မမ

Tuesday, June 30, 2009

ရိုးရိုးသားသား ကြိုးကြိုးစားစား


မိုးလွတ်အောင်ခပ်သုတ်သုတ် လှမ်းလာတဲ့ခြေလှမ်းတွေ အားလုံးယိုင်နဲ့နဲ့ဖြစ်နေပြီ။
အရဟံဂုဏ်တော်ကို ပွားများရင်း မိုးလွတ်မှာပါလို့စိတ်ဖြေလိုက်တယ်။
အင်းအားမဲ့ လှမ်းလာတဲ့ခြေထောက် တွေကိုရှေ့ဆက် သယ်နိုင်ပါဦးမလား ဆိုတဲ့
အတွေးကိုဖယ်ထုတ်ရင်းကပဲ အရာအားလုံး သဲသဲကွဲကွဲမမြင်နိုင်တော့တဲ့
မျက်လုံးအစုံကငါးနှစ်နီးပါး လျောက်နေကြဒီလမ်းလေးကို အလွတ်ရနေပြီ။
မှောင်နဲ့မည်းမည်းစမ်းတစ်ဝါးဝါး လျောက်ရင်းတစ်ညတာအိပ်စက် အနားယူဘို့ ယိုင်နဲ့နဲ့ တဲလေးရှိရာရောက်လုပြီ။
တဲလေးထဲရောက်တယ်ဆိုရင်ပဲ “အဘိုးကြီးနောက်ကျလှချည်လားလို့” အသံပြုတဲ့ဘေးတဲက
ဆိုက်ကားသမားမောင်ဝင်းရဲ့လျှာလေးအာလေးအသံကပဲ ငါဒီပတ်ဝန်းကျင်လေးကို
အန္တာရယ်ကင်းစွာပြန်ရောက်လာပြီလို့သက်ပြင်းချလိုက်ရင်း “ကားမတိုးနိုင်လို့နောက်ကျတယ်ကွာလို့” ပြန်အသံပြုလိုက်တယ်။
နွမ်းဖတ်နေတဲ့အရောင်မပေါ်ချူပ်ရိုးတွေပြုတ်နေတဲ့တိုက်ပုံအကျီထဲကမီးခြစ်ကိုထုတ်ခြစ်တယ်။
ဘုရားကားချပ်နားလေးမှာတင်ထားတဲ့ ၀ါဆိုဖရောင်းတိုင်ကို လက်လှမ်းမီးကူးလိုက်
တယ်ဆိုရင်ပဲ တဲလေးထဲမှာလင်းထိန်သွားတော့တယ်။
အရေးအကြောင်းတွေမြောက်မြားစွာနဲ့ အရောင်မွဲမျက်လုံးတွေကို ပိုင်ဆိုင်ပြီး
တခေါင်းလုံးဖွေးဖွေးဖြူနေတဲ့အဘိုးအိုဟာ၊
သူ့ခေါင်းမှာတစ်နေကုန်မျက်နှာတစ်ဝက်အုပ်အောင် ပေါင်းထားတဲ့ မျက်နှာသုတ်ပုဝါနဲ့ မျက်နှာတစ်ခုလုံးကိုပွတ်တိုက်သန့်စင်လိုက်ရင်း
နောက်ဆုံးအကြိမ်အဖြစ် သူနှစ်သက်တဲ့ဗမာဆေးနဲ့ကွမ်းတစ်ယာကို ပါးစောင်ထဲမှာငုံလိုက်တယ်။
ရွေတိဂုံစောင်းတန်းက ဘုရားပန်းချီကားတွေရောင်းတဲ့ ခလေးမလေးလှူထားတဲ့
မြတ်စွာဘုရားပုံတော်ကိုဦးသုံးကြိမ်ချရင်း၊တတ်နိုင်သလောက် တရားဘ၀နာတွေပွါးများရင်း ငြိမ်သက်တိတ်ဆိတ်လာတာနဲအမျှအတွေးတွေရဲ့ခေါ်ဆောင်ရာကို တငြိမ့်ငြိမ့်လိုက်ပါသွားပြန်
တော့တယ်။

