မမ

Tuesday, April 28, 2009

သူကြီးဘုရားပွဲ ငါးစိမ်းသယ်ကောင်းမှု


ဆံပင်ရှည်ရှည် စကဒ်ရှည်ရှည် ဖိုးရိုးဖါးယား သနပ်ခါးဘဲကြားနဲ့ အဲဒီဈေးထဲကို ကျမ၀င်လာပြီဆို ဈေးဝကနှင်းဆီပန်း ရောင်းတဲ့ သားအမိက မမရေ အနီနဲ့အ၀ါ ခေါင်ပန်းတွေ ကြီးပဲ နော် ရွေးထားပြီးသား သမီးကို ကားပေါ်တင်ခိုင်း ထားလိုက်မယ် လို့ ပန်းရောင်းတဲ့ အန်တီကလှမ်းအော် ရင် ကျမက အမပိုထည့်နော်လို့ပြောတတ်တယ် ။ ပြီးရင်ဈေးလည်မှာ ဆိုင်ခန်းတွေရှေ့  လူသွားလမ်းပေါ်မှာ တို့စရာ တိုလီ မိုလီမျိုးစုံကို ဗန်းကြီးနှစ်ဗန်း နဲ့ထည့်ပြီးရောင်းတဲ့ အဘွားအိုအိုကြီး ခါးကကုန်းနေပြီ သူ့ဆီကတွေ့သမျှ အကုန်ကောက်ပြီး ကျမထည့်မယ်။
အဘွားနေကောင်းရဲ့လားလို့ ကျမမေးမယ် ကျမကထည့်ချင်ရာထည့် သူကတွက်ချင်ရာ တွက်ပြီးတဲ့နောက် သူပြောတဲ့ ကျသင့်ငွေကို ပေးလိုက်ယုံပဲ ကျမရင်ထဲမှာတော့ မနက်မိုးလင်းတာ နဲ့ အလှူတစ်ခုပြီး မြောက်သွားပြီဆိုတဲ့ ပီတိကိုစားသုံးလိုက်တာပဲ။
အဘွားအို ထည့်ပေးလိုက်တဲ့ ဗူးသီးပုတ် သရက်ကင်း ငှက်ပြောဖူး ပေါက်ပန်းဖြူပွင့် တွေကိုလဲ ကျမတစ်ကယ်ကို ကြိုက်နှစ်သက်တာပါပဲ။
ဒါပေမဲ့ အဘွားဆီမှာ ကျမ လုံးဝကိုမနှစ်သက်တဲ့ ပစ္စည်းတွေ ရှိနေမယ်ဆိုရင်လဲ ကျမဈေးဆွဲခြင်းလေးချ အဘွားရဲ့ ဈေးဗန်းဘေးမှာ ၀င်ထိုင်ပြီး အဘွားနေကောင်းရဲ့လား ဆိုတဲ့ နှုတ်ဆက်စကား နဲ့ အတူ တွေ့သမျှပစ္စည်း ကောက်ထည့်နေကြပဲ။
အဲလို ဘာကြောင့် ကျမလုပ်တတ်ခဲ့လဲ ဆိုတော့ ကျမတို့ငယ်ငယ် ထဲကဈေးလိုက်တာ ဈေးဝယ်တာ အရမ်းဝါသနာပါတယ် မနက်ဈေး ညနေခင်းဈေး ညဈေး အကုန် ကျမတို့ ရောက်ဖူးတယ်။ မိုးတွင်းဖက်တွေ မှာဈေးသယ်တွေရဲ့ ဘ၀တွေဟာ အမတန်မှ သနားစရာကောင်းလှတယ် မိုးရေတွေ တုတ်တုတ်ကျပြီး ပုဆိုးဟောင်းတစ်ထည် ခြုံပြီး ကျမတို့မေးသမျှကို မေးခိုက်သံနဲ့ ဖြေနေတဲ့ ပြာနောက်နေတဲ့ သူတို့ နုတ်ခမ်းတွေ ပဲကြီးခွံတွန့် နေတဲ့ သူတို့လက်ချောင်းတွေ တစ်ချို့  ကိုယ်ဝန်ကြီးနဲ့ တစ်ချို့ ရင်ခွင် မှာပိုက်ထားတဲ့ ခလေးငယ်ငယ်လေးနဲ့ ဈေးဝယ်တဲ့ဘူးတဲ့သူတိုင်းတွေ့ဘူးကြမှာပါ။
