မမ

Thursday, April 30, 2009

လိမ်နေသည် ညာနေသည် ရန်တိုက်ပေးနေသည်

ပုံများသည် နမူနာများဖြစ်သည်။






ကျမ အံ့သြလိုက်တာ နှစ်တိုက်အကြီးကြီး ရဲ့ ၀င်ဝင်ခြင်းအောက်ထပ်ရဲ့ အခန်းကြီးကို ဖွင့်ပြလိုက်တဲ့ အချိန်မှာ တော့မလတ်ကို လက်ကုတ်မိတယ်။
မလတ်ကတော့ သွက်လက်ချက်ချာ သလောက်စပ်စုတဲ့ နေရာမှာအငမ်းမရ ရှိလွန်းတဲ့ ကျမကိုခေါ်လာမိတာ မှားလေးခြင်း ဆိုတဲ့ အမူအယာနဲ့ တိတ်တိတ် နေစမ်းဆိုတဲ့ ပုံစံလုပ် ပြတယ်။
ဈေးနဲတာက စပြောမယ်ရှင် မုန့်ပုံးတွေ ၊ဆိုတာ ရန်ကုန်မြို့ ရဲ့ အထင်ကရ စတိုးဆိုင်ကြီး ထက်တောင်များသေး ပြီးတော့ဆီပုံးတွေ ၊ဆိုတာပုံးကြီးပုံးငယ်တံ ဆိပ်မျိုးစုံ ပုဇွန်ခြောက်အိတ်တွေ ၊ဆိုတာ ဆာလာအိတ် နဲ့ အိတ်ကြီးအိတ်ငယ် အသွယ်သွယ် အကောင်ကြီးတွေ ဆိုတာ ၀င်းဝါပြီး ရှယ်မှရှယ် ဆိုတာတွေ နောက်ပိုင်းမှာ ခောတ်စားလာတဲ့ လက်ဆောင် ဆွဲခြင်းတွေဆိုတာ တစ်ခြင်းနဲ့ တစ်ခြင်းထပ်ပြီး တောင်လိုပုံနေတာ မသိရင် ခရစ်စမစ်ထွီး (tree) လားထင်စရာပဲ ရှင် အဟဲ ကံကောင်းခြင်တော့ ကျမကစာရင်းလုပ်ရတယ်။
မုန့်ပုံးက မှတ်မိသလောက် တစ်ရာနီးပါး၊ဆီပုံးတွေ ဆိုတာ ဘယ်လိုသယ်ထုတ်ရမှန်း မသိအောင်ပဲ ဆွဲခြင်းတွေကိုတော့ တစ်ခုခြင်းဆွဲဖြုတ်ပြီး အရက်ပုလင်းတွေ သတ်သတ် ငါးသေတ္တာဗူး ကော်ဖီဗူးတွေ သတ်သတ် စာရင်းလုပ်ရတယ်။
အများကြီးရှင် အမှန်အတိုင်း ပြောရရင်ကျမ ရင်ထဲမှာအမတန် မှ ၀မ်းနဲမိတယ် ။
ဆွမ်းတစ်နပ်စာ တောင်မလုံလောက်တဲ့ ဆရာတော် တွေ အငတ်ငတ် အပြတ်ပြတ် နဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေ နဲ့ ဘာကြောင့်များ ကွာဟချက်က အဲလိုကြီးဖြစ် နေရတာလဲ
အဘွားပြော သလိုဆို အတိတ်ကုသိုလ် ကံအကျိုးပေးကောင်းလှချည်ရဲ့ ။ အဲဒီအိမ်မှာ ရှိတာ ခြံစောင့်တစ်ယောက် လင်မယားနှစ်ယောက် သားနဲချွေးမပဲ ရှိတယ်ရှင့် သူတို့ဒါတွေ ဘယ်လိုကုန်အောင်စားမလဲ။
ထားပါ အဲဒါတွေ စာရင်းလုပ်ပြီးတဲ့ နောက်မှာတော့ အဲဒီပစ္စည်းတွေမှာ ကပ်ထားတဲ့ မည်သူမှ မည်သူ့ သို့ဆိုတဲ့ စာတမ်းတွေကို သေချာ စစ်ဆေးပြီး ဖြုတ်ရတယ်။သေချာပြီ ဆိုတဲ့နောက်မှာတော့ ခြံစောင့်အကူအညီနဲ့ ကားပေါ်ကို တင်ကြတယ်။
ရန်ကင်းစင်တာရှေ့ က နံမည်ကြီး စတိုးဆိုင်ပိုင်ရှင် အန်တီကြီးဆီ မောင်းရတယ် ။ ဆီပုံးတွေနဲ့ ပုဇွန်ခြောက် အိတ်တွေ မုန့်ပုံးတွေ နှစ်ခါလောက် တိုက်ယူပြီးတဲ့ အချိန်မှာတော့။
နောက်တစ်ခေါက် အရက်ပုလင်းနဲ့ ကော်ဖီဗူးတွေ အသားဗူးတွေကို မလတ်မြေနီကုန်းကို မောင်းဟာ ဆိုပြီး နောက်တစ်ဆိုင် ပြောင်းတော့တယ်။
ပို့ရတာ ကျမရှက်လာပြီ မလတ်လဲညစ်နေပြီ အဲလိုတွေလုပ်လို့ ကျမတို့ ညီအမ ထောနေပြီ မထင်နဲ့ဦး စာရင်းတွေပြန်ရှင်းတော့ ပဲဆီဆိုသူ့တံဆိပ် နဲ့ သူ့ဈေးနဲ့ စာရင်းအတိအကျက ဘိုးတော်နဲ့ ဘွားတော်ရဲ့ လက်ထဲမှာ ဈေးကွက် ဂျာနယ်ကြီးကိုင်လို့ ရှင့် ငိုအားထက်ရယ်အားသန်ပဲ။
ရောင်းဈေးနဲ့ ၀ယ်ဈေးမတူဘူး ဆိုတာမျက်နှာ တည်တည်နဲ့ ရှင်းပြနေတဲ့ မလတ်တို့ ကြား ကျမက၀င်ပြီး အဘရဲ့ သူတို့က သူခိုးဈေးပဲ ပေးတာလေ လို့ ၀င်ပြောမိလို့ အဲဒီနေ့ ကကော်ဖီတောင် မသောက်ခဲ့ရဘူး မလတ်ဖနောင့်နဲ့ဖိကြိတ်လို့ကျမခြေသန်းလဲအီစိမ့်သွားတာပဲ အဲလို အဲလို ။ ကျမတို့ ရတဲ့အကျိုးအမြတ်က သူခိုးဈေးနဲ့ အားလုံးသုံးရတယ်။
နောက်ထပ်တစ်ကြိမ်မှာတော့ ကျမတို့ညီအမကို ဘောက်ချာတွေ တစ်ထပ်ကြီး ထုတ်ပေးတယ် ။ အ၀တ်လျော်စက်၊ ရေခဲသေတ္တာ၊ တီဗီ၊အပေါ်စက်၊အောက်စက်၊အဲကွန်း၊အဲဒီဆိုင်တွေကို ဘောက်ချာ တွေနဲ့ သွားယူရတယ် ။ အဲဒါတွေလဲ မသယ်နိုင်ဘူးလေ နီးစပ်ရာတွေ ဘောက်ချာပြ နင်လိုချင်လား ဘယ်သူလိုချင်လဲ ဆိုင်မှာဒီဈေး ဘယ်လောက် ပေးရင်ရမယ်။
ဆိုပြီးဘောက်ချာပေး ပိုက်ဆံယူ ယုံပဲ ။ ၀ယ်တဲ့သူက ကိုယ့်ဟာကိုယ် ဆိုင်မှာသွားယူပေါ့ ။ အနဲဆုံးငါးသောင်းတစ်သိန်း သက်သာတယ် လေ ။ လက်ပတ်နာရီတွေ ဆိုတာ မျိုးစုံ ရိုးလက်စ်လေးတစ်လုံး တစ်လေများ ပါရင်တော့ ရွေမင်းသမီးတွေ နဲ့ အပြိုင်ပတ်ချင် လို့သူခိုးလက်က သူဝှက်လုဘို့ စဉ်းစားထားတာ ဒီနေ့ထိ မပတ်ခဲ့ရပါဘူး ။
အဲလိုတွေကို တစ်လမှာနှစ်ကြိမ် နှုံးနဲ့ ကျမတို့ ရှင်းပေးခဲ့ကြတယ်။
သူ့တို့ ချွေးမက တော်တော်ကို လည်လည် ၀ယ်ဝယ်ရှိတယ် ။ဘယ်လောက် လည်သလဲဆို ပုဇွန်ခြောက် တစ်ပိသာကို နှစ်သောင်းခွဲဈေးရှိတဲ့ ရှယ်ဒုံးခြောက် အကြီးကြီးတွေ အချိန်တစ်ဆယ် အိတ် ငါးအိတ်ကို အဘိုးကြီးအဘွားကြီး ကို အဲဒီတုန်းက ငါးသောင်းပဲစာရင်းတင်သတဲ့ ။ရုံးမှာဘိုးတော်က ဈေးကွက်ဂျာနယ်ဖတ်မိတော့ ပုဇွန်ခြောက်ဈေးတွေသိပြီး ချွေးမကအရောင်းပါမစ်ပိတ်ခံရတာ ကျမတို့ ကိုတာဝန်ပေးတဲ့အချိန်မှာတော့ ဈေးကွက်ဂျာနယ် ကြီးကိုင်လို့ ရှင့် ။အဲဒီတုန်းကအမှန် အတိုင်းကျမပြောချင်ခဲ့တာ ကြိုက်ဈေးကိုခေါ်ပြီးစင်ပေါ်ကရောင်းလို့ရတယ် ။ငွေရေးကြေးရေးလဲ ပူစရာမလိုဘူး အဘကငွေသိမ်းဘွားတော်က လက်ဆောင်ရထားတဲ့ရှယ်ပုဇွန်ခြောက် စစ်စစ်တွေလို့ ရန်ကင်းဈေးထိပ်မှာ အော်ရောင်းယုံပဲလို့။ အဲလိုပြောမိလို့ကတော့ နင့်ကိုချိန်တောင်မချိန်ဘူး တစ်ချက်ပဲတဲ့ မလတ်က ကားပေါ်မှာ ရီရင်းပြောတယ်။ကဲပြောကြလေ မြန်မာပြည်မှာ ဘယ်သူတွေငတ်နေသလဲ ဘယ်သူတွေဒုက္ခ ရောက်နေလဲ ။ ပေါတဲ့ သူတွေများပေါလွန်း လို့ ဘယ်သူတွေက စီးပွါးရေးကျဆင်း နေတယ် ပြောပြော အဲလိုလူမျိုးတွေ သွားအင်တာဗျူးလို့ ကတော့ သိပ်ချမ်းသာတဲ့ မြန်မာပြည် ဆီကို ရေချိုးဆေးရိုး မီးလှုံ လို့ ကောင်းနေတုန်းပဲ ဆိုတာ တစ်ကယ်တော့ သူတို့ ညာတာ မဟုတ်ဘူး အမှန်ကို ပြောတာ ။ မြန်မာပြည်စီးပွားရေး တွေကျဆင်းပြီး လူတွေ ထမင်းနပ်မမှန် ထမင်းရေကိုသောက်နေရ ပါတယ် ဆိုလို့ကတော့ အဲလိုလူမျိုးတွေ က သတင်းနားထောင်ရင်း လိမ်နေသည် ညာနေသည် ရန်တိုက်ပေးနေသည် ပြောတော့ မပေါ့ရှင် ။ တစ်ကယ်ဆို သူတို့ အမှန်ပြောတာ ဆိုတာ ကျမအာမခံပါတယ်ရှင်။ အမှန်ကို သူတို့ တွေစီးပွါးရေး လွှတ်ကောင်းတာပါ။

လေးစားစွာဖြင့်
မမ

Labels:


Posted by Anonymous :: 8:56 AM :: 11 Comments:

Post / Read Comments

---------------oOo---------------

Wednesday, April 29, 2009

မမ ရေးချင်တာ


ကျမ စာရေးချင်တယ်။ကြုံတွေ့ရတဲ့ တစ်ကယ့် အဖြစ်အပျက် စစ်စစ်တွေ လက်ရှိပြည်သူတွေ အဲဒီအထဲမှာ တရားသူကြီိးတွေ၊ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ ခေတ်ပျက်သူဌေးတွေ၊ ခေတ်ပျက်မှာ ရာထူးရတဲ့ သူတွေ၊ မြန်မာပြည် အတွင်းက စည်းပွားရေး လုပ်ကိုင်နေကြတဲ့ ချမ်းသာတဲ့ လူတွေရဲ့  ဒုက္ခတွေ။ ဆင်းရဲတဲ့ သူတွေရဲ့ ဒုက္ခ စစ်စစ်တွေ။ တစ်ကယ်ဆို ကျမကဒုတိယနိုင်ငံကို ဖီလင်မလာဘူး ဒီနိုင်ငံအကြောင်း ကျမဒိုင်ယာရီ ထဲမှာ ထည့်ကို မထည့်ချင်ဘူး။ မြန်မာပြည် ကိုခြေချတဲ့ နေ့တွေ ဆိုလဲ ကျမလျောက်သွားတာ ဟိုတယ်ကြီးတွေ ရှော့ပင်းမောတွေ မပါဘူး။ အိတ်တစ်လုံးလွယ် ထွက်ချင်ရာထွက်ပဲ။ဘားလမ်း မဂိုလမ်း ၄၇ လမ်းထိပ်တွေ၊ လမ်းဘေးမှာဈေးရောင်းနေတဲ့ ညိုမိုင်းနေတဲ့ အရောင်မွဲ မျက်လုံးတွေနဲ့ မျော်လင့်ချက်မဲ့နေတဲ့ နေလောင်မျက်နှာတွေ၊ ပညာတော် ပညာတတ်ပြီး ရောင်ချာချာ ဘာလုပ်ရမှန်းမသိတဲ့ လူငယ်တေ၊ွ ငွေရှိရင်နိုင်ငံခြား ထွက်မယ် ဆိုတဲ့ မျော်လင့်ချက် တစ်ခုထဲသာ တည်းတည်းလေး ရှိတဲ့ ဆယ်ကျော်သက် ပစ္စည်းမဲ့လူတန်းစားတွေ။ တန်ဘိုးကြီးကား တစ်ဝီ၀ီနဲ့ ရေပေါ်ဆီ လူတန်းစား ဆယ်ကျော်သက်တွေ ။ ယုံကြည်ချက် မျော်လင့် ချက်ဆိုတာ အမိမြန်မာပြည်မှာ ပျောက်ဆုံးသွား ပြီလို့ စိတ်တူကိုယ်တူလက်ခံထားတဲ့ အလွှာမျိုးစုံက ပြည်သူတွေ အကြောင်းပဲရေးချင်တယ်။.......ရေးရတာလွယ်မှလွယ်။ ရင်ထဲမှာ တန်းစီရှိနေပြီးသား ဒါပေမဲ့ ရိုးသားစွာရေးနေတဲ့ ကျမကို အမြင်စောင်းမဲ့ အဖွဲ့အစည်း၊ ပွဲဆူလာမဲ့ ပွဲဆူအောင်လုပ်မဲ့ သူတွေ ကို ကျမမေးချင်တာ လွပ်လပ်စွာကွဲလွဲခွင့် လူတိုင်းမှာရှိပါ။ ထောက်ပြ ဝေဖန်ဆွေးနွေးခွင့် ရှိပါတယ်။ကျမတို့မှာ စာပေစီစစ် ရေးမရှိဘူး ဆင်ဆာ မရှိဘူး။ အွန်လိုင်းစာဖတ်ပရိတ်သတ်ပဲရှိပါတယ်။လာလာ ဆဲကြ တာတော့ အင်မတန်ဆိုးတယ်ရှင် အဆဲမခံနိုင်ရင် မရေးနဲ့ နဲ့ပေါ့ပြောခွင့်ရှိပါတယ်။ဟား ဟားဟား သိမှာပါ အဆဲပြိုင်ပွဲမှာ ဗိုလ်ဆွဲတဲ့သူပဲရှင်။..ဒါပေမဲ့ ရိုးသားစွာအပန်းလာဖြေ တဲ့ စာဖတ်ပရိတ်သတ်တွေကို လေးစားသမူ့ ရှိရမယ်လေ နော်...။ဆဲဒါထက် နာတဲ့စကားတွေ ဗုံးဘောလအော သုံးပြီး ပြော လို့ ရတယ်ရှင် ပြောကြစမ်းပါ။မြန်မာစကား လောက်စကားလုံးကြွယ်တာ မြန်မာစကားပါပဲ။မမ ကိုဆိုဆုံးမခွင့် ရှိပါတယ် မမ မဖတ်ဘူးတဲ့ဘလောဂ့် ရှားပါတယ်ရှင် အမြင်မတော်လို့ ဆိုဆုံးမမယ်ဆိုရင် ခေါင်းညိမ့်နားထောင် ဘို့ အဆင့်သင့်ပါပဲ။လက်အဖြတ်ခံထား တဲ့ စာရေးသူတွေထဲမှာမပါ ချင်လို့ ရေးသင့်တာတွေ ရေးမယ် ရှင် ကျမအပင်ပမ်းခံ စပ်စုထားတာ တွေအားလုံး တမလွန်ကိုယူ သွားဘို့ မဟုတ်ဘူး ရှင့်....။

