မမ

Tuesday, June 30, 2009

ရိုးရိုးသားသား ကြိုးကြိုးစားစား


မိုးလွတ်အောင်ခပ်သုတ်သုတ် လှမ်းလာတဲ့ခြေလှမ်းတွေ အားလုံးယိုင်နဲ့နဲ့ဖြစ်နေပြီ။
အရဟံဂုဏ်တော်ကို ပွားများရင်း မိုးလွတ်မှာပါလို့စိတ်ဖြေလိုက်တယ်။
အင်းအားမဲ့ လှမ်းလာတဲ့ခြေထောက် တွေကိုရှေ့ဆက် သယ်နိုင်ပါဦးမလား ဆိုတဲ့
အတွေးကိုဖယ်ထုတ်ရင်းကပဲ အရာအားလုံး သဲသဲကွဲကွဲမမြင်နိုင်တော့တဲ့
မျက်လုံးအစုံကငါးနှစ်နီးပါး လျောက်နေကြဒီလမ်းလေးကို အလွတ်ရနေပြီ။
မှောင်နဲ့မည်းမည်းစမ်းတစ်ဝါးဝါး လျောက်ရင်းတစ်ညတာအိပ်စက် အနားယူဘို့ ယိုင်နဲ့နဲ့ တဲလေးရှိရာရောက်လုပြီ။
တဲလေးထဲရောက်တယ်ဆိုရင်ပဲ “အဘိုးကြီးနောက်ကျလှချည်လားလို့” အသံပြုတဲ့ဘေးတဲက
ဆိုက်ကားသမားမောင်ဝင်းရဲ့လျှာလေးအာလေးအသံကပဲ ငါဒီပတ်ဝန်းကျင်လေးကို
အန္တာရယ်ကင်းစွာပြန်ရောက်လာပြီလို့သက်ပြင်းချလိုက်ရင်း “ကားမတိုးနိုင်လို့နောက်ကျတယ်ကွာလို့” ပြန်အသံပြုလိုက်တယ်။
နွမ်းဖတ်နေတဲ့အရောင်မပေါ်ချူပ်ရိုးတွေပြုတ်နေတဲ့တိုက်ပုံအကျီထဲကမီးခြစ်ကိုထုတ်ခြစ်တယ်။
ဘုရားကားချပ်နားလေးမှာတင်ထားတဲ့ ၀ါဆိုဖရောင်းတိုင်ကို လက်လှမ်းမီးကူးလိုက်
တယ်ဆိုရင်ပဲ တဲလေးထဲမှာလင်းထိန်သွားတော့တယ်။
အရေးအကြောင်းတွေမြောက်မြားစွာနဲ့ အရောင်မွဲမျက်လုံးတွေကို ပိုင်ဆိုင်ပြီး
တခေါင်းလုံးဖွေးဖွေးဖြူနေတဲ့အဘိုးအိုဟာ၊
သူ့ခေါင်းမှာတစ်နေကုန်မျက်နှာတစ်ဝက်အုပ်အောင် ပေါင်းထားတဲ့ မျက်နှာသုတ်ပုဝါနဲ့ မျက်နှာတစ်ခုလုံးကိုပွတ်တိုက်သန့်စင်လိုက်ရင်း
နောက်ဆုံးအကြိမ်အဖြစ် သူနှစ်သက်တဲ့ဗမာဆေးနဲ့ကွမ်းတစ်ယာကို ပါးစောင်ထဲမှာငုံလိုက်တယ်။
ရွေတိဂုံစောင်းတန်းက ဘုရားပန်းချီကားတွေရောင်းတဲ့ ခလေးမလေးလှူထားတဲ့
မြတ်စွာဘုရားပုံတော်ကိုဦးသုံးကြိမ်ချရင်း၊တတ်နိုင်သလောက် တရားဘ၀နာတွေပွါးများရင်း ငြိမ်သက်တိတ်ဆိတ်လာတာနဲအမျှအတွေးတွေရဲ့ခေါ်ဆောင်ရာကို တငြိမ့်ငြိမ့်လိုက်ပါသွားပြန်
တော့တယ်။

ငယ်စဉ်ကထဲကအဖေတိမ်းပါးသွားတဲ့သူ့ကို အမေကအချစ်ပိုခဲ့တယ်။
အရာရာဦးစားပေးသလို ပညာရေးကိုအထူးပဲအားပေးရုန်းကန်ရင်း
ရှာဖွေလို့ရသမျှသူ့ပညာရေးမှာ မျက်နှာမငယ်ရအောင်စီစဉ်ပေးတဲ့ အမေကျေးဇူးကို
အသိအမှတ်ပြုကျေးဇူးဆပ်တဲ့ အနေနဲ့သူစာကြိုးစားခဲ့တယ်။အရာရာမျက်နှာငယ်ခဲ့ရတဲ့
အမေဟာ သူ့ကြောင့်တော့လူပုံ အလည်မှာဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်ခဲ့ပါတယ်။
သားရယ်ပညာတတ်ကြီး ဖြစ်အောင်လုပ်စမ်းပါ ငါ့သားကိုအားလုံးကတရိုတသေ
လေးလေးစားစား နဲ့ဆရာလို့ခေါ်တာအမေကြားချင်လွန်းလို့ပါလို့ တစ်ဖွဖွပြောတဲ့
အမေစကားသံတွေဒီနေ့အထိ နားထဲမှာလျှံနေတုန်းပါ။
သူဆယ်တန်းအောင်တဲ့ နေ့က ဧရာဝတီမြစ်ဝကျွန်းပေါ်မြို့ကလေးရဲ့ သူတို့နေထိုင်ရာ
ရပ်ကွက်လေးထဲမှာ အမေဟာ သနပ်ခါးတွေဖွေးအောင်လိမ်း ခြံစပ်ဇီဇ၀ါပန်းခြုံကနေ
ဖြူလွှတဲ့ဇီဇ၀ါပွင့်ကြီး သုံးပွင့်ကိုဆင့်ပန်လို့ ခေါက်တုန့်ခေါက် ပြန်လျှောက်နေတာများ
တွေ့သမျှလူရဲ့“ အကြီးမြသားအောင်တယ်ဆို ”နှုတ်ဆက်လိုက်တာနဲ့ အောင်တာပေါ့တော်
ဂုဏ်ထူးတောင် တစ်ခုပါသေးလို့ပြုံးပြုံးကြီးဖြေလေရဲ့။
အဲလိုနဲ့အမေသဘောကျမဲ့ ကျောင်းဆရာလောကကို လျောက်လှမ်းရင်သူတို့မြို့က
အလယ်တန်းကျောင်းလေးမှာ အမေမြင်ချင်လွန်းတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်လာခဲ့တော့တယ်။
ရိုးသားကြိုးစားပြီး ပီတိကိုယ်သာစားတဲ့ကျောင်းဆရာဘ၀ဟာ တစ်ရပ်ကွက်လုံးက
ဆရာလို့ခေါ်လာတာရယ် ညနေအိမ်မှာ စာလာမေးတဲ့ခလေးတွေနဲ့ ဆူညံလာတာကလွဲလို့
ထူးခြားပြီးကြီးကျယ်ခမ်းနား မလာခဲ့ပါဘူး။
အလယ်တန်းပြကျောင်းဆရာ ရဲ့အမေဆိုတဲ့ဂုဏ်ကို ပိုင်ဆိုင်ခဲ့ရတဲ့အမေကတော့
ဈေးသည်ဘ၀ကိုစွန့်လိုက်ရတဲ့အတွက် ဟိုးအရင်သူကျောင်းသားဘ၀ ကထက်တောင်မှ
အသုံးအစွဲကိုပိုချွေတာခဲ့ကြရတယ်။
သူလဲမိုးလင်းလာရင် အမေမီးပူတိုက်ပေးတဲ့ ပင်နီတိုက်ပုံနဲ့ကျောင်းဝတ်စုံ အဖြူအစိမ်းကိုကော့နေအောင် ၀တ်
အမေထဲ့ပေးတဲ့ထမင်းဂျိုင့် ထီးရေဗူးအိတ်ကိုလက်ကစွဲလို့ အမေသဘောကျတဲ့
ကျောင်းဆရာဘ၀မှာကျင်လည်ရင်းနဲ့
သူအသက်လေးဆယ့်ငါးနှစ်မှာတော့ အမေ့ကျန်းမာရေးကအတော့်ကိုချုချာ လာတော့တယ်
တက်လာတဲ့ကုန်ဈေးနူံးနဲ့ သားအမိနှစ်ယောက်စားစရိတ် အမေ့ဆေးဘိုး ကိုအနိုင်နိုင်ကျားကန်ထားရင် ကပဲအမေ့ဆေးဘိုးအတွက်အဖေရှာ ဖွေထားခဲ့တဲ့ကိုယ်ပိုင်အိမ်လေးကို ရောင်းပြီးဆေးကုဘို့ သူဆုံးဖြတ်ခဲ့ရတယ်။

