မမ

Thursday, April 9, 2009

သင်္ကြန် မမ နဲ့ ညိုမြ


ဒီပုံသည် မမ မူပိုင် ဖြစ်သည်။
အမေ ညိုမြဆိုတာ ဘယ်သူလဲဟင်လို့ ကျမမေးတော့ ဘယ်ကညိုမြလဲ ဘယ်သူ့သမီးတုန်းတဲ့ ...။ အမေက ကျမကို ပြန်မေးတယ်။ အာ... အမေကလဲ သင်္ကြန်သီချင်းထဲက ညိုမြဆိုတာလေလို့  ကျမပြောတော့ အမေကပြုံးရင်း ညိုမြဆိုမှတော့ ညိုမြပေါ့ မမရဲ့လို့ဖြေတယ် ။ ကျမကသီချင်းထဲမှာ "ညိုမြလို့အခေါ်မခံနိုင်ဘူးဆရာ"ဆိုတော့ ညိုမြက ဆိုးသလားအမေလို့ ကျမကမေးတော့ အမတွေကရယ်တယ် ...။ အဲဒီအချိန်မှာပဲ ကျမအဒေါ် စပ်စလူး .... လူကြီးတွေက သူ့ကိုအဲလိုခေါ်တာ ။ တစ်အိမ်တက်ဆင်း လိုက်ပို့တဲ့ ရွှေရင်အေးဂျိုင့်ကြီး ဆွဲရင်းထွက်သွားတာ ဆူဆူညံညံ အသံတွေကြားလို့  ကျမအိမ်ရှေ့ဝရန်တာထွက်ပြီး အောက်ကိုငုံ့ ကြည့်တော့ .... အမေကလဲ နောက်က ထွက်လိုက်လာရင်းငုံ့ကြည့်တယ်။ ဟိုဖက်ခြံကဦးလေးကြီးက ရွှေရင်အေးသွားပေးတဲ့ အန်တီငယ်နဲ့ မကြီး ခြံပေါက်ဝက ပြန်ထွက်အလာကို ရေဖလားခွက်နဲ့စောင့်နေတာကို မြင်ရသလို အန်တီငယ်နဲ့ မကြီးတို့ကလဲ ဟိုပြေးဒီပြေး .... အန်တီငယ်က မုန့်လဲပေးရသေးတယ် ရေနဲ့လဲလောင်းတယ်လို့  အမူပိုပိုနဲ့ ပြောနေတာ အမေရောကျမရော တွေ့တယ်လေ ...။ အမေကကျမကို ပြုံးကြည့်ရင်း ဟိုမှာလေ မမတွေ့လား အဲဒါပေါ့ ညိုမြဆိုတာတဲ့ ကျမအမေ့စကားဆုံးတော့ ဝရန်တာကနေ အဲဒီမြင်ကွင်းကို ငေးကြည့်နေမိတယ် ။ တကယ့်ကို ကြည်နူးစရာပါပဲ..။ ကျစ်ဆံမြီး နှစ်ဖက်ကျစ်ပြီး သနပ်ခါးပါးကွက်လေးနဲ့ အန်တီငယ်နဲ့ မကြီးက ရေတွေစိုလို့ ....။ အတွေးတွေထဲမှာ ကျမကဂျိုင့်ကြီးကိုဆွဲလို့  ရွယ်တူကောင်လေးတွေက ရေနဲ့ပက်လို့ ... ။ အတွေးထဲမှာ ကျမချော်လဲရော.... လက်ခုပ်လက်ဝါးတီးပြီး တဟားဟား အော်ရယ်တဲ့ ကျမကို အန်တီလေးနဲ့မကြီးက မော့ကြည့်လေရဲ့ ....။ စိတ်ကူးတွေထဲမှာ... အော် ညိုမြ... ညိုမြ ဒီလောက်လှတဲ့ အမည်လေးနဲ့ လိုက်ဖက်အောင် ရာဇဝင်မှာ စာတင်လောက်အောင် ဘယ်လောက်များ ကဲခဲ့ပါလိမ့်နော်.... ။ ဒီလိုနဲ့ပဲ သစ်ရွက်ကလေးတွေ တစ်ဖြုတ်ဖြုတ်ကြွေ ..... နွေ မိုး ဆောင်း တွေ ပြက္ခဒိန်တွေ တစ်မျိုးပြောင်းရင်း မမညိုမြဖြစ်လာပြီပေါ့ .....။
