မမ

Monday, March 16, 2009

သရဲခြောက်သည်ဆိုသောမမတို့ အိမ်ကြီး(၄)


တစ်နေ့ပေါ့ ..... ကျမတို့ ညီအမတွေပဲရှိတဲ့နေ့မှာတော့ ကလေးထိန်းကောင်မလေးကို မေးတော့တယ်။
အန်တီလေးအကြောင်း သိသမျှပြောဖို့ပေါ့ ။ ကောင်မလေးက ပထမအင်တင်တင်နဲ့ ကျမတို့ညီအမ ဝိုင်းကြပ်တော့မှ ထွက်လာတာ ။ အန်တီလေးက မကျွတ်မလွတ်ဖူးတဲ့....။
ကြီးကြီးကို အမြဲတမ်း အိမ်မက်ပေးပြီး ငိုယိုတောင်းပန်တာတဲ့....။ ဒီအိမ်မှာပဲ နေပါရစေဆိုပြီးတော့တဲ့.... ။ အန်တီငယ်ကတော့ ဆုံးပြီးထဲက ကလေးနားမှာမခွာဘူးတဲ့ သမီးကမကြောက်ပါဘူးတဲ့..... အန်တီငယ်က အရမ်းပိုသနားဖို့ ကောင်းတယ်တဲ့ ......။ ကြီးကြီးတို့ လေချွန်နတ် သွားမေးတော့ ကလေးခေါ်လာရမယ်ဆိုလို့  သမီးနဲ့ကလေးနဲ့  လိုက်သွားရလို့  သမီးသိတာတဲ့.....။ ကြီးကြီးတို့က ဘယ်သူ့ကိုမှ ဒီအကြောင်းတွေ လျှောက်မပြောရဘူးလို့ မှာထားတယ်တဲ့ ။
အလှူလုပ် အမျှအတန်း ဝေရမယ်ဆိုတော့ အန်တီငယ်က သူ့သားလေး ကျောင်းတက်တော့မှ သူ့အမျှယူပြီး သွားပါရစေလို့  ပြောတာတဲ့  ကလေးတစ်ခုခုဖြစ်ပြီဆို အန်တီလေးက သူ့ကို လာနှိုးတာတဲ့ ။မမတို့ မယုံရင် ကလေးကို တစ်ခုခုလုပ်ကြည့် အန်တီလေး ရောက်လာရောတဲ့ အခုဆို ကလေးက ပြုံးတတ် ရယ်တတ်တော့ ပိုသိသာတယ်တဲ့ ။ တစ်ခါတစ်လေ ကလေးက တစ်ယောက်ထဲ တစ်ခစ်ခစ်နဲ့ ဆော့နေတာတဲ့...။ အနားမှာ လူတစ်ယောက် ရှိနေတဲ့အတိုင်းပဲတဲ့ ။
ကျမတို့ ညီအစ်မတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ခေါင်းခါမိတော့တယ် ။ တစ်နေ့ပေါ့ ကလေးငယ်လေးက ရစ်တတ် ပူတတ် ဆူတတ်နေပြီ ။ တခါတလေအချိန်မတော်ကြီးပေါ့ သူ့အသံထွက် အတိုင်းကျမပြောရရင် တပီ ကြည့်မယ် တပီကြည့်မယ် မြန်မာ့အသံပြီးလို့  ကောင်မလေးတွေ အိပ်ချိန်ဆို ကလေးကရစ်ပြီ ။ ကျမက ဧည့်ခန်းထဲမှာ စာဖတ်နေတယ် ။ တစ်ဆူဆူနဲ့ ငိုနေတော့ တီဗီရှေ့မှာ ကလေးထိုင်တဲ့ ခုံလေးကိုဆွဲ ကလေးကိုကြည့်ဆိုပြီး ထိုင်ခိုင်းထားတယ် ။ ကျမကိုလဲ ကြောက်တယ် ။ ပေပြီးထိုင်နေတယ် ကောင်မလေးကို မျက်ရိပ်ပြပြီး နောက်ဖေးဝင်ခိုင်းလိုက်တယ် ။ ဧည့်ခန်းထဲမှာ ကလေးက တီဗီရှေ့မှာထိုင် ကျမကစာဖတ် ..... တိတ်ဆိတ်နေတုန်း တီဗီကရှဲရှဲနဲ့ ထပွင့်တယ် ။ ကျမစာဖတ်နေရင်းနဲ့ မော့ကြည့်တော့ ကလေးက လှုပ်လှုပ်ရှားရှား အရုပ်ထွက်လာမယ်ပေါ့ ။ ကျမက သူ့အနားသွားပြီး မိုးလင်းမှလာမှာ အခုပြီးသွားပြီဆိုတော့ ပေကပ်ပြီး တပီကြည့်မယ် လုပ်ပြန်ရော သူ့ရောဂါကလဲ ညတီဗီပြီးချိန်တိုင်း ရစ်တာနော်....။ တစ်နေ့လဲမဟုတ် နေ့တိုင်း ချော့လဲမရ ခြောက်လဲမရ ....။ ကျမစိတ်ထဲ အခုနင်က ကလေးဖွင့်လိုက်တယ် ထင်တာလေ...။