သူ့ကိုနောက်ဆံတင်းမဲ့ အမေမသိအောင်ပဲ သူထက်ကျောထောက်နောက်ခံ တောင့်တင်းတဲ့ကျောင်းဆရာတ
ယောက်က၀ယ်ယူပြီး သူ့နဲ့အမေကိုအိမ်ငှါးအဖြစ်ဆက်နေစေခဲ့တယ်။
အမေ့အတွက်ဆေးဘိုးကုန်ကျစရိတ်ကို အိမ်ရောင်း
ရငွေအားလုံးနဲ့ အမေအသက်ကိုလုပေမဲ့ မီးစာကုန်ဆီခမ်းနေပြီ ဖြစ်တဲ့အမေက သူ့ကိုစိတ်ချလက်ချလူ့လောကထဲမှာ
တစ်ယောက်ထဲထားခဲ့တော့တယ်။
အမေဆုံးပြီးတဲ့နောက်မှာတော့ သူဟာဘုရားတရားဘက်ကို ပိုအလေးပေးလာတော့တယ်။
သူငယ်ချင်းကျောင်း
ဆရာလက်ထဲကို သူအိမ်လေးအပ်တဲ့နေ့မှာတော့ သူ့ရင်ထဲမှာဟာလာဟင်းလင်း ဖြစ်သွားတာတော့ သူဝန်ခံရလိမ့်မယ်။

ကျောင်းဝန်းထဲမှာပဲ ကျောင်းစောင့်မိသားစုနဲ့ သူအတူနေခဲ့တယ်။
ဖြစ်သလိုနေဖြစ်သလိုစား မလောက်ငှတဲ့လစာလေးနဲ့
ပဲရောင့်ရဲစိတ်ကိုမွေးလို့ သိက္ခာသမာဓိနဲ့ပြည့်စုံတဲ့ ကျောင်းဆရာအိုအိုကြီးဘ၀ ကိုသူရောက်လာခဲ့တော့တယ်။

ဒီနေ့သူ့လိုအသက်ခြောက်ဆယ်ပြည့်တဲ့ ဆရာအိုတွေအားလုံးအငြိမ်းစားယူ နှုတ်ဆက်ပွဲနေ့ပေါ့။အမေဆုံးပြီးကထဲ
ကမီးပူတိုက်ဖို့သတိမရတော့တဲ့ သူကဆရာကန်တော့ပွဲနေ့က ရထားတဲ့ပုဆိုးအသစ်အင်္ကျီအသစ်ကို ကျောင်းစောင့်မိသား
စုကိုမီးပူတိုက်ခိုင်းလိုက်တယ် ဖြူဖွေးနေတဲ့သူခေါင်းကဆံပင်တွေကို အုန်းဆီနဲ့သေသေသပ်သပ်ဖြီးရင်း အရေးအကြောင်း
တွေများစွာနဲ့ အိုမင်းနေတဲ့သူရုပ်သွင်ကိုတစ်ခါမှ မမြင်ဘူးတဲ့သူတစ်ယောက်လို ငေးကြည့်ရင်း ကျောင်းဆရာဘ၀ကသူဒီ
နေ့သေဆုံးရတော့မယ်လို့ တွေးလိုက်မိတယ်ဆို အမေ့ကိုမြင်ရောင်ရင်းပြုံးလိုက်မိတယ်။
ကျောင်းကပေးတဲ့ ပင်စင်စာအုပ်လေးရယ် ကျောင်းသားတွေဆရာဆရာမအသစ်တွေ စုပေါင်းကန်တော့တဲ့ ငွေသား
ကိုလက်ကကိုင်ရင်း ကျောင်းထိပ်ကစိန်ပန်းပင်ကြီးအောက်က ခုံတန်းမှာငြိမ်သက်နေတဲ့သူ့အနားကို လာရပ်တဲ့လူရိပ်ကြောင့်
သူ့မော့ကြည့်လိုက်တယ်ဆို အဖြူအမည်းမသဲကွဲတော့တဲ့ သူမျက်ဝန်းတွေကမိန်ဖျော့နေတော့တယ်။
သူ့ခြေရင်းမှာပြားပြားဝပ် ဦးချနေတာသူ့တပည့်တစ်ယောက်ပဲ ဆိုတဲ့အသိထက် သူအမြင်တွေကမပိုတော့ပါဘူး
“ဆရာကြီးကျနော် မောင်စိုးမြင့်ပါလို့”နှုတ်ဆက်တဲ့အသံ နားကသဲ့သဲ့ကြားပေမဲ့ သူမှတ်ဥဏ်တွေထဲက စိုးမြင့်တွေအများကြီးကို
မကွဲပြားနိုင်ဘူး သူပြောနေကြအတိုင်းရိုးရိုးသားသားကြိုးစားကြ ဆိုတဲ့စကားကို ပြောအံစဲစဲနှုတ်ခမ်းတွေကို စေ့ပိတ်
လိုက်ရင်း“ ဘယ်မှာနေတုန်း ဘာလုပ်တုန်း”လို့သူ့အမေးကို “အင်ဂျင်နီယာလုပ်ပါတယ် ရန်ကုန်မှာပါလို့ ”ပြန်ဖြေတဲ့အသံက
သူ့ရင်ကို ပိတိလိုင်းတွေရိုက်ခတ်လာပြန်တယ်။