ငယ်စဉ်ကထဲကအဖေတိမ်းပါးသွားတဲ့သူ့ကို အမေကအချစ်ပိုခဲ့တယ်။
အရာရာဦးစားပေးသလို ပညာရေးကိုအထူးပဲအားပေးရုန်းကန်ရင်း
ရှာဖွေလို့ရသမျှသူ့ပညာရေးမှာ မျက်နှာမငယ်ရအောင်စီစဉ်ပေးတဲ့ အမေကျေးဇူးကို
အသိအမှတ်ပြုကျေးဇူးဆပ်တဲ့ အနေနဲ့သူစာကြိုးစားခဲ့တယ်။အရာရာမျက်နှာငယ်ခဲ့ရတဲ့
အမေဟာ သူ့ကြောင့်တော့လူပုံ အလည်မှာဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်ခဲ့ပါတယ်။
သားရယ်ပညာတတ်ကြီး ဖြစ်အောင်လုပ်စမ်းပါ ငါ့သားကိုအားလုံးကတရိုတသေ
လေးလေးစားစား နဲ့ဆရာလို့ခေါ်တာအမေကြားချင်လွန်းလို့ပါလို့ တစ်ဖွဖွပြောတဲ့
အမေစကားသံတွေဒီနေ့အထိ နားထဲမှာလျှံနေတုန်းပါ။
သူဆယ်တန်းအောင်တဲ့ နေ့က ဧရာဝတီမြစ်ဝကျွန်းပေါ်မြို့ကလေးရဲ့ သူတို့နေထိုင်ရာ
ရပ်ကွက်လေးထဲမှာ အမေဟာ သနပ်ခါးတွေဖွေးအောင်လိမ်း ခြံစပ်ဇီဇ၀ါပန်းခြုံကနေ
ဖြူလွှတဲ့ဇီဇ၀ါပွင့်ကြီး သုံးပွင့်ကိုဆင့်ပန်လို့ ခေါက်တုန့်ခေါက် ပြန်လျှောက်နေတာများ
တွေ့သမျှလူရဲ့“ အကြီးမြသားအောင်တယ်ဆို ”နှုတ်ဆက်လိုက်တာနဲ့ အောင်တာပေါ့တော်
ဂုဏ်ထူးတောင် တစ်ခုပါသေးလို့ပြုံးပြုံးကြီးဖြေလေရဲ့။
အဲလိုနဲ့အမေသဘောကျမဲ့ ကျောင်းဆရာလောကကို လျောက်လှမ်းရင်သူတို့မြို့က
အလယ်တန်းကျောင်းလေးမှာ အမေမြင်ချင်လွန်းတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်လာခဲ့တော့တယ်။
ရိုးသားကြိုးစားပြီး ပီတိကိုယ်သာစားတဲ့ကျောင်းဆရာဘ၀ဟာ တစ်ရပ်ကွက်လုံးက
ဆရာလို့ခေါ်လာတာရယ် ညနေအိမ်မှာ စာလာမေးတဲ့ခလေးတွေနဲ့ ဆူညံလာတာကလွဲလို့
ထူးခြားပြီးကြီးကျယ်ခမ်းနား မလာခဲ့ပါဘူး။
အလယ်တန်းပြကျောင်းဆရာ ရဲ့အမေဆိုတဲ့ဂုဏ်ကို ပိုင်ဆိုင်ခဲ့ရတဲ့အမေကတော့
ဈေးသည်ဘ၀ကိုစွန့်လိုက်ရတဲ့အတွက် ဟိုးအရင်သူကျောင်းသားဘ၀ ကထက်တောင်မှ
အသုံးအစွဲကိုပိုချွေတာခဲ့ကြရတယ်။
သူလဲမိုးလင်းလာရင် အမေမီးပူတိုက်ပေးတဲ့ ပင်နီတိုက်ပုံနဲ့ကျောင်းဝတ်စုံ အဖြူအစိမ်းကိုကော့နေအောင် ၀တ်
အမေထဲ့ပေးတဲ့ထမင်းဂျိုင့် ထီးရေဗူးအိတ်ကိုလက်ကစွဲလို့ အမေသဘောကျတဲ့
ကျောင်းဆရာဘ၀မှာကျင်လည်ရင်းနဲ့
သူအသက်လေးဆယ့်ငါးနှစ်မှာတော့ အမေ့ကျန်းမာရေးကအတော့်ကိုချုချာ လာတော့တယ်
တက်လာတဲ့ကုန်ဈေးနူံးနဲ့ သားအမိနှစ်ယောက်စားစရိတ် အမေ့ဆေးဘိုး ကိုအနိုင်နိုင်ကျားကန်ထားရင် ကပဲအမေ့ဆေးဘိုးအတွက်အဖေရှာ ဖွေထားခဲ့တဲ့ကိုယ်ပိုင်အိမ်လေးကို ရောင်းပြီးဆေးကုဘို့ သူဆုံးဖြတ်ခဲ့ရတယ်။