ကျမက ပြန်ပိတ်ပြီး..... ကြည့်.... အဲဒါ တီဗီပဲဆိုပြီး စာပြန်ဖတ်နေ တယ် ။ ကလေးကလဲ ပေပြီးကြည့်နေတယ်။ ကျမထိုင်ယုံပဲ ရှိသေးတယ်.....။ တီဗီကရှဲရှဲဆိုတော့ ဘာလုပ်ရမှန်းမသိဘူး ကလေးကို ဇပ်ကနဲ ကောက်ချီလိုက်တယ် ။ ပြေးတာပေါ့  အနီးဆုံးအခန်းထဲကို မလတ်နဲ့မငယ်က ဘာဖြစ်သလဲပေါ့ ....။ ကျမကလဲ ဖြစ်ကြောင်းကုန်စင်ပေါ့ ။ ကျမတို့ညီအမတွေ ကလေးချီပြီး ပြန်ထွက်လာတော့လဲ တီဗီက တစ်ရှဲရှဲပဲ....။ မလတ်က တီဗီကိုပိတ်ရင်း ကောင်မလေးကို ကလေးလာခေါ်ခိုင်းတယ် ။ ကျမတို့ ညီအမလဲ ခေါင်းခြင်းဆိုင်ပြီး ပရိတ်ရွတ်မယ်....။ ဆရာတော်ကြီးပင့်မယ် အလှူလုပ်မယ် အမျှအတန်းဝေမယ် ....။ ကျွတ်ချိန်တန်ရင်လဲ သွားကြပါစေပေါ့ ။ ဒီလိုစွဲလန်းပုံကြီးနဲ့ မဟုတ်သေးပါဘူး ကိုယ်လဲ နေရတာ တထိတ်ထိတ်နဲ့ပေါ့လို့ တိုင်ပင်နေတုန်းမှာပဲ အမေတို့ အခန်းက ဝူးဝူးဝါးဝါးအသံနဲ့ အမေထွက်လာသလို မကြီးကလဲ ထိတ်ထိတ်လန့်လန့်နဲ့ ထွက်လာတယ်....။ ကျမနဲ့ မလတ် မငယ် သုံးယောက် အံ့သြလို့  ဘာဖြစ်ကြတာလဲ ဆိုတော့ အိမ်မက်ကြောင့် လန့်နိုးလာတာတဲ့ အန်တီလေးနဲ့ အန်တီငယ်နှစ်ယောက်လုံး အိမ်မက်ထဲမှာ ငိုယိုပြီး သူတို့ကို မောင်းမထုတ်ဘို့ ပြောတယ်တဲ့ ....။ ကျမတို့တတွေ နားကိုမလည်နိုင်အောင် နားထောင်ရင်းနဲ့ မကြီးက အနားမှာ တစ်ကယ်ရှိနေသလိုပဲတဲ့ .....။ တစ်ကယ်လာပြောသလိုပဲတဲ့...။ အမေနဲ့မကြီးက ဘာကြောင့် အိမ်မက်ကို အတူတူမက်တာလဲ ကျမကတော့ အတွေးတွေနဲ့ ချာချာလည်တော့တာပဲ ....။ ပစ္စည်းတွေကို ထိလို့ ကိုင်လို့ ရတာလားလို့ တွေးရင်း ကျမတို့အိမ်ရဲ့အိမ်တွင်းအုန်း ဆွဲထားတဲ့နေရာကို ကြည့်နေမိတာပဲ ။ မလတ်က ကျမအတွေးကိုသိသလိုနဲ့ အိမ်စောင့်နတ်ထက် အိမ်ဦးနတ်က ပိုစွမ်းတယ်တဲ့ ။ ကျမက မလတ်ပြောတာကို နားမလည်ဘူး....။ ငါတို့အဖေ အိမ်ဦးနတ်ကြီး ခွင့်ပြုထားမှတော့ အိမ်တွင်းက ဘာမှမကူညီနိုင်တာနေမှာတဲ့ ...။ အင်း.... သူပြောတာလဲ ဟုတ်တုတ်တုတ် ။ မငယ်ကတော့ ...... အင်းနော် အန်တီလေးတို့က ဝိဥာဉ်ဘဝအထိ ချစ်နိုင်တဲ့ အစ်ကိုတစ်ယောက်ရထားတာ အတော်ကိုကံကောင်းတာပဲ ။ မမ နင်အဲလိုဖြစ်ရင် ငါလဲချစ်နိုင်မှာပါ ဒါပေမဲ့ အန်တီလေးတို့လို ခိုးကြောင်ခိုးဝှက်မခြောက်နဲ့ ... ဗြောင်ခြောက်သိလားတဲ့လို့  ပြောတဲ့မငယ်တစ်ယောက် အဖြစ်ကတော့ ဆိုးလွန်းလှပါတယ်....။