“ အော် အလည်လားသလားလို့” သူ့အမေးကို “ဆရာကန်တော့ပွဲ အမှီလာတာပါလမ်းမှာကားပျက်လို့အခုမှရောက်တာ”ဆို
တဲ့အဖြေက အခုနပီတိပေါ် ပီတိထပ်ဆင့်လိုက်သလို သူ့ရင်မှာကျေနပ်အားရဖြစ်သွားတော့တယ်။
ဆက်ပြောလာတဲ့မောင်စိုးမြင့်
ရဲ့စကားသံကတော့ လောလောဆယ်နေစရာမဲ့နေတဲ့ သူ့ရဲ့အဖြစ်တွေအားလုံးကိုမေ့လို့ ကြက်သီးဖြန်းဖြန်းထအောင် ပိတိဖြစ်ရ
တော့တယ်။ပင်စင်ယူပြီးချို့ တဲ့နွမ်းပါးတဲ့ဆရာဆရာမကြီးတွေကို ရွေတိဂုံဘုရားကြီးဖူးဘို့ သူစရိတ်ခံခေါ်သွားမတဲ့ “သာဓု
သာဓု သာဓု” လို့သုံးကြိမ်တိတိ ၀မ်းမြောက်ဝမ်းသာသူခေါ်လိုက်တော့ “ဆရာကြီးလိုက်မယ်မဟုတ်လားလို့” ၀မ်းသာအားရမေးရှာတယ်။
“လိုက်ချင်တာပေါ့ကွာ ဒါပေမဲ့ဆရာမျက်လုံးကရေတိမ်ကအတော်အခြေအနေဆိုးနေလို့ ဆရာလိုက်ရင်မင်းတို့အလုပ်ပိုရှာမယ်”
လို့သူ့အပြောကို “မပိုဘူးဆရာကြီးကျနော်တို့အားလုံးတာဝန်ယူမှာပါလို့” ပြောရှာတယ်။
ကျောင်းဝန်းလေးထဲက ဒီအခန်းလေးက သူထွက်ပေးရတော့မယ် ဘာမှမယ်မယ်ရရမရှိတဲ့ သူပိုင်ပစ္စည်း
တွေသိမ်းနေတဲ့ ခဏမှာတော့သူ့ရင်မှာ ၀မ်းနည်းအားငယ်လာတယ် တရားသဘောကိုရူ့ မှတ်ရင်းပဲ အမေကိုသူတမ်းတ
မိလိုက်တယ်။
အမြင်အာရုံတွေ မရှိတော့တဲ့သူ အရာရာချို့ တဲ့လွန်းတဲ့သူ့ဘ၀ကို မသေခင်အထိဘယ်လိုရှေ့ဆက်ရမှာလဲလို့
သူတစ်ခါမှမတွေးခဲ့သလို တွေးစရာအကြောင်းအရာလဲသူ့မှာ မရှိခဲ့ဘူး အခုတော့ရွေတိဂုံဘုရားကြီးကို ဖူးဘို့သူ့မှာဖြစ်လာပြီ
သူကိုယ်နဲ့မကွာအမြဲဆောင်ထားတဲ့နေ့စဉ်မှတ်တမ်းစာအုပ်ထဲက အမေ့ဆွေမျိုးတွေလိပ်စာ သူသွားဘို့စဉ်းစားတိုင်း မဖြစ်နိုင်ဘူးလို့ နိဂုံးချုပ်ခဲ့ရတဲ့သူ အခုရောက်ရတော့မယ်။
အိပ်ဆွဲပြီးဒီနေရာကနေ ဘယ်စီကိုသွားရမှန်းမသိတဲ့ အဖြစ်ကနေကျောင်းရှေ့ခုံတန်းလေးမှာ အထုပ်လေးဘေးချ
လို့ရန်ကုန်ဘုရားဖူးခေါ်သွားမဲ့ကားကို ထိုင်စောင့်နေရင်းက အမေနဲ့တကွဇာတိမြေကို တိုးတိုးတိတ်တိတ် သူ အပြီးတိုင်နှုတ်ဆက်
လိုက်တော့တယ် သူ့ရဲ့ချို့တဲ့လွန်းတဲ့သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ကျောင်းဆရာဘ၀ကိုရောပေါ့။
သူတို့ပင်စင်စား အဘိုးအိုအဘွားအိုတွေကို ရွေတိဂုံဘုရားကြီး သံလျင်ရေလယ်ကျောက်တန်း ပဲခူးဘုရား
ဖူးအစုံ လိုက်ပို့ပြီးတဲ့နောက်မှာတော့အားလုံး ဌာနေကို ပြန်ဘို့အသီးသီးအထုပ်ပြင်ကြတယ်ဆို သူအတွက်အားလုံးက၀ိုင်းစဉ်း
စားပေးကြတယ်။
သူဆုံးဖြတ်ချက်ချထားတဲ့ အတိုင်းသူ့မောင်နှမ၀မ်းကွဲတွေရှိရာ ပို့ပေးဘို့သူ့နေ့စဉ်မှတ်တမ်းစာအုပ်ထဲက လိပ်
စာကိုထုတ်ပေးလိုက်တယ်ဆိုရင်ပဲ မောင်စိုးမြင့်က လိပ်စာရှိရာသူအရင်သွားစုံစမ်းမယ် ဆိုထွက်သွားလေရဲ့ ဒီလိုနဲ့ပဲ အားလုံး
အသီးသီးမိသားစုရှိရာ ပြန်သွားတဲ့အချိန်မှာတော့ သူဆွေမျိုးတွေရှိရာ ရန်ကုန်မြို့သစ်တခုရဲ့ဆင်ခြေဖုံး ဒီရပ်ကွက်လေးထဲကို
လူမသိသူမသိရောက်လာခဲ့တော့တယ်။
သူကြီးပြင်းခဲ့ရာ သူကျင်လည်ခဲ့ရာပတ်ဝန်းကျင် နဲ့လားလားမှမဆိုင်မပတ်သတ် တဲ့ ဒီပတ်ဝန်းကျင်မှာဘဝ
မျိုးစုံဆင်းရဲမူ့မျိုးစုံ ကိုရင်ဆိုင်ရင်းတစ်နေ့မှာတော့ မသေထမင်းစားချိန်ရောက်တိုင်း ဟိုအကန်းအတွက်လို့ အော်ဟစ်ကျွေး မွေးတတ်တဲ့ သူညီဝမ်းကွဲမိန်းမအသံက သူ့နားစည်ကိုရိုက်ခတ်နေကြပေါ့ အဲဒီအသံရဲ့လွတ်မြောက်ရာကို သွားဘို့ သူတဲနားကတစ်ဆယ့်သုံးနှစ်အရွယ် လူငယ်လေးတစ်ယောက်ကို အဖေါ်
ပြုရင်းရွှေတိဂုံဘုရားကြီးအပေါ် ကိုဒုတိယအကြိမ်ပြန်ရောက်တဲ့အချိန်မှာတော့ သူဟာမထင်မှတ်ထားတဲ့ ဘ၀တစ်ခုကို မမျှော်
လင့်ပဲပိုင်ဆိုင်ခဲ့ရတော့တာ ဒီနေ့အထိပါပဲ။
တောင်ဝှေးတစ်ရမ်းရမ်းနဲ့ ဆယ့်သုံးနှစ်အရွယ်နွမ်းဖတ်နေတဲ့ လူငယ်လေးတစ်ယောက်နဲ့ စောင်းတန်းတစ်ခုမှာ
ထိုင်အမောဖြေနေတဲ့ ဘယ်လိုမှလူမွေးလူရောင် မပြောင်တော့တဲ့သူ့ရဲ့ရှေ့ကို ဘုရားဖူးပြည်သူတွေက အလှူငွေတွေ
စွန့်ကြဲကြသတဲ့ လူငယ်လေးက၀မ်းသာအားရ အဘရှေ့မှာပိုက်ဆံတွေ ပိုက်ဆံတွေပစ်ချသွားကြတာလို့ အော်သံကြား
တဲ့အချိန်မှာတော့ သူ့တစ်ကိုယ်လုံးကြက်သီး တစ်ဖြန်းဖြန်းထအောင်တုန်လူပ်ရင်း ပါးပြင်တစ်လျောက်မျက်ရည်ပူတွေ
စီးကျလာတော့တယ် ရွှေးစရာလမ်းမရှိတော့တဲ့သူ နောက်နေ့တွေမှာလဲ နွမ်းဖတ်ဖတ်အ၀တ် အစားတွေနဲ့မျက်နှာသုတ်
ပုဝါကို မျက်နှာအုပ်လုအောင်ပေါင်းရင်း ဒီလမ်းကိုပဲရွေးခဲ့တာ ငါးနှစ်ကာလမှာဒီနေ့ နောက်ဆုံးဖြစ်မယ်ထင်ပါတယ်။
နေ့လည်ကအဖြစ်ကို ပြန်တွေးရင်းသူရင်ကိုကြေကွဲနာကျင် စေတယ် ဘယ်သူမှမမှတ်မိတော့အောင် စုတ်ပြတ်
နုံချာနေတဲ့သူ့လက်ကို နွေးထွေးနူးညံ့လွန်းတဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ လက်အစုံနဲ့ လူပ်ယမ်းရင် ရိုက်သံမပီမသနဲ့
အထိတ်တလန့် “ဆရာကြီး” “ဆရာကြီး” “ဆရာကြီး” “ဟုတ်ပါတယ်နော်” ဆိုတဲ့အသံက သူ့ရင်တခုလုံးကိုပေါက်
ကွဲလွင့်စင်သွားတော့တယ်။
လူငယ်လေးရဲ့သူနေတဲ့ လိပ်စာရေးပေးနေတဲ့အသံ မိန်းမပျိုလေးရဲ့ “မနက်ဖြန်အိမ်မှာပဲစောင့် အမလာမယ်
ဘယ်မှမထွက်နဲ့ အမဧည့်သည်တွေပါနေတယ်ကားငှါးပြီး အိမ်ကိုပြန်ပါ ဆရာကြီးမျက်လုံး ကလုံးဝကွယ်နေပြီလား နား
ရောမကြားတော့ဘူးလား” ဆိုတဲ့အသံတွေရဲ့အောက်မှာပဲ သူ့ရဲ့ဒုတိယဘ၀သေဆုံးသွားတော့တယ်။
လမ်းထိပ်မှာ လူငယ်လေးနဲ့လမ်းခွဲပြီးတဲ့နောက် သူငှါးရမ်းနေထိုင်တဲ့ဒီတဲလေးကို အင်အားမဲ့ခြေလှမ်း တွေ
နဲ့ သူပြန်ရောက်လာခဲ့တယ်။
သူအတွေးတွေ နဲ့မျောလွင့်နေရင်း ထွန်းညှိထား တဲ့ဖယောင်းတိုင်က တစ်ဖြေးဖြေး အရောင်
တွေဖျော့တော့လာတယ် သူနှလုံးခုံသံတွေ ပြင်းထန်လာတယ် ဇီဇ၀ါပန်းတွေဝေ နေအောင်ပန်ထားတဲ့ အမေကပြုံး လို့ သူ
အမေ လို့ တိုးတိုးလေးခေါ်ရင်း လေဟာနယ်ထဲကို ရောက်သွားတယ်။
သူငှါးနေတဲ့ ဒီတဲလေးထဲမှာ သူပိုင်ဆိုင်တဲ့
မြတ်စွာဘုရားပုံတော် သောက်ရေအိုးတစ်လုံး ထမင်းစားပုဂံပြားတစ်ချပ် ဇွန်းတစ်ချောင်း ဖျာတစ်ချပ် ခေါင်းအုံးတစ်လုံး
ဒီနေ့ရလာတဲ့ အလှူငွေ အားလုံးကိုထားခဲ့ ရင်း သူရဲ့ဖျာစုတ်လေးပေါ်မှာ ငြိမ်သက်တိတ်ဆိတ်စွာ....။

စာဖတ်သူအားလုံးကိုလေးစားစွာဖြင့်
မမ

Posted by mama :: 10:40 AM :: 10 Comments:

Post / Read Comments

---------------oOo---------------

Sunday, June 21, 2009

အာဇာနည်သွေး




မွေးနေ့မင်္ဂလာ၊ချိန်တော်ခါမှာ
ဆုတောင်းသံတွေအစား
ကြွေးကြော်သံတွေ ကြားလိုလှတယ်။
ထိုင်စောင့်နေတဲ့စိတ်ဓါတ်တွေအစား
လှမ်းတက်လာတဲ့ခြေသံတွေကို မွတ်သိပ်လှတယ်။
အမှန်တကယ်လွတ်မြောက်ရမှာ
ဆုတောင်းနေသူတွေပါ။
အမှန်တကယ်ဝမ်းနည်းပေးရမှာ
ငတ်မွတ်နေတဲ့ပြည်သူတွေအတွက်ပါ။
ကျွနုပ်ရဲ့ပေးဆပ်မှု
အဖေ့အသက်နဲ့ မယှဉ်ဝံ့သလို
တစ်တိုင်းပြည်လုံးနဲ့ ယှဉ်ကြည့်ရင် နည်းနည်းလေးပါ။
အာဇာနည်သွေးစစ်မှန်တဲ့ ကျွန်ုပ်ရင်မှာ
ပြန့်ကြဲနေတဲ့ စိတ်ဓါတ်တွေ
ကြဲပြန့်နေတဲ့ အာဇာနည်တွေ
တစ်ပေါင်းတစ်စုထဲဖြစ်ဖို့
ဘယ်နည်းကိုသုံး စုရုံးရပါ့မလဲ။
အာဇာနည်အပေါင်း
ကျွန်ုပ်လွတ်ခြင်း၊ မလွတ်ခြင်းကို စိတ်မှဖယ်လို့
ကျွန်ုပ်အတွက် ပူဆွေးသောက
အားမာန်အဖြစ်ပြောင်းလို့
မြန်မာပြည်ကြီးလွတ်မြောက်ဘို့သာ
ကြိုးကုပ်ပါတော့။
တစ်ယောက်ချုပ်လျှင်၊ နှစ်ယောက်ထွက်လော့
နှစ်ယောက်ကျလျှင်၊ လေးယောက်ထွက်လော့
အာဇာနည်စိတ်ဓါတ် ဆတိုးပွါးလော့။
သန်းခြောက်ဆယ်သော ပြည်သူ့လက်နက်
ထုတ်သုံးလှည့်တော့။
အမှန်တစ်ကယ်လိုအပ်နေတာ
ကျွန်ုပ်မဟုတ်
သန်းခြောက်ဆယ်သော အို မြန်မာတို့
ထကြွလုံ့လ စည်းရုံးကြလော့။
အမှန်စင်စစ် ကမ္ဘာကသိအောင်
အာဇာနည်သွေး စွေးစွေးနီကြောင်း
သင်တို့ပြဘို့ အချိန်တန်လေပြီ။