သူ့ကိုနောက်ဆံတင်းမဲ့ အမေမသိအောင်ပဲ သူထက်ကျောထောက်နောက်ခံ တောင့်တင်းတဲ့ကျောင်းဆရာတ
ယောက်က၀ယ်ယူပြီး သူ့နဲ့အမေကိုအိမ်ငှါးအဖြစ်ဆက်နေစေခဲ့တယ်။
အမေ့အတွက်ဆေးဘိုးကုန်ကျစရိတ်ကို အိမ်ရောင်း
ရငွေအားလုံးနဲ့ အမေအသက်ကိုလုပေမဲ့ မီးစာကုန်ဆီခမ်းနေပြီ ဖြစ်တဲ့အမေက သူ့ကိုစိတ်ချလက်ချလူ့လောကထဲမှာ
တစ်ယောက်ထဲထားခဲ့တော့တယ်။
အမေဆုံးပြီးတဲ့နောက်မှာတော့ သူဟာဘုရားတရားဘက်ကို ပိုအလေးပေးလာတော့တယ်။
သူငယ်ချင်းကျောင်း
ဆရာလက်ထဲကို သူအိမ်လေးအပ်တဲ့နေ့မှာတော့ သူ့ရင်ထဲမှာဟာလာဟင်းလင်း ဖြစ်သွားတာတော့ သူဝန်ခံရလိမ့်မယ်။

ကျောင်းဝန်းထဲမှာပဲ ကျောင်းစောင့်မိသားစုနဲ့ သူအတူနေခဲ့တယ်။
ဖြစ်သလိုနေဖြစ်သလိုစား မလောက်ငှတဲ့လစာလေးနဲ့
ပဲရောင့်ရဲစိတ်ကိုမွေးလို့ သိက္ခာသမာဓိနဲ့ပြည့်စုံတဲ့ ကျောင်းဆရာအိုအိုကြီးဘ၀ ကိုသူရောက်လာခဲ့တော့တယ်။

ဒီနေ့သူ့လိုအသက်ခြောက်ဆယ်ပြည့်တဲ့ ဆရာအိုတွေအားလုံးအငြိမ်းစားယူ နှုတ်ဆက်ပွဲနေ့ပေါ့။အမေဆုံးပြီးကထဲ
ကမီးပူတိုက်ဖို့သတိမရတော့တဲ့ သူကဆရာကန်တော့ပွဲနေ့က ရထားတဲ့ပုဆိုးအသစ်အင်္ကျီအသစ်ကို ကျောင်းစောင့်မိသား
စုကိုမီးပူတိုက်ခိုင်းလိုက်တယ် ဖြူဖွေးနေတဲ့သူခေါင်းကဆံပင်တွေကို အုန်းဆီနဲ့သေသေသပ်သပ်ဖြီးရင်း အရေးအကြောင်း
တွေများစွာနဲ့ အိုမင်းနေတဲ့သူရုပ်သွင်ကိုတစ်ခါမှ မမြင်ဘူးတဲ့သူတစ်ယောက်လို ငေးကြည့်ရင်း ကျောင်းဆရာဘ၀ကသူဒီ
နေ့သေဆုံးရတော့မယ်လို့ တွေးလိုက်မိတယ်ဆို အမေ့ကိုမြင်ရောင်ရင်းပြုံးလိုက်မိတယ်။
ကျောင်းကပေးတဲ့ ပင်စင်စာအုပ်လေးရယ် ကျောင်းသားတွေဆရာဆရာမအသစ်တွေ စုပေါင်းကန်တော့တဲ့ ငွေသား
ကိုလက်ကကိုင်ရင်း ကျောင်းထိပ်ကစိန်ပန်းပင်ကြီးအောက်က ခုံတန်းမှာငြိမ်သက်နေတဲ့သူ့အနားကို လာရပ်တဲ့လူရိပ်ကြောင့်
သူ့မော့ကြည့်လိုက်တယ်ဆို အဖြူအမည်းမသဲကွဲတော့တဲ့ သူမျက်ဝန်းတွေကမိန်ဖျော့နေတော့တယ်။
သူ့ခြေရင်းမှာပြားပြားဝပ် ဦးချနေတာသူ့တပည့်တစ်ယောက်ပဲ ဆိုတဲ့အသိထက် သူအမြင်တွေကမပိုတော့ပါဘူး
“ဆရာကြီးကျနော် မောင်စိုးမြင့်ပါလို့”နှုတ်ဆက်တဲ့အသံ နားကသဲ့သဲ့ကြားပေမဲ့ သူမှတ်ဥဏ်တွေထဲက စိုးမြင့်တွေအများကြီးကို
မကွဲပြားနိုင်ဘူး သူပြောနေကြအတိုင်းရိုးရိုးသားသားကြိုးစားကြ ဆိုတဲ့စကားကို ပြောအံစဲစဲနှုတ်ခမ်းတွေကို စေ့ပိတ်
လိုက်ရင်း“ ဘယ်မှာနေတုန်း ဘာလုပ်တုန်း”လို့သူ့အမေးကို “အင်ဂျင်နီယာလုပ်ပါတယ် ရန်ကုန်မှာပါလို့ ”ပြန်ဖြေတဲ့အသံက
သူ့ရင်ကို ပိတိလိုင်းတွေရိုက်ခတ်လာပြန်တယ်။