လေးစားစွာဖြင့်မမ

Labels:


Posted by Anonymous :: 10:00 AM :: 8 Comments:

Post / Read Comments

---------------oOo---------------

Tuesday, April 28, 2009

သူကြီးဘုရားပွဲ ငါးစိမ်းသယ်ကောင်းမှု


ဆံပင်ရှည်ရှည် စကဒ်ရှည်ရှည် ဖိုးရိုးဖါးယား သနပ်ခါးဘဲကြားနဲ့ အဲဒီဈေးထဲကို ကျမ၀င်လာပြီဆို ဈေးဝကနှင်းဆီပန်း ရောင်းတဲ့ သားအမိက မမရေ အနီနဲ့အ၀ါ ခေါင်ပန်းတွေ ကြီးပဲ နော် ရွေးထားပြီးသား သမီးကို ကားပေါ်တင်ခိုင်း ထားလိုက်မယ် လို့ ပန်းရောင်းတဲ့ အန်တီကလှမ်းအော် ရင် ကျမက အမပိုထည့်နော်လို့ပြောတတ်တယ် ။ ပြီးရင်ဈေးလည်မှာ ဆိုင်ခန်းတွေရှေ့  လူသွားလမ်းပေါ်မှာ တို့စရာ တိုလီ မိုလီမျိုးစုံကို ဗန်းကြီးနှစ်ဗန်း နဲ့ထည့်ပြီးရောင်းတဲ့ အဘွားအိုအိုကြီး ခါးကကုန်းနေပြီ သူ့ဆီကတွေ့သမျှ အကုန်ကောက်ပြီး ကျမထည့်မယ်။
အဘွားနေကောင်းရဲ့လားလို့ ကျမမေးမယ် ကျမကထည့်ချင်ရာထည့် သူကတွက်ချင်ရာ တွက်ပြီးတဲ့နောက် သူပြောတဲ့ ကျသင့်ငွေကို ပေးလိုက်ယုံပဲ ကျမရင်ထဲမှာတော့ မနက်မိုးလင်းတာ နဲ့ အလှူတစ်ခုပြီး မြောက်သွားပြီဆိုတဲ့ ပီတိကိုစားသုံးလိုက်တာပဲ။
အဘွားအို ထည့်ပေးလိုက်တဲ့ ဗူးသီးပုတ် သရက်ကင်း ငှက်ပြောဖူး ပေါက်ပန်းဖြူပွင့် တွေကိုလဲ ကျမတစ်ကယ်ကို ကြိုက်နှစ်သက်တာပါပဲ။
ဒါပေမဲ့ အဘွားဆီမှာ ကျမ လုံးဝကိုမနှစ်သက်တဲ့ ပစ္စည်းတွေ ရှိနေမယ်ဆိုရင်လဲ ကျမဈေးဆွဲခြင်းလေးချ အဘွားရဲ့ ဈေးဗန်းဘေးမှာ ၀င်ထိုင်ပြီး အဘွားနေကောင်းရဲ့လား ဆိုတဲ့ နှုတ်ဆက်စကား နဲ့ အတူ တွေ့သမျှပစ္စည်း ကောက်ထည့်နေကြပဲ။
အဲလို ဘာကြောင့် ကျမလုပ်တတ်ခဲ့လဲ ဆိုတော့ ကျမတို့ငယ်ငယ် ထဲကဈေးလိုက်တာ ဈေးဝယ်တာ အရမ်းဝါသနာပါတယ် မနက်ဈေး ညနေခင်းဈေး ညဈေး အကုန် ကျမတို့ ရောက်ဖူးတယ်။ မိုးတွင်းဖက်တွေ မှာဈေးသယ်တွေရဲ့ ဘ၀တွေဟာ အမတန်မှ သနားစရာကောင်းလှတယ် မိုးရေတွေ တုတ်တုတ်ကျပြီး ပုဆိုးဟောင်းတစ်ထည် ခြုံပြီး ကျမတို့မေးသမျှကို မေးခိုက်သံနဲ့ ဖြေနေတဲ့ ပြာနောက်နေတဲ့ သူတို့ နုတ်ခမ်းတွေ ပဲကြီးခွံတွန့် နေတဲ့ သူတို့လက်ချောင်းတွေ တစ်ချို့  ကိုယ်ဝန်ကြီးနဲ့ တစ်ချို့ ရင်ခွင် မှာပိုက်ထားတဲ့ ခလေးငယ်ငယ်လေးနဲ့ ဈေးဝယ်တဲ့ဘူးတဲ့သူတိုင်းတွေ့ဘူးကြမှာပါ။
တစ်ချို့ ရှေ့မှာဈေးရောင်း ဈေးခုံပေါ်မှာ ပက်လက်တစ်မျိုး မှောက်ခုံတစ်မျိုး သိပ်ထားတဲ့ အနာဗလပွ နဲ့ လသားခလေးငယ် လေးတွေက ယင်တစ်လောင်းလောင်း နဲ့ အိပ်မောကျလို့ ကျမတို့တွေ့သမျှ လိုက်စပ်စုရင်း မလတ်က မမနဲ့မငယ် နောင်ဘ၀ ကြရင်ငါတို့ အဲဒီခလေးလေး နေရာမှာ အိပ်နေရရင် တွေးကြည့်လိုက်စမ်းတဲ့ ။
ကျမနဲ့မငယ် ဒူးတွေတစ်ဆတ်ဆတ် တုန်အောင် ကြောက်ရွံရင်း မလတ်ကလဲ ဘာလို့အိပ်ရမှာလဲဆိုတော့ အဘွားပြောတယ်လေ လူဆိုတာ နေရာမျိုးစုံ သံသရာမှာ လည်ရင်း နောက်ဆုံးတစ်နေ့ မှလွတ်မြောက်ရမှာတဲ့ ။
သူတို့ ဟိုဘ၀ကမလှူ လို့ကပ်စေးနဲလို့ လူလူခြင်းညှာတာမှု မရှိလို့ မိုးရေထဲငုတ်တုတ်ထိုင်ပြီး ပိုက်ဆံလာပေးမဲ့သူ ကိုမျှော်နေရတာတဲ့ အဲဒါငရဲခန်းပဲတဲ့။
သူ့ရှေ့ဗန်းထဲက ခရမ်းသီး သေးသေး လေးတွေ စုပြီးအပုံလေးတွေပုံထားတာကို လက်ညိုးထိုးရင်း မလတ်ကတွက်ပြခဲ့တယ် သုံးပုံမှ ၁၀၀ကျပ် ဆယ်ပုံတောင် မပြည့်ဘူး တွေ့လား သူတို့ ရဲ့ ရင်းနှီးမှုက တို့တွေမုန့်တစ်ခါစား အခွေငှါးဝတ္တုဖတ်တဲ့ငွေတန်ဘိုးတောင်ရှိပါ့မလား လို့ ဆရာကြီး လေသံနဲ့တွက်ပြခဲ့ တာတွေ ကျမတို့ ဆယ်နှစ်အရွယ်ရဲ့ရင်ထဲကို တစ်ဒိုင်းဒိုင်းနဲ့ ကိုဝင်သွားခဲ့တာပါပဲ။
နောင်ဘ၀ ဆိုတာကိုတွေးရင်း ကြောက်တတ်ခဲ့တယ် ဒီနေရာမှာငါသာဆိုရင် လို့တွေးတတ်ခဲ့တယ်။
အဲလိုဈေးသယ်တွေဆီက ဘယ်တော့ မှကျမတို့ ဈေးဆစ်ဘို့ မကြိုးစားတော့ဘူး ကိုယ့်အလှည့်ဈေးဆစ်မှာ မိုးရေထဲဝယ်သူမရှိမှာ ကျမကြောက်တယ်။
အဲဒီအရွယ်ထဲက ရင်ထဲကိုဝင်သွားတဲ့ ကိုယ်ခြင်းစာတရား ကကျမတို့ရင်ထဲမှာ ပြောင်းလဲလာတဲ့ အတွေ့အကြုံ အနေအထားတွေ ကိုလိုက်ပြီး တိုးပွါးလာတာပဲ ရှိတယ်ဆုတ်ယုတ် သွားတယ် ဆိုတာ မရှိဘူးရှင်...။
ဟီး ..ပေရှည်သွားတယ် ဈေးဆက်ဝယ်ရဦးမယ် အဘွားအိုကို ပိုက်ဆံရှင်း ပြီးတာနဲ့ မျက်စောင်းထိုး ဆိုင်မှာမုန့်လက်ဆောင်း သောက်တယ် ။
ဈေးတန်းကိုဖြတ်လို့ ဈေးရုံ ထဲကိုဝင်လာခဲ့တယ် ဆိုရင်ပထမဆုံး ညာဘက်က ၀က်သားရောင်းတဲ့ အန်တီကြီး အလေးမှန်ဈေးမှန် ပစ္စည်းမှန် စေတနာကောင်း တယ်။
အိမ်ကမှာလိုက်တဲ့ အတိုင်း သုံးထပ်သား မိုးခိုသား ၀က်နံရိုး အလေးချိန် ပြောပြီးမှာခဲ့ရုံပဲ ဈေးထဲကထွက်မှ ခုတ်ထစ်ထားတဲ့ အိပ်ယူငွေရှင်းယုံပဲ။
ပြီးရင်ဟိုဘက်ဒီဖက် မျက်နှာချင်းဆိုင် ဈေးခုံတွေနဲ့ရောင်းတဲ့ လမ်းလေးထဲစ၀င်ပြီ ဆိုတာနဲ့ ငါးဖယ်ခြစ်သယ် ကြိုက်တဲ့အကောင်လက်ညိုးထိုး အလေးချိန်ပြောခဲ့ ပြန်လာရင် ဆားနနွင်း အချိုမှုန့် ဟင်းချက်မှုန့် အကုန်ထည့် တစ်ခါထဲရိုက်ပြီးသား အိမ်ရောက်ရင် လုံးယုံပဲ ၀က်သားမှာ၊ ငါးဖယ်ခြစ်မဲ့ အကောင်တွေ ရွေးလို့ ကောင်းနေတုန်းမှာပဲ ဆူညံနေတဲ့ ဈေးတန်းတစ်ခုလုံး တိတ်ဆိတ်သွားသလို ငါးဖယ်ခြစ်နေတဲ့ အမကြီးကလဲ ကျမကိုရှူးတိုးတိုး ဆိုတဲ့ပုံစံလုပ်ပြပြီး သူထိုင်နေတဲ့ ဈေးခုံအောက်ကို အဖုံးဖွင့်ပြီး ငါးရှဥ့်တစ်ကောင်လို လျှောကနဲ ဆင်းချသွားတာ အံ့သြတစ်ကြီး ကျမတွေ့လိုက်ရတယ်။
ကျမရုတ်တရက် နောက်ကိုလှည့်ကြည့်တော့ အ၀င်ပေါက်ကနေ အမျိုးသားကြီး လေးယောက် တိုက်ပုံပုဆိုး ခပ်တောက်တောက် ပြောင်ပြောင် နဲ့ပေါ့။
ကျမစိတ်ထဲ ပြသနာတစ်ခုခု ဖြစ်လို့လာဖမ်းတာလား ဆိုပြီးရင်တစ်ထိတ်ထိတ်နဲ့ ဒီအနားရပ်နေရင် ငါ့ကိုစစ်လိုက်ဆေးလိုက် လုပ်နေပါဦးမယ် ဆိုပြီး ငါးဖယ်ခြစ် ဆိုင်ရှေ့ကနေ ခပ်တည်တည် ဆက်လျှောက်လာတယ် ဆိုရင်ပဲ ဈေးတန်းတစ်ခုလုံးမှာ ဈေးဝယ်သူက လွဲလို့ဈေးရောင်း နေသူတစ်ယောက်မှ မတွေ့တော့ဘူး ။
ခုတ်လက်စ ကြက်သား ရပ်စောင့်နေတဲ့ ဈေးဝယ်တွေ ငါးခုတ်လက်စတွေ ဈေးရောင်းသူ တစ်ယောက်မှ မတွေ့ဘူးရှင့် ။ ဈေးတန်းထဲကို ကျမကရှေ့ က ကျမနောက်က တိုက်ပုံဝတ် လူကြီးလေးယောက်ပေါ့။ ဈေးခြင်းနဲ့ကျမ ခေါင်းတောင်မော့ချင်ချင် ဖြစ်လာတယ်။
နောက်မှာ ပါလာတဲ့လူကြီးလေးယောက်ကို ကျမကိုပဲ စောင့်ရှောက်ဘို့အိမ်ကထည့်လိုက် သလိုလို စိတ်ထဲတွေးမိတယ် ။
တစ်ကယ်ပါရှင် လမ်းလျှောက်ရင်းနဲ့တောင် မြောက်ကြွမြောက်ကြွ ဖြစ်လာတယ် ။ နောက်လှည့် ကြည့်ရင်တိုက်ပုံဝတ် လူကြီးလေးယောက်နဲ့ ခက်တာက ဈေးသည် တစ်ယောက်မှ မရှိဘူး အသားတွေငါးတွေ ခုတ်လက်စတွေ နဲ့ ဈေးဝယ်တွေကိုပစ်ပြီးတော့များရှင်။
ကျမငါးရှဥ့်တစ်ကောင်လို ဆိုင်အောက်ကို လျှောကနဲဝင်သွားတဲ့ ငါးဖယ်ခြစ်ရောင်းတဲ့ အမကြီးကို ပြန်မြင်ယောင်လာတယ်။
အဲဒီတော့မှ ပုန်းနေကြတာ အဲဒီလူကြီးတွေကို ပုန်းတာနေမှာ ဘာတွေဘာလိမ့် ဆိုပြီး.... မမ လေ သိတယ်နော် စပ်စုနည်း ပေါင်းစုံသုံးပြီး စပ်စုတော့တာပေါ့။
တိုက်ပုံဝတ်လူကြီးတွေကလဲ တစ်ဆိုင်ကြည့်လဲ လူမရှိ နောက်တစ်ဆိုင်လဲ ဈေးသယ်ကမရှိ ဆိုတော့ ဒေါသထွက်လာပုံရတယ် ။ ပုန်းနေကြတာ သိတယ် ဒီမှာကြိုက်သလိုပုန်းကြ ဆိုင်ခုံနံပတ် နဲ့ အကုန်ဘောင်ချာဖြတ်ထားမယ် ။ မယူမနေရဒါပဲ ဆိုပြီး ဒေါသတစ်ကြီး အော်ဟစ်ထွက်သွား ကြလေရဲ့ တိုက်ပုံဝတ်တွေ ထွက်သွားပြီးတဲ့ နောက်မှာတော့ ဈေးသယ်တွေက ဆိုင်ခုံအောက်က ခေါင်းပြူပြီး ရှိသေးလား ဆိုတဲ့ပုံစံတွေနဲ့ အသံတိတ်မေးတာကို ကျမအပါအ၀င် ဈေးဝယ်ဘို့ စောင့်နေသူတွေက ခေါင်းခါပြတယ်။ မရှိတော့ဘူးပေါ့ အဲဒီတော့မှ အလျှိုအလျှို တက်လာကြတယ် ။ အံ့သြစရာ ကျမနဲ့ရင်းနှီးတဲ့ ကြက်သားရောင်းတဲ့ အမကြီးကို ဘာလို့ပုန်းနေကြတာလဲ ဆိုတော့ အလှူခံတွေလေတဲ့ ။ အော်အမရယ် အလှူခံဆိုလဲ မလှူချင်ရင် မရှိဘူးပြောလိုက်ပေါ့ အမရဲ့ ဆိုတော့ ။ မလှူချင်တာမဟုတ်ဘူး လှူစရာကိုမရှိတာ ညီမရယ် တစ်နေ့တစ်ထောင်မြတ်ဘို့ မနဲရောင်းနေရတာ သုံးလေးထောင်မြတ်တဲ့ ရက်က တစ်လမှာ ၃ရက်လောက်ပဲ ရှိတာ နှစ်ရှည်ဖြစ်နေပြီတဲ့။ရောင်းရတဲ့ငွေကို အရင်းနုတ် တစ်နေ့စာစားဘို့ မနဲရှာနေရတာ အမတို့မှာ အပိုငွေသုံးဘို့မရှိသလို လှူဘို့ဆိုတာအဝေးကြီးတဲ့ ။ ကြက်သားရောင်းနေလို့ ကြက်သားစားရတဲ့ သူတွေ မဟုတ်ပါဘူးညီမရယ်တဲ့။ကျမအသက်ရှူတောင် ရပ်ချင်ချင်ပဲ အင်းလေ.... အဲဒါအမှန်တစ်ရားပဲ အမလိမ်တာမှ မဟုတ်တာ ကျမတောင်နားလည်သေးတာ လူကြီးတွေက ပိုသဘောပေါက်မှာပေါ့ ။ ပုန်းနေမဲ့ အစားအကုန်စုပြီး ရှင်းပြလိုက် ပြီးနေတာကို အမတို့ကလဲလို့ ကျမကမကျေမနပ် ပြောတော့ ။ ဘေးဆိုင်က အခုနပုန်းနေတဲ့ အဒေါ်ကြီးက သမီးကိုကလေး မို့လို့ရှင်းပြနေတာ သူတို့ကို တစ်ဈေးလုံး ပုန်းနေတာ သူတို့ပိုသိတာပေါ့ သိလို့အော်သွားတာ မယူမနေရတဲ့ မပုန်းပဲပေးလိုက်ရင် တော်သေးအေ တစ်ဆိုင် ၁၂၀၀ ဆိုပြီးဘောက်ချာဖြတ်မယ် ထင်တာပဲ လို့ ငါးခူတွေကို တစ်ဒုန်းဒုန်းခုတ်ရင်း မကျေမနပ်ပြောလေရဲ့ ။ အမအဲဒါ အလှူခံဖြတ်ပိုင်းလားလို့ ကျမကမေးတော့ လမ်းထဲမှာဘုရားပင့် ဘို့လေ သူကြီးဘုရား ငါးစိမ်းသည် ကောင်းမှုပေါ့တဲ့ ။ ပျော်ပွဲရွင်ပွဲတွေထည့်မယ် အဲဒီအတွက် ထိုင်ခုံလက်မှတ် တစ်စောင် ခြောက်ရာတဲ့ အလကားလာပါဆိုတောင် ဘယ်လိုမှမသွားနိုင်ဘူးတဲ့ ။ ကဲ.... ရှင်ဘာပြောရမလဲ ညနေဆို နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကြီးစည်ကားလို့ ကျမတို့တောင် ညတိုင်းလမ်းလျှောက် မုန့်ဝယ်စားနေကြ ။ အဲဒီညတော့ ကျမ မသွားတော့ဘူး ။ ငါးရောင်းတဲ့ အဒေါ်ကြီးတွေ မပေးချင်ပဲ ပေးထားရတဲ့ ပိုက်ဆံတွေနဲ့ သူတို့ပျော်ရမဲ့ အပျော်တွေကို ကျမတို့က ခေါင်းပုံဖြတ် ပြီးမလိုချင်တော့ဘူးရှင်။