မမ

Posted by mama :: 2:55 PM :: 10 Comments:

Post / Read Comments

---------------oOo---------------

Thursday, June 11, 2009

သခင်မျိုးဟေ့ ဒို့ဗမာ(သို့)သခင်ချက်ကြီး(၃)


သနပ်ခါးတွေဖွေးနေတဲ့ မိအေးမျက်နှာလေးကို ငေးကြည့်ရင်းကျူပ်ရင်မှာ အမှန်ကိုပူလောင်လာတော့တယ်။
ရိုးစင်းလွန်းတဲ့ ဘ၀တွေကိုဖြတ်သန်း နေကြတဲ့ ကျူပ်တို့တွေဟာ၊ စားဘို့နဲ့ နေဘို့သာရှိလို့ကတော့
တစ်ကယ့်ကိုပဲ အပူအပင်နဲပါတယ်။
အတွေးစတွေကိုဖြတ်ရင်း ဘာလုပ်ရမယ်ပြောလဲ ဘယ်လောက်ရမယ်ပြောလဲလို့ ကျုပ်မေးခွန်းကို မိအေးက
ဘာမှတော့အထွေအထူး မလုပ်ရဘူးပြောတာပဲ။
ဒါပေမဲ့ လိုအပ်တဲ့အချိန်တွေတိုင်း ခေါ်မယ်မိန်းမနဲ့ခလေးတွေကို ပိုကြိုက်တယ်လူကြီးအိုအိုကြီး တွေလဲရတယ်
အမယ်အိုတွေလဲရတယ် ယောင်္ကျားပျိုတွေကတော့ ကိုကျော်ကြားတို့က သေချာစီစစ်ပြီးမှ လက်ခံမယ်တဲ့။
ကဲကြားတဲ့အတိုင်းပဲ အလုပ်ခေါ်ပုံက အင်မတန်မှအံ့သြစရာ မကောင်းဘူးလားအဘွားအိုတွေလဲရတယ် ဆိုတော့ အရီးရောရမှာလားလို့ကျူပ်မေးတော့ မိအေးတို့မနက်ဖြန်အတွက် ပေတူးပါသုံးယောက်စာရမယ်တဲ့။
မိသားစုဖြစ်တဲ့အတွက် စားပြီးသောက်ပြီတစ်ယောက်တစ်ထောင် ရမယ်တဲ့။
တစ်ယောက်ထဲဆိုရင်တော့တစ်ထောင့်ငါးရာ ရမယ်တဲ့ ဆိုတဲ့မိအေး စကားသံတွေက ကျူပ်ရင်ကိုအတွေးပိုစေတာပဲ။ ကျုပ်အဖြေစကားကို စောင့်နေတဲ့မိအေးတို့သားအမိကို လမ်းစရိတ်ကရောဘယ်အထိသွားရ မှာလဲလို့ကျုပ်မေးတော့ ကျမတို့ကဒီရပ်ကွက်ကဆိုတော့ ကိုကျော်ကြားတို့နဲ့ အတူတူစုရပ်ပဲတဲ့ သူတို့လာခေါ်မယ်တဲ့။
အရီးလေးရောပေတူးပါသားအမိ သုံးယောက်ဆိုတော့ ဘာပူစရာရှိတုန်း သွားကြည့်ပေါ့။

တစ်ကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ ကျုပ်အန်တီလှကို အလုပ်ပြောထားပြီးပြီ မိအေးနဲ့ပေတူးနှစ်ယောက်
လုံးအတူတူ လုပ်ရမှာပင်တော့ ပင်ပမ်းမယ်။
ကျုပ်စကားဆုံးတော့ မိအေးမျက်နှာဝင်းကနဲဖြစ်သွားတာ ဘယ်သူမှမရိပ်မိပေမဲ့ ကျူပ်ကတော့သိတယ်။

အမေကိုကြီးချက် နဲ့ပဲ အတူလိုက်လုပ်မယ် မိအေးလုပ်နိုင်ပါတယ် ဆိုတဲ့စကားသံဟာ ကျူပ်
ရဲ့သောကနဲ့ပူလောင်နေတဲ့ ရင်ကိုချက်ခြင်းလက်ငင်းအေးမြသွားစေတာပဲ။
မနက်ဖြန်သွားကြည့် လိုက်ပါပြောထားပြီး မသွားရင် တစ်ရပ်ကွက်ထဲသမားတွေ မကောင်းဘူး အခြေအနေ
ကြည့်ပေါ့ အဲအရီးဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာတော့ ကျုပ်ကို အကုန်ပြန်ပြောဗျာ ကျုပ်သိချင်တယ်ဆိုတဲ့စကား
ကို အရီးက မလိုက်ချင်ပါဘူးအေ ဒီအရွယ်ကြီး ဘာလုပ်ရမှန်းမသိ မလုပ်တတ်မကိုင်တတ် နဲ့လို့ ရွံတွန့်တွန့်ပြောတဲ့ အ
ရီးကို ကျူပ်အမေက လိုက်သွားစမ်းပါ အေးတင်ရယ်။

အသက်ခြောက်ဆယ်ဆို ပညာတတ်ကြီးတွေတောင် အငြိမ်းစားယူနားခိုင်းတဲ့ ကျူပ်တို့တိုင်းပြည်မှာ ခလေးလူ
ကြီး အမယ်အိုအဘိုး အိုတွေအလုပ်ရတယ် ဆိုတော့ ကျူပ်သိချင်စမ်းတယ် အေ ကျုပ်မလိုက်နိုင်လို့ အဟုတ်ပဲလိုက်ချင်
စမ်းတယ် လိုက်သွားအေ ပြီးရင် တစ်လုံးမကျန်ပြန်ပြော ကျူပ်နားတောင်မယ်။
ကဲကဲ မနက်သွားရမယ်ဆိုတော့ စောစောအိပ်ကြတော့ လို့ကျုပ်နုတ်ဆက်စကား ဆိုတော့ မိအေးတို့သုံးယောက်
ကျုပ်တို့ရဲ့တစ်ဖက်ရပ် တဲလေးထဲကခေါင်းငုံထွက်ရင်း သူတို့ရဲ့ တဲကိုကူးသွားကြလေရဲ့။
တစ်နေ့ကုန်ပင်ပမ်း တဲ့ဒဏ်ကိုငါးသလောက်ပေါင်းစားထားတဲ့ အရှိန်က ကျုပ်မျက်လုံးတွေကို မှေးစင်းလာတော့
တယ် အောက်က၀ါးကြမ်းနဲ့ ကျူပ်ကျောကုန်းနဲ့ ထိတွေ့ရတဲ့ အရသာဟာ ကျုပ်အတွက်တော့ အင်မတန်မှကို
တန်ဘိုးရှိလွန်းတယ်။
ကျူပ်အမေရဲ့ဘုရားရှစ်ခိုးသံဟာ ကျုပ်နားစည်ကို တိုးတိုးပျံ့လွင့် လာပြီးတဲ့နောက်မှာတော့ ကျုပ်နှစ်နှစ် ခြိုက်ခြိုက်ကို
အိပ်ပျော်သွားတော့တယ်။

