မမ

Monday, March 9, 2009

သရဲခြောက်သည်ဆိုသော မမတို့အိမ်ကြီး(၃)

ပုံကိုဒီနေရာမှယူပါသည်...။

မလတ်ရဲ့လက်ရာ စားပွဲပေါ်က ဟင်းပွဲတွေကိုကြည့်ရင်း ကျမက ထမင်းစားပြီးရင် အားလုံးကို အိမ်မှာရှိတဲ့ လူတွေနဲ့ မိတ်ဆက်ပေးရမယ်လို့ ကျမကပြော တော့...
အော်.... ငါတို့က မသိဘူးဆိုတော့ နင်က တခမ်းတနား မိတ်ဆက်ပေါ့လို့ တို့စရာပန်းကန်က သရက်သီးစိတ်ကို ကိုက်ရင်း ဂျယ်နီကပြောတယ်..............။
မလတ်ချက်ထားတာ ၀က်သားနီချက် ငါးခူကို ရဲယိုရွက်နဲ့ဆီပျံ ပုဇွန်ဆီနဲ့ သီးမွေးငှက်ပျောသီး ဗူးသီးဟင်းခါး သရက်သီးသုတ် ငါးပိရည် တို့စရာအစုံ...........။
ထမင်းကို ပလုပ်ပလောင်း စားနေတဲ့ဂျယ်နီကို .... တို့တတွေ အပေါ်ထပ်မှာ အိပ်ကြမယ်ဟေ့ လို့ ကျမကပြောတော့ ကောင်းတယ် တဲ့.........။
ဒေါ်ကြီးကို အိပ်ယာပြင်ခိုင်းပြီး ..... အပေါ်ကအခန်းထဲမှာပဲအိပ်မယ် ... ။ ည အောက်မဆင်းတော့ဘူးလို့  ကျမကပြောတော့ မကြီးက..... လျှာရှည်ပြန်ပြီ တဲ့ ............။
ကျမကဆက်ပြီး.... နင်တို့ ကြောက်တတ်လား ဆိုတော့ မကြောက်ပါဘူးတဲ့.......... ။ အိုကေ ..... ညအိပ်နေလို့ အရပ်မြင့်မြင့် အသားဖြူဖြူ ဥပဓိရုပ် ကောင်းကောင်း အသက်ခုနှစ်ဆယ် အဖိုးကြီးတစ်ယောက် တွေ့ရင် ပြေးသာနှုတ်ဆက်..... အဲဒါတို့ အဖိုးပဲ...လို့ပြောလိုက်တယ်.. ။
နောက်ပြီး ဆံပင်ကြောလယ်လောက် ကုလားဆင်ချောချောလေး သုံးဆယ့်ရှစ်နှစ်လောက်က တို့ရဲ့အန်တီငယ်ပဲ...ဆိုတာရောထည့်ပြောတယ်။
ဆံပင်ရှည်ရှည် လေးဆယ်လောက်က တို့အဒေါ်လတ် .... တန်းသာနှုတ်ဆက် မကြောက်နဲ့ ..... ဆိုတာရော။
ခပ်၀၀ ငါးဆယ်ကျော်က တို့ရဲ့ အန်တီကြီးပဲ အရမ်းသဘောကောင်းတာ ၊ ကြုံရင်မုန့်ဖိုးပါပေးသွားမှာလို့ ကျမကအရှိန်နဲ့ ပြောနေပေမဲ့ ၊ ထမင်းဆက်မစားနိုင်အောင် ထိပ်လန့်နေတဲ့ မျက်နှာတွေနဲ့  မမ... ဘာတွေလဲဟာလို့.... မေးရင်း အားလုံးက ကျမကို စားလက်စတွေရပ်ပြီးကြည့်တယ်......။
အာ..... ဒီမှာဘာမှတောင် မပြောရသေးဘူး.... ကြောက်နေကြလို့ ဆက်ပြောသင့်မပြောသင့်လေ အဲဒါစဉ်းစားနေတာဆိုတော့....... ။