“ အော် အလည်လားသလားလို့” သူ့အမေးကို “ဆရာကန်တော့ပွဲ အမှီလာတာပါလမ်းမှာကားပျက်လို့အခုမှရောက်တာ”ဆို
တဲ့အဖြေက အခုနပီတိပေါ် ပီတိထပ်ဆင့်လိုက်သလို သူ့ရင်မှာကျေနပ်အားရဖြစ်သွားတော့တယ်။
ဆက်ပြောလာတဲ့မောင်စိုးမြင့်
ရဲ့စကားသံကတော့ လောလောဆယ်နေစရာမဲ့နေတဲ့ သူ့ရဲ့အဖြစ်တွေအားလုံးကိုမေ့လို့ ကြက်သီးဖြန်းဖြန်းထအောင် ပိတိဖြစ်ရ
တော့တယ်။ပင်စင်ယူပြီးချို့ တဲ့နွမ်းပါးတဲ့ဆရာဆရာမကြီးတွေကို ရွေတိဂုံဘုရားကြီးဖူးဘို့ သူစရိတ်ခံခေါ်သွားမတဲ့ “သာဓု
သာဓု သာဓု” လို့သုံးကြိမ်တိတိ ၀မ်းမြောက်ဝမ်းသာသူခေါ်လိုက်တော့ “ဆရာကြီးလိုက်မယ်မဟုတ်လားလို့” ၀မ်းသာအားရမေးရှာတယ်။
“လိုက်ချင်တာပေါ့ကွာ ဒါပေမဲ့ဆရာမျက်လုံးကရေတိမ်ကအတော်အခြေအနေဆိုးနေလို့ ဆရာလိုက်ရင်မင်းတို့အလုပ်ပိုရှာမယ်”
လို့သူ့အပြောကို “မပိုဘူးဆရာကြီးကျနော်တို့အားလုံးတာဝန်ယူမှာပါလို့” ပြောရှာတယ်။
ကျောင်းဝန်းလေးထဲက ဒီအခန်းလေးက သူထွက်ပေးရတော့မယ် ဘာမှမယ်မယ်ရရမရှိတဲ့ သူပိုင်ပစ္စည်း
တွေသိမ်းနေတဲ့ ခဏမှာတော့သူ့ရင်မှာ ၀မ်းနည်းအားငယ်လာတယ် တရားသဘောကိုရူ့ မှတ်ရင်းပဲ အမေကိုသူတမ်းတ
မိလိုက်တယ်။
အမြင်အာရုံတွေ မရှိတော့တဲ့သူ အရာရာချို့ တဲ့လွန်းတဲ့သူ့ဘ၀ကို မသေခင်အထိဘယ်လိုရှေ့ဆက်ရမှာလဲလို့
သူတစ်ခါမှမတွေးခဲ့သလို တွေးစရာအကြောင်းအရာလဲသူ့မှာ မရှိခဲ့ဘူး အခုတော့ရွေတိဂုံဘုရားကြီးကို ဖူးဘို့သူ့မှာဖြစ်လာပြီ
သူကိုယ်နဲ့မကွာအမြဲဆောင်ထားတဲ့နေ့စဉ်မှတ်တမ်းစာအုပ်ထဲက အမေ့ဆွေမျိုးတွေလိပ်စာ သူသွားဘို့စဉ်းစားတိုင်း မဖြစ်နိုင်ဘူးလို့ နိဂုံးချုပ်ခဲ့ရတဲ့သူ အခုရောက်ရတော့မယ်။
အိပ်ဆွဲပြီးဒီနေရာကနေ ဘယ်စီကိုသွားရမှန်းမသိတဲ့ အဖြစ်ကနေကျောင်းရှေ့ခုံတန်းလေးမှာ အထုပ်လေးဘေးချ
လို့ရန်ကုန်ဘုရားဖူးခေါ်သွားမဲ့ကားကို ထိုင်စောင့်နေရင်းက အမေနဲ့တကွဇာတိမြေကို တိုးတိုးတိတ်တိတ် သူ အပြီးတိုင်နှုတ်ဆက်
လိုက်တော့တယ် သူ့ရဲ့ချို့တဲ့လွန်းတဲ့သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ကျောင်းဆရာဘ၀ကိုရောပေါ့။