ဟော..ဒီကပဲပြုတ်..ဆိုတဲ့.အချိန်မှန် နိုးစက်သံကြောင့် ချက်ကြီးလူးလွန့်လာတယ်ဆိုေ၀၀ါးဝါးနဲ့အတွေး
တွေထဲမှာ မိအေးတို့အလုပ်သွားမယ်ဆိုတဲ့ အသိက ခါတိုင်းထက်ချက်ကြီးကို အိပ်ယာထဘို့သွက်လက်စေခဲ့တယ်။
တဲအပြင်ကိုခေါင်းငုံ ထွက်လိုက်ရင်း မိအေးတို့တဲဘက်ကို လှမ်းကြည့်လိုက်တယ်ဆို အဖြူကနေ၀ါကျင်ကျင်အ
ရောင်ကိုပြောင်းနေတဲ့ ရှပ်အကျီအဖြူလက်တို သနပ်ခါးတွေဖွေးနေတဲ့ ပေတူး အကွက်အနီအစိမ်းစပ်ထားတဲ့ ဘောင်းဘီပွပွ
ကြီးနဲ့ အလုပ်သွားဘို့ အဆင့်သင့်ဖြစ်နေတော့တယ်။
ကိုကြီးချက် ကျနော်တို့လဲသွားတော့မှာလို့ လှမ်းအော်တယ် အရီးနဲ့မိအေးရောလို့ ကျုပ်အသံဆုံးတော့ ဒီမှာ
ဆိုတဲ့ အသံနဲ့အတူ မိအေးနဲ့အရီးကို တွေ့ရတယ်။
ဝင်းသူဇာကရောင်းတဲ့ ပါတိတ်အနီရောင် ၀မ်းဆက်လေးဟာမိအေး ရဲ့ကိုယ်ပေါ်မှာဖြူဖြူစင်စင် ရှိပေမဲ့အတော့်ကိုပဲ
နွမ်းနေပြီ သနပ်ခါးပါးကွက်နဲ့ ဆံပင်တွေကို ခပ်မြင့်မြင့် စုချည်ထားတယ်။
အရီးကတော့ ပါတိတ်အနက်ပွင့် အရိပ်ပန်းရင်ပုံး သနပ်ခါးဖွေးဖွေး နဲ့ အလုပ်သွားမှာဆိုတော့ အသက်၆၂ နှစ်ရှိတဲ့
အရီးကိုကြည့်ပြီး ချက်ကြီးပြုံးမိတော့တယ်။
အရီးရှက်သွားမှာစိုးတာကြောင့် စောလှချည်လား အရီးတို့က လို့ကျုပ်ပြောတော့ မိအေးကစုရပ်ကနေကား
လာခေါ်မှာသွားစောင့်ရမှာ ကိုကြီးချက် ဘာမှစိတ်မပူနဲ့ ပြန်လာရင်ကိုကြီးချက်ကို အကုန်ပြန်ပြောပြမယ် ဆိုတဲ့စကားက
မိအေးအပေါ်မှာကျူပ်ရဲ့ ယုံကြည်မူ့တွေပိုတိုးသွားသလို ကျုပ်ရင်မှာလဲ အတော်ကိုစိတ်ချလက်ချရှိသွားတယ်။
မိအေးတို့သုံးယောက်ကို လမ်းထဲကလူတွေက နုတ်ဆက်ကြတယ် မိစိန်ကမိအေးရေ နောက်နေ့ကျုပ်
လိုက်မှာနော် ညည်းပြောခဲ့အေ ဒီဖက်ကအလုပ်ကို ဒိနေ့ရပ်ဘို့ပြောခဲ့မှာလို့ လှမ်းအော်တယ်။
အေးပါ မမေ့ပါဘူးလို့ မိအေးပြန်ပြောရင်း လမ်းထိပ်ကွမ်းယာဆိုင်မှာစောင့်နေတဲ့ ကိုကျော်ကြားစီ
သွက်သွက်လှမ်းရင်း ပေတူးလိမ်လိမ်မာမာ နေရမှာနော်လို့ မောင်လေးကိုသတိပေးတော့ ပေတူးခမြာ ခေါင်းငြိမ့်ရှာတယ်။