အားလုံးနောက်ဖေးမှာ ကျမတို့ ညီအမလေးယောက် မလတ်သူငယ်ချင်းသုံးယောက် ကျမသူငယ်ချင်းဂျယ်နီ နဲ့ သူ့ပေါင်းဖေါ်ပေါင်းဖက် နောက်တစ်ယောက် ပေါင်းကိုးယောက်... ။ အနားမှာ ဒေါ်ကြီးက တစ်ပူးတွဲတွဲဆိုတော့ ဆယ်ယောက်ပေါ့........။
ကျန်တဲ့သူတွေက စိတ်ဝင်စားရုံ ကျမ ကြပ်နေတယ်လို့ ထင်တဲ့အဆင့်ပါပဲ ၊ အံ့သြဖို့ ကောင်းအောင် မထင်ထားတဲ့ ဂျယ်နီကတော့၊ ဘောင်းဘီတိုလေးနဲ့ ထိုင်ခုံပေါ်မှာဆောင့်ကြောင့် တက်ထိုင်ရင်း ။ ဖြူဖွေးနေတဲ့သူ့ရဲ့ ဒူးနှစ်လုံးပေါ် မေးတင်ရင်း တုန်တုန်ရီရီ ဖြစ်နေလေရဲ့.......။
ကျမက ဒေါ်ကြီးနယ်ပေးထားတဲ့ ပုဇွန်ဆီ နဲ့ ထမင်းကို တစ်လုပ်စားလိုက် သီးမွေးငှက်ပျောသီးကို တစ်ကိုက်ကိုက်လိုက်နဲ့ အကြံထုတ်နေ တယ်...... ။ဗူးသီးဟင်းခါးကို လက်လှမ်းနေတဲ့ ကျမ ဂျယ်နီက ငါပြန်မယ်ဟာဆိုတော့ .... ။ နင်ဘာဖြစ်တာလဲ နောက်နေတာကို တို့အဒေါ်က သူတော်ကောင်းတွေ အကုန်နတ်ပြည်ရောက်နေပြီ.... ။ မယုံရင် မကြီးမေးကြည့် .... သရဲဆိုလို့ ဒီအိမ်မှာ လက်ရှိလေးယောက် ပဲရှိတာဆိုတော့...။
အဖိုးနဲ့ အဒေါ်သုံးယောက် ဟီး..... မှားလို့ .... တို့ညီအမလေးယောက်လေ..... အကိုတွေက သရဲလေးကောင်လို့ ခေါ်တာပဲလို့.... ကျမကလျှော့ပြောတော့မှ ထမင်းဝိုင်းကတစ်ယောက် တစ်ပေါက်ပြန်ဆူလာတယ်.....။
မလတ်သူငယ်ချင်းတွေက နှစ်ဆယ့်လေးပစ္စည်းကို စည်းချအိပ်စမ်းပါ သရဲမပြောနဲ့ သရဲအဖေတောင်အနား မကပ်ရဲဘူးတဲ့........ ။
လ္ဘက်သုတ် ကော်ဖီ နေကြာစေ့ ဇီးထုပ်အစုံ ဒေါ်ကြီးကို အပေါ်ယူလာခိုင်းပြီး ဧည့်ခန်းထဲကို ရောက်လာကြတယ် ။ အမေက ထုံးစံအတိုင်း ပုတီးတစ်ကုံးနဲ့ ကျမကအမေ့ကို အဒေါ်တွေလဲ ဒီအချိန်ဆို ပုတီး တစ်ဂျောက်ဂျောက်ပဲလို့ပြောတော့ မလတ်က တူပါဘူး.... အမေကနှုတ်ခမ်းနီ ဘယ်တော့မှ မပျက်ဘူး ပိုလှတယ်လို့နောက်တယ်။
ဧည့်ခန်းထဲမှာ ကျမတို့ အုပ်စုပြီးတော့ ကိုရီးယားကား ကြည့်နေတဲ့ ကောင်မလေးနှစ်ယောက် ကလေးငယ်လေး ဒေါ်ကြီးနဲ့ နောက်ကောင်မလေးက နောက်ဖေးမှာ မထွက်လာသေးဘူး...။