အိပ်ယာအသီးသီးဝင်ပြီး ညနက် ၂း၃၀ လောက်မှာတော့ မတရားမြည်နေတဲ့ ဘဲလ်သံနဲ့အတူ ငိုသံ တံခါးထုသံတွေကြားမှာ မမလဲ အထိတ်တစ်လန့်နိုးလာခဲ့တော့တယ် ။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတဲ့ မငယ်ကိုပွေ့ဖက်ထားတဲ့ အမေက ဒီအတိုင်းဆို ကျမသမီးတွေ ဒုက္ခရောက်ကုန်မယ်လို့ လေသံအေးအေးနဲ့ အဖေ့ကိုပြောတယ် ။
အိပ်မှုံစုံမွားနဲ့  ကျမကို မလတ်က .... မငယ် အိမ်ပြင်ရောက်နေလို့တဲ့ ..... ဘုရားရေ .... ဘယ်လိုမျိုးလဲလို့....... ကျမသူများပြောတာမသိချင်ဘူး..... မငယ်ပြောပြပါဆိုတော့ ..... သူအိမ်မက်တယ်တဲ့ အိမ်မက်ထဲမှာ အန်တီလေးတို့နှစ်ယောက်က အပြင်လိုက်ဖို့ သူ့ကိုခေါ်တာတဲ့ ... ဈေးသွားဖို့တဲ့ ... ဟိုးအရင်ကလို ပြင်ပြင်ဆင်ဆင်နဲ့တဲ့ ..... သူကလဲ လိုက်မယ်ဆိုပြီး အတူတူထွက်ခဲ့တာတဲ့ ..... အိမ်မက်ထဲမှာ ညနေစောင်းချိန်လောက်တဲ့ လှေခါးမှောင်မှောင်လေးကပဲ သုံးယောက်အတူတူ ဆင်းခဲ့တာတဲ့....။ အန်တီလေးက တံခါးကို နောက်ပြန် ဂျိုင်းကနဲမြည်အောင်ဆွဲပိတ်တော့ သူလန့်ပြီး နိုးသွားတာတဲ့....။
ပြီးတော့သူက အမေ....အန်တီလေးတို့ မသေဘူး ။ ဒီမှာရှိတယ် သမီးနဲ့ စကားပြောနေတာ ဟိုးအရင်ကလိုပဲတဲ့ ... အခုသူတို့ ဘယ်ရောက်သွားတာလဲ သမီးတစ်ယောက်ထဲ ကြောက်လိုက်တာ အပြင်မှာ ဆိုပြီးငိုပြန်ရော ....။ ကျမလဲကြောက်တယ် ဒါပေမဲ့ အဖေအမေတွေ မသိအောင် ...... "မငယ်ဗြောင်လေ အဲဒါဗြောင်ပေါ့ဟ" ဆိုတော့ မလတ်ကလဲ အေးမငယ် တစ်ကယ့်ကိုဗြောင်ပါလားနော်ဆိုတော့ မငယ်က ဗြောင်တော့ဗြောင်ပေါ့ အဲလောက်ဗြောင်ကြီးကြ ကြောက်တယ်ဆို ငိုပါလေရော ... ။ မကြီးကတော့ အသံလုံးဝ မထွက်တော့ဘူး အဖေကတော့ အိမ်မက်မက်ပြီး မငယ်ယောင်ပြီး ထွက်သွားတယ်ပေါ့ရှင်....။ ဒါပေမယ့် အဖေက ကျမတို့ ညီအမကို မသင်္ကာတဲ့ မျက်လုံးနဲ့ မအိပ်ခင် ဘာတွေပြောကြတုန်းဆိုတော့ ကျမက ဖေါ်ကောင်လေ.... မနေနိုင်တော့ဘူး .... အဖေ မငယ်က အန်တီလေးတို့ကို ဗြောင်ခြောက်လို့ ပြောအိပ်တာဆိုတော့ .... အဖေက မင်းသမီးတွေကလဲ မင်းသမီးတွေပဲလို့ အမေ့ကိုပြောတယ်.... ။ မိုးလင်းတော့ ဆရာတော်ကြီးကိုပင့်တယ် .....။ ဆွေမျိုးအစုံနဲ့  အဒေါ်နှစ်ယောက်ကို ဦးတည်ပြီး အလှူလုပ် အမျှအတန်းဝေတယ် .... ။ သေသေချာချာ တိတိကျကျ သူတို့နှစ်ယောက်ရဲ့နာမည်တွေနဲ့လုပ်တယ် ... ။ သူတို့အမည်တွေနဲ့ပဲ အမျှဝေတယ်....။