ကိုကျော်ကြားနဲ့ ကားဂိတ်ကိုလမ်းလျောက်ရင်း ကိုကျော်ကြားကဘာမှမပူနဲ့ ဒီနေ့ရွေတိဂုံဘုရားကိုသွားရ
မှာဒီကပဲတန်းသွားမယ် ဟိုရောက်ရင်အဖေါ်တွေ တွေ့မယ်အရီးတို့လို မိသားစုတွေကြီးပဲ ဘာမှလုပ်စရာမလိုဘူး ထိုင်နေ
ယုံပဲဆိုတဲ့ စကားကိုတအံ့တစ်သြနားထောင်ရင်း ရပ်လာတဲ့လိုင်းကားပေါ် တိုးတက်ကြရင်း ကိုကျော်ကြားကပဲ လမ်းစရိတ်
ရှင်းပေးတယ်။
နေရာရတော့ နေ့တိုင်းလုပ်ရမှာလား လို့မိအေးရဲ့အမေးကို အဲလိုတော့မဟုတ်ဘူး အခုကိုကျော်
ကြားအမျိုးတွေဆိုပြီး ပြောပေးရတာ အမြဲတမ်းအတွက်ကတော့ ၀န်ထမ်းမိသားစုတွေကို ပြောပြီးခေါ်ယုံပဲလေ ဒါပေမဲ့မိအေး
တို့လုပ်ချင်တယ် ဆိုနေ့တိုင်းရအောင် ကိုကျော်ကြားပြောပေးမှာပါတဲ့။
အဲလိုနဲ့တောင်ဘက်မုတ်ကိုရောက်လာ တယ်ဆိုရင်ပဲ အမေကမရောက်တာကြာလှ ပြီဖြစ်တဲ့ရွေတိဂုံဘုရားကြီး
ကိုလက်အုပ်တစ်ချီချီ နဲ့ ကိုကျော်ကြားက အရီးအပေါ်ရောက်ရင်စိတ်အေး လက်အေးသာဖူး ဒီနေ့လမ်းကြောင်းကနောက်ကျ
မယ်ပြောတယ်။
လမ်းကြောင်းဆိုတာ ကိုနားမလည်ပေမဲ့မိအေး မမေးတော့ပါဘူး ဓါတ်လှေခါးနဲ့ တက်ခဲ့တယ်ဆို ရင်ပြင်တော်
ပေါ်ခဏလေး ရောက်လာတယ်။
ရွှေရောင်ဝင်းဝါနေတဲ့ ဘုရားကြီးကိုတွေ့တော့ ဟန်မဆောင်နိုင်လောက်အောင် သုံးယောက်တိုင်ပင်မထားပဲ ဦးချ
ကြတယ်ကိုကျော်ကြားကတော့ သူ့ပုံစံသူ့အရွယ်တွေနဲ့စကား ရပ်ပြောနေတယ် ရှစ်ခိုးနေတဲ့မိအေးတို့သုံး ယောက်ကိုလဲလက်
ညိုးထိုးပြီး ဘာတွေပြောမှန်းတော့ အတော်လှမ်းတော့ မိအေးလဲကွဲကွဲပြားပြားမသိတော့ဘူး။
ပြီးတော့လူတစ်ယောက်နဲ့ မိအေးတို့ကိုထားခဲ့တယ် အထပ်ထပ်မှာခဲ့တယ် စိတ်မပူဘို့မကြောက်ဘို့ ထမင်းစားချိန်
ထမင်းထုတ်လာဝေမယ်ဆိုတဲ့ အကြောင်း ဘုရားပေါ်ရောက်တယ်ဆိုထဲက ငြိမ်းချမ်းနေတဲ့ မိအေးတို့ သုံးယောက်မပူပါဘူးပျော်
တောင်ပျော်သေး မရောက်တာကြာပြီဖြစ်တဲ့ ဘုရားကြီးကို ငေးမောရင်းအလုပ်လုပ်ဘို့ လာတယ်ဆိုတာတောင်မေ့နေတယ်။
အဲဒီလူခေါ်လာတဲ့ သောကြာထောင့်ကတစ်စောင်းကြီးထဲမှာ မိအေးတို့လိုအဆင်တူအသွေးတူ တွေအများကြီး
မိအေးပြောချင်တာ မိအေးတို့လိုအခြေခံ လူတန်းစားမိသားစုတွေ အဟုတ်ပဲ လူကြီးလူငယ် ရွယ်စုံ နို့စို့ခလေးပါပါတယ်။
ပေတူးကတော့ ပျော်ချက်ကမ်းကုန်ပဲ သူလိုအရွယ်တွေရောပဲ နို့စို့နေတဲ့ခလေးငယ်လေးကို သူရောတစ်ထောင်
ရလားလို့ ပေတူးရယ်သွားမေးလို့ မိအေးခမြာကဗျာကရာ စကားလွဲရတယ်။
တစ်ကယ်ပါ တစ်နေကုန်ဒီအတိုင်းပဲ ခလေးတွေကလွဲလို့ လူကြီးတွေကို ဟိုသွားဒီသွားတာကြိုက်ပုံ မရလို့မိအေး
ကတော့မသွားပေါင်၊မိအေးကလွဲလို့ ကျန်တဲ့သူတွေက လာနေကြတွေလို့ ထင်တာပဲ။
နာရီပြန်နှစ်ချက်လောက်မှာတော့ ထမင်းထုပ်တွေဝေတယ် ဒံပေါက်ထုပ်တွေတွေ့တော့ ပေတူးစွေ့စွေ့ခုန်နေတာပဲ
မိအေးတို့တွေ သူ့အစုနဲ့သူစားကြတယ်။
လူကြီးတွေကလဲ နားနားနေနေ ပဲလှဲတဲ့သူလှဲ စကားပြောတဲ့သူပြော ပုံမှန်ပါပဲ ဘုရားဖူးတွေလဲစည်ကားလို့ အမေ
ကတော့ဒီလိုမှန်းသိ သူ့ပုတီးလေးယူခဲ့ပါတယ် ပဲတစ်ဖွဖွပြောနေတာနဲ့ အမေနဲ့ရွယ်တူအဒေါ်တစ်ယောက်က ပုတီးများအပုံကြိုက်
တာယူစိတ်လို့ရတယ် ပြီးရင်သူ့နေရာသူပြန်ထား ယုံပဲလို့လက်ညိုးထိုးပြရင်း ပြောတာနဲ့မိအေးယူပေးလိုက်တယ် ဆိုအမေကပုတီး
တစ်ဂျောက်ဂျောက် လုပ်တော့တာပဲ။
အမှန်အတိုင်းပြောရင် မိအေးပျင်းလာပြီ ဘုရားပေါ်လျှောက်ပတ် နေရရင်တော့တစ်မျိုးလေ အခုကဒီစောင်းတန်းထဲ
ထိုင်နေရတာကိုက တစ်နေကုန်တော့မှာလေ ဘာလို့မိအေးတို့လူမျိုးတွေ ဘုရားစောင်းတန်းထဲထည့် တစ်နေ့တစ်ထောင်ပေးရတာ
လဲ ဘုရားကြီးမှာလဲ ဘုရားဖူးတွေများအပြည့်ကို မိအေးတို့ကဘာလိုလို့လဲ အင်းမိအေးလဲမတွေး တတ်ပါဘူး။
ငေးငေးငိုင်ငိုင်နဲ့ မိအေးနားရွယ်တူကောင်မလေး နှစ်ယောက်လာနုတ်ဆက်တယ် တစ်ခါမှမတွေ့ဘူးဘူး ကိုကျော်ကြား
ညီမလားဆိုတဲ့ အမေးကို မိအေးခေါင်းငြိမ့် အဖြေပေးတယ်။
ရွယ်တူဆိုတော့ ခဏလေးရင်းနှီးမူ့ရကြ တော့တာပဲ မိအေးလဲတို့ဒီလိုပဲထိုင်နေရ မှာလားဘာမှမလုပ်ရဘူးလားလို့
မေးတယ်ဆိုရင် အဲဒီကောင်မလေးနှစ်ယောက်က လျှာတစ်လစ်ထုတ်ရင်း နင်မသိဘူးလားလမ်းကြောင်း ရှိလို့လာစောင့်နေပေးရ
တာလေတဲ့ လူကြီးတွေလာရင် တို့ကဘုရားဖူးတွေပေါ့ တစ်ချို့လူကြီးတွေက စောင်းတန်းတွေလျှောက်ကြည့်ရင် တို့ကရိုသေသမူ့
နဲ့ လက်အုပ်ချီပေးရမယ် အဆင်ပြေကြလား မေးခဲ့ရင် ပြေပါတယ် ဒါပဲပြောရတာလေ၊တစ်ခါတစ်လေ လာမယ်ဆိုပြီး မလာရင်
ထမင်းစားဘုရားဖူးပိုက်ဆံယူ ပြန်ယုံပဲ၊ ဒီတစ်နေရာထဲတော့ မဟုတ်ဘူး သူတို့ချပေးတဲ့နေရာ သွားရတာလို့ ရီရီမောမော ပြော
နေတဲ့ သူတို့ကိုငေးကြည့်ရင်း မိအေးရင်မှာ ဟာတာတာကြီး မိအေးတို့ဝင်ငွေနဲ့ ဘယ်လိုမှဝယ်မစားနိုင်တဲ့ ကြက်သားနဲ့ဒံပေါက်
မပင်မပမ်းရတဲ့ ငွေတစ်ထောင် ရွေတိဂုံဘုရားကြီးရဲ့ စိန်ဖူးတော်ကြီးကို လက်အုပ်ချီမော့ကြည့်ရင်း မိအေးမျက်ရည်တွေ အလိုလို
ကျလာတယ်။
ပျော်နေတဲ့ အပျော်တွေလဲရင် ထဲမှာပျောက်ဆုံးလို့ အမေမသိအောင် တိုးတိုးလေးရေရွတ်မိတယ်။ အတုမိအေး
ပြည်သူအတု ဘုရားဖူးအတု ဘုရားဖူးဘို့အဆင်ပြေလွန်းလို့ ဘုရားပေါ်မှာအေးချမ်းချမ်းလာထိုင် နေတာပါလို့ လူကြီးတွေကိုညာ
ရမှာတဲ့ မဟုတ်ဖူး မဟုတ်ဖူး မိအေးတို့သားအမိ သုံးယောက်စားစရာမရှိလို့ ပိုက်ဆံတစ်ထောင်ရမယ်ထမင်းကျွေး မယ်ဆိုလို့
လိုက်လာ ခဲ့တာမှားပြီ ဆိုတဲ့အသိက မိအေးရင်ကိုပူလောင်လာတယ်။
လိမ်စရာမရှိငါနဲ့ ရွေတိဂုံဘုရားကြီးပေါ်တက်ပြီး လိမ်ရတယ်လို့ ပုတီးတစ်ဂျောက်ဂျောက် နဲ့အာရုံပြုနေတဲ့ အမေကို
လှမ်းကြည့်ရင်း မိအေးအော်ဟစ်ငိုချင်လာတယ်။ဗိုက်ဝလို့ အပူအပင်ကင်းစွာရွယ်တူတွေနဲ့ ဆော့နေတဲ့ပေတူးလေး၊ မိအေးထိုင်နေ
တဲ့တန်စောင်းရှေ့ကနေဖြတ်လျှောက်သွားတဲ့ မိအေးနဲ့ရွယ်တူတွေ အပူအပင်ကင်းစွာနဲ့ သွားချင်ရာသွားနေတဲ့ ဘုရားဖူးပြည်သူတွေ
ကို မိအေးမျက်ဝန်းမှာ မူံ့ဝါးဝါးပဲတွေ့တော့တယ်။
မိအေးရဲ့အတွေးတွေကို အခုနကောင်မလေးနှစ်ယောက်အသံကလှန့်နိုးလိုက်တယ် မိအေးတို့ကံကောင်းတယ်ဟေ့ ဒီနေ့
အစောကြီးပြန်ရမှာ လမ်းကြောင်းပြောင်းသွားပြီတဲ့ ပျော်စရာကြီးဆိုတဲ့ အသံအောက်မှာ မိအေးတို့ဘုဖူးဟန်ဆောင်ထားတဲ့ အုပ်စု
လူပ်လူပ်ရွရွ ဖြစ်လာတယ်။ထမိန်ပြင် ၀တ်တဲ့သူဝတ် ရေဗူးထီးဘိနပ် ကောက်သိမ်းသူသိမ်း မိအေးအမေ့ကို တိုးတိုးလေးသွားပြော
တယ် အမေပြန်ကြရအောင် ဆိုတော့ အမေကပုတီးစိတ်တာ ရပ်ပြီးဦးချတယ်။
ကိုကျော်ကြားလဲ မတွေ့လမ်းစရိတ်လဲ မပါ မိအေးပထမဆုံးသတိရမိတာ ကိုချက်ကြီးကိုပဲ အားလုံးကသူခေါင်းဆောင်
နဲ့သူ အရီးအေးတင် မိအေးလို့ခေါ်သံကြား လို့လှည့်ကြည့်တော့ ကိုကျော်ကြား ပြန်လို့ရပြီ ဒီနေ့မလာဖြစ်တော့ဘူး ဆိုတဲ့အသံ
အောက်မှာမိအေးခေါင်းပေါ်က အထုပ်ကြီးလျောကြ သွားသလိုပေါ့ပါးသွားတယ်။
ကိုကျော်ကြားပေးတဲ့ ငွေသုံးထောင်ကိုယူပြီးတဲ့ နောက်မှာတော့ မိအေးတို့မပြန်သေးဘူး ဘုရားလှည့်ဖူးဦးမှာ ကို
ကျော်ကြားပြန်ရင်ပြန်လေ လို့မိအေးပြော တော့ သုံးယောက်စလုံးမိအေးကို တအံ့တသြကြည့်ကြတယ်။
ရတယ်လျောက်ကြည့်လေ ကိုကျော်ကြားအားပါတယ် ပြီးအတူပြန်ကြတာပေါ့ဆိုတဲ့ အသံအောက်မှာမိအေးနှစ်နှစ်
ခြိုက်ခြိုက်ပြုံးလိုက်ရင်း အားလုံးရဲ့ရှေ့ကနေ ဦးဆောင်ပြီးမိအေးထွက်ခဲ့တယ်။
လူတစ်ကိုယ်လုံးပေါ့ပါး ပြီးလွပ်လပ်တဲ့အရသာကအတော်ကိုကျေနပ်စရာကောင်းလွန်းတယ်၊အဆင်းလှေခါးတစ်ခုတွေ့တော့
မိအေးအားလုံးကို ဒီမှခဏစောင့်မိအေးပြန်တက်ခဲ့ မယ်လို့ပြောရင်း လှေခါးထစ်တွေတစ်လျောက် ပျော်ပျော်ကြီးကို
ပြေးဆင်းခဲ့တယ်။
ဝယ်ပါယူပါတစ်စာစာ အော်နေတဲ့ဈေးသည်တွေစီက
အမွေးတိုင်ဘုရားပန်း ဆီမီးတိုင် အောင်သပြေတွေဝယ် လှေခါးထစ်တွေတစ်လျှောက် မမောနိုင်အောင်ပြေးတက်လာ တဲ့ မိအေး
ကို ပေတူးကအမ အများကြီးပဲပိုက်ဆံတွေကုန်ပြီလား ဆိုတဲ့အမေးကို မပူနဲ့မောင်လေးလမ်းစရိတ်ချန်ထားတယ်လို့ပြောရင်း အမေ့ဘက်ကိုလှည့် ကိုကျော်ကြားရှေ့တင်ပဲ အမေနားလည်အောင် အမေ မိအေးတို့ကအခုဏအထိ ဘုရားဖူးအတုအမေ အခုအ
ချိန်ကစလို့ အမေရောသမီးရော မောင်လေးရော ပြည်သူအစစ် ဘုရားဖူးအစစ်ဖြစ်သွားပြီ အမေကြိုက်သလိုသွား ကြိုက်သလိုဖူး
ဘယ်သူက အမေ့ကိုမေးမေး အမေလိမ်ပြောစရာမလိုတော့ဘူး ရင်ထဲရှိတာပြောလို့ရပြီ၊အမေရင်ထဲက ကိုးကွယ်တဲ့သူလေးစားတဲ့
သူဘယ်သူ့ကို မဆို အမေလက်အုပ်ချီလို့ ရပြီ ဘယ်သူ့မှကြောက်ဖို့ မလိုတော့ဘူး ကိုကျော်ကြား မိအေးပြောတာ ဟုတ်တယ်နော်
လို့ စကားကိုအတည်ပြုတော့ မိအေးကိုကြည့်ရင်း အူကြောင်ကြောင်ခေါင်းငြိမ့် တယ်။
နားမလည်စွာယောင်နနဖြစ်နေတဲ့ ပေတူးလေးကို မောင်လေးရွေတိဂုံဘုရားကြီးကို လာရတာပျော်လားလို့ မေးတော့
ပျော်တယ်အမ နောက်လဲလာချင်တယ်လို့ဖြေတော့ မနက်ဖြန်ကိုကြီးချက်နဲ့ အလုပ်လိုက်လုပ်ရမယ် ပြီးရင်ပိုက်ဆံစုရမယ် ဘုရားဖူး
အစစ်ပြည်သူအစစ်တစ်ယောက် အဖြစ်သူများတွေနဲ့တန်းတူလာနိုင်ဘို့ တို့မောင်နှမတွေအများကြီးကျိုးစားရမယ် လို့ မိအေးပြောရင်း
ကိုကျော်ကြား မိအေးတို့အများကြီးကျေးဇူးတင်ပါတယ် ဒါပေမဲ့ မိအေး ပြည်သူအစစ်ပဲဖြစ်ချင်တယ်လို့ပြောတော့ ထုံပေပေမျက်နှာ
ပေးနဲ့ခေါင်းငြိမ့်ရင်း အရီးကျုပ်ပြန်နှင့်မယ်ဆိုပြီး ထွက်သွားလေရဲ့။