ကလေးငယ်လေးက ဟိုပြေးလိုက် ဒီပြေးလိုက် ခဏကြာတော့ ကျမအနား ပြေးလာလို့ ကျမက ပေါင်ပေါ်ကောက်တင်ထားတယ် ။ နှစ်နှစ်ကျော်ကျော် သုံးနှစ်နီးပါး ရှိနေပြီ လူမှတ်မိ စကားစပြောနေပြီ။
လမ်းမနဲ့ ကပ်ရက် သံပန်းမပိတ်ရသေးဘူး ။ ဘဲလ်တီးတဲ့ တံခါးမကြီးကတော့ ပိတ်ထားပြီ ။ ဧည့်ခန်းထဲ အ၀င်အ၀သံပန်းက ပုံမှန်အတိုင်းစေ့ထားတယ်။
ကျမတို့ အလှူတစ်ခုက ဓါတ်ပုံတွေ ခုံပေါ်မှာ အဆင်သင့် တွေ့တာနဲ့ လက်ဆင့်ကမ်း ခေါင်းခြင်းဆိုင်ကြည့်နေကြတယ်.........။
ပေါင်ပေါ်က ကလေးက လက်ညိုးလေးနဲ့ လိုက်ထောက်ရင်း တစ်ခစ်ခစ်ရယ်လိုက် လုပ်နေတယ်ရှင်....။
အဲဒီအချိန်မှာပဲ ကျမတို့အသံတွေနဲ့ကွဲပြားတဲ့ သဘာဝမဟုတ်တဲ့ အသံတစ်ခုကြားလိုက်ပြီးတဲ့ နောက်မှာတော့ ပေါင်ပေါ်က ကလေးက အတင်းတွန်းထိုးပြီး အောက်ကိုလျှောဆင်းတယ် ၊ ကျမက အတင်းပြန်တင်ဆိုတော့ ကလေးက အလိုမကျသလိုဂျီကျတယ် ၊ ငိုကြောရှည်တာသိလို့ မလတ်က.... ချပေးလိုက် သူဟာသူနေပါစေ ၊ ဆိုလို့ အောက်ကိုချပေးလိုက်တဲ့ အချိန်မှာတော့ ကလေးက တောက်တောက်နဲ့ အားလုံးကိုဖြတ်ပြီး သံပန်းတံခါးဆီကိုပြေးတော့တယ်။
အကုန်လုံး ပြိုင်တူ ကလေးသွားရာကို လိုက်ကြည့်ကြတယ် ၊ သံပန်းစေ့ထားတော့ ပြုတ်ကျစရာမလိုတဲ့ အတွက် ကောင်မလေးကလဲ ပြေးမလိုက်ဘူး ထူးဆန်းတာ ကလေးက လက်နှစ်ဖက်ကို အပြင်ထုတ်ပြီး တခစ်ခစ် နဲ့ရီတယ် ၊ မလတ်က ဇတ်ကနဲ ထသွားပြီး ကလေးကို ကောက်ချီလိုက်တယ်ဆို ကလေးက အတင်းတွန်းထိုးပြီး သံပန်းအပြင်ဖက်ကို ထွက်မယ်ဆိုတဲ့ ပုံစံပြပြီး ငိုတော့တာပဲ။
ဘာမှန်းမသိ အဖြစ်အပျက် တစ်ခုကိုငေးကြည့်နေကြတဲ့ ကျမတို့တစ်အုပ်စုလုံး လှုပ်လှုပ်ရှားရှား ဖြစ်စေတာကတော့ ၊ ဒီကလေး ကိုယ်ဝန်ဆောင်ချိန်ကတည်းက ၊ လက်တင်ရွေးထားတဲ့ ကလေးထိန်းကောင်မလေး ပြောလိုက်တဲ့စကားပါပဲ... ။
မမလတ် အန်တီငယ် ရောက်နေလို့ ခဏထားပေးလိုက်ပါတဲ့......ရှင် ။ မလတ်က ဘာပြောတယ်ဆိုတော့ ကောင်မလေးက မလတ်လက်ထဲက ကလေးကိုယူပြီး သံပန်းနားပြန်ချပေးတော့ ကလေးက မဆင်းတော့ဘူး ကောင်မလေးပေါ်ပြန်တက်ပြီး ငိုနေတော့တယ်...။