ရွယ်တူမတိမ်းမယိမ်းတွေ တူညီတဲ့ကိုယ်နေဟန်တွေနဲ့ မမတို့ညီအမကို ရင်းနှီးအကြာင်းသိတဲ့ ကာလသားတွေ ခမျာအလွန်ကို ရှိန်ကြသရှင်.....။ အတည်ပေါက်နဲ့ အသေကြပ်တဲ့ ဒီညီအမတွေကို ခိုးကြောင်ခိုးဝှက်ကလွဲရင် ဗြောင်ဖွင့်ပြောရဲသူ မရှိသလောက်ပဲ ။ တခါက အစ်ကိုနဲ့ပတ်သက်တဲ့ အိမ်အဝင်အထွက်ရှိတဲ့ အမျိုးကောင်းသားတစ်ယောက်က အစ်ကိုဆီ ဖုန်းဆက်တယ် ။ မမကဖုန်းကိုင်တော့ ကိုကိုက မရှိဘူးလေ သူက .... စကားမစပ် အခုဖုန်းကိုင်တာ အငယ်ဆုံးမလေး ထင်တယ်တဲ့ ။ ကျမကလဲ ဟုတ်ပါတယ်ပေါ့ သူကခပ်တည်တည် လူကြီးလိုဆိုတော့လေ..... ဟိုနေ့ကဝတ်ထားတဲ့ အကျီလေး အတော်လှသတဲ့ သူ့ညီမလေး မွေးနေ့လက်ဆောင်ပေးချင်လို့ ဘယ်ဆိုင်ကဝယ်တာလဲတဲ့ ။ အငယ်ဆုံးက ဘယ်လိုဖြစ်ပြီး မမဖြစ်နေတာလဲတဲ့ ။ မမလေ သိတယ်နော် တယ်လီဖုန်းက ရီကောဒင်း ခလုပ်ကလေးကိုနှိပ်လိုက်တာပေါ့ ။ မမတို့ မောင်နှမတွေ အကြောင်းကို ထဲထဲဝင်ဝင် မသိတဲ့အစ်ကိုတော်ရဲ့ မိတ်ဆွေသစ်ပေါ့ရှင် ။ အစ်ကို့ ညီမက မမလောက်မချောတော့ သူ့နဲ့  လိုက်ပါ့မလား မသိဘူးပေါ့ ။ မမက ဘာတက်နေတာလဲ ... စာလိုက်နိုင်ရဲ့လား... ကျောင်းချိန် ကျူရှင်ချိန်တွေ ပျော်ပျော်ကြီးမေးလို့  ..... အစ်ကိုပြန်လာတော့ မောင်နှမတွေပြန်နားထောင်ပြီး တဝါးဝါး တဟားဟားပေါ့ ။
နောက်နေ့ အဲဒီအစ်ကိုကြီး အိမ်လာတော့ မောင်နှမတွေဇာတ်တိုက်ထားတာလေ သူ့ရှေ့တင် ကိုကိုက မမ ဟိုနေ့ကဖုန်းဆက်တာ ဘာလို့ပြန်မပြောလဲ .... အဲလိုပဲဘာမှအသုံးမကျဘူး ဆိုပြီးဟောက်ပါလေရော။
မမက မျက်နှာငယ်လေးနဲ့ မေ့သွားလို့ ဆိုတော့ အရေးကြီးတဲ့ကိစ္စဆို ဘယ်လိုလုပ်မလဲတဲ့ ကိုကို့ သူငယ်ချင်း ညီမမွေးနေ့ အင်္ကျီဝယ်ပေးဘို့ကိစ္စ အဲလောက် အရေးမကြီးဘူး ထင်တာပေါ့။
အဲဒီလူက မျက်စေ့မျက်နှာပျက်နေပြီ မမလေသိတယ်နော် ဇိုးဇိုးဇတ်ဇတ် နဲ့ ထပြီး..... ကိုကို နားထောင်ကြည့် အရေးကြီးတာပါရင်ပြောဆိုပြီး ဖွင့်ပြလိုက်တာပေါ့ ။ အတွင်းသိအစင်းသိအကြောင်းသိတဲ့ ကိုကို့ သူငယ်ချင်းတွေချည်းပဲက အနားမှာသုံးယောက် ပြီးတော့အိမ်ရှိလူကုန် ပါဆို။
အဲဒီလူ ထပြေးတာဘိနပ်တောင်မှားတယ် ရာဇဝင်မှာတွင်ပါလေရော။
ဒီနေ့ အိမ်မှာသင်္ကြန်အကြိုနေ့လေ ရွှေရင်အေးလုပ်တယ်။
အမေ့ကို လမ်းထဲကအိမ်တွေ မမနဲ့မငယ် လိုက်ပို့မယ်နော် ဆိုတော့ အမျိုးတွေအိမ်လိုက်ပို့လေ ....။ လမ်းထဲကို ကောင်မလေးတွေ ပို့ခိုင်း..... ရေပက်လိမ့်မယ်တဲ့ ။