ညနေထမင်းစားဝိုင်းမှာတော့ အတွေးကိုစီနဲု့ငြိမ်သက်နေတယ် လမ်းထိပ်ခေါက်ဆွဲသုတ်ဆိုင်က ခေါက်ဆွဲသုတ်
နှစ်ပွဲကိုအကြွေးဝယ် ပန်းကန်ပြားထဲနယ်ဖတ်ပြီးထည့်ထားသလို ဟင်းခါးခွက်ကလဲအေးစက်စက် ကိုကြီးချက်ကခေါက်ဆွဲသုတ်ပန်း
ကန်ကိုကြည့်ရင်း မိအေးအဆင်မပြေဘူးလား ဆိုတဲ့ အမေးကို သားရေမိအေးကလဲနယ်နယ်ရရ မဟုတ်ဖူးကွဲ့ သခင်စိတ်ဓါတ်ပဲ
လို့ပြောတဲ့အမေ့ စကားသံအောက်မှာ သခင်ချက်ကြီးလက်နဲ့သခင်မိအေးလက် အေးစက်စက်ဟင်းခါးခွက်က ဇွန်းကိုပြိုင်တူ လက်စုံကိုင်မိတယ်ဆို သခင်စိတ်ဓါတ် ဆိုတာဘာလုပ်လုပ် အတူတူဖြစ်မယ်လို့ အရွန်းဖေါက်တဲ့ကိုကြီးချက်ကို အားလုံးကြည့်ရင်း
တစ်ဖက်ရပ်တဲလေးထဲက ရယ်မောသံတွေ ပေါ့ပါးစွာလွင့်ပျံ့လာတော့တယ်။

လေးစားစွာဖြင့်
မမ

Posted by mama :: 11:39 PM :: 5 Comments:

Post / Read Comments

---------------oOo---------------

Thursday, June 4, 2009

သခင်မျိုးဟေ့ ဒို့ဗမာ(သို့)သခင်ချက်ကြီး (အပိုင်း၂ )

အဲဗျာ အတွေးကလဲ တောင်ရောက်မြောက်ရောက် ခုနင်ကကျုပ်တွေးနေတာ ကျော်ကြီးအကြောင်းနော်။အင်း ဒီကောင်
အခုတစ်လော ဘာမဟုတ်တာလုပ်နေလဲ မသိလမ်းထဲမလဲ ဟိုလူမျက်နှာချိုသွေးဒီလူ့ မျက်နှာချိုသွေး နေတာတော့ တွေ့နေရဲ့ တစ်ရပ် တစ်ရွာလုံးကလဲ အူမချေးခါးသိနေတော့ ဒီကောင့်ကိုဘယ်သူမှ မယုံရဲဘူး။
လူတော့ခနထား ၀တ်စားဆင်ယှဉ်ပုံကတော့ ကျုပ်တို့လိုနှစ် ထည်တစ်ပိုင်း ရှိတဲ့သူတွေထဲမတော့ ဒီကောင်သုံးထည်လောက် ပိုလာတယ်ပြောရမှာပဲ။
မနက်လျှော်ညနေပြန်ဝတ်တဲ့ အဆင့်ကိုတော့ကျော်သွားတယ်ပြောရမှာပေါ့ နောက်ပြီး လမ်းထိပ်ကမုန့်ဟင်းခါး ရောင်းတဲ့ဒေါ်ညှက် ဆိုင်မှာမနက်တိုင်းထိုင် တာတွေ့လာရတယ်။
ဒီကောင်စားနိုင်လာတယ်ပေါ့ ဟိုနေ့ကလဲကျုပ်အလုပ်ပြန်လာချိန် လမ်းထိပ်က အညာသားသာလှကွမ်းရာဆိုင် မှာဒန်ပေါက်ထမင်း အလွန်တစ်ရာမှစားကောင်းကြောင်း ပြောနေတာကျုပ်ဖြတ်လာရင်း ကြားလိုက်သေးရဲ့။

တစ်နေ့နှစ်ထောင်ရဘို့ မသေချာတဲ့ပျံကျ လုပ်သမားတွေစုရာမှာ ဒီကောင်စွာကျယ် စွာကျယ် လုပ်နေတာကျုပ်စိတ် ထဲရှိတဲ့အတိုင်းပြော ရရင်သိပ်မဟုတ်တော့ဘူး။

အကြောင်းသိကျုပ်တို့ရွယ်တူ တွေကို ဒီကောင်မရောရဲပေမဲ့ နောက်ပေါက်နှစ်ဆယ်စွန်း ကာလသားတွေကို
တော့ဒီကောင်အလုပ် ပေးမယ်ဘာညာရွီးနေတယ်လို့ မိအေးမောင်ပေတူးကတော့ ပြောသား၊ အဲလေကျုပ်ကိုတောင် အခုနင်ကပြော
လိုက်သေးတာပဲ သက်တောင့်သက်သာ မပင်မပမ်း စားပြီးသောက်ပြီးနှစ်ထောင်ရမတဲ့၊ အင်းလေ ရိုးရိုးသားသား မခိုးမ၀ှက်သံသရာ
မပါတဲ့အလုပ်မျိုး ဆိုလို့ကတော့ ချက်ကြီးတို့ကလုပ်ပြီးသားပဲလေ။
ဒီကောင်ကိုအဖက်လုပ်စကား မပြောချင်ပေမဲ့ အမေရှေ့ရေး ကျုပ်ရှေ့ရေး ဖြတ်သန်းဘို့အတွက် ကမ္ဘာ့အဆင့်မှီပညာ (ခွိခွိ..မမရယ်သံချက်ကြီးအွန်လိုင်းမင်္ဂလာဆောင်ဖိတ်စာဖတ်ထားပုံရတယ်)ကျုပ်မတတ်ပေမဲ့ ကျုပ်မှာခွန်အားဗလနဲ့
ဝရိယအပြင် အမေပြောတဲ့ သခင်စိတ်ဓါတ် အပြည့်ရှိပါတယ်။
ပြောရင်းဆိုရင်း အန်တီလှတို့မြေကွက်ကို ရောက်ပြီကျုပ်ခွန်အားတွေ ကိုအသုံးချရင်း မြေပေါက်တဲ့အလုပ်
ကို မခိုမကပ်လုပ်ဦးမယ်ဗျာ အော်ချက်ကြီးလာပြီ လို့ အန်တီလှအော်လိုက်တဲ့ အသံက ကျုပ်စိတ်ထဲကို သခင်ချက်ကြီးလာပြီလို့
ကြားရင်း ချေလှမ်းတွေ မြောက်ကြွလာသလို ခွန်အားတွေတိုးပွါး လာလေရဲ့။
ပူပြင်းတဲ့နေရောင်အောင်မှာ အက်ကွဲနေတဲ့လယ်မြေ တွေကိုအန်တီလှတို့ ပေးတဲ့ပေါက်တူးနဲ့ ပေါက်ဘို့ပေါက်တူးကို စုံကိုင်ခေါင်းပေါ်ရောက်အောင်မြှောက်တင် လိုက်တယ်ဆိုရင်ပဲနေရောင် အောက်မှာကျုပ်ရဲ့ လက်မောင်း ကျောကုန်းတစ်လျှောက်က ကြွက်သားတွေ အဖုအထစ်နဲ့လက်လက်ထနေတော့တယ်။
ပေါက်တူးနဲ့ ပေါက်ပြီးသားတွေ ပေါက်ပြားနဲ့ တောင်းထဲကော် ထည့်နေတဲ့ချက်ကြီးအနား အန်တီလှလာရပ်ရင်း ချက်ကြီးအကူ တစ်ယောက်လောက်ရှာလာ ခဲ့ပါလား မြေသယ်ဘို့ ပေါ့ အလုပ်ပိုတွင်အောင်လေဆိုတဲ့ အသံဟာ ကျုပ်ရင်ထဲကို စိမ့်စမ်းရေ မျှစီးဝင်လာတယ် အန်တီလှ မိအေးနဲ့ပေတူး ကိုခေါ်လာခဲ့ရ မလား မိအေးလဲစက်ရုံပိတ်လို့ အလုပ်နားထားတယ် မြေသယ်တာလောက်တော့ သူတို့နှစ်ယောက်ခိုင်းလို့ ရလောက်ပါတယ် ဆိုတဲ့ချက်ကြီးအဖြေစကားကို အန်တီလှကကောင်းတယ် ကောင်းတယ် မနက်ဖြန်ခေါ်လာခဲ့ဆိုတဲ့ စကားသံဆုံးတော့ ချက်ကြီးလက်တွေ စည်းချက်ချချ ပေါက်တူးနဲ့မြေမာထိသံတွေရဲ့ အောက်မှာ မြေကြီးတွေက ဖွါကနဲ ဖွါကနဲ။