တစ်ချို့ ရှေ့မှာဈေးရောင်း ဈေးခုံပေါ်မှာ ပက်လက်တစ်မျိုး မှောက်ခုံတစ်မျိုး သိပ်ထားတဲ့ အနာဗလပွ နဲ့ လသားခလေးငယ် လေးတွေက ယင်တစ်လောင်းလောင်း နဲ့ အိပ်မောကျလို့ ကျမတို့တွေ့သမျှ လိုက်စပ်စုရင်း မလတ်က မမနဲ့မငယ် နောင်ဘ၀ ကြရင်ငါတို့ အဲဒီခလေးလေး နေရာမှာ အိပ်နေရရင် တွေးကြည့်လိုက်စမ်းတဲ့ ။
ကျမနဲ့မငယ် ဒူးတွေတစ်ဆတ်ဆတ် တုန်အောင် ကြောက်ရွံရင်း မလတ်ကလဲ ဘာလို့အိပ်ရမှာလဲဆိုတော့ အဘွားပြောတယ်လေ လူဆိုတာ နေရာမျိုးစုံ သံသရာမှာ လည်ရင်း နောက်ဆုံးတစ်နေ့ မှလွတ်မြောက်ရမှာတဲ့ ။
သူတို့ ဟိုဘ၀ကမလှူ လို့ကပ်စေးနဲလို့ လူလူခြင်းညှာတာမှု မရှိလို့ မိုးရေထဲငုတ်တုတ်ထိုင်ပြီး ပိုက်ဆံလာပေးမဲ့သူ ကိုမျှော်နေရတာတဲ့ အဲဒါငရဲခန်းပဲတဲ့။
သူ့ရှေ့ဗန်းထဲက ခရမ်းသီး သေးသေး လေးတွေ စုပြီးအပုံလေးတွေပုံထားတာကို လက်ညိုးထိုးရင်း မလတ်ကတွက်ပြခဲ့တယ် သုံးပုံမှ ၁၀၀ကျပ် ဆယ်ပုံတောင် မပြည့်ဘူး တွေ့လား သူတို့ ရဲ့ ရင်းနှီးမှုက တို့တွေမုန့်တစ်ခါစား အခွေငှါးဝတ္တုဖတ်တဲ့ငွေတန်ဘိုးတောင်ရှိပါ့မလား လို့ ဆရာကြီး လေသံနဲ့တွက်ပြခဲ့ တာတွေ ကျမတို့ ဆယ်နှစ်အရွယ်ရဲ့ရင်ထဲကို တစ်ဒိုင်းဒိုင်းနဲ့ ကိုဝင်သွားခဲ့တာပါပဲ။
နောင်ဘ၀ ဆိုတာကိုတွေးရင်း ကြောက်တတ်ခဲ့တယ် ဒီနေရာမှာငါသာဆိုရင် လို့တွေးတတ်ခဲ့တယ်။
အဲလိုဈေးသယ်တွေဆီက ဘယ်တော့ မှကျမတို့ ဈေးဆစ်ဘို့ မကြိုးစားတော့ဘူး ကိုယ့်အလှည့်ဈေးဆစ်မှာ မိုးရေထဲဝယ်သူမရှိမှာ ကျမကြောက်တယ်။
အဲဒီအရွယ်ထဲက ရင်ထဲကိုဝင်သွားတဲ့ ကိုယ်ခြင်းစာတရား ကကျမတို့ရင်ထဲမှာ ပြောင်းလဲလာတဲ့ အတွေ့အကြုံ အနေအထားတွေ ကိုလိုက်ပြီး တိုးပွါးလာတာပဲ ရှိတယ်ဆုတ်ယုတ် သွားတယ် ဆိုတာ မရှိဘူးရှင်...။