ကျမတို့တစ်ယောက်လက် တစ်ယောက်ဆုပ်ပြီး ဆိုဖာရှည်ကြီးပေါ်မှာ ပူးထိုင်နေကြတယ် ။
အမေက အခန်းထဲဝင်သွားပြီ.... ။ ဒေါ်ကြီးရယ် ကျမတို့အုပ်စုရယ် ကလေးသိပ်ပြီးရင် အပေါ်တက်ခဲ့လို့ မှာပြီး ကျမတို့အုပ်စု တွန်းတွန်းတိုက်တိုက်နဲ့ အပေါ်ထပ်ကို ရှေ့ကနေပဲတက်ကြတယ်။
အသံလုံးဝမထွက် မျက်စေ့မျက်နှာပျက်ပြီးပြန်ဘို့ နည်းမျိုးစုံ ကြိုးစားနေတာက ဂျယ်နီပါပဲ .....။
ကျမက နင်မရှက်ဘူးလား ရုပ်ပျက်ဆင်းပျက် ငါသိက္ခာကျတယ် ဆိုတော့... ။ နင်သိက္ခာကျတာနောက် ငါသေရတော့မှာလို့  ပြောပြီးငိုရောရှင်........။
ည-၁၁-နာရီခွဲလောက်ရှိနေပြီ ကားတွေက ဂိုထောင်သွင်းပြီးပြီ မြေညီထပ်တွေက လစာနဲ့ ကားတစ်စီးဘယ်လောက်ဆိုပြီး ပေးရတာ.....။
ညရေးညတာ အရေးကြီးတကြီး မဟုတ်ဘဲ.... မထုတ်ကြတော့ဘူး အိမ်ကလူကြီးတွေကလဲ မကြိုက်ဘူး ... ။
မလတ်သူငယ်ချင်းတစ်ယောက်က မပူနဲ့ ငါစည်းချပေးမယ်.......တဲ့ ။
၂၄ - ပစ္စည်းရွတ်ပြီးရင် နင့်အနားဘယ်သူမှ ကပ်လို့မရဘူးတဲ့...။
ဂျယ်နီက အထွန့်တက်ပြီး အောက်တံခါးဝကစပြီး စည်းချပေးပါ ကျမကြောက်လို့ပါ ဆိုပြီးငိုတော့ အဲဒီအမက အေး အေး ဆိုပြီး ဘဲလ်တီးတဲ့တံခါးမကြီးနားကနေ စည်းချတော့တယ်...။
အဲဒီအချိန်ကစလို့ ကျမတို့ မိုးမီးတက်ရှို့မိသလို မိုးမီးလောင်တော့တာပါပဲရှင်........ ။ မလတ်က အဲလိုလုပ်လို့ကောင်းပါ့မလားဆိုတော့ မကြီးကရပါတယ်တဲ့  .... ။
မငယ်က အန်တီလေးစိတ်ဆိုးရင် ဒုက္ခပဲလို့ နောက်တယ်.... ။ ၂၄ -ပစ္စည်းကို တစ်ယောက်ရွတ်တော့ အကုန်ဝိုင်းရွတ်ကြတယ် ။ ဘာရယ်တော့ မဟုတ်ဘူး အားလုံးက ဒီတိုင်းစောင့်နေရမဲ့ အစားကူရွတ်ကြတာ...။
စရွတ်တဲ့အမက ရေခွက်တစ်ခွက် ကိုင်ထားတယ် ...။
မီးကလဲလင်းထိန်လို့  တံခါးပုံစံက တစ်ဖက်ဖွင့် အောက်ပိုင်းကအပြည့် သစ်သားကာထားတာ....။ လူတစ်ယောက် မတ်တပ်ရပ်မယ်ဆို ပခုံးလောက်အမြင့်ကစပြီး သံတိုင်အကျဲကြီးတွေ။
ကျမတို့ စုပြုံရွတ်တာကိုး ခေါက်ပြည့်တော့ ဘဲလ်မြည်တယ်...။