လေးစားစွာဖြင့်

မမ

Labels:


Posted by Anonymous :: 10:30 AM :: 5 Comments:

Post / Read Comments

---------------oOo---------------

Sunday, April 26, 2009

စင်္ကာပူက မကျွတ်လွတ်သူ (၄)


အဲလိုနဲ့နေ့ရက်တွေကြာလာတော့ ဝိဥာဉ်နဲ့ တစ်ဖြေးဖြေးရင်းနှီးလာခဲ့တယ် ။ဟား ဟား ဟား မမကတော့လုပ်ပြီလို့ မတွေးကြနဲ့ဦး ။ ကျမအိမ်မှာရှိတဲ့ သူတွေထဲက သူ့ကိုယ်သူတော်၏ တတ်၏ လို့ထင်ပြီး အလုပ်ကပြန်လာတိုင်း အလုပ်ထဲမှာ သူဘယ်လိုအဆင်ပြေကြောင်း ဒီနိုင်ငံကသူ့ကို အကျိုးပေးကြောင်း ခေါင်းချဘို့အထိ စဉ်းစားထားတယ်ဆိုတဲ့ မျိုးဆက်သစ်ဂေါက် လို့ခေါ်ရမှာပေါ့ ။
၁၀တန်းအောင် ၁ရ နှစ်လောက်မှာ ဒီမှာပရိုက်ဗိတ်ကျောင်းကောင်းကောင်း တက်ပြီး ခောတ်ကောင်းချိန်မှာ နေရာကောင်းကောင်းကို တစ်ထောင့်ရှစ်ရာပလပ်စ် အိုတီ နဲ့ ရထားသူဆိုတော့ နှစ်ဆယ်ကျော်မှာ ကိုယ့်ကိုယ်ကို ထင်တစ်လုံး နဲ့ မျိုးဆက်သစ် ဂေါက်ရာထူးကို လက်ဆင့်ကမ်း သယ်ဆောင်မယ့် ဂေါက်ပေါက်စပေါ့။
အဲ.. သူကမွေးနေ့ လုပ်တော့ အိမ်ရှိလူကုန်အတွက် မုန့်ဝယ်လာတယ် ။
ညနေလူစုံချိန် မှာ မုန့်တွေဝေတော့ မုန့်တစ်ဗူးကပိုနေပါရော မမရဲ့စေတနာ ကိုသိကြတယ်ဟုတ် ။ သူကလဲ သေသေချာချာ တွက်ပြီးဝယ်တာပါ ဘယ့်နှယ်တစ်ဗူးကပိုနေပါလိမ့် ဆိုပြီးမချင့်မရဲနဲ့ ပြန်ရေ ပြန်တွက် ပိုတာပါပဲ။
အဲဒီအချိန်မှာပဲ စာဂျပိုးဂေါက်က အဲ.. မပိုဘူးလေ ဟိုတစ်ယောက်ကျန် သေးတယ်တဲ့ ကျန်တဲ့သူတွေကလဲ ထောက်ခံတယ်။
ကျမကလဲ စေတနာထားတဲ့နေရာမှာ လူတွေဝိဥာဉ်တွေ ခွဲခြားခွဲခြား မလုပ်တတ်ဘူး ဆိုတော့ အေးလေသူ့ အတွက်ဝယ်တုန်းက၀ယ်ပြီး ရှက်မနေပါနဲ့လို့နောက်တော့ မျိုးဆက်သစ်က သူ့မွေးနေ့မှာ ဝိဥာဉ်ကိုကျွေးရမှာကို လန့်နေပုံရတယ် ။ အဲလိုနဲ့ မထင်မရှား အထီးအမ မကွဲသေးတဲ့ ဝိဥာဉ် ကို ကျမကမွေးနေ့ပွဲ ဖိတ်လိုက်တယ် ပြီးရင်သူက ဟတ်ပီးဘတ်ဒေး သီချင်းကိုပြိုင်တူအော်ပေးရဦးမှာ ဆိုတော့ ကျမတို့ ထမင်းစားပွဲမှာပဲ စားပြီး မွေးနေ့ကိတ်လှီးဘို့ အတွက်ဧည့်ခန်းဖက်ကို တစ်အုပ်ကြီး ကူးလာကြတယ် ။ ဟတ်ပီးဘတ်ဒေး ဆိုပြီးမျိုးဆက်သစ်ကိုကြိုဆိုတဲ့ လက်ခုပ်သံတွေ စဲသွားတဲ့ အချိန်မှာတော့ ထမင်းစားပွဲပေါ်မှာကျန်နေခဲ့တဲ့ စားစရာအထုပ်က ဘုတ်ကနဲပြုတ်ကျတာ အားလုံးပဲတွေ့လိုက်တယ် ဆိုရင် ကျမတို့တွေအားလုံးပူးကပ်ပြီး ရပ်ကြည့်နေမိတယ် ။ မလိုလားအပ်တာတွေ ထပ်ဖြစ်မှာစိုးတာရယ် အားလုံးလဲစိတ်တွေပေါ့ပါးသွားအောင် ကျမက ဟယ်.... တို့ဘော်ဘော်ကြီး မွေးနေ့လာစားတယ်ဟေ့ လက်ဆောင်ပစ္စည်းရော ပါခဲ့ရဲ့လားလို့နောက်တော့ မွေးနေ့ရှင်မျိုးဆက်သစ်က သူလိမ်းထားတဲ့မိတ်ကပ်ကြောင့်လား မသိ မီးရောင်အောက်မှာ မျက်နှာတစ်ခုလုံးဖြူဖတ်ဖြူရော်ကိုဖြစ်လို့ ။ သိပ်ကိုထူးဆန်းတဲ့ အကြောင်းအရာကတော့ အဲဒီညက အတော်ကို ညဉ့်နက်တဲ့ကျမတို့ နောက်နေ့မနက် မျိုးဆက်သစ် ကုတင်ဘေး စာကြည့်စားပွဲပေါ်မှာ ရောက်နေတဲ့ အိမ်အပြင်ဘက်မှာသာရှိတတ်တဲ့ သစ်ရွက်ခြောက်နဲ့ အမှိုက်စုပုံပုံလေးကို တစ်အံ့တစ်သြ ၀ိုင်းအုံကြည့်ကြတယ် ။
အဲလိုနဲ့နောက်ရက်များမှာတော့ စာကြည့်ခန်းထဲက မချောက တစခန်း ထလာတယ် နေရတာ တစ်ယောက်ထဲစိတ်မလုံဘူး အနားမှာတစ်ယောက်ယောက် ရှိနေသလိုပဲ တစ်ရေးနိုးရင်ဖြစ်ဖြစ် အမျိုးသားတစ်ယောက် ကျမကို ထိုင်ကြည့်နေသလိုပဲတဲ့ ။ တစ်နေ့ပေါ့ ကျမမိုးမိပြီး ကိုယ်တွေလက်တွေကိုက် ချမ်းစိမ့်စိမ့် နဲ့ အိမ်ပြန်ရောက်လာတယ် နေဝင်ရီတရော အချိန်ပေါ့ ။ ကော်ဖီတစ်ခွက်နဲ့ ပန်နဒေါ တစ်လုံးသောက်ချပြီး ဆိုဖာပေါ်မှာမှေးကနဲ အိပ်ပျော်သွားတော့တယ် ။ နားလည်မလားရှင် အိပ်ပျော်နေတယ် လို့လဲပြောလို့ရသလို အသိစိတ်ကလဲ ကပ်နေတုန်းအချိန်ပေါ့ ။
အိမ်ရှေ့ရေချိုးခန်းကနေပြီး အမျိုးသားလူလတ် ပိုင်းတစ်ယောက် ရေချိုးပြီးစပုံနဲ့ထွက်လာတယ် ။ ကျမအနားက ဖြတ်လျောက်တော့ အံ့သြလွန်းစွာ မလုံမလဲနဲ့ကျမ ငုတ်တုတ်ထထိုင်တော့ ကျမကိုပြုံးပြတယ်ရှင်။မမလေ သိတယ်နော် ဖေါ်ရွေတဲ့နေရာမှာ ဟို.. အစ်ကို နေရတာအစဉ်ပြေရဲ့လား ဆိုတော့ ပြုံးပြခေါင်းငြိမ့်တယ်ရှင့် ပြီးတော့မှ ဘယ်မှာနေတာလဲ ဘယ်သူလဲ ဒို့အိမ်မှာမိန်းခလေးတွေကြီးပါ ဆိုတဲ့
ဇဝေဇဝါနဲ့ တွေးရင်း စာကြည့်ခန်းဖတ်ကို လျှောက်သွားတဲ့ အဲဒီလူနောက်ကို ကျမထလိုက်သွားတော့တယ်။ အံ့သြစရာရှင် ကျမရှေ့တင်ပဲ ဘီဒိုကြီးကို ဖွင့်ပြီးဝင်သွားတာ တွေ့လိုက်ရတာပဲ။
ကျမချွေးစေးတွေပြန်ပြီး နိုးထလာတဲ့ အချိန်မှာတော့ နေဝင်နေပြီ ဧည့်ခန်းမီးက မထွန်းရသေးဘူး တစ်အိမ်လုံး လူလိုက်စစ်တော့ ကျမအစောဆုံး အိမ်မှာပင်တိုင် ရှိတဲ့လူကလဲ ကျမရောက်ပြီး ဈေးဝယ်ဆိုဆင်းသွားလေရဲ့ ။
ကဲ ... ဘယ်လိုလုပ်ကြမလဲ ဆေးရှိန်နဲ့ဂယောင်ချောက်ခြား မက်တာလား ဘုရားမီးနဲ့တစ်ကွ တစ်အိမ်လုံး မီးတွေလျှောက်ဖွင့်ရင်း ဘီဒိုကြီးကိုဖွင့်ကြည့်ချင်တာ အူကိုယားနေတာပဲ။
မချောကပြန်မလာသေးဘူးရှင့် ပထမဆုံးပြန်ရောက်လာတဲ့ မလတ်ကို တိုးတိုးကြိတ်ကြိတ် ပြောပြတော့ မလတ်က ငါလဲနင့်ဘီဒိုကြီးကို မသင်္ကာ ဘူးတဲ့ရှင်..။
နောက်နေ့မနက် မှာတော့ ကျမတို့မိဘများနဲ့ ညီအမရင်းလိုခင်မင်တဲ့ အန်တီက ကျမဖျားတယ် ဆိုလို့လာမေးရှာတယ်။
အန်တီကို ကော်ဖီဖျော်ပေးပြီး ကျမအခန်းထဲ အကျီလဲဘို့ဝင်လာတယ်။
အန်တီက ဆိုဖာမှာဝင်ထိုင်ရင်း ကျမဖတ်လက်စ စာအုပ်ကို ဟိုလှန်ဒီလှန်လုပ် နေတုန်းမှာပဲ ဆိုဖာဘေးကကပ်ပြီး လူတစ်ယောက် ရိပ်ကနဲဖြတ်သွားသတဲ့ ။
ကျမထွက်လာတော့ သမီးအိမ်မှာ ဘယ်သူရှိသေးလဲ ယောက်ကျားတစ်ယောက် စာကြည့်ခန်းထဲဝင်သွားသလိုပဲတဲ့ ။
ကျမတစ်ယောက်ထဲပါ အန်တီ မြင်လိုက်တယ်ဆိုရင်လဲ လူတော့မဖြစ်နိုင်ဘူး လို့ကျမပြောတော့ အန်တီလဲပြောချင်တာ စိတ်မဆိုးနဲ့ သမီးတို့အိမ်က မသန့်ဘူးတဲ့ရှင် ။ အဲဒီအန်တီက ခရစ်ယာန် ဘာသာဝင်ရှင့် အဲလိုနဲ့ ဒီသတင်းက အန်တီကနေ တစ်ဆင့် ရန်ကုန်ရောက်သွားပါရောရှင် ။ စင်္ကာပူကို လာတော့မဲ့ဆဲဆဲ ဆရာတော် ဘုရားကြီး ကြွလာတယ် ကျမအိမ်မှာနှစ်ပတ်လောက် သီတင်းသုံးရင်း မလတ်နဲ့ကျမကို သူ့အသိုက်အအုံကိုမဖျက်နဲ့ စာကြည့်ခန်းထဲက ဘီဒိုကြီးကို သင့်တော်မဲ့တစ်နေရာ သွားထားလိုက်လို့ မိန့်တော်မူတဲ့ အတွက် ဘီဒိုကြီးကို အိမ်အောက်ဆင်းချရင်း ကိုယ်တော်ချောပါ တာ့တာ လုပ်လိုက်ရတယ်။ နောက်ပိုင်းတော့ အေးအေးဆေးဆေး ပါပဲ ၊ ရင်းနှီးတဲ့သူငယ်ချင်းတွေ ကတော့ပြောစမှတ်တွင်တာ ဒီလောက်အနေကြာတာတောင် နင့်တို့ဂေါက်တွေနဲ့ တစ်ယောက်မှမညိဘူး လားတဲ့ရှင် နင်တို့ကိုလွမ်းလို့ဆို တစ်ခေါက်တစ်လေတောင် အလည်ပြန်မလားဘူးလားတဲ့ ။ ကဲ.....အဲဒါမေးစရာလားရှင့်......။




လေးစားစွာဖြင့်
မမ

Labels:


Posted by Anonymous :: 8:19 PM :: 10 Comments:

Post / Read Comments

---------------oOo---------------

Saturday, April 25, 2009

စင်္ကာပူမှ မကျွတ်လွတ်သူ (၃)


အဲဒီအထဲမှာမှ.... စာကြည့်ခန်းထဲမှာနေတဲ့မချောက ဟိုတယ်နဲ့ပတ်သတ်ပြီး ဒီပလိုမာရထားတာဆိုတော့ အချိန်မှန်မဟုတ်တဲ့အတွက် သော့ယူထားတာ သူတစ်ယောက်ပဲရှိတယ်လေ ။
အဲဒီစာဂျပိုး စာအုပ်ထဲခေါင်းစိုက်နေတဲ့အချိန်မှာပဲ တံခါးဖွင့်သံ လူဝင်လာသံကြားတယ် ။ သူ့အခန်းရှေ့တင်ဖြတ်ပြီး အကျီင်္ အဖြူရောင်နဲ့ ဝင်သွားတာ သူမျက်လုံးဒေါင့်ကတွေ့သတဲ့ ။ ပြီးတော့ ဘီဒိုဖွင့်သံ အကျီလဲသံ ရေချိုးခန်းဝင်သံတွေ ကြားတယ်။
စာဂျပိုးလဲ လူရောက်ပြီ ဆိုတော့ အခန်းတံခါးပိတ်ပြီး စာဆက်လုပ်နေလေရဲ့ သူကလူတစ်ယောက် ကို မော့ကြည့်နှုတ်ဆက် အလာသပလာသ ပြောဘို့ အင်မတန်မှ ဝန်လေးတဲ့သူ။
သူ့စာကြည့်ချိန်ထဲက တစက္ကန့်မှ ဖဲ့မပေးနိုင်ဘူးဆိုတဲ့ ဂေါက်အမျိုးအစား။
အဲလိုနဲ့ နောက်တစ်နာရီလောက်ကြာတော့ ကျမတို့ ပြန်ရောက်လာတယ် ။ တီးလိုက်ရတဲ့ဘဲလ် အတောမသတ် စာဂျပိုးက အီးယားဖုန်းတတ်ပြီး ခေါင်းစိုက်နေပြီ။
သူ့ဟန်းဖုန်းခေါ်တော့မှ လာဖွင့်ပေးတယ် မကျေမနပ်နဲ့ပေါ့ ။ စူပုတ်ပြီး တံခါးလာဖွင့်တယ် ။ ကျမတို့ နဲ့ ရှေ့ဆင့်နောက်ဆင့် သူတံခါးဖွင့်နေတုန်းပဲ သော့ရှိတဲ့ မချောလဲရောက်လာတယ်။
သူက အလွန်တရာမှ အံ့သြတဲ့ မျက်နှာနဲ့ မချောကိုအောက်ဆင်း သွားတာလားလို့ မေးတယ်။
ကျမတို့ ကလဲ စကားမမေးစဖူး မေးနေတဲ့ စာဂျပိုးကို နင်သော့ဖွင့်မှ သူရောက်တာဆိုတော့။
အင်မတန်မှ သိပံ္ပပညာတဖက် ကမ်းခတ်အောင်တတ်တဲ့စာဂျပိုးက သူမျက်မှန်ကိုဖြုတ်လိုက်ပြီး အထိတ်တလန့်နဲ့ အိမ်မှာလူဘယ်နှစ်ယောက်ကျန်ခဲ့တာလဲတဲ့ ။
အယ် ... မိုးလင်းထဲက နင်တစ်ယောက်ပဲလေ တို့တတွေအားလုံး အိက်စပို(Expo) ဈေးလျှော့တာ သွားမယ်လို့ ပြောထွက်တာလေဟယ် လို့ ကျမကပြောတော့။
အာ... မဟုတ်ဖူး လွန်ခဲ့တဲ့ တစ်နာရီလောက်ထဲက သူပြန် ရောက်နေတာလေတဲ့ ။ မချောကို လက်ညိုးထိုးပြီး ပြောတယ် ။ မချောကလဲ မဟုတ်ဖူး အခုမှပြန် လာတာလို့ငြင်းတော့။
စာဂျပိုးက တစ်ခုခုတော့ မှားနေပြီ ဆိုပြီးသူ့တစ်ကိုယ်လုံး ကြက်သီးထသလို တစ်ချက်တွန့်လိုက်ပြီး လက်နှစ်ဖက် ကိုပိုက်ရင်း လွန်ခဲ့တဲ့တစ်နာရီလောက်က တံခါးဖွင့်ပြီး သူဝင်လာတယ်လေတဲ့...
ထပ်ပြောတယ် ။ ကျမတို့လဲ ဂေါက်မျိုးနွယ်ထဲက တစ်ယောက်တော့ ရာထူးတက်သွားပြီဆိုပြီး ပြုံးစိစိ နဲ့ အားကျကြည့်နဲ့ ကြည့်ကြတယ်။
သူဆက်ပြောတာတွေ နားထောင်ပြီးတဲ့ နောက်မှာတော့ ကျမတို့ တစ်ခုခုမှားယွင်းနေပြီဆိုတာ လက်ခံရတော့ တယ်။
အဲလို အဖြစ်အပျက်တွေရဲ့ နောက်များမှာတော့တစ်စုံတစ်ရာကိုကျမတို့ အလေးထားလာကြတော့တယ်။ ကျမကိုယ်တိုင်လဲ စာရေးစာဖတ် နောက်ကျတဲ့အချိန်တွေတိုင်း ဆယ့်နှစ်နာရီ နောက်ပိုင်းမှာ တစ်ယောက်ထဲ အိမ်ရှေ့ မှာစာရေးနေတဲ့ ကျမ စိတ်အနှောက်အယှက်ဖြစ်လောက်တဲ့အသံတွေ စတင်ခံစားမိလာတော့တယ် ။
အဲဒီထက်ပိုဆိုးတာက ကျမကညဥ့်နက်မှအိပ်တာပုံမှန်ပဲ အပြင်မှာကျမတစ်ယောက်ထဲလေ ။ တစ်နေ့စကားမစပ် အိမ်ရှေ့မှာ ကျမစိုက်ထားတဲ့ နှင်းဆီတွေက ပက်ပက်စက်စက်ကို ပွင့်နေတာ ကျမက တွေ့သမျှလူ အားလုံးကို ကြွားပါလေရော အဲဒီအချိန်မှာပဲ မိုးလင်းမိုးချုပ် ပရိုဂရမ်မင်းတွေနဲ့ ချာလပတ်ရမ်းပြီး ရတဲ့လစာတောင် သုံးဘို့ အချိန်မရအောင် တွေ့သမျှလူကို ကျမဂေါက်မျိုးနွယ်ပါလို့ သက်သေပြစရာမလိုပဲ မြင်တာနဲ့ဂေါက် ဆိုတာအော်တိုသိနိုင်တဲ့ တစ်ယောက်က ဘာမဆိုင်ညာမဆိုင် ပွင့်မှာပေါ့ မမ ကအချိန်မှန်ရေလောင်းတာကိုး လို့ဝင်ပြောတော့။
ကျမက အံ့သြလွန်းစွာနဲ့ ဘာသဘော ပါလိမ့် ငါလဲအချိန်မှန်တာ ဆိုလို့ဘဝမှာ ကွန်ပျူတာရှေ့ထိုင်တာလောက်ပဲ ရှိတာ နှင်းဆီဖူးတွေ တွေ့မှရေလောင်းဘို့သတိရတာပါ လို့တွေးရင်း ငါ့ကိုများနောက်သလားပေါ့။
မေးမိပေလို့ပဲ ရှင် ။ မေးများမမေးမိရင် တော့ ကျမဘဝရေစုန်မြောတာပဲ။
ဒီလိုရှင့် သူကညနက်တဲ့ နေရာကျမထက်သာတယ် ။ တစ်ခါတစ်လေ မိုးလင်းတန်းရေချိုးပြီး အလုပ်သွားတဲ့ ရက်တွေတောင်ရှိတယ်။
စဉ်းစားကြည့်ကြလေ ဘယ်လောက်များဂေါက်ပုံ ပေါက်နေမလဲဆိုတာ။
ကျမကနောက်ကျတယ်ဘယ်လောက်ပဲ ပြောပြော နာရီပြန်တစ်ချက်လောက်ဆို သီချင်းပိတ်ပြီ ။ နာရီပြန်နှစ်ချက်လောက်ဆိုမီးပိတ်ပြီ အဲဒါပုံမှန်နီးပါးပဲ။
အဲဒီအချိန် သူကပရိုဂရမ်တွေဆွဲလို့ကောင်းတုန်း သူပြောတဲ့ သဘောက ကျမသီချင်းပိတ် မီးပိတ်ပြီး နာရီဝက်လောက် ဆိုပုံမှန် တံခါးဖွင့်သံကြား သတဲ့ ။
ကျမတို့သော့တွဲကလဲရှင် ကိုင်လိုက်တာနဲ့ အတော်မြည်တဲ့အမျိုးလေ ပြီးရင်တံခါးဖွင့်ပြီး အမအပြင်ထွက်အပင် ရေလောင်းတယ် မဟုတ်လားတဲ့။
ကျမ ဘုရား ဘုရား တရင်း ကြံကြီးစီရာ ဟယ်၊ ငါမီးပိတ်ပြီး တန်းအိပ်တာပါ ည-၁၀-နာရီနောက်ပိုင်း တစ်ခါမှ အိမ်ပြင်ကို ခြေမချဘူးပါဘူး။
နင်တို့တွေနဲ့ အောက်တစ်ခါတစ်လေဆင်းတာ အတူသွားတာကလွဲလို့ ငါတစ်ယောက်ထဲ အချိန်မတော် တံခါးဖွင့် အပင်ရေလောင်းတဲ့ အလုပ် ၊ တစ်သက်နဲ့ တစ်ကိုယ် မလုပ်ဘူးပါဘူးဟာလို့ စိတ်ပျက်လက်ပျက် ပြောတော့မှ ၊ မမရယ် တစ်မျိုးမထင်ပါနဲ့ ကျမနေ့တိုင်းကြားတာပါရှင်၊ ထူးဆန်းတာက ထွက်တဲ့အသံပဲကြားပြီး ပြန်ဝင်လို့တံခါးပြန်ပိတ်တဲ့ အသံတော့ မကြားမိဘူးတဲ့ရှင့် ။
ကောင်းကြသေးရဲ့လား ။ ကျမလဲသူရော ရာထူးတက်တာလား လို့ စေ့စေ့ ကြည့်ရင်း အဲလိုကြားတာ ဘယ်လောက်ကြာပြီလဲလို့ ကျမမေးတော့ သူ့အဖြေ နဲ့ တိုက်ဆိုင်တာဘီဒို ရောက်ပြီးနောက်ပိုင်းပဲပေါ့ ။
အဲလိုနဲ့ မိန်းမဆိုတာမျိုးက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး အသစ်အဆန်းဆိုစိတ်ဝင်စားတာ တစ်စိတ်ကို တစ်အိတ်လုပ်တတ်ကြတာ။
ပိုဆိုးသွားတာ ကျမတို့က နဲနဲ ဂေါက် များများဂေါက် မသိမသာဂေါက် သိသိသာသာဂေါက် တွေစုဝေးရာဆိုတော့ မလတ်ကတော့ မဟုတ်တန်းတရားတွေနဲ့ ကိုယ့်အလုပ်ကိုယ်မလုပ်ဘူးတဲ့ ။ ပိုဆိုးသွားတာ စင်္ကာပူမှာ သရဲ မရှိတဲ့အိမ်ပြတဲ့။
သေဆုံးသွားပြီးတဲ့နောက် ပါးပါး မားမား အန်းကုန်း အန်းမ တူတူပြန်လိုက်ခဲ့နော် ဆိုပြီးနံမည်ထိုးပြီး တမင်ကိုအိမ်ပြန်ခေါ်ပြီး ကိုးကွယ်နေကြတာလေတဲ့။
မလတ်က အဲလိုပြောတော့ ပိုဆိုးကုန်တာပေါ့ ။ ကြောက်တဲ့သူက ပိုကြောက်သလို မကြောက်တဲ့သူကလဲ အိမ်တစ်လုံးမှာ သရဲဘယ်နှစ်ကောင်ရှိလဲ ဆာဗေး ဆင်းချင်တဲ့စိတ်တွေ ပေါက်လာတော့တာပေါ့။
ကျမကကြတော့ မလှုပ်တစ်လှုပ်နဲ့ ကျမတို့ကို ဟန်ရေးပြနေတာ ဘယ်သူလဲသိချင်စိတ်က ပိုပြင်းပြလာတော့တာ ။ တစ်နေ့ကျမ အိပ်တော့မယ် အိမ်ရှေ့မီး ဘုရားမီးတွေပိတ်ပြီးတဲ့ အချိန်မှာတော့ ဆိုဖါအနက်ပေါ်မှာ စောင်ခြုံပြီးငြိမ်နေလိုက်တော့တယ် ။ ခါတိုင်းဆို ခေါင်းချတာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ကျမ မျက်လုံးမှေးပြီး အိပ်ခြင်ဟန်ဆောင်နေတော့တာ ။ နာရီဝက် ၊လေးဆယ့်ငါးမိနစ်လောက်မှာ သော့သံတစ်ချွင်ချွင် စကြားတော့တာပဲ အိမ်မကြီးတံခါး လှပ်ခနဲပွင့်ပြီး ဝရန်တာမီးရောင်ဖြာခနဲ ၀င်လာချိန်မှာတော့ ကျမငုတ်တုတ်ထထိုင်နေပြီ ။ မလတ်အခန်းကိုခြေဖေါ့ပြီး ကျမပြေးတဲ့အချိန်မှာတော့ အခန်းတိုင်းက တံခါးတွေ ပွင့်လာတာနဲ့ အတူ ကျမ တို့အိမ်မကြီးတံခါးက ဂျိုင်းကနဲ ပြန်ပိတ်သွားတာ တစ်အိမ်လုံးတွေ့လိုက်ရတာပါပဲ။
ကျမတို့က အထပ်နှစ်ဆယ်ကျော် ဆိုတော့ လေကတစ်ဟူးဟူးလေ ။ တခါတလေ တံခါးဂျက်မချထားရင် တစ်ဂျိုင်းဂျိုင်းပြန် ပိတ်တဲ့အမျိုးဆိုတော့။
ဆူဆူညံညံတွေ ကြားမှာမလတ်က နောက်ဆုံးပြန်လာတဲ့သူ တံခါးဂျက်မချလို့ပေါ့လို့ ပြောပေမယ့် ၊ ညညအပင်ရေလောင်းတယ်ဆိုတာ လုံးဝလက်မခံနိုင်တဲ့ကျမနဲ့ ညတိုင်းသော့ဖွင့်သံကြားတယ် ဆိုတာတွေရဲ့ အဖြေကို ကျမတို့အားလုံး သိချင်နေလို့ အမှတ်တမဲ့ တွေကိုသက်သေပြဘို့ မတိုင်ပင်ပဲ စိတ်တူကိုယ်တူဖြစ်နေကြတော့တာပေါ့  ။
အဲဒါတွေထက်ပိုပြီး ခိုင်လုံတဲ့အကြောင်းပြချက်ကတော့ ထားဝယ်သူက မနက်စောစော ဟင်းထချက်တတ်တယ် ။ သူကလဲအင်ဂျင်နီယာပဲ ဒီမှာမာစတာပြီးတာ။
သူ့ကိုအထင်ကြီးပြီးခန့်ထားတဲ့ အလုပ်မှာ မနိုင်မနင်းနဲ့ ဂေါက်နေရှာသူ စိတ်နဲ့ကိုယ်နဲ့မကပ်ဘူး မဲမဲမြင်တိုင်း သူ့ကိုအမြဲဟောက်တဲ့ ပရောဂျက်မန်နေဂျာထင်ပြီး လန့်နေတတ်သူ။
သူကအေးခဲထားတဲ့ ဝက်အူစုံအသဲစုံကို မနက်ချက်ဘို့ အိပ်ခါနီးမှာ အပြင်ထုတ်ထားတယ် သူထုတ်ထားတာ ကျမလဲမသိဘူး ကျမစားပွဲနဲ့ မီးဖိုချောင်က ဒိုးယိုပေါက်လေ။
ဧည့်ခန်းမီးဖွင့်ပြီး စာရေးစာဖတ်လုပ်နေတဲ့ကျမ မီးဖိုချောင်ကိုလှမ်းမြင်ရပေမဲ့ ဟိုအရင်က တစ်ခါမှမကြည့်ဘူးပါဘူး ။ စာထဲအရမ်းစိတ်ဝင်စားနေတဲ့ အချိန်ဝုန်းဂလွမ်း ဆိုတဲ့အသံကြောင့် လိပ်ပြာလွင့်မတတ် ထအော်မိတဲ့ကျမ တစ်အိမ်လုံးထွက်လာကြတယ်။
ဘာဖြစ်တာလဲ ဆိုတော့ မသိဘူး ဘာသံမှန်းမသိဘူးဆို မီးဖိုချောင်ဝင်ပြီး မီးဖွင့်အဖြေရှာတော့ ဘေစင်ထဲမှာ ငြုပ်ကျည်ပွေ့ပဲ တွေ့တယ်။
ငြုပ်ဆုံထဲ ထောင်ထားတဲ့ကျည်ပွေ့ ညသန်းခေါင်မှာ စတီးဘေစင်ထဲ ပြုတ်ကြတဲ့ အသံ စဉ်းစားသာ ကြည့်ကြတော့။
အကုန်လုံးလဲလန့်နေပြီ မိန်းမတွေရဲ့ ပါးစပ်က ပွမှပွ ဖွမှဖွဆိုတော့ မလတ်ကလဲလန့်နေပြီ ။
အဲဒီအချိန်မှာပဲ အညာသူက ဒီမှာဝက်သားတွေ အူစုံအသဲစုံ ဘယ်သူ့ဟာတွေလဲ ဆိုတော့ ထားဝယ်သူ ဟာတွေ အဲဒါတွေကြောင့် အသံပေးနေတာဖြစ်မယ် ။
နင်မနက်ချက်စားဦးမလားလို့မေးတော့ သူလဲစိတ်မသန့်တော့ဘူး ထင်တယ် ။ လွှင့်ပစ်လိုက်တော့လို့ပြောတာနဲ့ ကျမတို့ အမှိုက်ပုံးကနေတစ်ဆင့် လွှင့်ပစ်လိုက်ကြတယ် ။မလတ်က မမနင်လဲဝင်အိပ်တော့ လူတွေကိုလျှောက်ခြောက်မနေနဲ့ လို့ ဖိန့်ဖိန့်နဲ့ ဝင်ဟောက်တယ် ။ သူ့အိမ်လူမရှိမှာ ကြောက်တယ်ထင်တယ်။
အာ.. မဟုတ်တာ ဘာလို့ခြောက်ရမလဲ ဒီလူတွေ အပြင် တစ်ယောက်ယောက် အပိုရှိတယ်ဆိုရင် ဒီကလူတွေသိအောင် တစ်ယောက်တစ်မျိုး မရိုးအောင်ပြစမ်းပါလို့ ကျမပြောတော့၊မလတ်ကနင်ဟာလေ အလိုက်ကန်းဆိုးတစ်စက်မှ မသိဘူးတဲ့။အဲဒီအချိန်အထိ ဘီဒိုကြီးကို ကျမတို့ သံသယတစ်စက်မှကို မဝင်သေးဘူးရှင်။