သူတို့ပင်စင်စား အဘိုးအိုအဘွားအိုတွေကို ရွေတိဂုံဘုရားကြီး သံလျင်ရေလယ်ကျောက်တန်း ပဲခူးဘုရား
ဖူးအစုံ လိုက်ပို့ပြီးတဲ့နောက်မှာတော့အားလုံး ဌာနေကို ပြန်ဘို့အသီးသီးအထုပ်ပြင်ကြတယ်ဆို သူအတွက်အားလုံးက၀ိုင်းစဉ်း
စားပေးကြတယ်။
သူဆုံးဖြတ်ချက်ချထားတဲ့ အတိုင်းသူ့မောင်နှမ၀မ်းကွဲတွေရှိရာ ပို့ပေးဘို့သူ့နေ့စဉ်မှတ်တမ်းစာအုပ်ထဲက လိပ်
စာကိုထုတ်ပေးလိုက်တယ်ဆိုရင်ပဲ မောင်စိုးမြင့်က လိပ်စာရှိရာသူအရင်သွားစုံစမ်းမယ် ဆိုထွက်သွားလေရဲ့ ဒီလိုနဲ့ပဲ အားလုံး
အသီးသီးမိသားစုရှိရာ ပြန်သွားတဲ့အချိန်မှာတော့ သူဆွေမျိုးတွေရှိရာ ရန်ကုန်မြို့သစ်တခုရဲ့ဆင်ခြေဖုံး ဒီရပ်ကွက်လေးထဲကို
လူမသိသူမသိရောက်လာခဲ့တော့တယ်။
သူကြီးပြင်းခဲ့ရာ သူကျင်လည်ခဲ့ရာပတ်ဝန်းကျင် နဲ့လားလားမှမဆိုင်မပတ်သတ် တဲ့ ဒီပတ်ဝန်းကျင်မှာဘဝ
မျိုးစုံဆင်းရဲမူ့မျိုးစုံ ကိုရင်ဆိုင်ရင်းတစ်နေ့မှာတော့ မသေထမင်းစားချိန်ရောက်တိုင်း ဟိုအကန်းအတွက်လို့ အော်ဟစ်ကျွေး မွေးတတ်တဲ့ သူညီဝမ်းကွဲမိန်းမအသံက သူ့နားစည်ကိုရိုက်ခတ်နေကြပေါ့ အဲဒီအသံရဲ့လွတ်မြောက်ရာကို သွားဘို့ သူတဲနားကတစ်ဆယ့်သုံးနှစ်အရွယ် လူငယ်လေးတစ်ယောက်ကို အဖေါ်
ပြုရင်းရွှေတိဂုံဘုရားကြီးအပေါ် ကိုဒုတိယအကြိမ်ပြန်ရောက်တဲ့အချိန်မှာတော့ သူဟာမထင်မှတ်ထားတဲ့ ဘ၀တစ်ခုကို မမျှော်
လင့်ပဲပိုင်ဆိုင်ခဲ့ရတော့တာ ဒီနေ့အထိပါပဲ။
တောင်ဝှေးတစ်ရမ်းရမ်းနဲ့ ဆယ့်သုံးနှစ်အရွယ်နွမ်းဖတ်နေတဲ့ လူငယ်လေးတစ်ယောက်နဲ့ စောင်းတန်းတစ်ခုမှာ
ထိုင်အမောဖြေနေတဲ့ ဘယ်လိုမှလူမွေးလူရောင် မပြောင်တော့တဲ့သူ့ရဲ့ရှေ့ကို ဘုရားဖူးပြည်သူတွေက အလှူငွေတွေ
စွန့်ကြဲကြသတဲ့ လူငယ်လေးက၀မ်းသာအားရ အဘရှေ့မှာပိုက်ဆံတွေ ပိုက်ဆံတွေပစ်ချသွားကြတာလို့ အော်သံကြား
တဲ့အချိန်မှာတော့ သူ့တစ်ကိုယ်လုံးကြက်သီး တစ်ဖြန်းဖြန်းထအောင်တုန်လူပ်ရင်း ပါးပြင်တစ်လျောက်မျက်ရည်ပူတွေ