ကျမတို့အိမ်က အပေါ်ထပ်အောက်ထပ် မီးဖိုဆောင် အကုန်ဘဲလ် တတ်ထားတာ... အဘိုးလက်ထက်ကတည်းကပဲ ။ တစ်အိမ်လုံးကြားအောင်... ။ အကိုတွေလက်ထက်က လူမသိ သူမသိ ဖုန်းနဲ့ ခိုးဝင်ခိုးထွက် ဘဲလ်တီးတာနဲ့  အားလုံးသိလို့လေ ။ ဘဲလ်မြည်တော့ မလတ်နဲ့ ကျမက တံခါးကရပ်ကြည့်တယ် ။
ရွတ်နေတဲ့သူတွေ အားလုံးက ဒီဘက်လှေခါးအဆင်း အောက်ဆုံးသုံးထစ်လောက်ကစပြီး အစဉ်လိုက် ထိုင်နေကြတာလေ...။
ဘယ်သူလဲလို့ သူတို့မေးတော့ မလတ်နဲ့ကျမ ဘာဖြေရမှန်းမသိ မငယ်ကပါဆင်းပြီး လာကြည့်တယ် ။
လင်းထိန်နေတဲ့ လှေခါးမီးရောင် အောက်မှာ ဘယ်သူမှမရှိဘူးလို့  မငယ်က ပြန်ဖြေတော့ အကုန်မတ်တပ်ထရပ်တယ် .... ။ တိုင်ပင်မထားပဲ အလုအယက် ပြေးတက်တာ... ။ လူကိုးယောက် အချိန်မတော် ပြေးတတ်တဲ့ခြေသံ အချိန်မတော် ဘဲလ်သံကြောင့် တစ်အိမ်လုံးနိုးကုန်ပြီ... ။ ည-၁၂ -နာရီကျော်ကျော်လောက်ပေါ့ ။
အဖေက ဘယ်သူလာတာလဲတဲ့ ဒီလောက်ဘဲလ်တီးနေတာ ဘာလုပ်နေ ကြလဲ ... ဆိုပြီး .. အောက်ဆင်းသွားတယ် ။ မကြာဘူးအဖေ ပြန်တက်လာတယ် ။ ပက်လက်ကုလားထိုင်မှာ အဖေထိုင်ချလိုက်တော့ ဘဲလ်က ထပ်မည်တယ် ကြောင်နေတာဖြစ်မယ်... ။ ဘဲလ်ကပ်သွားတာဖြစ်မယ်တဲ့... ။ ဘဲလ်တစ်ချက်မြည်တိုင်း နားနှစ်ဖက်အုပ် လူတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ဂျယ်နီကငိုတယ်... ။ ဖုန်းတွေလိုက်ဆက်ပြီး သူ့ကိုလာခေါ်ဖို့  သူငယ်ချင်းတွေ အားလုံးကို အကူအညီတောင်းတယ်..... ။ ချွေးစေးတွေပြန်ပြီး မာမီရေလို့ အော်ငိုနေတဲ့ ဂျယ်နီကို ငေးကြည့်ရင်း မငယ်နဲ့ကျမ အရမ်းသနားသွားတယ်... ။ မငိုနဲ့ ပြန်ပို့ပေးမယ် ခဏပဲ အစ်ကိုတွေလာနေပြီလို့ ကျမကပြောရတယ်။
လူကြားမကောင်းအောင် တီးနေတဲ့ ဘဲလ်ကို မလတ်က ဓါးတစ်ချောင်းယူခိုင်းပြီး ဖြတ်ချလိုက်တယ်... ။ ဓါးနဲ့ဖြတ်ချပြီးတဲ့နောက်မှာ သုံးခါတိတိ ထပ်မည်တော့ အဖေက သမီးတို့ ဘာတွေများ သွားလုပ်သလဲ ဖေဖေ့ကိုမှန်မှန်ပြောတဲ့ .... ။ သမီးတို့ ကြောက်လို့ ဘယ်သူမှမ၀င်နိုင်အောင်၂၄-ပစ္စည်းနဲ့ စည်းချတာ ဖေဖေလို့ မလတ်ကပြောတော့ ကောင်းပြီ သမီးတို့ တက်အိပ်တော့ မကြောက်နဲ့ ဘယ်သူမှ ဘာမှလုပ်လို့ မရဘူးတဲ့ ..... ။ အဲဒီအချိန်မှာပဲ အောက်ကတံခါးကို တစ်ဘုန်းဘုန်းထုတော့ အားလုံးငြိမ်သွားတယ် အဖေကအစပေါ့ ဂျယ်နီဆိုတာ နေစရာရှာမတွေ့သလို အမေ့ကိုအတင်းဖက်ပြီး မျက်နှာဖွက်ထားတာပဲ... ။ မလတ်သူငယ်ချင်းတွေအားလုံးလဲ အတော်ကိုကြောက်နေတယ်... ။ ကျမတော့ ကြိုးဖြတ်ပြီးတာတောင် မည်နေနိုင်တဲ့ဘဲလ်သံကိုအတော်ကို ထူးဆန်းတာပဲလို့သေသေချာချာ မှတ်ထားတယ် ။ အားလုံးရဲ့မျက်နှာတွေကိုလဲ သေသေချာချာကို လိုက်ကြည့်နေမိတယ် ။ အဖေ့ကိုလဲ မကျေနပ်ဘူး...။ အဖေသိတယ်.....။ သိရက်နဲ့ အဖေတို့ မောင်နှမတွေ ချစ်ပုံက လိုတာထက်ပိုနေပြီ... ။ အမေကတောင်မှ တစ်သက်လုံး အတ္တကြီးတယ်..... အံ့သြဘို့ကောင်းအောင် ချစ်နိုင်လွန်းတယ်လို့..... အမြဲမှတ်ချက်ချတယ်.....။ အခုအချိန်မှာတော့ အဖေတို့ ချစ်ပုံမှားတာကို ကျမတို့ ညီအမတတွေ လက်မြှောက်ရတော့တယ်................။
ကျမတို့ အသံမပေးတော့ လမ်းမကနေ ကျမတို့ ညီအမအမည်တွေ လက်ခုပ်တီးပြီး ခေါ်သံတွေကြားတော့မှ တံခါးဆင်းဖွင့်တော့ အစ်ကိုနှစ်ယောက်နဲ့ မောင်လေး.....။ ဂျယ်နီက ၀မ်းသာအားရထပြီး ပြန်ပို့ပေးပါလို့ ပြောတယ်....။
မလတ် သူငယ်ချင်းသုံးယောက်က မိုးလင်းမှပဲ ပြန်တော့မယ်လို့ပြောရှာတယ်... ။ အစ်ကိုတွေနဲ့မောင်တွေကလဲ အသေသိချင်တဲ့ပုံတွေ ပြန်လာမှပြောမယ် သူ့ကိုအရင်ပို့ပေးလိုက်ပါလို့ ကျမတို့ပြောရတယ် ။
လှေခါးက ဖြတ်ဆင်းဘို့ အသေကြောက်နေတဲ့ ဂျယ်နီကို တစ်အုပ်တစ်မကြီး ကားနားအရောက် ပို့ပေးကြတယ်...။ သူငယ်ချင်းတွေကြားထဲမှာရော လမ်းထဲမှာရော ၀က်ဝက်ကွဲပေါ့ရှင်...... ။ မနက်မှသိရတာက အဒေါ်နှစ်ယောက်ကို....... ၀င်ဝင်အထဲကိုဝင် ကိုယ့်ဟာကိုယ်နေကြ ကလေးတွေကြောက်အောင်မလုပ်နဲ့ လို့ အပေါက်ဝကနေ အဖေကဆင်းခေါ်သတဲ့ ရှင်..........။


စာဖတ်သူများကိုအစဉ်လေးစားစွာဖြင့်

မမ

Labels:


Posted by Anonymous :: 4:22 PM :: 10 Comments:

Post / Read Comments

---------------oOo---------------