက်နေလို့ ပါဆိုတော့ ကျမပခုံးကို ဖိပြီး နောက်ဖေးခန်းကို ၀င်သွားတယ် ။ ကော်ဖီဖျော် နေသံတွေ ကျမကြားတယ်။
ခဏကြာတော့ နောက်ဖေးကနေ မကြီးထွက်လာတယ် ....။ ကော်ဖီနံ့ တွေ တစ်ထောင်းထောင်းနဲ့  ကျမနောက်က ဖြတ်သွားပြီး မီးခလုတ်ကိုဖွင့် သန်းခေါင်ကျော်မြို့လည်က မီးအားပြင်းစွာ နဲ့ လင်းထိန်သွားတယ်....။ အမေကလဲ အိပ်ပျော်နေပေမဲ့ ရုတ်တရက် မီးအလင်းကြောင့် မျက်လုံးမဖွင့်နိုင်ပေမဲ့ လူးလွန့် ရင်း မမ မအိပ်သေးဘူးလားလို့ မေးတယ်။
မကြီး အကောင်တွေဝင်လို့ ပိတ်ထားတာ အမေ ပြီးတော့မှာ ပြီးရင်အိပ်မှာလို့ ပြောပြီးတဲ့နောက်မှာတော့ အရာအားလုံး ပြန်လည်တိတ်ဆိတ်သွားတယ် ။ ကျမ မတ်တပ်ရပ်ပြီး တစ်အိမ်လုံး လှည့်ပတ်ကြည့်တယ်...။ ဧည့်ခန်းမှာ အမေတစ်ဖက် ပြန်ပြောင်းပြီး အိပ်ပျော်နေတယ် ။ ကော်ဖီ ကော်ဖီ လို့  တိုးတိုးလေးရွတ် ရင်း ကျမလိုက်ရှာတယ်။
ကျမ တစ်ကိုယ်လုံး ခေါင်းမွေးတွေ ထောင်ထလာရင်း မကြီး မလတ် မငယ် မနောက်ပါ နဲ့  မနောက်ပါနဲ့ ဒါနောက်စရာ လုံးဝမဟုတ်ဘူးလို့ ကျမကုန်းအော်တယ် ။ အမေက လန့် ဖြန့် ပြီး ငုတ်တုတ်ထထိုင်တယ် ...။ မမ ဘာဖြစ်သလဲတဲ့ .....။ ကျမ အမေ့ ကိုမော့ကြည့်ရင်းမျက်ရည် တွေ ပိုးပိုးပေါက်ပေါက် ကျလာတယ် ။ ည၀တ် ဘောင်းဘီ ပွပွ အောက်က ကျမဖြေဖျားတွေ တဆတ်ဆတ် တုန်နေတဲ့အတွက် ဆိုဖာပေါ်ပြောင်း ထိုင်ရင်း ခြေဖျားတွေကို လက်နဲ့ ဆုပ်ကိုင်ထားခဲ့တယ် ။
အိမ်ရှိလူကုန် ထွက်လာတဲ့အချိန်မှာတော့ အိပ်ရေးဝနေတဲ့ သူတို့ မျက်နှာတွေကို လေ့လာရင်း မနောက်ပါနဲ့ အရမ်းကြောက်နေပြီလို့ ကျမငိုတော့ ဘာဖြစ်သလဲအမေတဲ့ ။
တစ်ကယ့် ဘလိုင်းကြီးရှင် ကျမက အမေမီးလင်းတာ သိလားဆိုတော့ အေးလေတဲ့ အဲဒါမကြီးဖွင့်တာ လို့ ကျမပြောတော့ မကြီးက အမေ သမီးမဖွင့်ဘူးတဲ့ အခုမှ သမီးနိုးတာတဲ့ ပြီးတော့ မကြီးသမီး ပခုံးပေါ်လက်နဲ့ ဖိရင်း သမီးနောက်ကနေ ရုပ်ရှင်လာကြည့်တယ် ။ သမီးဗိုက်ဆာလို့ ကော်ဖီဖျော်ပေးတယ်လို့  ကျမပြောရင်း ငိုတော့ လက်တွေ့မှဆိုတဲ့မလတ်က ကော်ဖီခွက်ရောတဲ့ အနားအထိရောက်လာတယ်....။ မီးဖွင့်ပြီးတဲ့ နောက်မှာဘာမှမရှိတော့ဘူးဆိုတော့ တစ်အိမ်လုံး မျက်စေ့မျက်နှာ ပျက်နေကြတာ ပါပဲ။
ဆက်ရန်

Labels:


Posted by Anonymous :: 11:06 PM :: 8 Comments:

Post / Read Comments

---------------oOo---------------

Tuesday, March 3, 2009

သံလျှင်





အဲဒီမြို့ လေးကို ကျမချစ်တယ် ။ တစ်ကယ်ပါ သိတတ်စ အရွယ်ထဲက မှတ်မှတ်ရရကို ရင်ထဲမှာဝင် နေခဲ့တာ............။ ဘာကြောင့်လဲ ကျမကို မေးရင် တစ်ကယ်ကိုကျမ မဖြေတတ်ပါ ဘူး.............။ သိပ်စိတ် ညစ်လာတဲ့နေ့တွေမှာဆို ကျမအရွယ်ရလာတဲ့ အချိန်တွေ သံလျှင်တံတားကြီးပေါ်ကနေ စက်လှေတွေ သင်္ဘောငယ်တွေ ကျမငေးကြည့်ရင်း စိတ်ညစ်တဲ့ အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။ ဘယ်ဘက် အခြမ်းက သောင်ထွန်းနေတဲ့ သဲသောင်တွေဆက်နေတဲ့နေရာကို သူငယ်ချင်းတွေက မြစ်ကိုဖြတ်ပြီး လမ်းလျှောက် လို့ရတယ်ဆိုတော့ ကျမလျှောက်ကြည့်ဖို့ ကြိုးစားခဲ့ဖူးပါတယ်...။
နေလုံးကြီးဝင်သွားတာကို သံလျှင်တံတားပေါ်ကနေ အကြိမ်ကြိမ်လက်ပြ နှုတ်ဆက်ခဲ့ဖူးတယ်.......။ စိတ်ပြေလက်ပျောက် တာဝအထိ ကားလျှောက်မောင်းရင်း လမ်းဘေးမှာရှိတဲ့ နှစ်ယောက်ထိုင်ခုံပြာပြာလေးကို အံ့သြတကြီး ကားရပ်ပြီး ကြည့်နေခဲ့ဖူးပါတယ် ။
မိုးတွေတစ်ဖွဲဖွဲ ကျနေတဲ့အတွက် ကျမဆင်းမထိုင်ဖြစ်ခဲ့တာပါ ။ တောင်ကုန်းလေးပေါ်မှာ တည်ထားတဲ့ ရှင်မွေးနွန်းမင်းနန္ဒာဘုရားကတော့ ကျမအတွက် တစ်ကယ့်ကို လွမ်းမောဘွယ် နေရာတစ်ခုပါပဲ ။ ရောင်စုံမီးသီးလေးတွေနဲ့ ပူဇော်ထားတဲ့ စေတီလေး ကိုအဝေးကနေငေးရင်း လေထဲကနေ လွင့်ပြန့်လာတဲ့ ဆည်းလည်းသံတွေကို ကျမအလွတ်နီးပါး ရလုအောင် နှလုံးအိမ်ထဲမှာ သိမ်းဆည်းထားခဲ့တယ် ။ ကျိုက်ခေါက်ဘုရားကြီးနား မရောက်ခင် တာဝလမ်းခွဲက မြေနီလမ်းလေးကို ကျမတို့ သူငယ်ချင်းတစ်အုပ် အကြိမ်ကြိမ် ဖြတ်လျောက်ခဲ့ဖူးတယ် .... ။ အပြောင်အနောက်သန်တဲ့ကျမ အဲဒီနေရာတွေရောက်တိုင်း နှုတ်ဆိတ် နေခဲ့တယ်.... ။ ဘာကြောင့်လဲ ကျမကိုမမေးပါနဲ့ ကျမကိုယ် ကျမတောင် မစဉ်းစားတတ်အောင်ပါပဲ..........။
ရုတ်တရက်လဲ ဟိုးအရင်ကငါ့မှာ နှင်းဆီခြံတွေရှိတယ်လို့ ကျမပြောတတ်တယ် ။ ကျိုက်ခေါက်ဘုရားရဲ့ စောင်းတန်းမှာ ငါနှင်းဆီပန်းတွေ ရောင်းဖူးတယ်လို့ လဲ ကျမသူငယ်ချင်းတွေ နားငြီးလောက်အောင် ကျမပြောခဲ့တယ် ။
မိုးတွေအုံ့ ပြီး ညို့ မိုင်းနေတဲ့ အချိန်တွေဆိုရင် သွပ်မိုးပျဉ်ထောင်အိမ်လေးတစ်ခုရဲ့ ရှေ့ ကနေ ကွေ့ဝိုက်ရှည်လျားတဲ့ မြေနီလမ်းလေးကို အိမ်တစ်စက်မြိတ်အောက်မှာထိုင်ရင်း မျှော်ငေးနေခဲ့ဖူးတယ်လို့ ကျမတွေးမိတယ် ၊ ဘယ်လောက်များ တိကျလိုက်သလဲဆိုရင် ကျမအတွေးတွေထဲမှာ ခြံစပ်ကကြိုးတန်းမှာ လှမ်းထားတဲ့ အကျီတွေ ငါရုပ်ရဦးမှာလို့ အတွေးတွေထဲမှာကို ရှိနေခဲ့ပါတယ် ။
သံလျင်ဘုရားပွဲတိုင်း ကျမရောက်အောင်သွားတယ် ။ ပွဲဈေးတန်းကသနပ်ခါးသည်တွေအားလုံး ကျမကိုမှတ်မိနေဆဲပဲ ။ ကျမအရပ်လောက် ရှိတဲ့ သနပ်ခါးပင်တွေကို ပွဲဈေးတတန်းလုံး ခေါက်တုံ့ ခေါက်ပြန် ရွေးရင်း ဈေးဆစ်ပြီးဝယ်တတ်တဲ့ကျမ ကို ပြန်ရောင်းဖို့လားလို့ မေးတဲ့ သနပ်ခါးသည် အဒေါ်ကြီးတွေကို ရယ်မောရင်း သိမ်ကြီးဈေးမှာ ကျမသနပ်ခါးဆိုင်ရှိတယ် လို့ ပြန်ပြောတတ်ခဲ့တယ် ။
ဘာလို့ များ ရူးကြောင်ကြောင်တွေ မမရေးပါလိမ့် မမေးကြနဲ့ ရှင် ။ ကျမမဖြေတတ်ဘူး ရန်ကုန်က သူငယ်ချင်းတွေ သံလျင်ဘုရားပွဲသွားပြီး သနပ်ခါးဝယ်မယ်ဆိုတဲ့ သတင်းရယ် စင်္ကာပူတစ်နိုင်ငံလုံး ညှို့မိုင်းနေတဲ့ ဒီနေ့ ရာသီဥတုရယ်ကြောင့်များကျမ ရေးမိတာလား ကျမကိုယ် ကျမတောင် တစ်ကယ်မသိ တာပါ။

မမ

Labels:


Posted by Anonymous :: 6:31 PM :: 3 Comments:

Post / Read Comments

---------------oOo---------------