အမ်.... အမေကလဲ မမကညိုမြလုပ်ချင်လို့ ဆိုတော့ အမေကပြုံးရင်း ညိုမြလုပ်တာများ ကြေငြာပြီးလုပ်ရတယ်လို့ မကြားဘူးပါဘူး မမရယ်တဲ့ ။ ကျမအရမ်း ကြိုက်တဲ့ မကြီးအကျီ အစိမ်းရောင်တောက်တောက်လေးပေါ်မှာ ရောင်စုံဘောလုံးလေးတွေပါတဲ့ ပိတ်စနဲ့ ချူပ်ထားတဲ့ ဝမ်းဆက် ရင်ဖုံးပုံဆန်း လှလှလေးကိုတောင်းဝတ်တယ်။
ဆံပင်တွေကို ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်ပြီး ဖဲကြိုးရောင်စုံနဲ့ အဖျားကိုချည်လိုက်တယ်။
မငယ်ကလဲ ကျမလိုပဲ မကြီးရဲ့ မြန်မာအကျီဝမ်းဆက်နဲ့ပဲ မငယ်က ဆံပင်အရမ်းမရှည်တော့ ဟိုဖက်ဒီဖက် ခွဲပြီး ဖဲကြိုးရောင်စုံနဲ့ပဲ စီးထားတယ်။
ဒေါ်ကြီးကွက်ပေးတဲ့ ပါးကွက်လေးထောင့် လှလှလေးကို ညီတယ်မညီဘူး ချေးများနေသေးတယ် ။
အဲ.... အားလုံးပြီးတော့မကြီးက အမေကိုခေါ်ပြတယ် ။ အမေက ကျမတို့နှစ်ယောက်ကို တစ်အံ့တစ်သြ ငေးမောကြည့်နေတယ် ။ အဲ..... တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြောင်စပ်စပ်နဲ့ ရယ်မောမိသေးတယ် ။ ဒါပေမယ့် နှစ်ယောက်လုံး အကျေနပ်ကြီး ကျေနပ်နေကြတယ်။
အမေက ဘာပြောလိုက်တယ် မသိဘူး မလတ် ပေစောင်းပေစောင်း နဲ့အခန်းထဲ ဝင်လာတယ် ။ ကျမက မယ်ရွေးပွဲက ပုံစံလို လမ်းလျှောက်ပြတော့ မလတ်ကနှာခေါင်းရှုံ့ပြီး အဲလိုပုံတွေနဲ့ အပြင်သွားမယ် ဟုတ်လားဆိုပြီး ခေါင်းခါတယ်။
ရေနဲ့အပက်ခံရမယ် အဲဒီထက်ပိုဆိုးရင် ရည်းစားစကားပါ အပြောခံရမယ်တဲ့ ။ မလတ်က အဲလိုပြောပြီး အောက်ထပ်ပြန်ဆင်းသွားတော့ မငယ်ကမထွက်ရဲတော့ဘူး ။
ကျမက မငယ် နင်အရမ်းလှတာ မလတ်ကမနာလိုလို့ ပြောတာ လာသွားမယ်ဆိုတော့ မငယ်က အင်တင်တင် ဖြစ်နေပြီ။
ခက်တာက အိမ်အောက်ကို သတင်းကရောက်ပြီ ဆိုတော့ ကျမတို့ နှစ်ယောက်မဆင်းရဲတော့ဘူး မသိမသာ ထွက်ဖို့ကလဲ မကြီးအကျီတွေ ထမိန်တွေနဲ့ အပျိုလုပ်ထားတာလေ။
ဒါပေမဲ့ မမလေသိတယ်နော် လာပါမငယ် အောက်မှာ ရွှေရင်အေးဂျိုင့်ယူပြီးစောင့်နေမယ်။
ဆိုပြီးကျမကအရင် ဆင်းသွားတယ် ဟန်ကိုယ့်ဘို့ နဲ့ ဆင်းသွားပေမဲ့ လမ်းလျှောက်ရတာ ထမိန်နဲ့ ဆိုတော့ လူကမလှုပ်တလှုပ် ဖြစ်နေသလိုပဲ ။
ထမင်းစားခန်းမှာ ကိုငယ်နဲ့တွေ့တော့ ဟ.... ဘာကြီးလဲတဲ့ အမှန်တော့ ကျမအတော့်ကို ရှက်သွားတာ အမှန်ပဲ ..။ ဒါပေမဲ့ မမလေသိတယ် နော် ...။ အင်း... လူလေ ဘာဖြစ်သလဲ ချောလို့လား ဆိုတော့ နှာခေါင်းရှုံ့  ပြီး အဘွားကြီးတဲ့ ။ တော်တော်တော့ စိတ်ပျက်နေပြီရှင်...။ ရှိုးတိုး ရှန့် တန့် နဲ့ မငယ်အနား ရောက်လာတော့ ကိုငယ်က အရမ်းလှတယ်လို့ပြောတယ် ဆိုတော့ မယုံတစ်ဝက်နဲ့ ဟုတ်လားတဲ့။