ဟီး ..ပေရှည်သွားတယ် ဈေးဆက်ဝယ်ရဦးမယ် အဘွားအိုကို ပိုက်ဆံရှင်း ပြီးတာနဲ့ မျက်စောင်းထိုး ဆိုင်မှာမုန့်လက်ဆောင်း သောက်တယ် ။
ဈေးတန်းကိုဖြတ်လို့ ဈေးရုံ ထဲကိုဝင်လာခဲ့တယ် ဆိုရင်ပထမဆုံး ညာဘက်က ၀က်သားရောင်းတဲ့ အန်တီကြီး အလေးမှန်ဈေးမှန် ပစ္စည်းမှန် စေတနာကောင်း တယ်။
အိမ်ကမှာလိုက်တဲ့ အတိုင်း သုံးထပ်သား မိုးခိုသား ၀က်နံရိုး အလေးချိန် ပြောပြီးမှာခဲ့ရုံပဲ ဈေးထဲကထွက်မှ ခုတ်ထစ်ထားတဲ့ အိပ်ယူငွေရှင်းယုံပဲ။
ပြီးရင်ဟိုဘက်ဒီဖက် မျက်နှာချင်းဆိုင် ဈေးခုံတွေနဲ့ရောင်းတဲ့ လမ်းလေးထဲစ၀င်ပြီ ဆိုတာနဲ့ ငါးဖယ်ခြစ်သယ် ကြိုက်တဲ့အကောင်လက်ညိုးထိုး အလေးချိန်ပြောခဲ့ ပြန်လာရင် ဆားနနွင်း အချိုမှုန့် ဟင်းချက်မှုန့် အကုန်ထည့် တစ်ခါထဲရိုက်ပြီးသား အိမ်ရောက်ရင် လုံးယုံပဲ ၀က်သားမှာ၊ ငါးဖယ်ခြစ်မဲ့ အကောင်တွေ ရွေးလို့ ကောင်းနေတုန်းမှာပဲ ဆူညံနေတဲ့ ဈေးတန်းတစ်ခုလုံး တိတ်ဆိတ်သွားသလို ငါးဖယ်ခြစ်နေတဲ့ အမကြီးကလဲ ကျမကိုရှူးတိုးတိုး ဆိုတဲ့ပုံစံလုပ်ပြပြီး သူထိုင်နေတဲ့ ဈေးခုံအောက်ကို အဖုံးဖွင့်ပြီး ငါးရှဥ့်တစ်ကောင်လို လျှောကနဲ ဆင်းချသွားတာ အံ့သြတစ်ကြီး ကျမတွေ့လိုက်ရတယ်။
ကျမရုတ်တရက် နောက်ကိုလှည့်ကြည့်တော့ အ၀င်ပေါက်ကနေ အမျိုးသားကြီး လေးယောက် တိုက်ပုံပုဆိုး ခပ်တောက်တောက် ပြောင်ပြောင် နဲ့ပေါ့။
ကျမစိတ်ထဲ ပြသနာတစ်ခုခု ဖြစ်လို့လာဖမ်းတာလား ဆိုပြီးရင်တစ်ထိတ်ထိတ်နဲ့ ဒီအနားရပ်နေရင် ငါ့ကိုစစ်လိုက်ဆေးလိုက် လုပ်နေပါဦးမယ် ဆိုပြီး ငါးဖယ်ခြစ် ဆိုင်ရှေ့ကနေ ခပ်တည်တည် ဆက်လျှောက်လာတယ် ဆိုရင်ပဲ ဈေးတန်းတစ်ခုလုံးမှာ ဈေးဝယ်သူက လွဲလို့ဈေးရောင်း နေသူတစ်ယောက်မှ မတွေ့တော့ဘူး ။