ထူးထူးဆန်းဆန်း အဖေတို့ကျန်ခဲ့တဲ့ သူတွေအကုန်လုံးက အမိန့်ပြန်စာရွတ်တယ် ။ ဘဝခြင်း မတူလို့ အတူနေဖို့  ခွင့်မပြုနိုင်ကြောင်း နောက်ပြီးချိန်ခွင်ထဲမှာ ကလေးအဝတ်လေးတွေ တစ်ဖက်ထည့်တယ် .... ။ ကလေးယူမယ့် လူရဲ့အဝတ်အစားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းထည့်တယ်.... ။ ကလေးကို ဘယ်သူမှမပေးဘူးတဲ့ ချိန်ခွင်က တင်းနေတယ် .... ။ နောက်ဆုံးမကြီးအင်္ကျီ ထည့်တော့မှ ချိန်ခွင်က မကြီးဖက်ကို စောက်ထိုးဆင်းသွားတယ် ။ တော်တော်ငယ်သေးတဲ့ မကြီးကိုယုံကြည် စိတ်ချပေးအပ်တာ သုံးခါတိတိ မေးပြီးတော့မှ ကလေးတွေ မကြီးလက်ထဲအပ်သွားတယ် ပြောတာပဲ ။ မလတ်ကတော့ လူကြီးတွေချထားတဲ့ ချိန်ခွင်ကို အလေးခိုးတယ်ဆိုပြီး ဈေးခေါင်းသွားတိုင်မယ့်ပုံနဲ့ ဖင်ပြန်ခေါင်းပြန်ကြည့်လိုက် အကီင်္ျတွေထည့်ချိန်လိုက်နဲ့ ဆရာတော်ကြီးကတော့ အဖေကိုဦးတည်ပြီး သုံးလေးခါမေးတယ် ။ လက်ခံမလားဆိုတော့ အဖေက လက်မခံနိုင်တော့ဘူး ဘဝမတူဘူး သွားသင့်တဲ့နေရာ သင့်တော်ရာကိုသွားကြတော့ ကလေးကို အားလုံးတာဝန်ယူတယ် စိတ်ချလက်ချ ထားခဲ့ကြတော့လို့ပြောတယ် ။ အခုလုပ်တဲ့ အလှူအတန်းတွေကိုရအောင် ယူသွားဖို့အမေကပြောတယ် ...။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဖို့ပြောတယ် ။ ပရိတ်ရွတ် အမျှအတန်းဝေတယ် ။ အဲဒီညမှာတော့
ကျမတို့ အိမ်တံခါးတွေ နေရာအနှံ့က တဘုံးဘုံးထုသံ ကြားရတယ် ။ နောက်ပိုင်းတော့ သိပ်ထွေထွေထူးထူး မကြားမိတော့ဘူး... ။ ကျမတို့လဲ အရင်ကထက် စိတ်ထဲပေါ့ပေါ့ပါးပါး ဖြစ်လာတယ်။ နောက်တစ်နှစ်ခွဲလောက်မှာတော့ ညီအစ်ကို မောင်နှမတွေအားလုံးကိုအဖေက သေချာတိုင်ပင်ပြီး ကျမတို့အိမ်ကြီးကို လာဝယ်တဲ့ ခေတ်ပျက် သူဌေးတစ်ယောက် လက်ထဲထည့်ခဲ့တော့တာပါပဲ။

စာဖတ်သူများကိုလေးစားစွာဖြင့်

မမ

Labels:


Posted by Anonymous :: 12:35 AM :: 12 Comments:

Post / Read Comments

---------------oOo---------------