Labels:


Posted by Anonymous :: 4:54 PM :: 3 Comments:

Post / Read Comments

---------------oOo---------------

Thursday, April 23, 2009

စင်ကာပူက မကျွတ်မလွတ်သူ (၂)




pictures from here.

ကျမတို့ အိမ်ကအတော်ကျယ်တယ်။ စလုံးစကားနဲ့ပြောရရင် ဖိုက်ရွန်းဖလက်(five rooms flat) ပေါ့ရှင်...။ အိမ်မှာနေတာ အူကြောင်ကြားတွေ .... အကုန်လုံးက ကွန်ပျုတာဘေးနေ ကွန်ပျူတာဘေးစားတွေ(ဟီး..လမ်းဘေးနေ လမ်းဘေးစား)လိုမျိုး ပြောတာနော်။
ကျမတို့အိမ်မှာ ရှိတဲ့သူတွေများ ဘယ်လောက်လူမှုဆက်ဆံရေး ကောင်းသလဲလို့....
တစ်နေ့ပေါ့ အိမ်ကိုလူကြုံ ပစ္စည်းလာပေးတယ် ။ ဘဲလ်တီးတော့ တံခါးနားရောက်နေတဲ့ သူကဖွင့်ပေးလိုက်တယ် ။ ကောင်လေးကလဲ ဝင်လာပြီးဧည့်ခန်းမှာ ထိုင်နေတယ်။
အဲ.... ဖွင့်ပေးတဲ့သူက သူ့အခန်းပြန် ကွန်ပျူတာရှေ့ထိုင်လိုက်တာ ညနေစောင်းရော။
လူဝင်လူထွက်လဲမရှိ ကိုယ့်အခန်းကိုဝင်နေတာ ညနေရုံးဆင်းလို့ ပြန်လာတဲ့သူ တံခါးဖွင့်မှ အဲဒီ ကောင်လေးကငိုသံပါနဲ့ ကျနော်ကိုတံခါးဖွင့်ပေးပြီးကထဲက အိမ်ထဲဝင်သွားတာ လူဆိုလို့ အမပြန်လာမှတွေ့ရသတဲ့ ။ ကျမတို့မှာ ကောင်လေးကြည့်ပြီး ရယ်လိုက်ကြတာဝက်ဝက်ကွဲ တံခါးဖွင့်ပေးပြီး သော့လဲပြန်ပိတ်ထားတယ် ။ လူအရိပ်အယောင်တောင်မတွေ့တော့ ဘယ်အခန်းတံခါး ခေါက်ရမှန်းလဲမသိ ပြန်ထွက်လို့ လဲမရတဲ့ရှင်..။ အဲလို ဆက်ဆံရေးတွေက ပြေပြစ်ကြတာလေ ။ ဖုန်းခေါ်တော့ အိမ်ဖုန်းကသူ့ အနားတင် ကပ်မြည်နေတာ ကိုင်မဲ့သူမရှိဘူးတဲ့ အဖြစ်က ငိုအားထက်ရယ်အားသန်ပဲ ။ အမရေ... အမရေ ခေါ်တော့လဲ ပြန်ထူးသံလုံးဝမကြား ရဘူးတဲ့ ။ အီးယားဖုန်းတွေ တပ်ပြီး စာလုပ်နေကြတာတဲ့ရှင်..ဖြစ်ပုံများ...။ ကျမတို့ ဧည့်ခန်းမှာ အနက်ရောင်လည်သာ ဆိုဖာနှစ်ယောက်ထိုင်တစ်လုံး သုံးယောက်ထိုင်တစ်လုံး ရှိတယ် သုံးယောက်ထိုင် ဆိုဖာနောက်မှီ တစ်လုံးကို ခေါင်းအုံးပြီး တစ်လုံးကို ဖက်လုံး လုပ်လိုက်ရင် ဆိုဖာကြီးက ကျယ်ကျယ် ၀န်းဝန်းနဲ့  ဟိုဖက်ဒီဖက်တောင် မှလှိမ့်လို့ ရသေးရှင်။
ဟီး အဲဒါ ကျမအပိုင်ယူထားတဲ့နေရာပဲ Sony VAIO ပေါင်တင်လေး ကို ဗိုက်ပေါ်တင်လိုက်ရင် ပွဲကပြီးနေပြီ။
အဲဒါ ကျောချရတော့မယ့်အချိန်ကို ပြောတာနော် ။ ကျန်အချိန်တွေက ဆိုဖာကြီးနဲ့ ကပ်ရပ်ဝရန်တာလေးမှာ ကျမစားပွဲလေး ရှိတယ် တစ်နေ့ ကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့်ပဲ။အဲဒါကြောင့်ပြောတာ ကျမတို့ ဘဝ ကွန်ပျူတာဘေးအိပ် ကွန်ပျူတာဘေးစားတွေပါဆို။
ညဆိုအားလုံး အခန်းထဲဝင်သွားရင် ကျမကဝရန်တာက စားပွဲလေးမှာ စာရေး သီချင်းကြိုက်သလိုဖွင့် တစ်အိမ်လုံးကျမ တစ်ယောက်ထဲ ကျန်သူတွေကအခန်းထဲဝင် လုံးဝကိုလက်လျှော့ရပြီဆိုတဲ့ အခြေအနေ ရောက်ရင် ဆိုဖါကြီးပေါ်ဂျွမ်းပစ်လိုက်ယုံပဲ..။ မလတ်ကလဲ အကြိုက်ပဲ ကျမကဝင်လိုက်ထွက်လိုက် လုပ်လွန်းလို့ သူအိပ်ရေးပျက်သတဲ့။
ကဲ..... အပေအတေပါဆို..ယုံကြပြီလား အဲလို ။ တစ်ယောက်ထဲ ဖြတ်သန်းလာတဲ့ မမရဲ့ဘဝထဲကို နောက်အပေအတေ တစ်ယောက်ထပ်ရောက်လာတာက ခန္ဒာကိုယ်မမြင်ရတဲ့ ဝိဥာဉ်လေ....။ သူရှိနေတာ မမ မသိပါဘူး ။ စိတ်လဲမဝင်စားဘူး သီချင်းတွေနဲ့ ဆူညံနေတော့ သူလဲမမကို ဟန်ရေးပြရတာ ပင်ပန်းလာတယ်ထင်တယ် ။
ကျန်တဲ့သူတွေ ဘက်ကိုလှည့်တော့တာပဲ အဲ... ထူးဆန်းတာက အဲလူက တစ်နေ့လုံးအေးဆေးပဲနော် တစ်ပတ်မှာတစ်ရက်တော့ သူ့ရဲ့အော့ဖ် ထင်တာပဲ ။ အဲဒီအကြောင်းနောက်မှ ပြောမယ် ။ ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ညီမလေးရောက်လာတယ် ။ မမနဲ့ပဲနေမယ် စိတ်ကူးတယ်လို့ ဆုံးဖြတ်ချက်ပိုင်ပိုင် နိုင်နိုင် ချပြီးလာတာ ။ ချော့မရခြောက်မရရှင့် ။ နေရာမရှိတော့ဘူးဆိုလဲ အင်း.... ဖြစ်သလိုနေမယ်ပဲ။
အဲ ကျမတို့က ဖိုက်ရွန်းဖလက်ဆိုတော့ နောက်မှာစာကြည့်ခန်းတစ်ခန်း ပါသေးတယ်ရှင့် ။ အဲဒီမှာသူနေမယ်ပေါ့ ။ စာကြည့်ခန်းထဲကို အဲဒီဘီဒိုကြီးထည့်ပေးလိုက်တယ်..။ စိတ်ကြိုက်သုံးပေါ့ ။ ကျမက စာဖတ် စာရေးအလွန်ဝါသနာထုံပေမဲ့ စားပွဲမှာငြိမ်ငြိမ်ထိုင်ရမှာ သေမလောက် ကြောက်တဲ့သူ ။ စာဖတ်ခန်းထဲ စတိုင်မလိုင်အပြည့် နဲ့ စာရေးဘို့ စာဖတ်ဘို့ထက် ကြုံသလိုတွေး ကြုံသလို ရေးတတ်သူလေ ။ ထားပါ အဲဒီအထဲ စာအုပ်ယူ စာအုပ်သိမ်းကလွဲလို့ ဝင်စာဖတ်နေတာလဲ မရှိတော့ မချောလေးနဲ့ ဘီဒိုကြီးနဲ့ ဇာတ်လမ်းတွေ စကြတော့တယ်။
တစ်နေ့ ပေါ့ ကောင်မလေးက ဘီဒိုကြီးထဲအင်္ကျီတွေ ထည့်လိုက် ဘီဒိုကြီးကအင်္ကျီတွေ အပြင်ပြန်ထုတ်လိုက် နဲ့ သုံးကြိမ်မြောက်လောက်ကျတော့ ကောင်မလေးက မမ ကျမအင်္ကျီတွေ မရှင်းနဲ့တဲ့ ၊ ဗုဒ္ဒေါရေ ဘာသာတောင် အချိန်ယူရှင်းဘို့  အနိုင်နိုင်ကို အမေးခံရတာ ဂုဏ်ရှိပေမဲ့ မဟုတ်ဘဲနဲ့တော့ ငြိမ်မနေနိုင်ပါဘူး ။ အာ... ဘာလို့ ရှင်းရမတုန်းလို့  ကျမကပြောတော့ ကျမအကျီတွေ အပြင်ရောက်ရောက်နေတာ သုံးခါလောက်ရှိပြီတဲ့ ။
အိမ်ရှိလူကုန်က တစ်နေ့တစ်မျိုးဂေါက်နေကြတဲ့ သူတွေဆိုတော့ သူလဲဂေါက်မျိုးနွယ် ပေပဲလို့ စိတ်ထဲက ကြိုဆိုလိုက်ရင်း မမလဲဘာသိဘာသာပဲ နေလိုက်တယ် ။
နေ့လည်တစ်နေ့မှာတော့ တစ်အိမ်လုံး စာဂျပိုးကလွဲလို့ အပြင်ထွက်ကြတယ် သူက အခန်းတံခါးပိတ်ထားရင် ဘဲလ်သံမကြားမှာ စိုးရိမ်ပြီး အခန်းတံခါးဖွင့်ပြီး စာလုပ်နေလေရဲ့။ ကျမတို့ အိမ်မှာအိမ်စောင့်ရှိတော့ ဘယ်သူမှ သော့ယူတဲ့ အလေ့အထ မလုပ်ကြဘူး ။ ဘယ်အချိန်ပြန်လာလာ တံခါးဖွင့်ပေးမဲ့သူရှိတော့ သော့မယူကြဘူး ။ ဘဲလ်တီးလဲ ကြုံတဲ့သူကဖွင့်ပေးကြတယ် ။

Labels:


Posted by Anonymous :: 12:09 AM :: 5 Comments:

Post / Read Comments

---------------oOo---------------

Tuesday, April 21, 2009

စင်္ကာပူမှ မကျွတ်လွတ်သူ


−စိတ်ညစ်တာထက် စိတ်ရှုပ်တာဆို ပိုမှန်မယ် ဂျီးတော် ဘကြီးတော်တို့ အိမ်သစ်ဝယ် မယ်တဲ့
ဝယ်လေ ကျမတို့ နဲ့ ဘာဆိုင်လို့ တုန်း နော.. အဲလိုစိတ်ထားနိုင်လို့  ကတော့ ဝေးသွားတာတောင် သာပျော်သေး ဒါပေမဲ့ရှင် မဝေးတဲ့အပြင် ပေးလိုက်တဲ့ ဒုက္ခ ကျမ ဆိုတဲ့ မမ က အလွန်တစ်ရာ မှ အလိုက်ကန်းဆိုးသိ အင်မတန်မှကို လူတွေရဲ့  အတွင်းသဘောကို သိသူ ... သိဘို့ ကြိုးစား နေသူရှင့်......။ ဂျီးတော်တို့ အိမ်ရပြီ ခရမ်းရောင်လိုင်း ဂိတ်ဆုံးလောက်မှာ။ တော်တော့်ကို ကျယ်ကျယ်ဝန်းဝန်းနဲ့ အိမ်လေးကလှချက်ရှင်။ အသက်တွေလဲကြီးလှပေါ့  ဘယ်လောက်များလဲဆို သူတို့ စင်္ကာပူမှာ အခြေချဘို့ ဆိုပြီး ထွက်လာတဲ့ အချိန်က သုံးနှစ်သမီး အန်တီလေးတောင် ဟိုတစ်လော ကမွေးနေ့ လုပ်တာ လေးဆယ့် သုံး ဆိုလား လေးဆယ့် ငါးဆိုလား ပဲ အဲလောက်ကို နှစ်တွေကြာနေခဲ့ပြီ ။
ထားလိုက်ပါလေ ကျမပြောချင်တာ အိမ်ကရောင်းထွက်သွားပြီ အိမ်အသစ်လဲ အဆင့်သင့်တွေ့ ပြီဆိုတော့ ပြောင်းယုံပေါ့ နော မဟုတ်ဘူးရှင့် ။ အဲလိုလဲ နောက်အိမ်က အိမ်ထောင်ပရိဘောဂတွေ အဆင်သင့် ပါတယ် အသစ်ကျပ်ချွပ်တဲ့ ။ အော.... ကောင်းတာပေါ့ ပစ္စည်းတွေ မသယ်ရတော့ဘူးပေါ့နော ။ ဟုတ်သေးပြန်ဘူးရှင့် သူတို့ မောင်နှံ ပထမဦးဆုံး အိမ်ဝယ်တုန်းက အဲဒီခေတ် အဲဒီအခါက လိတ်တက်စ် ခေါ်မှာပေါ့ရှင် အကောင်းဆုံး ဆိုတာကြီးပဲဝယ် ထားတာတဲ့ မယုံဘူးလို့ မမတစ်စက်လေးမှမပြောပါဘူးရှင် ။ ယုံတယ်ပေါ့ နှမြောပါတယ်ပေါ့ အဲလို ဖေါ်လိုအလိုက်ကောင်းတဲ့ ကျမလေ အက်ရှင်ကအရမ်းများသွားတော့ ဒုက္ခကောင်းကောင်းကြီးကို ရောက်တော့တာပေါ့။ တစ်နေ့ ကျမဆီကို ဂျီးတော်ကြီးက ဖုန်းဆက်လာတယ် ။ ဟိုတစ်နေ့ ကသမီးနှမြောတယ် ဆိုတဲ့ တန်ဘိုးကြီးပစ္စည်းတွေကို ယူထားဘို့ပေါ့ အလွန်မှအားနာတတ်တဲ့ ကျမ ဘာပြန်ပြောရမှန်း မသိအောင်ကို ဂျီးတော်ကြီး ကိုအားနာနေရင်း ကြံရာမရကို ဖြစ်လို ။့  အင်းအဲဖြစ်နေတဲ့ ကျမကို ... ယူပြီးသိမ်းထား မမရေ အိမ်ဝယ်တော့ ရယ်ဒီ ပေါ့တဲ့။ အမ်မလေး ဘုရား ဘုရား ဖြစ်နိုင်ရင် ကြွပ်ကြွပ်အိတ် ရောင်စုံဒီဇိုင်းစုံ ဘာသာစက်ရုံတည် ကိုယ်တိုင်ထုတ်ပြီး ဒီနေ့ ဝတ် မနက်ဖြန်လွှတ်ပစ်ဘို့  နေ့ စဉ်နဲ့ အမျှ စဉ်းစားအကြံထုတ် နေတဲ့မမ ရှင့် ။ ထမင်းစား ပန်းကန်တောင်မှ ဘုရင်မဖြစ်နိုင်ချေ ရှိတဲ့ နောက်နောင် ဘ၀တွေ ကြမှပဲ ရတနာကိုးပါးစီချယ်တဲ့ ပွဲတော်အုပ်နဲ့ တည်မယ်ရှင် ။ လက်ရှိဘ၀မှာတော့စားပြီးလွှတ်ပစ်လို့ ရတဲ့တစ်ခါ သုံးပန်းကန်တွေက မိုက်မှမိုက် လေနော။ နောက်ဆုံးပေါ် လှတပတလေးဆိုလို့  ကိုယ့်မျက်နှာကိုယ် တစ်ချိန်လုံးအရိပ်လိုကြည့် ကိုယ်ကလဲတစ်ချိန်လုံး အရိပ်လိုကြည့်လို့  မျက်နှာခြင်း အပ်ပြီး တွတ်ထိုး နေလို့ ရတဲ့
ဘွိုင်းဖရင့် လေး .... ဟီး မှားကုန်ပြီ လောတာ လောတာ စကားပြောက လောတာ ။ ဘွိုင်းဖရင့် ဂဲလ်ဖရင့် အန်တီဖရင့် အန်ကယ်ဖရင့် တစ်လောကလုံးမှာ ရှိတဲ့ဖရင့်တွေ နဲ့ တွက်ထိုးလို့  ရတဲ့ အဟီး လက်တော့ လေးလောက် ကိုပဲမြတ်မြတ် နိုးနိုး အပွန်းအပဲ့ မခံပဲထိမ်းသိမ်းချင်တာ ရှင့်။ အခုတော့ခက်ရချည့်ရဲ့  သွေးသောက်မလတ်ကလဲ အနားမှာမရှိ ဂျီးတော်ကြီးကို ရင်ထဲမှာတော့ ဒီမှာ ဒီမှာ ရှင်တို့ မင်္ဂလာဦး ထဲကသုံးစွဲလာတဲ့ ကျမမမွေး ခင်ကထဲက အဲဒီပစ္စည်းတွေကို လာသယ်ပြီး အိမ်မှာသိမ်းထား ရအောင် ကျမကိုဥစ္စာ ရူးလို့ များထင်နေလို့ လားလို့  ရန်တွေ့ ခြေဆောင့်ပြီး အော်ငိုချင်သော်ငြား အင်းအဲဖြစ်နေတဲ့ မမ ကို "နော်မမ ယူထား တစ်ခြားဟာမယူတောင် အန်တီ တို့ အခန်းက ဘီဒိုကလေ မီးခံရေခံ အရမ်းဈေး ကြီးတာ သမီးအမြင် အပွန်းအပဲ့တစ်စက်မှ မရှိဘူးတဲ့ ရေခဲသေတ္တာ ကလဲသန့် သန့် လေး ကိုကိုင်ထားတာ လက်ရာတောင် မထင်ဘူး"တဲ့ရှင် အ၀တ်လျှော်စက်လေး တဲ့ ဂျီးတော်ကြီးက ပြောချင်တာပြော ကျမက အင်း လိုက်ချင်ရာ လိုက်နေရင်း နောက်ဆုံး တာ့တာ လုပ်တော့ သမီးအတွက် ချန်ထားမယ် လာမယ့်စနေနေ့ လာသယ်နော် တဲ့ ပြီးပြီးရော ဟုတ် ဟုတ် လုပ်လိုက်တဲ့ ကျမ မေ့တေ့တေ့ ပေါ့။
သောကြာနေ့  ညနေမှာ သူငယ်ချင်းနှစ်ယောက် နဲ့ ကမ်းခြေတစ်ခုမှာ လေပန်းနေတဲ့ ကျမ ဖုန်းတွေ နန်းစတော့ပ် ဆက်လာတဲ့ ဂျီးတော်ကြီးကို ပတ်ပြေးနေရင်း မလတ်ဖုန်း ခေါ်လာတော့တယ် "မမ နင်အားနေသလား သူ့ အိမ်က အစုတ်တွေ နင်သယ်ပြီး ဘယ်တိုင်းပြည် သွားရောင်းစား မလို့ လဲ နင့်ပြသနာနင်ရှင်း ဂွပ် "ဆိုဖုန်း ချသွားပါလေရော နီးစပ်ရာသူငယ်ချင်းတွေ နင်ယူပါလား နင်ယူမလားနဲ့  ကမ်းခြေဖီလင်တွေပျောက် အရူပ်ထုပ်တွေ ခေါင်းပေါ်ရောက်လာတော့တယ်။
အံ့သြစရာ ဘယ်လောက်များ ကောင်းလိုက်သလဲဆိုရင် ကျမမေးသမျှလူတွေ အားလုံး နိုးသင့်ခ် ပဲ ဘိုဆန်ကြပုံများ နောက်သူငယ်ချင်းတစ်ယောက်ရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူ့မှာ အမှန်တစ်ကယ်ကို လိုအပ်နေပါတယ်တဲ့။ ဒါပေမယ့် သူ့  အနေနဲ့ သယ်ယူစရိတ်တော့ လုံးဝမတတ်နိုင်ပါဘူးတဲ့  ရှင် ဗြောင်ကြပြီး ဘိုဆန်လိုက်ကြတာများ တစ်ကယ့်ကို အားကျချင်စရာ ကျမမှာတော့ ရေလိုက်ငါးလိုက် အလိုက်ကောင်းတာ ဘာလုပ်ရမှန်းကို မသိတော့ဘူးရှင် ပထမနေ့က သမီးယူထား သိမ်းထားလို့ချော့မော့ပြောတဲ့ ဂျီးတော်ကြီးတောင် လေသံတွေ ပြောင်းလို့  ဒီမှာညည်းယူမယ် ဆိုလို့  ညည်းလိုချင်တယ် ဆိုလို့  ငယ်ပေါင်းသူငယ်ချင်းတွေတောင် မပေးတာအေ လိုချင်တဲ့သူတွေများလို့ ကျုပ်ကညည်းရပါစေတော့လို့  ချန်ထားရတာမရဘူး ညည်းလာသယ်ရမယ် တဲ့ ယူကိုယူရမှာတဲ့  အခုအချိန်မှကို့လို့ကန့်လန့် မလုပ်နဲ့အေ ဒီကလူတွေက ပြသနာရှာနေပြီ ဒီနေ့သော့အပ်တော့မှာတဲ့ ထားခဲ့လိုက်တော့ အန်တီရယ် ကျမလဲဘယ်လို မှအဆင်မပြေ လို့ပါ ဆိုတော့ မရဘူး မရဘူး လာသယ်မှရမှာ ဒီမှာထားခဲ့လို့ မရဘူး ရှင်းကိုပေးခဲ့ရမှာတဲ့ ။ ကျမငိုချင်တယ် အမှန်အတိုင်း ပါကျမမှာ လုံးဝမလိုဘူး ဘယ်တုန်းကမှလဲ ယူချင်စိတ်မရှိဘူး အိမ်တိုင်းမှာ ဒီပစ္စည်းတွေ အားလုံး အော်တိုပါပြီးသားလေနော်။မပါလဲ မြန်မာပြည်လိုသိန်းချီပြီဝယ်ရတာ မဟုတ် ရာဂဏန်းလောက်သုံးပြီး ၀ယ်ရတဲ့ဒီနိုင်ငံမှာတောင် အသစ်ဝယ်မသုံးနိုင်ဘူး ဆိုရင်တော့ဘ၀ကြီးက မမိုက်သေးပါဘူးနော။ကိုယ့်မှာလဲအမှန်တစ်ကယ်လိုအပ် ပစ္စည်းတွေကလဲအရမ်းကောင်း ဆိုရင်တော့လဲ ခေါင်းခုနဲ့ရွက်သယ်ရသယ်ရ မြန်မာစိတ်ဓါတ်အပြည့်နဲ့ သယ်ပါရဲ့  တစ်ကယ်ပါ။ခုတော့ရှင် ဘုရားစူးရစေ့ရဲ့ တစ်ကယ်ကို မလိုချင်ဘူး အခုတော့ယူကိုယူရမှာတဲ့ ပစ္စည်းတွေသယ်ဖို့  အလုပ်သမား ကားနဲ့ အချိန်တွေ အဲဒါတွေပြည့်စုံပြီထားပါတော့ အဲဒီပစ္စည်းတွေ ဘယ်သွားထားရမှာလဲ။မလတ်ကတော့ပြောတယ် နင်ကမ်းခြေမှာမဟုတ်လားမမ ပင်လယ်ကြီးထဲ နင်ခုန်ချမှာအစိုးရိမ်လွန်ပြီး အဖုံးဖုံးထားမဲ့လူမရှိဘူး ဆိုတာ သတင်းပို့ တာ နင့်စိတ်ကြိုက်ပဲတဲ့ ။ စိတ်ဆင်းရဲခြင်း များစွာနဲ့ကျမ စိတ်ဓါတ်တွေ သုံညဒီဂရီအောက်ကို တစ်ရာလောက်ကို ထိုးဆင်းသွားလေရဲ ။့
လူတွေဟာတစ်ခါတစ်ရံမှာ ချောင်ပိတ်မိတတ်တယ်တဲ့ အဲဒီအချိန်မှာထွက်ပေါက်တစ်ခု ကလဲရှိနေပြီးသားတဲ့။ တွေ့ အောင်ရှာရမှာပေါ့ အဲဒါတော့ကျော်ဖြတ်ခြင်းပဲ ကျမအဲဒီပြသနာကို ကျော်ဖြတ်ရတော့မယ် ။ပစ္စည်းသယ်တဲ့ ကားကိုဖုန်းဆက်တယ် ရမယ်တဲ့ ဘယ်ကနေဘယ်ကိုသယ်မှာ လဲတဲ့ ပြန်ပြောမယ် ဆိုပြီး ဖုန်းချရတော့တယ်။အဲဒီပစ္စည်းတွေ အမှန်တစ်ကယ်ကို လိုအပ်နေသူ ကိုပဲကုန်ကျစရိတ် တာဝန်ယူပြီး အိမ်တိုင်ယာရောက်ပို့ ရမှာပဲ။အစ်ကိုဝမ်းကွဲရဲ့ ကားရယ် သူ့အိမ်မှာတည်းပြီး စာမေးပွဲလာဖြေတဲ့ သင်္ဘောသား ပေါက်စလေးယောက်ကို ဗီတို အာဏာသုံး ပြီး အကိုကခေါ်လာခဲ့တယ်။ ဟိုရောက်တော့ လုပ်ရက်လိုက်တာ ရှင် နောက်လူက အကုန်ရှင်း ပစ်ဘာမှမထားခဲ့ပါ နဲ့တဲ့ ။ဘီဒိုက သုံးလုံး စားပွဲကနှစ်လုံး ရေခဲသေတ္တာက တစ်လုံး အ၀တ်လျော်စက်က တစ်လုံး ဘုရားစင် အကြီးကြီးက တစ်ခု တိုလီမိုလီက ကားတစ်စီးစာ ရက်စက်ပုံကို တွေးသာကြည့် ကြပါတော့ အဘိုးကြီးအဘွား ကြီးနှစ်ယောက်ထဲ ဒီပစ္စည်းတွေ ဘယ်လိုမှ မရှင်းထုတ်နိုင်ဘူး ကားစရိတ်အလုပ်သမား စားရိတ် အကုန်မခံချင်ဘူး ကပ်စီးနဲတာ တရားလွန် ပန်းအိုးတစ်လုံးတောင် အောက်ဆင်းမပစ်နိုင် ဘူးလေ သူတို့  အနေအထားက ။ ပစ္စည်းတွေပေးတယ်ဆိုတဲ့ဂုဏ်ကိုလဲ အတော့်ကိုမက်မောပုံရတယ် ၊ဂျီးတော်ကြီးယောင်္ကျားကတော့ ပစ္စည်းတစ်ခုကိုင်လိုက်တိုင်း ဒါလေအန်ကယ်ဝယ်တုန်းက ဘယ်လောက်ပေးရတာ ကျမကတော့ပြာယာခတ်ချင်ဟန်ဆောင်ပြီး ဒေါက်ဘိနပ်နဲ့တက်ကြိတ်လိုက် ကန်တော့လိုက် လုံးလည်ကိုလိုက်နေတာ အားလုံးကတစ်ခွိခွိပေါ့ ။ အဲလိုနဲ့ အခေါက်ပေါင်း မရေတွက်နိုင်အောင် သယ်ချ သင့်တော်တဲ့တိုက်အောက်တွေ သွားလွင့်ပစ် သူငယ်ချင်းရဲ့ လိုအပ်နေပါတယ် ဆိုတဲ့ အိမ်ကို ရေခဲသေတ္တာ အ၀တ်လျောက်စက်တွေပို့  ။ လိုချင်တဲ့သူတွေ ကိုဖုန်းဆက် ကိုယ့်စရိတ်နဲ့ ကိုယ်လိုက်ပို့ နောက်ဆုံးပွဲသိမ်းတော့ ညတစ်နာရီ ထိုးလုပြီ ။ ပန်းအိုးလေးတွေ နှမြောလို့ မျက်ရည်စမ်းစမ်း ဖြစ်နေတဲ့ ဂျီးတော်ကြီးကို ကတို့ရောက်တဲ့ အထိ ပန်းအိုးတွေလိုက်ပို့ လိုက်ရသေးတယ် ။အဲ.. ပစ္စည်းတွေကပစ်ချင်တိုင်းလဲ ပစ်လို့မရဘူးနော် အဖမ်းကခံရဦးမှာ ။ လူလစ်မှအကျိုးအပဲ့တွေ ပစ်ရတာ အကောင်းတွေကတော့ မသိမသာနဲ့ အိမ်အောက်တွေ လျှောက်ပစ်ရတာပဲ။ဘုရားစင်အကြီးကြီး တစ်ခုကို သူငယ်ချင်းအိမ်မှာည၁၂း၀၀ နာရီ ကျော်ကျော် လောက်တောင်းတောင်းပန်ပန် နဲ့ တက်တင်ပေးခဲ့ရတယ် ။ ပြီးပြီလို့ မထင်ကြပါနဲ့ဦး ကားပေါ်မှာကျန်နေတာ ရေခံမီးခံတယ်ဆိုတဲ့ ဘီဒိုကြီးလေ ။ ကဲ... ဒီဘီဒိုကြီးက စတဲ့ဇာတ်လမ်းယူမဲ့လူလဲမရှိ ရှိရင်လဲ တင်နိုင်ဘို့တောင် အင်အားဘယ်လိုမှကို မရှိတော့တဲ့ ပစ္စည်းသယ်တဲ့သူတွေကို အားနာရဦးမယ် အစဉ်ပြေတဲ့ အိမ်အောက်တစ်နေရာမှာပဲ ၀ဲခဲ့တော့မယ်လို့ကျမကဆုံးဖြတ်တော့။
ငွေကုန်လူပမ်း အရှုပ်ထုပ်တွေနဲ့ အောက်ကျနောက်ကျ လူတစ်ကာအိမ်ကို လိုက်တင်ပေးနေတာ ကို မျက်မြင်ကိုယ်တွေ့ တွေ့ နေရတဲ့ပစ္စည်းသယ်ပေးသူတွေက ဂရုဏာသက်တယ်ထင်ပါ့ရှင် ဂျီးတော်ကြီးတို့  ကိုလဲကွယ်ရာမှာ အတင်းအုပ် နေသံတွေကျမကြားပါ့ရှင် ။
အလကား ပစ္စည်းဟောင်းတွေ ရှင်းဘို့စရိတ်နှမြောလို့ မမကိုလူလည်ကြတာ ရေတစ်ခွက်တောင် တိုက်ဖေါ်မရဘူး ဘာညာပေါ့။
အဲလိုနဲ့ ဘီဒိုကြီးကအသစ်ကြီး မမတို့အိမ်ပဲတင်လိုက်ပါ အမှတ်တရ ပေါ့လို့ပြောရင်း ကျမလဲစိတ်ပေါက်ပေါက်နဲ့ ကြိုက်သလိုသာ လုပ်ကြပါတော့ ပြောရတယ်။
ဘုရားစင်တင်တဲ့ သူငယ်ချင်းအိမ်ဆိုရင် အထပ်တိုင်းဓါတ်လှေခါး မရောက်ဘူးလေ အပေါ်ကိုတက်ပြီး ပစ္စည်းမပြီ အောက်ပြန်ဆင်းရတာ။
အိမ်နားနီးနီး ကပ်ပြီးလွှင့်ပစ်ပြန် တော့လဲ ကျမကပြန်ပြီး မျက်နှာပူအားနာ နေသေးတာ။ပစ္စည်းသယ်ပေးတဲ့သူတွေ ကြည့်ပြန်တော့လဲ သေလုနေပြီ ပွဲသိမ်းတော့ အားလုံးကိုထမင်းကျွေးရင်း ဘီဒိုကြီး လည်တယ်တယ်နဲ့ ကျမအိမ်ပေါ် ရောက်လာတော့တယ် ။မလတ်ရဲ့ ပွစိ ပွစိပုတ်ပွ နေတဲ့ မျက်နှာထား ကိုကြည့်ပြီး သူကငါနဲ့ နေချင်လို့ ခေါ်လာတာဟေ့ လို့ ကျမကပြောတော့ မလတ်ကပြူးတူး ပြာတာနဲ့ နင်အချိန်ကြည့် ဦးစကားပြောတာ ဘာမှမဆင်ခြင်ဘူးတဲ့။ဘီဒိုကြီးကို အိမ်အောက်မှာ ကားရပ်ပြီးလွှင့်ပစ်ဖို့  တိုင်ပင်တော့လဲ တစ်ယောက်တစ်မျိုး အစ်ကိုကအိမ်အောက်မှာ ထားခဲ့ သယ်ပေးတဲ့သူတွေ က အိမ်ရောက် နေမှတင်လိုက်ပါ ၊ လိုရင်သုံးရတာပေါ့ အကောင်းကြီးကို တစ်ယောက်တစ်မျိုးပြောနေကြတော့ ကျမကဘီဒို ကြီးကိုလက်နဲ့ ပုတ်ပြီး ငါအိမ်မှာနေမလား စနေသားကြီး မမကဗုဒ္ဒဟူး ဆိုတော့စီးပွါးတောင်ဖြစ်သေး တင်ကြဟာ လို့ပြောတော့ အားလုံးက ၀ိုင်းရီကြတယ်။
အဲလိုနဲ့ဘီဒိုကြီးက စတဲ့ဇတ်လမ်းလို့ပြော ရမလိုပဲကျမအိမ်မှာ ဇတ်လမ်းတွေပေါ်လာခဲ့တော့တယ်။
ဆက်ရန်...........