ခုတ်လက်စ ကြက်သား ရပ်စောင့်နေတဲ့ ဈေးဝယ်တွေ ငါးခုတ်လက်စတွေ ဈေးရောင်းသူ တစ်ယောက်မှ မတွေ့ဘူးရှင့် ။ ဈေးတန်းထဲကို ကျမကရှေ့ က ကျမနောက်က တိုက်ပုံဝတ် လူကြီးလေးယောက်ပေါ့။ ဈေးခြင်းနဲ့ကျမ ခေါင်းတောင်မော့ချင်ချင် ဖြစ်လာတယ်။
နောက်မှာ ပါလာတဲ့လူကြီးလေးယောက်ကို ကျမကိုပဲ စောင့်ရှောက်ဘို့အိမ်ကထည့်လိုက် သလိုလို စိတ်ထဲတွေးမိတယ် ။
တစ်ကယ်ပါရှင် လမ်းလျှောက်ရင်းနဲ့တောင် မြောက်ကြွမြောက်ကြွ ဖြစ်လာတယ် ။ နောက်လှည့် ကြည့်ရင်တိုက်ပုံဝတ် လူကြီးလေးယောက်နဲ့ ခက်တာက ဈေးသည် တစ်ယောက်မှ မရှိဘူး အသားတွေငါးတွေ ခုတ်လက်စတွေ နဲ့ ဈေးဝယ်တွေကိုပစ်ပြီးတော့များရှင်။
ကျမငါးရှဥ့်တစ်ကောင်လို ဆိုင်အောက်ကို လျှောကနဲဝင်သွားတဲ့ ငါးဖယ်ခြစ်ရောင်းတဲ့ အမကြီးကို ပြန်မြင်ယောင်လာတယ်။
အဲဒီတော့မှ ပုန်းနေကြတာ အဲဒီလူကြီးတွေကို ပုန်းတာနေမှာ ဘာတွေဘာလိမ့် ဆိုပြီး.... မမ လေ သိတယ်နော် စပ်စုနည်း ပေါင်းစုံသုံးပြီး စပ်စုတော့တာပေါ့။
တိုက်ပုံဝတ်လူကြီးတွေကလဲ တစ်ဆိုင်ကြည့်လဲ လူမရှိ နောက်တစ်ဆိုင်လဲ ဈေးသယ်ကမရှိ ဆိုတော့ ဒေါသထွက်လာပုံရတယ် ။ ပုန်းနေကြတာ သိတယ် ဒီမှာကြိုက်သလိုပုန်းကြ ဆိုင်ခုံနံပတ် နဲ့ အကုန်ဘောင်ချာဖြတ်ထားမယ် ။ မယူမနေရဒါပဲ ဆိုပြီး ဒေါသတစ်ကြီး အော်ဟစ်ထွက်သွား ကြလေရဲ့ တိုက်ပုံဝတ်တွေ ထွက်သွားပြီးတဲ့ နောက်မှာတော့ ဈေးသယ်တွေက ဆိုင်ခုံအောက်က ခေါင်းပြူပြီး ရှိသေးလား ဆိုတဲ့ပုံစံတွေနဲ့ အသံတိတ်မေးတာကို ကျမအပါအ၀င် ဈေးဝယ်ဘို့ စောင့်နေသူတွေက ခေါင်းခါပြတယ်။ မရှိတော့ဘူးပေါ့ အဲဒီတော့မှ အလျှိုအလျှို တက်လာကြတယ် ။ အံ့သြစရာ ကျမနဲ့ရင်းနှီးတဲ့ ကြက်သားရောင်းတဲ့ အမကြီးကို ဘာလို့ပုန်းနေကြတာလဲ ဆိုတော့ အလှူခံတွေလေတဲ့ ။ အော်အမရယ် အလှူခံဆိုလဲ မလှူချင်ရင် မရှိဘူးပြောလိုက်ပေါ့ အမရဲ့ ဆိုတော့ ။ မလှူချင်တာမဟုတ်ဘူး လှူစရာကိုမရှိတာ ညီမရယ် တစ်နေ့တစ်ထောင်မြတ်ဘို့ မနဲရောင်းနေရတာ သုံးလေးထောင်မြတ်တဲ့ ရက်က တစ်လမှာ ၃ရက်လောက်ပဲ ရှိတာ နှစ်ရှည်ဖြစ်နေပြီတဲ့။ရောင်းရတဲ့ငွေကို အရင်းနုတ် တစ်နေ့စာစားဘို့ မနဲရှာနေရတာ အမတို့မှာ အပိုငွေသုံးဘို့မရှိသလို လှူဘို့ဆိုတာအဝေးကြီးတဲ့ ။ ကြက်သားရောင်းနေလို့ ကြက်သားစားရတဲ့ သူတွေ မဟုတ်ပါဘူးညီမရယ်တဲ့။ကျမအသက်ရှူတောင် ရပ်ချင်ချင်ပဲ အင်းလေ.... အဲဒါအမှန်တစ်ရားပဲ အမလိမ်တာမှ မဟုတ်တာ ကျမတောင်နားလည်သေးတာ လူကြီးတွေက ပိုသဘောပေါက်မှာပေါ့ ။ ပုန်းနေမဲ့ အစားအကုန်စုပြီး ရှင်းပြလိုက် ပြီးနေတာကို အမတို့ကလဲလို့ ကျမကမကျေမနပ် ပြောတော့ ။ ဘေးဆိုင်က အခုနပုန်းနေတဲ့ အဒေါ်ကြီးက သမီးကိုကလေး မို့လို့ရှင်းပြနေတာ သူတို့ကို တစ်ဈေးလုံး ပုန်းနေတာ သူတို့ပိုသိတာပေါ့ သိလို့အော်သွားတာ မယူမနေရတဲ့ မပုန်းပဲပေးလိုက်ရင် တော်သေးအေ တစ်ဆိုင် ၁၂၀၀ ဆိုပြီးဘောက်ချာဖြတ်မယ် ထင်တာပဲ လို့ ငါးခူတွေကို တစ်ဒုန်းဒုန်းခုတ်ရင်း မကျေမနပ်ပြောလေရဲ့ ။ အမအဲဒါ အလှူခံဖြတ်ပိုင်းလားလို့ ကျမကမေးတော့ လမ်းထဲမှာဘုရားပင့် ဘို့လေ သူကြီးဘုရား ငါးစိမ်းသည် ကောင်းမှုပေါ့တဲ့ ။ ပျော်ပွဲရွင်ပွဲတွေထည့်မယ် အဲဒီအတွက် ထိုင်ခုံလက်မှတ် တစ်စောင် ခြောက်ရာတဲ့ အလကားလာပါဆိုတောင် ဘယ်လိုမှမသွားနိုင်ဘူးတဲ့ ။ ကဲ.... ရှင်ဘာပြောရမလဲ ညနေဆို နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကြီးစည်ကားလို့ ကျမတို့တောင် ညတိုင်းလမ်းလျှောက် မုန့်ဝယ်စားနေကြ ။ အဲဒီညတော့ ကျမ မသွားတော့ဘူး ။ ငါးရောင်းတဲ့ အဒေါ်ကြီးတွေ မပေးချင်ပဲ ပေးထားရတဲ့ ပိုက်ဆံတွေနဲ့ သူတို့ပျော်ရမဲ့ အပျော်တွေကို ကျမတို့က ခေါင်းပုံဖြတ် ပြီးမလိုချင်တော့ဘူးရှင်။

လေးစားစွာဖြင့်

မမ

Labels:


Posted by Anonymous :: 10:30 AM :: 5 Comments:

Post / Read Comments

---------------oOo---------------