အလုပ်သိမ်းပြီးပြန်လာတဲ့ ချက်ကြီးခါတိုင်းနဲ့မတူ အောင်ကိုစိတ်ဓါတ်တွေ တက်ကြွလွန်းနေတယ် ဖြတ်ပြန်လာတဲ့ညနေဈေး ကနေငါးသလောက်ပေါင်းပြီးသားတွေ ဒန်အိုးကြီးနဲ့ရောင်းနေတာ တွေ့လို့ ငါးရာဘိုး၊ ဆန်မကောင်းမဆိုးတစ်ပြည်က ရှစ်ရာ၊ ကြိုထားပြီးသား ငါးပိရည်ကြိုနဲ့တို့စရာအစုံက သုံးရာဘိုး ၊ထမင်းအိုးတည်ဘို့ မီးသွေးက နှစ်ရာဘိုး၊ ထမင်းစားပြီး အချိုတဲဘို့ လ္ဘက်ရေချို ပါဆယ်တစ်ခွက် နှစ်ရာ့ငါးဆယ်၊ ထွန်းရွှေဝါ တစ်ဗူး ၊ပါရာစီတစ်မော့တစ်ကဒ်
ဝယ်ပြီးတယ်ဆို ချက်ကြီးရင်တွေ ပေါ့ပါးပျော်ရွင်လာတယ်။
လက်ထဲမှာကျန်တဲ့ ငွေသားသုံးရာကမပြည့်တစ်ပြည့် မပူပါဘူး မနက်ဖြန်ဆို မိအေးရောပေတူးရောအလုပ်ရပြီလေ လောလောဆယ် နှစ်အိမ်ထောင်စား ဘို့အတွက်မပူရတော့ ဘူးပေါ့။
ကျုပ်လမ်းထဲကို ၀င်လာတယ်ဆိုရင်ပဲ ဆော့နေရာကနေ ပေးတူးပြေးလာပြီးအထုတ် တွေကူဆွဲတယ် ကိုကြီး
အများကြီးဘာတွေ ၀ယ်လာလဲလို့ အမေးကို အိမ်ရောက်တော့သိမှာပေါ့ မိအေးတို့သားအမိကို လှမ်းအသံပြု လိုက်ရင်းတဲထဲခေါင်း ငုံ
ဝင်လိုက်တယ်ဆို သောက်ရေတစ်ခွက် ကမ်းပေးရင်း များလှချည့်သားကြီး ရဲ့ ဆိုတဲ့အမေ့ကို အားရပါးရပြုံးပြရင်း အမေစားဘို့ပေါ့
အမေရယ် ဆိုတဲ့အသံကိုအမေကျေနပ် သွားပုံရတယ်။
မိအေးနဲ့သူ့ အမေရောက်လာတော့ ဆန်ထုပ်နဲ့မီးသွေးထုပ်ကို လှမ်းပေးရင်းအားလုံးအတွက် ထမင်းချက်လိုက် ဟင်းက၀ယ်လာပြီးသား ကျက်ရင်အတူစားကြတာပေါ့ အရီးအချိုတဲဘို့လ္ဘက်ရည် လို့ကျုပ်ပြောရင်းရေလဲပိုင်းယူ
ရေချိုးဘို့ပြင်တော့တယ်။
မိအေးကထမင်းချက် အရီးနဲ့အမေက စားပွဲဝိုင်းမပါတဲ့ ထမင်းဝိုင်းကို ပြင်နေလေရဲ့ ရေချိုးပြီးပေတူးနဲ့ကျုပ် မိအေးတို့ထမင်းစား အခေါ်ကို စောင့်ရင်း ပေတူးအလုပ်လုပ် မလားလို့ကျုပ်မေးတော့ ကိုကြီးကျုပ်လုပ်ချင်တယ် အမေနဲ့အမ မှာပိုက်ဆံမရှိဘူး ဒီနေ့ကိုကြီးကျွေးလို့ ထမင်းစားရမှာဆိုတဲ့ ဆယ့်နှစ်နှစ် အရွယ်ပေတူးအသံက ကျုပ်နှလုံးသားတွေကို ခပ်ကြမ်းကြမ်း ပုတ်လိုက်သလိုပဲ။
သားရေစားကြမယ်လို့ အမေခေါ်သံအဆုံးတော့ပေတူးက ဂျွမ်းပစ်ပြီးမသွားယုံတစ်မယ် ဗျာ အငွေ့တစ်ထောင်း
ထောင်းထနေတဲ့ ထမင်းကိုအေးအောင်မစောင့်ပဲ အနားကမြေအင်တုံက လက်ဆေးရေးခွက်ထဲ လက်ကို ဘယ်ညာရမ်းခါလိုက်
ပြီးထမင်းပူပူ ထဲလက်နှစ်လိုက်ပြီးဗြုန်းကနဲလက် ပြန်နုတ်ရင်းအမပူတယ်ဗျာ့လို့ အော်တဲ့ပေတူးကို ကြည့်ပြီး အမေနဲ့အရီးက ပါးစပ်ထဲက ထမင်းသီးတဲ့အထိရယ်ကြတယ်။
မိအေးကတော့သူ့မောင်ငယ်လေး ကိုသနားကြင်နာတဲ့ အကြည့်နဲ့ငေးရင်း ထမင်းပုဂံ ဘယ်မှာ့မပြေးပါဘူးငါ့မောင်ရယ်လို့ မပွင့်တစ်ပွင့်ပြောတယ်။
ကျုပ်တို့ဝိုင်းထိုင်နေတဲ့ အလယ်မှာငါးပိရည် တို့စရာအစုံ ချထားရင်းထမင်းပေါ်မှာ ညီတူညီမျှပုံထားတဲ့ ငါးသလောက်တုံးကို ဖဲ့ရင်းအရီးကအရိုးစူးမယ် ကောင်လေးဖြေးဖြေးလို့ ပြောတော့ ကျုပ်တို့ရီကြပြန်တယ် မိအေးကအမေအရိုးနူး
အောင်ပေါင်းထားတာ ရဲရဲသာစားလို့ခပ်ပြုံးပြုံးပြောတယ်။
ထမင်းစားပြီးတဲ့ နောက်မှာတော့ကျုပ်ဝယ် လာတဲ့လ္ဘက်ရည်ချိုကို ရေနွေးဖြူရောပြီးမိအေးကတစ်ယောက်
တစ်ခွက်စီလာချပေးတယ် လက္ဘက်ရည်ချိုကို အစာပိတ်ကျိုက်ချလိုက်တဲ့ကျုပ် ကိုကြီးချက် မိအေးအလုပ်ရပြီတော့ ဆိုတဲ့အသံကကျုပ်ကို တအံ့တသြဖြစ်စေတာပဲ ဘယ်မှာရတာတုန်းဆိုတဲ့ ကျူပ်ရဲ့အလောတစ်ကြီးအမေးကို ကိုကျော်ကြားစီမှာ
လို့ ဖြေတဲ့ မိအေးကို ကိုကျော်ကြားလို့ ကျုပ်သံရောင်လိုက်ရင်း ဘယ်ကတုန်းဆိုတော့ ပေတူးကကိုကြီးကလဲ ကိုကျော်ကြီးကို
ပြောတာ လို့ ၀င်ဖြေတာကြောင့် ကျုပ်တစ်ကိုယ်လုံး မတ်ခနဲတစ်ချက်ဖြစ်သွားရင်း လူမိုက်ကျော်ကြီး ကျုပ်မေ့နေတဲ့ ဒီကောင်နံမည် အဟုတ်ပဲ ကျော်ကြား ငယ်ငယ်ကအတန်းပိုင် ဆရာမ မကြာခဏ ပြောဘူးတယ် နင့်မလဲမကောင်းတဲ့နေရာ ကျော်ကြားလှချည့်ရဲ့ နင့်အမေကို နံမည်ပြောင်းခိုင်းရမယ်လို့လေ

ဆက်ရန်

Posted by mama :: 5:07 PM :: 15 Comments:

Post / Read Comments

---------------oOo---------------