Labels:


Posted by Anonymous :: 12:49 PM :: 12 Comments:

Post / Read Comments

---------------oOo---------------

Saturday, April 11, 2009

ညိုမြစာတတ်ပြီ



ပွဲဦးထွက်မှာ အလဲလဲအကွဲကွဲ ခံခဲ့ရတာ မမလေသိတယ်နော် ။ တွေ့ကြသေးတာပေါ့ ။ ဒါပေမဲ့ ကျမတို့သိသွားပြီ ။ ညိုမြဆိုတာ ကြော်ငြာဘို့မလိုဘူးဆိုတာလေ..။
မနက်ဖြန်ခြံထဲမှာ မုန့်လုံးရေပေါ်လုံးမယ် သူငယ်ချင်းတွေနဲ့ အမေကိုစည်းရုံးရေးဆင်းတော့ အိုကေပေါ့။ ဘုန်းဘုန်းကြီးကျောင်းက ဒန်အိုးအကြီးကြီး သွားယူသင်္ကန်းကျွန်းဈေးကို ပြေးတာပေါ့။
အကုန်ဖုန်းတွေဆက် သူငယ်ချင်းတွေခေါ် ဟားဟားဟား .... အစ်ကိုသူငယ်ချင်းတွေတောင် အဆစ်ပါသေး ။ အိမ်ကအစ်ကိုတွေကတော့ မသိသေးဘူးလေ ။ ကျမတို့ယောင်္ကျားလေးသူငယ်ချင်းတွေရောပဲ သတင်းပို့။
လာချင်ကြလို့ ကူညီချင်ကြလို့ ပျော်ချင်ကြလို့ ခြံရှေ့မှာ မော်တော်ပီကယ်တောင် ငှားထားရမလောက်ပဲ။
ကာတွန်းရုပ် ဘောင်းဘီပွပွ တီရှပ်တွေနဲ့ အပေအတေ ညီအမတွေ ကိုကြည့်ပြီး အစ်ကိုတွေက သဘောတွေကျလို့ ။
သူတို့က အဲလိုပဲမြင်ချင်တာလေ ကျမကတော့ သူငယ်ချင်းတွေ အားလုံးအလှဆုံးဝတ်လာကြ ၊
မြန်မာဆန်ဆန် ဝတ်လာကြ၊ ရင်းနှီးတဲ့ယောင်္ကျား လေးတွေကိုလဲ ဖြစ်နိုင်ရင် ပုဆိုးနဲ့ တိုက်ပုံဝတ်လာဟာ.... အဖေနဲ့အဒေါ်တွေက မလွယ်ဘူး ။ ပထမဦးဆုံး လုပ်ခွင့်ရတာ နင်တို့ပြသနာ မရှာနဲ့လို့ ကျမက လေသံပစ်ထားတော့ ခေတ်လူငယ်တွေက ပေါက်ပြီးသား။
ယိုးဒယားကလာတဲ့ မုန့်လုံးရေပေါ်လုံးတဲ့ အမှုန့်ကို ရေနဲ့နယ်ရုံပဲ စားပွဲဝိုင်းကြီးချပြီး ထန်းလျက်တွေကို ဓါးနဲ့ လှီးတဲ့သူကလှီး အုန်းသီးတွေကို ဈေးထဲမှာ ငါးလုံးလောက်ပဲ အရေးပေါ်ခြစ်လာတယ် ။ ကျန်တာသူငယ်ချင်း တွေနဲ့ လာတဲ့ကောင်လေးတွေ ခြစ်ဘို့ချန်ထားတာပေါ့။
အဓိက ရေနွေးအိုးကြီး ပွက်ပွက်ဆူရင် မုန့်လုံးရေပေါ်ကရပြီလေ ။ အကုန်ရယ်ဒီ ဖြစ်ပြီဆိုတော့ ကျမတို့ ညီအမတွေ လက်ကုတ်တယ် တစ်ယောက်တစ်လှည့် အိမ်ပေါ်တက်ပြီး အလှပြင်တော့တယ် ။ အမှန်အတိုင်း ပြောရရင် အရမ်းအလှကြိုက်တယ်ဆိုတဲ့မငယ်ထက်ကို ကျမကပိုလှချင်နေတာလေ (အဲဒီအချိန်တုန်းကပေါ့) ။ မလတ်ကတော့ ကျမတို့ကိုဖြုတ်ထားတော့ နဲနဲရိုးတိုးရှန့်တန့် ဖြစ်နေတာပေါ့ ။ မလတ်သူငယ်ချင်းတွေ မြန်မာအကျီလေး တွေဝတ်ပြီးရောက်လာတော့မှ မလတ်ကလိုက်ဝတ်တာလေ ။
ဘုန်းဘုန်းကြီး ကျောင်းကိုလဲသွားလှူမယ်ပေါ့ ဇာတ်လမ်းတွေ ဇာတ်လမ်းတွေ ကျမတို့အခေါ်ဘီလူးလေးကောင် (အစ်ကိုတွေကိုခေါ်တာ)သရဲလေးကောင်က ပျင်းတောင် ပျင်းသေးတယ် ။ မကြီးကလဲကျောင်းကိုလိုက်မယ် ... ဒေါ်ကြီးကလဲလိုက်မယ်... အမေကလဲလိုက်မယ်... အဖေကလဲ ဟိုလူ့ခေါ်ပြီးပြီလားမေးလိုက် ... ဖုန်းဆက်လိုက်၊ အိမ်မှာမမစတဲ့ဇာတ်လမ်းက ပျော်စရာအလှူကြီးကိုဖြစ်လို့ ။ မပါရင်မဖြစ်တဲ့ မိုးမျှော်ငြုပ်သီးပန်းကန်က စားပွဲအောက်မှာ ရိပ်ရိပ်လေးတွေလှီးပြီး ဖွက်ထားသေး။
အစ်ကိုတွေကလဲသူတို့ ကောင်မလေး သူငယ်ချင်းတွေ ဖုန်းဆက်ခေါ်တယ် ။ ဟားဟားဟား ..... အလန်းတွေပေါ့ ရန်ကင်းသူတွေလေ.... သူတို့ အခေါ်..... ကွင်းတွေ ဂျက်တွေ ကုလားတွေပေါ့....။
အဒေါ်တွေရော ညီမဝမ်းကွဲတွေ ရောတစ်ဝုန်းဝုန်း နဲ့ ရောက်လာကြတယ် ။ မောင်လေးနဲ့ ကိုငယ် နဲ့ကျမသူငယ်ချင်းကောင်လေးက အုန်းလက်တွေ တက်ခုတ်တယ် ။ ခြံရှေ့မှာ အုန်းလက်တွေကို ဟိုထောင်ဒီထောင်ပေါ့...။ ဆောင်းပေါက်နှစ်လုံးကို ခြံထဲချပြီး သင်္ကြန်သီချင်းကို မြူးမြူးကြွကြွ ဖွင့်ကြတယ်။
ကျမကတော့ အလှဆုံးဖြစ်ခြင်တဲ့ဇောနဲ့ မကြီးအကျီတွေအကုန်ပုံနေပြီ ရွေးလို့ကို မပြီးနိုင်ဘူး ။ မကြီးကလဲ မနေ့ကအဖြစ်ကိုတွေးပြီး စိတ်မကောင်းဖြစ်ပုံရတယ် ။ ကူရွေးပေးတယ် ။ ကျမကမပြင်ဘူးဆို ပေတူးနေအောင်ကိုနေတာ ... ။ ပွဲတွေဘာတွေဆိုရင်တော့ အားလုံးထဲမှာသိပ်လှချင်တာ... ဟီး... ။
အနီရောင် တရုပ်ပိတ်ပေါ်မှာ ဘောလုံးအဖြူလေးတွေ မြန်မာရင်စေ့လက်စကလေးဝတ်တော့ မကြီးကအဲဒါ အလှဆုံးပဲ ရေစိုလဲမပါးဘူး အဲဒါဝတ်တဲ့ ။
ကျမက မကြီးထက် အရပ်ရှည်ပြီး အားလုံးထဲမှာ အကြီးဆုံးလို့ နောက်ပိုင်း အမြဲလိမ်ပြောတတ်တယ်။
မငယ်က လှတယ်...။ နုနုလေး ။ မလတ်က အရမ်းတည်တယ် ။ မကြီးက အူကြောင်ကြား ။ကျမကိုကျ အရှုပ်ထုပ် တဲ့ ... ထားပါ..... ။
မြန်မာအကျီ ကျစ်ဆံမြီး နှစ်ဖက်နဲ့ ကျမဆင်းလာတော့ သူငယ်ချင်းတွေက လှတယ်တဲ့ ရေလောင်းကြတယ် ... ခိခိ ။ ညိုမြ စာတတ်သွားတာကို အဲဒီတော့မှ အစ်ကိုတွေ သဘောပေါက်တော့တယ်။
တစ်ကယ်ပြောတာရှင့် ကျမတို့သူငယ်ချင်းတွေ အားလုံး..... ရိုးရိုးလေးတွေကြားထဲမှာ ဂျင်းဘောင်းဘီ နဲ့ ကွင်းတွေ ဂျက်တွေ ကုလားတွေတောင် အူကြောင်ကြောင်တွေဖြစ်လို့ ၊အရမ်းကို ပျော်ခဲ့ရတဲ့ နေ့ရက်တွေပါပဲ။
ကျမစကားကို အမြဲနားထောင်တဲ့ သူငယ်ချင်းလေး တစ်ယောက်ပဲ ပုဆိုးဝတ်လာတာလဲ အမှတ်တရ ကိုဖြစ်လို့။့ မုန့်လုံးရေပေါ်ဂျိုင့်ကြီးနဲ့ ဘုန်းကြီးကျောင်းကို ကျမတို့ ညီအမသူငယ်ချင်းတွေ ကူးချီသန်းချီ ညိုမြတရားဝင် လုပ်ကြတယ်။
ကဲ.... ရှင်အမေပြောတာမှန်တယ်...။ ညိုမြဆိုတာ ကြေငြာဘို့ မလိုဘူးတဲ့ ... ။ သင်္ကြန်ပြီးတဲ့ နောက်မှာတော့ မမညိုမြ ..... ညိုမြမမ ပေါ့...။
ဟီး..... ပိုင်တယ် မဟုတ်လား...။ မမလေ သိတယ်နော် ။ အစ်ကိုတွေကိုတော့ သူ့သူငယ်ချင်းတွေက ယောက်ဖကြီးလို့ ဗြောင်ပြောင်းခေါ်တယ်လို့ သဲ့သဲ့ကြားတာပဲရှင်......။ အဲဒါတော့ မမလဲ မတတ်နိုင်ဘူး။

ဒီနှစ်အတာမှာ မညိုမြ ဖိုးညိုမြတွေ အားလုံးပျော်ရွင်နိုင်စေသော်

ချစ်ခင်စွာ

မမ

Labels:


Posted by Anonymous :: 11:05 AM :: 4 Comments:

Post / Read Comments

---------------oOo---------------

Thursday, April 9, 2009

သင်္ကြန် မမ နဲ့ ညိုမြ


ဒီပုံသည် မမ မူပိုင် ဖြစ်သည်။
အမေ ညိုမြဆိုတာ ဘယ်သူလဲဟင်လို့ ကျမမေးတော့ ဘယ်ကညိုမြလဲ ဘယ်သူ့သမီးတုန်းတဲ့ ...။ အမေက ကျမကို ပြန်မေးတယ်။ အာ... အမေကလဲ သင်္ကြန်သီချင်းထဲက ညိုမြဆိုတာလေလို့  ကျမပြောတော့ အမေကပြုံးရင်း ညိုမြဆိုမှတော့ ညိုမြပေါ့ မမရဲ့လို့ဖြေတယ် ။ ကျမကသီချင်းထဲမှာ "ညိုမြလို့အခေါ်မခံနိုင်ဘူးဆရာ"ဆိုတော့ ညိုမြက ဆိုးသလားအမေလို့ ကျမကမေးတော့ အမတွေကရယ်တယ် ...။ အဲဒီအချိန်မှာပဲ ကျမအဒေါ် စပ်စလူး .... လူကြီးတွေက သူ့ကိုအဲလိုခေါ်တာ ။ တစ်အိမ်တက်ဆင်း လိုက်ပို့တဲ့ ရွှေရင်အေးဂျိုင့်ကြီး ဆွဲရင်းထွက်သွားတာ ဆူဆူညံညံ အသံတွေကြားလို့  ကျမအိမ်ရှေ့ဝရန်တာထွက်ပြီး အောက်ကိုငုံ့ ကြည့်တော့ .... အမေကလဲ နောက်က ထွက်လိုက်လာရင်းငုံ့ကြည့်တယ်။ ဟိုဖက်ခြံကဦးလေးကြီးက ရွှေရင်အေးသွားပေးတဲ့ အန်တီငယ်နဲ့ မကြီး ခြံပေါက်ဝက ပြန်ထွက်အလာကို ရေဖလားခွက်နဲ့စောင့်နေတာကို မြင်ရသလို အန်တီငယ်နဲ့ မကြီးတို့ကလဲ ဟိုပြေးဒီပြေး .... အန်တီငယ်က မုန့်လဲပေးရသေးတယ် ရေနဲ့လဲလောင်းတယ်လို့  အမူပိုပိုနဲ့ ပြောနေတာ အမေရောကျမရော တွေ့တယ်လေ ...။ အမေကကျမကို ပြုံးကြည့်ရင်း ဟိုမှာလေ မမတွေ့လား အဲဒါပေါ့ ညိုမြဆိုတာတဲ့ ကျမအမေ့စကားဆုံးတော့ ဝရန်တာကနေ အဲဒီမြင်ကွင်းကို ငေးကြည့်နေမိတယ် ။ တကယ့်ကို ကြည်နူးစရာပါပဲ..။ ကျစ်ဆံမြီး နှစ်ဖက်ကျစ်ပြီး သနပ်ခါးပါးကွက်လေးနဲ့ အန်တီငယ်နဲ့ မကြီးက ရေတွေစိုလို့ ....။ အတွေးတွေထဲမှာ ကျမကဂျိုင့်ကြီးကိုဆွဲလို့  ရွယ်တူကောင်လေးတွေက ရေနဲ့ပက်လို့ ... ။ အတွေးထဲမှာ ကျမချော်လဲရော.... လက်ခုပ်လက်ဝါးတီးပြီး တဟားဟား အော်ရယ်တဲ့ ကျမကို အန်တီလေးနဲ့မကြီးက မော့ကြည့်လေရဲ့ ....။ စိတ်ကူးတွေထဲမှာ... အော် ညိုမြ... ညိုမြ ဒီလောက်လှတဲ့ အမည်လေးနဲ့ လိုက်ဖက်အောင် ရာဇဝင်မှာ စာတင်လောက်အောင် ဘယ်လောက်များ ကဲခဲ့ပါလိမ့်နော်.... ။ ဒီလိုနဲ့ပဲ သစ်ရွက်ကလေးတွေ တစ်ဖြုတ်ဖြုတ်ကြွေ ..... နွေ မိုး ဆောင်း တွေ ပြက္ခဒိန်တွေ တစ်မျိုးပြောင်းရင်း မမညိုမြဖြစ်လာပြီပေါ့ .....။
ရွယ်တူမတိမ်းမယိမ်းတွေ တူညီတဲ့ကိုယ်နေဟန်တွေနဲ့ မမတို့ညီအမကို ရင်းနှီးအကြာင်းသိတဲ့ ကာလသားတွေ ခမျာအလွန်ကို ရှိန်ကြသရှင်.....။ အတည်ပေါက်နဲ့ အသေကြပ်တဲ့ ဒီညီအမတွေကို ခိုးကြောင်ခိုးဝှက်ကလွဲရင် ဗြောင်ဖွင့်ပြောရဲသူ မရှိသလောက်ပဲ ။ တခါက အစ်ကိုနဲ့ပတ်သက်တဲ့ အိမ်အဝင်အထွက်ရှိတဲ့ အမျိုးကောင်းသားတစ်ယောက်က အစ်ကိုဆီ ဖုန်းဆက်တယ် ။ မမကဖုန်းကိုင်တော့ ကိုကိုက မရှိဘူးလေ သူက .... စကားမစပ် အခုဖုန်းကိုင်တာ အငယ်ဆုံးမလေး ထင်တယ်တဲ့ ။ ကျမကလဲ ဟုတ်ပါတယ်ပေါ့ သူကခပ်တည်တည် လူကြီးလိုဆိုတော့လေ..... ဟိုနေ့ကဝတ်ထားတဲ့ အကျီလေး အတော်လှသတဲ့ သူ့ညီမလေး မွေးနေ့လက်ဆောင်ပေးချင်လို့ ဘယ်ဆိုင်ကဝယ်တာလဲတဲ့ ။ အငယ်ဆုံးက ဘယ်လိုဖြစ်ပြီး မမဖြစ်နေတာလဲတဲ့ ။ မမလေ သိတယ်နော် တယ်လီဖုန်းက ရီကောဒင်း ခလုပ်ကလေးကိုနှိပ်လိုက်တာပေါ့ ။ မမတို့ မောင်နှမတွေ အကြောင်းကို ထဲထဲဝင်ဝင် မသိတဲ့အစ်ကိုတော်ရဲ့ မိတ်ဆွေသစ်ပေါ့ရှင် ။ အစ်ကို့ ညီမက မမလောက်မချောတော့ သူ့နဲ့  လိုက်ပါ့မလား မသိဘူးပေါ့ ။ မမက ဘာတက်နေတာလဲ ... စာလိုက်နိုင်ရဲ့လား... ကျောင်းချိန် ကျူရှင်ချိန်တွေ ပျော်ပျော်ကြီးမေးလို့  ..... အစ်ကိုပြန်လာတော့ မောင်နှမတွေပြန်နားထောင်ပြီး တဝါးဝါး တဟားဟားပေါ့ ။
နောက်နေ့ အဲဒီအစ်ကိုကြီး အိမ်လာတော့ မောင်နှမတွေဇာတ်တိုက်ထားတာလေ သူ့ရှေ့တင် ကိုကိုက မမ ဟိုနေ့ကဖုန်းဆက်တာ ဘာလို့ပြန်မပြောလဲ .... အဲလိုပဲဘာမှအသုံးမကျဘူး ဆိုပြီးဟောက်ပါလေရော။
မမက မျက်နှာငယ်လေးနဲ့ မေ့သွားလို့ ဆိုတော့ အရေးကြီးတဲ့ကိစ္စဆို ဘယ်လိုလုပ်မလဲတဲ့ ကိုကို့ သူငယ်ချင်း ညီမမွေးနေ့ အင်္ကျီဝယ်ပေးဘို့ကိစ္စ အဲလောက် အရေးမကြီးဘူး ထင်တာပေါ့။
အဲဒီလူက မျက်စေ့မျက်နှာပျက်နေပြီ မမလေသိတယ်နော် ဇိုးဇိုးဇတ်ဇတ် နဲ့ ထပြီး..... ကိုကို နားထောင်ကြည့် အရေးကြီးတာပါရင်ပြောဆိုပြီး ဖွင့်ပြလိုက်တာပေါ့ ။ အတွင်းသိအစင်းသိအကြောင်းသိတဲ့ ကိုကို့ သူငယ်ချင်းတွေချည်းပဲက အနားမှာသုံးယောက် ပြီးတော့အိမ်ရှိလူကုန် ပါဆို။
အဲဒီလူ ထပြေးတာဘိနပ်တောင်မှားတယ် ရာဇဝင်မှာတွင်ပါလေရော။
ဒီနေ့ အိမ်မှာသင်္ကြန်အကြိုနေ့လေ ရွှေရင်အေးလုပ်တယ်။
အမေ့ကို လမ်းထဲကအိမ်တွေ မမနဲ့မငယ် လိုက်ပို့မယ်နော် ဆိုတော့ အမျိုးတွေအိမ်လိုက်ပို့လေ ....။ လမ်းထဲကို ကောင်မလေးတွေ ပို့ခိုင်း..... ရေပက်လိမ့်မယ်တဲ့ ။
အမ်.... အမေကလဲ မမကညိုမြလုပ်ချင်လို့ ဆိုတော့ အမေကပြုံးရင်း ညိုမြလုပ်တာများ ကြေငြာပြီးလုပ်ရတယ်လို့ မကြားဘူးပါဘူး မမရယ်တဲ့ ။ ကျမအရမ်း ကြိုက်တဲ့ မကြီးအကျီ အစိမ်းရောင်တောက်တောက်လေးပေါ်မှာ ရောင်စုံဘောလုံးလေးတွေပါတဲ့ ပိတ်စနဲ့ ချူပ်ထားတဲ့ ဝမ်းဆက် ရင်ဖုံးပုံဆန်း လှလှလေးကိုတောင်းဝတ်တယ်။
ဆံပင်တွေကို ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်ပြီး ဖဲကြိုးရောင်စုံနဲ့ အဖျားကိုချည်လိုက်တယ်။
မငယ်ကလဲ ကျမလိုပဲ မကြီးရဲ့ မြန်မာအကျီဝမ်းဆက်နဲ့ပဲ မငယ်က ဆံပင်အရမ်းမရှည်တော့ ဟိုဖက်ဒီဖက် ခွဲပြီး ဖဲကြိုးရောင်စုံနဲ့ပဲ စီးထားတယ်။
ဒေါ်ကြီးကွက်ပေးတဲ့ ပါးကွက်လေးထောင့် လှလှလေးကို ညီတယ်မညီဘူး ချေးများနေသေးတယ် ။
အဲ.... အားလုံးပြီးတော့မကြီးက အမေကိုခေါ်ပြတယ် ။ အမေက ကျမတို့နှစ်ယောက်ကို တစ်အံ့တစ်သြ ငေးမောကြည့်နေတယ် ။ အဲ..... တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြောင်စပ်စပ်နဲ့ ရယ်မောမိသေးတယ် ။ ဒါပေမယ့် နှစ်ယောက်လုံး အကျေနပ်ကြီး ကျေနပ်နေကြတယ်။
အမေက ဘာပြောလိုက်တယ် မသိဘူး မလတ် ပေစောင်းပေစောင်း နဲ့အခန်းထဲ ဝင်လာတယ် ။ ကျမက မယ်ရွေးပွဲက ပုံစံလို လမ်းလျှောက်ပြတော့ မလတ်ကနှာခေါင်းရှုံ့ပြီး အဲလိုပုံတွေနဲ့ အပြင်သွားမယ် ဟုတ်လားဆိုပြီး ခေါင်းခါတယ်။
ရေနဲ့အပက်ခံရမယ် အဲဒီထက်ပိုဆိုးရင် ရည်းစားစကားပါ အပြောခံရမယ်တဲ့ ။ မလတ်က အဲလိုပြောပြီး အောက်ထပ်ပြန်ဆင်းသွားတော့ မငယ်ကမထွက်ရဲတော့ဘူး ။
ကျမက မငယ် နင်အရမ်းလှတာ မလတ်ကမနာလိုလို့ ပြောတာ လာသွားမယ်ဆိုတော့ မငယ်က အင်တင်တင် ဖြစ်နေပြီ။
ခက်တာက အိမ်အောက်ကို သတင်းကရောက်ပြီ ဆိုတော့ ကျမတို့ နှစ်ယောက်မဆင်းရဲတော့ဘူး မသိမသာ ထွက်ဖို့ကလဲ မကြီးအကျီတွေ ထမိန်တွေနဲ့ အပျိုလုပ်ထားတာလေ။
ဒါပေမဲ့ မမလေသိတယ်နော် လာပါမငယ် အောက်မှာ ရွှေရင်အေးဂျိုင့်ယူပြီးစောင့်နေမယ်။
ဆိုပြီးကျမကအရင် ဆင်းသွားတယ် ဟန်ကိုယ့်ဘို့ နဲ့ ဆင်းသွားပေမဲ့ လမ်းလျှောက်ရတာ ထမိန်နဲ့ ဆိုတော့ လူကမလှုပ်တလှုပ် ဖြစ်နေသလိုပဲ ။
ထမင်းစားခန်းမှာ ကိုငယ်နဲ့တွေ့တော့ ဟ.... ဘာကြီးလဲတဲ့ အမှန်တော့ ကျမအတော့်ကို ရှက်သွားတာ အမှန်ပဲ ..။ ဒါပေမဲ့ မမလေသိတယ် နော် ...။ အင်း... လူလေ ဘာဖြစ်သလဲ ချောလို့လား ဆိုတော့ နှာခေါင်းရှုံ့  ပြီး အဘွားကြီးတဲ့ ။ တော်တော်တော့ စိတ်ပျက်နေပြီရှင်...။ ရှိုးတိုး ရှန့် တန့် နဲ့ မငယ်အနား ရောက်လာတော့ ကိုငယ်က အရမ်းလှတယ်လို့ပြောတယ် ဆိုတော့ မယုံတစ်ဝက်နဲ့ ဟုတ်လားတဲ့။
မငယ်ကိုမတွေ့လို့ တစ်ကယ်ဆို မငယ်ကပိုလှတာလို့ ပြောပြီး သူ့စိတ်ဓါတ်တွေကို မြှင့်ပေးလိုက်တော့ မငယ်မြောက်ကြွမြောက်ကြွ ဖြစ်သွားတာ အမှန်ပဲ။
ဂျိုင့်ကြီး ဆွဲပြီး ဧည့်ခန်းထဲကနှစ်ယောက် ဖြတ်လျှောက်လာတော့ ဒေါ်ကြီးရယ် ကိုငယ့်သူငယ်ချင်းနှစ်ယောက်ရယ်ပဲ ရှိတယ်။
ဒေါ်ကြီးက အဟုတ်အေ ညီအမနှစ်ယောက် ချောလိုက်တာတဲ့ ကိုငယ့်သူငယ်ချင်းနှစ်ယောက် ကို တစ်ခါမှရှိတယ်လို့ မထင်ခဲ့ဘူးတဲ့ ကျမတို့ ညီအမ သူတို့ရှေ့မှာ အတော့်ကိုရှက်ကိုးရှက်ကန်း ဖြစ်နေတာ အမှန်ပဲ ။ ညှပ်ဘိနပ် အဖြူလေးတွေ ဆင်တူစီးပြီး အိမ်တံစက်မြိတ်အောက်ကထွက်တယ် ဆိုရင်ပဲ ဝုန်းကနဲ အသံနဲ့ အတူ ညီအမနှစ်ယောက်လုံး ငိုက်စိုက်ငိုက်စိုက် နဲ့ ကျမက ဂျိုင့်ကြီးကိုလွတ်ကျမှာစိုးတော့ ထိမ်းရင်းဟန်မပျက်အောင် နေနေပေမဲ့ မငယ်ကတော့ ဘိနပ်ကတောင်တစ်ဖက် မြောက်တစ်ဖက်...။ သူစီးထားတဲ့ဖဲကြိုးလေး တွေကျမခေါင်းက ဖဲကြိုးလေး တွေ ရေထဲမှာဗောလောမြောလို့ .....။ မငယ်ကွက်ထားတဲ့ပါးကွက် လေးလဲမရှိတော့ဘူး။
ကျမလဲ အဲလိုပဲနေမှာ ဝရန်တာကို ပေစောင်းစောင်းနဲ့ ကျမမော့ကြည့် တော့ ကိုငယ်နဲ့မလတ် ကျမရန်တွေ့ မလို့ အရှိန်ယူတုန်းမှာပဲ နောက်ရေတစ်ပုံးက ဝုန်းကနဲ ထပ်ကျလာတော့ ကျမဂျိုင့်ကြီး မနိုင်မနင်းနဲ့ ထိုင်လျှက်ကိုပြုတ်ကြတာရှင် ခေါင်းကိုလဲတင်းပုတ်နဲ့  ကိုထုလိုက်သလိုပဲ မငယ်ဆိုတာလဲဘယ်ပြေး ရမှန်းကိုမသိ
ဝရန်တာအောက်က လွတ်အောင်ထွက်ပြေးတဲ့ မငယ်ကို သစ်ပင်ရေလောင်းတဲ့ ပိုက်နဲ့အတင်း ပက်နေတာ အစ်ကိုလတ်နဲ့ မောင်ငယ်ပေါ့။ ကျမတို့ အဖြစ်ကို အိမ်သားတွေအားလုံးက ရီနေကြတယ် ကျမတို့ ကိုငယ့်သူငယ်ချင်းတွေ ရှေ့မှာရှက်တတ်နေပြီ ။ ကျမရွှေရင်အေးဂျိုင့်ကြီးကိုပစ်ချပြီး အော်ငိုတော့ အစ်ကိုအကြီး ကညိုမြလုပ်တာကိုး နဲတောင်နဲသေးတယ် ... အိုးမဲပါသုတ်ရမှာလို့  မှတ်ချက်ချတော့ အငိုတိတ်ပြီး ကျမဟတ်ဟတ်ပက်ပက်ကို ရယ်မိတော့တယ်။ ဟုတ်တယ်လေ ကျမက တစ်ကယ်ဆို ညိုမြလုပ်ချင်ခဲ့တာလေနော..........။သိရင်ပြီးတာပဲပေါ့။
အားလုံးကိုချစ်ခင်စွာဖြင့်
မမ

Labels:


Posted by Anonymous :: 5:36 PM :: 7 Comments:

Post / Read Comments

---------------oOo---------------