စီးကျလာတော့တယ် ရွှေးစရာလမ်းမရှိတော့တဲ့သူ နောက်နေ့တွေမှာလဲ နွမ်းဖတ်ဖတ်အ၀တ် အစားတွေနဲ့မျက်နှာသုတ်
ပုဝါကို မျက်နှာအုပ်လုအောင်ပေါင်းရင်း ဒီလမ်းကိုပဲရွေးခဲ့တာ ငါးနှစ်ကာလမှာဒီနေ့ နောက်ဆုံးဖြစ်မယ်ထင်ပါတယ်။
နေ့လည်ကအဖြစ်ကို ပြန်တွေးရင်းသူရင်ကိုကြေကွဲနာကျင် စေတယ် ဘယ်သူမှမမှတ်မိတော့အောင် စုတ်ပြတ်
နုံချာနေတဲ့သူ့လက်ကို နွေးထွေးနူးညံ့လွန်းတဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ လက်အစုံနဲ့ လူပ်ယမ်းရင် ရိုက်သံမပီမသနဲ့
အထိတ်တလန့် “ဆရာကြီး” “ဆရာကြီး” “ဆရာကြီး” “ဟုတ်ပါတယ်နော်” ဆိုတဲ့အသံက သူ့ရင်တခုလုံးကိုပေါက်
ကွဲလွင့်စင်သွားတော့တယ်။
လူငယ်လေးရဲ့သူနေတဲ့ လိပ်စာရေးပေးနေတဲ့အသံ မိန်းမပျိုလေးရဲ့ “မနက်ဖြန်အိမ်မှာပဲစောင့် အမလာမယ်
ဘယ်မှမထွက်နဲ့ အမဧည့်သည်တွေပါနေတယ်ကားငှါးပြီး အိမ်ကိုပြန်ပါ ဆရာကြီးမျက်လုံး ကလုံးဝကွယ်နေပြီလား နား
ရောမကြားတော့ဘူးလား” ဆိုတဲ့အသံတွေရဲ့အောက်မှာပဲ သူ့ရဲ့ဒုတိယဘ၀သေဆုံးသွားတော့တယ်။
လမ်းထိပ်မှာ လူငယ်လေးနဲ့လမ်းခွဲပြီးတဲ့နောက် သူငှါးရမ်းနေထိုင်တဲ့ဒီတဲလေးကို အင်အားမဲ့ခြေလှမ်း တွေ
နဲ့ သူပြန်ရောက်လာခဲ့တယ်။
သူအတွေးတွေ နဲ့မျောလွင့်နေရင်း ထွန်းညှိထား တဲ့ဖယောင်းတိုင်က တစ်ဖြေးဖြေး အရောင်
တွေဖျော့တော့လာတယ် သူနှလုံးခုံသံတွေ ပြင်းထန်လာတယ် ဇီဇ၀ါပန်းတွေဝေ နေအောင်ပန်ထားတဲ့ အမေကပြုံး လို့ သူ
အမေ လို့ တိုးတိုးလေးခေါ်ရင်း လေဟာနယ်ထဲကို ရောက်သွားတယ်။
သူငှါးနေတဲ့ ဒီတဲလေးထဲမှာ သူပိုင်ဆိုင်တဲ့
မြတ်စွာဘုရားပုံတော် သောက်ရေအိုးတစ်လုံး ထမင်းစားပုဂံပြားတစ်ချပ် ဇွန်းတစ်ချောင်း ဖျာတစ်ချပ် ခေါင်းအုံးတစ်လုံး
ဒီနေ့ရလာတဲ့ အလှူငွေ အားလုံးကိုထားခဲ့ ရင်း သူရဲ့ဖျာစုတ်လေးပေါ်မှာ ငြိမ်သက်တိတ်ဆိတ်စွာ....။

စာဖတ်သူအားလုံးကိုလေးစားစွာဖြင့်
မမ

Posted by Anonymous :: 10:40 AM :: 10 Comments:

Post / Read Comments

---------------oOo---------------