မငယ်ကိုမတွေ့လို့ တစ်ကယ်ဆို မငယ်ကပိုလှတာလို့ ပြောပြီး သူ့စိတ်ဓါတ်တွေကို မြှင့်ပေးလိုက်တော့ မငယ်မြောက်ကြွမြောက်ကြွ ဖြစ်သွားတာ အမှန်ပဲ။
ဂျိုင့်ကြီး ဆွဲပြီး ဧည့်ခန်းထဲကနှစ်ယောက် ဖြတ်လျှောက်လာတော့ ဒေါ်ကြီးရယ် ကိုငယ့်သူငယ်ချင်းနှစ်ယောက်ရယ်ပဲ ရှိတယ်။
ဒေါ်ကြီးက အဟုတ်အေ ညီအမနှစ်ယောက် ချောလိုက်တာတဲ့ ကိုငယ့်သူငယ်ချင်းနှစ်ယောက် ကို တစ်ခါမှရှိတယ်လို့ မထင်ခဲ့ဘူးတဲ့ ကျမတို့ ညီအမ သူတို့ရှေ့မှာ အတော့်ကိုရှက်ကိုးရှက်ကန်း ဖြစ်နေတာ အမှန်ပဲ ။ ညှပ်ဘိနပ် အဖြူလေးတွေ ဆင်တူစီးပြီး အိမ်တံစက်မြိတ်အောက်ကထွက်တယ် ဆိုရင်ပဲ ဝုန်းကနဲ အသံနဲ့ အတူ ညီအမနှစ်ယောက်လုံး ငိုက်စိုက်ငိုက်စိုက် နဲ့ ကျမက ဂျိုင့်ကြီးကိုလွတ်ကျမှာစိုးတော့ ထိမ်းရင်းဟန်မပျက်အောင် နေနေပေမဲ့ မငယ်ကတော့ ဘိနပ်ကတောင်တစ်ဖက် မြောက်တစ်ဖက်...။ သူစီးထားတဲ့ဖဲကြိုးလေး တွေကျမခေါင်းက ဖဲကြိုးလေး တွေ ရေထဲမှာဗောလောမြောလို့ .....။ မငယ်ကွက်ထားတဲ့ပါးကွက် လေးလဲမရှိတော့ဘူး။
ကျမလဲ အဲလိုပဲနေမှာ ဝရန်တာကို ပေစောင်းစောင်းနဲ့ ကျမမော့ကြည့် တော့ ကိုငယ်နဲ့မလတ် ကျမရန်တွေ့ မလို့ အရှိန်ယူတုန်းမှာပဲ နောက်ရေတစ်ပုံးက ဝုန်းကနဲ ထပ်ကျလာတော့ ကျမဂျိုင့်ကြီး မနိုင်မနင်းနဲ့ ထိုင်လျှက်ကိုပြုတ်ကြတာရှင် ခေါင်းကိုလဲတင်းပုတ်နဲ့  ကိုထုလိုက်သလိုပဲ မငယ်ဆိုတာလဲဘယ်ပြေး ရမှန်းကိုမသိ
ဝရန်တာအောက်က လွတ်အောင်ထွက်ပြေးတဲ့ မငယ်ကို သစ်ပင်ရေလောင်းတဲ့ ပိုက်နဲ့အတင်း ပက်နေတာ အစ်ကိုလတ်နဲ့ မောင်ငယ်ပေါ့။ ကျမတို့ အဖြစ်ကို အိမ်သားတွေအားလုံးက ရီနေကြတယ် ကျမတို့ ကိုငယ့်သူငယ်ချင်းတွေ ရှေ့မှာရှက်တတ်နေပြီ ။ ကျမရွှေရင်အေးဂျိုင့်ကြီးကိုပစ်ချပြီး အော်ငိုတော့ အစ်ကိုအကြီး ကညိုမြလုပ်တာကိုး နဲတောင်နဲသေးတယ် ... အိုးမဲပါသုတ်ရမှာလို့  မှတ်ချက်ချတော့ အငိုတိတ်ပြီး ကျမဟတ်ဟတ်ပက်ပက်ကို ရယ်မိတော့တယ်။ ဟုတ်တယ်လေ ကျမက တစ်ကယ်ဆို ညိုမြလုပ်ချင်ခဲ့တာလေနော..........။သိရင်ပြီးတာပဲပေါ့။
အားလုံးကိုချစ်ခင်စွာဖြင့်
မမ

Labels:


Posted by Anonymous :: 5:36 PM :: 7 Comments:

Post / Read Comments

---------------oOo---------------